ရင်းနှီးနေကျအော်ရာ
Vol. 144 Ch. 2155
သွေးနီရောင်တောင်ကြားသည် အစကတော့ မဟူရာအဆင့်အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပြီး မိစ္ဆာမဟာနယ်မြေ၏ အစွန်အဖျားမှာ တည်ရှိလေသည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်တစ်သောင်းမှာ ထိုအဖွဲ့အစည်းသည် အနီးနားဝန်းကျင်မှာ အလျင်အမြန်မြင့်မားတိုးတက်လာခဲ့၏။
သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်သည် ကြီးမားသောအခွင့်အလမ်းတစ်ခုကို တစ်ခါကရရှိခဲ့သည်ဟု လူတချို့ကဆိုကြ၏။
သူသည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုသို့ အမှတ်တမဲ့ဝင်ရောက်မိသွားပြီး ရှေးဟောင်းကားချပ်တစ်ခုကိုရှိလာခဲ့၏။ သူ၏ ကျင့်ကြံမှုက ခုန်ပေါက်၍ တိုးမြင့်လာပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာမြင့်တက်လာကာ ဤပိုင်နက်နယ်မြေအတွင်းရှိ ကောင်းကင်အင်မော်တယ်များအားလုံးကို သူကစိုးမိုးခြယ်လှယ်လာနိုင်ခဲ့၏။
နောက်ပိုင်းမှာ သွေးနီရောင်တောင်ကြား၏ တောင်ကြာသခင်က ပျောက်ကွယ်သွားပြီး နှစ်ပေါင်းထောင်ချီအတွင်း ပြန်လည်ပေါ်ထွက်မလာပေ။
သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်သည် တံခါးပိတ်ကျင့်ကြံမှုဝင်ရောက်နေပြီး အဆင့်ချိုးဖျက်တက်လှမ်းဖို့ ပြင်ဆင်နေသည်ဟုဆိုကြ၏။
သူပြန်လည်ပေါ်ထွက်လာသည့်အချိန်မှာ သူသည်ပကတိဧကနယ်ပယ်သို့တက်လှမ်းပြီး ပကတိမိစ္ဆာတစ်ယောက်ဖြစ်လာပေလိမ့်မည်။
အထက်ဘုံမှာ မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ်မှာရှိသော ကျင့်ကြံသူများကို သူတို့က ဘယ်ဓမ္မတာအိုကို ကျင့်ကြံထားသည်ဖြစ်စေ... သူတို့ကို အင်မော်တယ်များဟု ရည်ညွှန်းခေါ်ဆိုနိုင်၏။ သူတို့သည် မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်.. အင်မော်တယ်များဖြစ်ကြ၏။
ဤကျင့်ကြံရေးနည်းစနစ်ကို တည်ထောင်ခဲ့သူသည် အစကတည်းက အင်မော်တယ်တာအိုမှ ဆင်းသက်လာသော တစ်စုံတစ်ယောက်ဖြစ်သည်ဟုဆိုကြ၏။
ယခင်ခေတ်က အုပ်စိုးခဲ့သော မဟာဧကရာဇ်သည် အင်မော်တယ်ဂိုဏ်းများမှလာခဲ့သည်ဟု လူတချို့က ဆိုကြ၏။
အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာတချို့မှာ သူတို့ကိုယ်ပိုင် ထူးခြားသောဘွဲ့များ စတင်ရှိလာခဲ့၏။ ဥပမာအားဖြင့် စုန်းကမ္ဘာမှ စုန်းများကို မဟူရာစုန်းများနှင့် ကမ္ဘာမြေစုန်းများဟူ၍ခေါ်ဆိုကြခြင်းဖြစ်၏။
ကွာခြားချက်က လျစ်လျူရှု၍ ရလေသည်။
ကောင်းကင်ဘုံကမ္ဘာမှာလည်း ထို့အတူပင်။
မိစ္ဆာမဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှာ မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ်မှာရှိသော ကျင့်ကြံသူများသည် သူတို့၏ အင်မော်တယ်ဂိုဏ်းဓလေ့ထုံးတမ်းများကို ထိန်းသိမ်းထားကြ၏။
သို့သော်လည်း သူတို့သည် တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ပြီး ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာသည်နှင့် သူတို့ကိုခေါ်ဆိုပုံက ပြောင်းလဲသွားပေလိမ့်မည်။
မိစ္ဆာမဟာနယ်မြေမှာ ပကတိဧကနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ပကတိမိစ္ဆာဟုခေါ်ဆိုပြီး သုခဘုံသန့်စင်ကုန်းမြေမှာ ပကတိဧကနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သူတော်စင်(ရဟန္တာ)ဟု ခေါ်ဆိုလေသည်။
သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်သည် တာအိုသစ်သီးတစ်လုံးကိုစုဖွဲ့ပြီး ပကတိမိစ္ဆာတစ်ဦးဖြစ်လာမည်ဆိုလျှင် သွေးနီရောင်တောင်ကြား၏ အဆင့်အတန်းကလည်း မြင့်တက်လာပြီး ကမ္ဘာမြေအဆင့် အဖွဲ့အစည်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအချိန်ကျလျှင် အနီးနားဝန်ကျင်မှာရှိသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများအားလုံးက သူ့ကိုဦးညွှတ်ရပေလိမ့်မည်။
နှစ်ပေါင်းထောင်ချီကာလအတွင်း သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်က ပေါ်ထွက်မလာခဲ့သော်လည်း ထိုတောင်ကြား၏ ဂုဏ်သတင်းက ကြီးထွားလာခဲ့၏။
အကြောင်းမှာ သွေးနီရောင်တောင်ကြားသခင်၏ တစ်ဦးတည်းသောသား ကောင်းကင်အင်မော်တယ် ချီလီသည် အလွန်တရာပါရမီအရည်အချင်းရှိပြီး သူ၏ ကျင့်ကြံမှုအမြန်နှုန်းက တောင်ကြားသခင်ထက်မနိမ့်ကျဘဲ ပို၍ပင်မြန်ဆန်နေနိုင်၏။
သွေးနီရောင်တောင်ကြားဝန်းကျင်ရှိ ကီလိုမီတာသိန်းချီပတ်လည် ပိုင်နက်နယ်မြေအတွင်းမှာ ကောင်းကင်အင်မော်တယ်ချီလီက အဆင့်-၈ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိစဥ်မှာပင် ပြိုင်ဘက်ကင်းနေခဲ့ပြီဖြစ်၏။
ကောင်းကင်အင်မော်တယ်ချီလီသည် အရင်တုန်းက သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်ထက်ပင် ပိုမိုသန်မာသည်ဟုဆိုကြလေသည်။
လူတိုင်းအတွက်တော့... ကောင်းကင်အင်မော်တယ်ချီလီသည် အသက်နှစ်တစ်သိန်းပင်မပြည့်သေးဘဲ သူ့မှာအကန့်အသတ်မဲ့သောပါရမီအလားအလာရှိလေသည်။ သူ၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုများက သွေးနီရောင်တောင်ကြား၏ တောင်ကြားသခင်ထက်ပင် ပို၍ကြီးမားလာပေလိမ့်မည်။
ဤနေ့မှာ...။
သွေးနီရောင်တောင်ကြား၏ ပင်မခန်းမထဲမှာ...။
ကောင်းကင်အင်မော်တယ်ချီလီက အလယ်မှာရှိသောအမြင့်မှာထိုင်ပြီး သူ၏ မျက်လုံးကို မှေးကျဥ်းကာ သူ၏ အောက်ဘက်မှာရှိသော ကျင့်ကြံသူများကို အေးစက်စွာကြည့်နေ၏။
ခန်းမထဲမှာ လူများစွာရှိပြီး သူတို့အားလုံးက ကောင်းကင်အင်မော်တယ်များဖြစ်ကြ၏။ ဒါ့အပြင် ဤကောင်းကင်အင်မော်တယ်များ၏ ကျင့်ကြံမှုနယ်ပယ်များက အားမနည်းပေ။ အားအနည်းဆုံးသူက အဆင့်-၇ မှာ ရှိလေသည်။
ခန်းမထဲရှိ ကောင်းကင်အင်မော်တယ်များအားလုံးနီးပါးသည် သွေးနီရောင်တောင်ကြား၏ ကာကွယ်သူများဖြစ်ကြ၏။ သူတို့သည် တောင်ကြားထဲမှာ မြင့်မြတ်သောအဆင့်အတန်းရှိကြပြီး ကမ္ဘာမြေအင်မော်တယ်နှင့် မဟူရာအင်မော်တယ်များစွာကို ဦးဆောင်ထားလေသည်။
ကောင်းကင်အင်မော်တယ်ချီလီ၏ ဘယ်ဘက်ဘေးနှင့် ညာဘက်ဘေးမှာ လူနှစ်ယောက်က ထိုင်နေကြပြီး သူတို့နှစ်ယောက်လုံးက အဆင့်-၉ ကောင်းကင်အင်မော်တယ်များဖြစ်ကြ၏။
ထျန်ဇီနှင့် ပီဖုန့်သည် သွေးနီရောင်တောင်ကြား၏ လက်ရုံးကာကွယ်သူများဖြစ်၏။
“သခင်လေး... ခရမ်းရောင်ဝတ်အမျိုးသားက နောက်တစ်ခါပြန်ပေါ်လာပြီလို့ ကျုပ်အခုပဲ သတင်းလက်ခံရရှိထားတယ်... ကြည့်ရတာတော့ သူက သွေးနီရောင်တောင်ကြားကနေ ဖြတ်သွားဖို့အခွင့်များတယ်”
“သခင်လေး... ကျုပ်လူတချို့ကိုခေါ်သွားပြီး အဲ့ဒီလူကို သေချာပေါက်သတ်ဖြတ်ပေးမယ်”
အောက်ဘက်မှာရှိသော ဗလတောင့်တောင့်အမျိုးသားက မတ်တတ်ထရပ်ပြီး အော်ပြောလိုက်၏။
“ကာကွယ်သူဟူ... မင်းရဲ့ခွန်အားနဲ့ မင်းက အဲ့ဒီလူကို နိုင်မှာမဟုတ်ဘူး”
ပါးစပ်ချွန်ချွန်နှင့် မျောက်မျက်နှာနှင့်တူသော ကာကွယ်သူတစ်ယောက်က လှောင်ရယ်လိုက်၏။
“ဟမ့်.... ငါမနိုင်ဘူးဆိုရင် မင်းရောနိုင်မှာမို့လား”
ကာကွယ်သူဟူက ပြူးကျယ်နေသောမျက်လုံးများဖြင့် ကျယ်လောင်စွာအော်မေးလိုက်၏။
“ဒါပေါ့... ငါလည်းဘယ်နိုင်ပါ့မလဲ... ငါ့အထင်တော့ ငါတို့တွေပူးပေါင်းလိုက်မယ်ဆိုရင်တောင် အဲ့ဒီလူကိုယှဥ်နိုင်ချင်မှ ယှဥ်နိုင်လိမ့်မယ် အဲ့ဒီလူရဲ့နောက်ခံက လျှို့ဝှက်ဆန်းကြယ်တယ်... ငါတို့ရဲ့သခင်လေးကပဲ သူ့ကိုဖိနှိမ်နိုင်လိမ့်မယ်လို့ ငါထင်တယ်”
ထိုလူက ပြောလိုက်၏။
ထိုစကားကိုကြားသောအခါ ကောင်းကင်အင်မော်တယ်ချီလီက ကျေနပ်သဘောကျသွားသည့်အလား မသိသာမထင်ရှားသောအပြုံးတစ်ခု ပေါ်ထွက်လာ၏။
“ထျန်ဇီ... ပီဖုန့် မင်းတို့တွေရော ဘယ်လိုထင်ကြလဲ”
ကောင်းကင်အင်မော်တယ်ချီလီက သူ၏ ဘယ်ဘက်ဘေးနှင့် ညာဘက်လေးရှိ ကာကွယ်သူနှစ်ယောက်ကိုကြည့်ကာ မေးလိုက်၏။
ထျန်ဇီက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“သခင်လေး... ပြီးခဲ့တဲ့နှစ်တစ်ထောင်အတွင်း အဲ့ဒီလူက တစ်ကြိမ်စီတိုင်းမှာ ခဏတဖြုတ်ပဲပေါ်လာပြီး သူက သဲဝါနန်းတော်နဲ့ ခြေလက်ရှစ်ဖက်တောင်လိုမျိုး မဟူရာအဆင့်အဖွဲ့အစည်းဆယ်ခုနီးပါးကို ဖျက်ဆီးခဲ့ပြီးပြီ”
“ကျုပ်သိရသလောက်ဆိုရင် အဲ့ဒီအဖွဲ့အစည်းတွေမှာလည်း သူတို့ကိုထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ကောင်းကင်အင်မော်တယ်ပညာရှင်တွေရှိကြတယ်... ဒါပေမဲ့ သူတို့အားလုံးက အဲ့ဒီလူရဲ့သတ်ဖြတ်ခြင်းခံလိုက်ရတယ်... သူကသေချာပေါက် ရန်လိုနေတယ်”
“ရန်လိုနေတာလား”
ကောင်းကင်အင်မော်တယ်ချီလီက အေးစက်စွာနှာတစ်ချက်မှုတ်ပြီး ဖြည်းဖြည်ချင်း ပြောလိုက်၏။
“အဲ့လိုမျိုးလူတစ်ယောက်ကို ငါ့ရဲ့ပိုင်နက်ထဲမှာ ခွင့်ပြုပေးမထားနိုင်ဘူး... ငါသူ့ကိုသေစေချင်တယ်”
ထျန်ဇီက ပြောလိုက်၏။
“ကျုပ်အထင်တော့... ကျုပ်တို့က သူနဲ့တိုက်ခိုက်နေစရာမလိုဘူး... ကျုပ်တို့က သူ့ကိုကျုပ်တို့ရဲ့ လက်အောက်ခံအဖြစ် စည်းရုံးသိမ်းသွင်းကြည့်ရင် မကောင်းဘူးလား”
ပီဖုန့်ကလည်း ခေါင်းညိတ်ပြလိုက်၏။
“သခင်လေး... ဘယ်လက်ရုန်းကာကွယ်သူပြောတာကို ကျုပ်လည်းသဘောတူတယ်”
ကောင်းကင်အင်မော်တယ်ချီလီ၏ အမူအရာကအေးစက်လာပြီး သူကမေးလိုက်၏။
“ဘာလို့လဲ... မင်းတို့တွေက သွေးနီရောင်တောင်ကြား ဒါမှမဟုတ် ငါ့ကို အယုံအကြည်မရှိကြဘူးလား”
“ငါ့ရဲ့အစွမ်းအစနဲ့ ငါက အဲ့ဒီလူကို မသတ်နိုင်ဘူးလို့ ထင်လို့လား... ငါက မိစ္ဆာမဟာနယ်မြေတစ်ခုလုံးနဲ့ပတ်သက်ပြီး ဘာကိုမှပြောရဲမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီကုန်းမြေမှာတော့ ပကတိအင်မော်တယ်နယ်ပယ်အောက်မှာ ငါက လူတိုင်းကို အုပ်စိုးနိုင်တယ်”
“သခင်လေး... ခင်ဗျားရဲ့နည်းလမ်းတွေက တကယ်ပဲပြိုင်ဘက်ကင်းပါတယ်”
ထျန်ဇီနှင့် ပီဖုန့်က အလောတကြီးပြောလိုက်၏။
ခဏမျှရပ်တန့်ပြီးနောက် ထျန်ဇီက ဆက်ပြောလိုက်၏။
“ဒါပေမဲ့... အဲ့ဒီလူကလည်း အားမနဲဘူး... သူ့ကိုပါရမီရှင်တစ်ယောက်လို့ ဆိုနိုင်တယ်... ခင်ဗျားက သူ့ကို ခင်ဗျားလက်အောက်ကို သွတ်သွင်းနိုင်မယ်ဆိုရင် အဲ့ဒါက ခင်ဗျားရဲ့နာမည်ဂုဏ်သတင်းကို ပိုပြီးတိုးလာစေလိမ့်မယ်”
“ဟုတ်သားပဲ.. အဲ့ဒါက အဓိကဆိုလိုရင်းပဲ”
ကောင်းကင်အင်မော်တယ်ချီလီက တီးတိုးရေရွတ်လိုက်၏။
ပီဖုန့်က လေးနက်စွာပြောလိုက်၏။
“ဒီလိုလုပ်ကြည့်လေ... အဲ့ဒီလူကရောက်လာမယ်ဆိုရင် ကျုပ်တို့က သူ့ကိုအရင်ဆုံး အခွင့်အရေးတစ်ခုပေးလိုက်မယ်... သူက လိမ္မာပါးနပ်မှုရှိမယ်ဆိုရင် ခင်ဗျားက အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကိုခင်ဗျားရဲ့လက်အောက်ကို သိမ်းသွင်းလိုက်လို့ရတာပဲ... သူက လိမ္မာပါးနပ်မှုမရှိဘူးဆိုရင်တော့ သူ့ကိုနေရာမှာတင်တစ်ခါထဲ သတ်ဖြတ်လိုက်ကြတာပေါ့”
“ဟုတ်ပြီလေ”
ကောင်းကင်အင်မော်တယ်ချီလီက ထိုအကြံပြုချက်ကို ကျေနပ်သွားသည့်ပုံဖြင့် ခေါင်းညိတ်လိုက်၏။
ဆယ်ရက်ကြာပြီးနောက်...။
သိုင်းတာအိုပင်မခန္ဓာသည် သွေးနီရောင်တောင်ကြားသို့ ရောက်ရှိလာသည့်ခဏမှာပင် ကျင့်ကြံသူတစ်အုပ်စုက သူ့ကိုစောင့်ကြိုနေကြ၏။ သူတို့ကို ဦးဆောင်လာသောလူနှစ်ယောက်က သွေးနီရောင်တောင်ကြား၏ လက်ရုန်းကာကွယ်သူနှစ်ယောက်ဖြစ်သော ထျန်ဇီနှင့် ပီဖုန့်ဖြစ်လေသည်။
ကာကွယ်သူနှစ်ယောက်သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို ထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာကို ဂရုတစိုက်စစ်ဆေးကြည့်လိုက်သော်လည်း သူတို့က မည်သည့်အရာကိုမှ မဖော်ထုတ်နိုင်ပေ။
“တာအိုရောင်းရင်း... ကျုပ်တို့ရဲ့သခင်လေးက ခင်ဗျားကိုဖိတ်ခေါ်ခိုင်းလိုက်တယ်”
ထျန်ဇီက လက်သီးနှစ်ဖက်ကိုယှက်ပြီးပြောလိုက်၏။
“မင်းတို့ရဲ့သခင်လေးက ဘယ်သူလဲ”
သိုင်းတာအိုပင်မခန္ဓာက အေးစက်စက်မျက်နှာဖုံးတစ်ခုကိုတပ်ဆင်ထားပြီး အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်၏။
“ကောင်းကင်အင်မော်တယ်ချီလီပါ”
ပီဖုန့်က ပြောလိုက်၏။
“ကျုပ်တို့ရဲ့သခင်လေးက စားသောက်ပွဲတစ်ခုကိုပြင်ဆင်ပြီး ခင်ဗျားရောက်လာဖို့ကို စောင့်ဆိုင်းနေတယ်... တာအိုရောင်းရင်း”
သိုင်းတာအိုပင်မခန္ဓာသည် ဤသခင်လေးကိုဖြစ်စေ... သူ၏ စားသောက်ပွဲကိုဖြစ်စေ စိတ်ဝင်စားခြင်းမရှိပေ။
သူ၏ တစ်ခုတည်းသောပန်းတိုင်မှာ ကျင့်ကြံရေးအရင်းအမြစ်များဖြစ်၏။
သူသည် တတ်နိုင်သမျှမြန်မြန်ကျင့်ကြံပြီး သိုင်းတာအိုကို ကောက်ချက်ချချင်လေသည်။
သိုင်းတာအိုပင်မခန္ဓာက ငြင်းပယ်မည်ပြုစဥ်မှာပင် သူသည် သွေးနီရောင်တောင်ကြား၏ အနက်ပိုင်းထဲသို့ ငေးကြည့်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားကာ သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။
အဲ့ဒီမှာ သူမခံစားရတော့သည်မှာ ကြာပြီဖြစ်သည့် ရင်းနှီးနေကျအော်ရာတစ်ခုကို သူကအာရုံခံမိနေ၏။
အလွန်တရာသိပ်သည်းပြင်းထန်သော အော်ရာတစ်ခုက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွားပြီး မိုးနှင့်မြေကိုမုန်းတီးကာ ထိန်းမနိုင်သိမ်းမရ မကောင်းသောစိတ်ဆန္ဒများက ပြည့်နှက်နေ၏။
သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားယိမ်းယိုင်သွားသည့်အလား အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်နေသည်ကို ထျန်ဇီကတွေ့မြင်သောအခါ သူကပြောလိုက်လေသည်။
“အဲ့ဒါက သွေးနီရောင်တောင်ကြားရဲ့ ပင်မခန်းမပဲ... သခင်လေးကအဲ့ဒီမှာစောင့်နေတာ တော်တော်တောင်ကြာသွားပြီ”
“ကောင်းပြီလေ... တစ်ချက်သွားကြည့်ကြတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
ထျန်ဇီနှင့် ပီဖုန့်သည် အဲ့ဒါက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်နေစရိုက်မျှသာဖြစ်သည်ဟု တွေးထင်လိုက်ကြ၏။
သူတို့သည် သူ၏ လေသံမှ အေးစက်မှုကို ကြားနိုင်သော်လည်း သူတို့က အဲ့ဒါကို အလေးအနက်မထားခဲ့ကြပေ။
ဒါ့အပြင် ထိုသူသည် သွေးနီရောင်တောင်ကြား၏ ပင်မခန်းမထဲသို့ဝင်ရောက်လာသည်နှင့် အရာရာတိုင်းက သူတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာပေလိမ့်မည်။