တိုက်ပွဲကျွန်
Vol. 144 Ch. 2156
“ကျုပ်တို့ရဲ့သခင်လေးက မကြာသေးခင်က ခင်ဗျားရဲ့အောင်မြင်မှုတွေကိုကြားထားပြီး ခင်ဗျားကို အများကြီးချီးကျူးနေတာ”
သွေးနီရောင်တောင်ကြား၏ ကာကွယ်သူထျန်ဇီက ပြောလိုက်လေသည်။
“ဒီတစ်ခေါက်မှာ ခင်ဗျားက ဒီနေရာကနေဖြတ်သွားမယ်ဆိုတာကို သူကကြားထားတော့ သခင်လေးက စားသောက်ပွဲတစ်ခုကို အထူးတလည် ခင်းကျင်းပြီး အနီးနားဝန်းကျင်မှာရှိတဲ့ ဂိုဏ်းတွေနဲ့အဖွဲ့အစည်းတွေရဲ့ ဂိုဏ်းချုပ်တွေကိုတောင်မှ ဖိတ်ခေါ်ထားတယ်... အဲ့ဒီအရေးကြီးပုဂ္ဂိုလ်တွေကလဲ ခင်ဗျားနာမည်ကိုကြားရတော့ သူတို့ကလည်း ခင်ဗျားကိုတွေ့ချင်နေကြတာ”
ထျန်ဇီ၏ စကားလုံးများက သိုင်းတာအိုပင်မခန္ဓာကို အပေါ်ယံမှာ မြှောက်ပင့်ပြောဆိုနေခြင်းဖြစ်သော်လည်း သူ၏ စကားလုံးများက အဓိပ္ပါယ်နှစ်ခုဆောင်နေ၏။
ပထမတစ်ချက် သွေးနီရောင်တောင်ကြား၏ သခင်လေး ကောင်းကင်အင်မော်တယ်ချီလီက အနီးနားနယ်မြေမှာ အလွန်တကာဩဇာတိက္ကမကြီးမားသည်ဟု ဖော်ပြနေခြင်းဖြစ်၏။
ဒုတိယအချက်... သူသည် ဂိုဏ်းနှင့်အဖွဲ့အစည်းများ၏ ဂိုဏ်းချုပ်များရောက်ရှိနေကြောင်း ပြောဆိုသောအခါ သူသည် သိုင်းတာအိုပင်မခန္ဓာကို တိတ်တဆိတ် ဖိအားပေးလိုက်ခြင်းဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက နက်ရှိုင်း၍ အေးစက်နေသော ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထား၏။ သူ၏ အမူအရာပြောင်းလဲသွားလျှင်တောင် မည်သူကမှပြောနိုင်လိမ့်မည်မဟုတ်ပေ။
ထျန်ဇီ၏ စကားလုံးများကို ကြားရသောအခါ သူကပြန်ဖြေမလာခဲ့ပေ။
ဘေးကနေ ပီဖုန့်က သူ၏ မျက်လုံးကိုမှေးကျဥ်းပြီး ရုတ်တရက်မေးလိုက်၏။
“တာအိုရောင်းရင်း... ခင်ဗျားရဲ့နာမည်ကို ကျုပ်သိလို့ရမလား”
“အထီးကျန်သိုင်းသခင်”
သိုင်းတာအိုပင်မခန္ဓာက ပြန်ဖြေလိုက်၏။
ပီဖုန့်က မျက်လုံးတစ်ချက်စွေကြည့်ပြီး သာမန်ကာလျှံကာပုံစံဖြင့် ပြောလိုက်၏။
“ခင်ဗျားက အောက်ဘုံက တက်လှမ်းလာတာဆိုတဲ့ ကောလာဟလတချို့အပြင်မှာပေါ်ထွက်နေတယ်... ကျုပ်ကတော့ အဲ့ဒီစကားတွေကိုမယုံပါဘူး”
“ငါက... အောက်ဘုံကနေတက်လှမ်းလာတာပဲ”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“ငါက တက်လှမ်းလာတာ နှစ်တစ်ထောင်တောင် မပြည့်တတ်သေးဘူး”
ထျန်ဇီနှင့်ပီဖုန့်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် သံသယကိုတွေ့မြင်နေရ၏။
တက်လှမ်းလာသည်မှာ နှစ်တစ်ထောင်တောင်မပြည့်တက်သေးသောလူတစ်ယောက်က ဂိုဏ်းများနှင့် အဖွဲ့အစည်းများကို ဘယ်လိုလုပ်ဖျက်ဆီးနိုင်ပါ့မလဲ”
လူတိုင်းသည် လေထဲကနေပျံသန်းလာပြီး သိပ်မကြာခင် သွေးနီရောင်တောင်ကြား၏ ပင်မခန်းမသို့ ရောက်ရှိလာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။
စောစောက ရင်းနှီးနေကျအော်ရာသည် ဤအနီးနားဝန်းကျင်ကနေ ပေါ်ထွက်လာခဲ့၏။ သို့သော်လည်း အဲ့ဒါက ပျောက်ကွယ်သွားပြီး ၎င်း၏ တည်နေရာအတိအကျကို ချက်ချင်းမဆုံးဖြတ်နိုင်ပေ။
ခန်းမ၏ ရှေ့မှာ အနက်ရောင်ဆံပင်ရှိပြီး နီရဲတောက်နေသော ဝတ်ရုံကိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ထိုင်ခုံမြင့်ပေါ်မှာထိုင်နေ၏။ သူ၏ မျက်လုံးများက ရှည်လျားကျဥ်းမြောင်းပြီး သိုင်းတာအိုပင်မခန္ဓာကို သူ့မျက်လုံးအနက်ပိုင်းထဲရှိ အေးစက်စက်အလင်းတစ်ခုနှင့်အတူ ငုံ့ကြည့်လိုက်၏။
သူထင်တာမမှားဘူးဆိုလျှင် အဲ့ဒါသည် သွေးနီရောင်တောင်ကြား၏ သခင်လေး ကောင်းကင်အင်မော်တယ်ချီလီဖြစ်ရပေမည်။
ကောင်းကင်အင်မော်တယ်ချီလီ၏ အောက်ဘက်ရှိ ဘေးတစ်ဖက်တစ်ချက်စီမှာ ကျင့်ကြံသူများက အတန်းလိုက် နှစ်တန်းခွဲ၍ထိုင်နေကြ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စေညွှန်လိုက်ပြီး ထိုကျင့်ကြံသူများက ထိပ်သီးကောင်းကင်အင်မော်တယ်ပညာရှင်များဖြစ်သည်ကို သူပြောနိုင်၏။
သိုင်းတာအိုပင်မခန္ဓာက ခန်းမထဲသို့ဝင်ရောက်လာသည့်ခဏမှာပင် ကောင်းကင်အင်မောတယ်ပညာရှင်များက သူ့ကိုလှည့်ကြည့်လာခဲ့၏။ သူတို့ထဲမှအချို့က အေးစက်စက်အမူအရာများရှိပြီး အချို့ကအမူအရာကင်းမဲ့နေကာ အချို့က သူတို့၏ မျက်နှာပေါ်ရှိ ရန်လိုစိတ်ကို မဖုံးကွယ်ထားကြပေ။
“ဟားဟားဟားဟား...”
ကောင်းကင်အင်မော်တယ်ချီလီက မတ်တတ်ထရပ်မလာဘဲ သူ၏ ခေါင်းကိုမော့ကာ ရယ်မောလိုက်၏။
“ဒါက... ပြီးခဲ့တဲ့နှစ်တစ်ထောင်အတွင်း နာမည်ကြီးကျော်ကြားလာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ခရမ်းရောင်ဝတ်လူဆိုတာဖြစ်ရမယ်... ဟုတ်တယ်မလား”
ထျန်ဇီက ရှေ့သို့ထွက်လာပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သခင်လေး... အဲ့ဒါသူပါပဲ... သူ့ရဲ့နာမည်က အထီးကျန်သိုင်းသခင်တဲ့”
“အထီးကျန်သိုင်းသခင်လား”
ကောင်းကင်အင်မော်တယ်ချီလီက သရော်ပြုံးပြုံးလိုက်၏။
“အဲ့ဒီဘွဲ့ကတော့ အရမ်းကို သာမန်ပါပဲ”
ချက်ချင်းပင် ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်စီကနေ ရယ်မောသံများထွက်ပေါ်လာ၏။
ထျန်ဇီက နှစ်တန်းခွဲ၍ ထိုင်နေသော ထိပ်သီးကောင်းကင်အင်မော်တယ်ပညာရှင်များကို လက်ညှိုးထိုး၍ မိတ်ဆက်ပေးလိုက်၏။
“ဒါကတော့... ပြိုင်စံရှားနန်းတော်ရဲ့ နန်းတော်အရှင်ပဲ... ဒါက အင်မော်တယ်သတ်ဖြတ်ခြင်းစံအိမ်ရဲ့ စံအိမ်သခင်... ဒါက ကောင်းကင်အဆူရာရဲတိုက်ရဲ့ ရဲတိုက်အရှင်... ပြီးတော့ ဒါက ရေမီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ…..”
ထျန်ဇီသည် တစ်လမ်းလုံးမှာ ကောင်းကင်အင်မော်တယ်များကို မိတ်ဆက်ပေးနေခဲ့သော်လည်း မည်သူကမှမတ်တတ်ထရပ်မလာခဲ့ပေ။ သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို အေးစက်စွာဖြင့်သာကြည့်နေကြ၏။
သိုင်းတာအိုပင်မခန္ဓာက ထျန်ဇီ၏ မိတ်ဆက်ပေးမှုကိုကြားရပုံမရဘဲ သူက လုံးဝလှုပ်ရှားယိမ်းယိုင်မလာခဲ့ပေ။ သူ၏ မျက်လုံးများကို တစ်ဝက်မှေးကျဥ်းထားပြီး ထိုမုန်းတီးမှု၏ အရင်းအမြစ်ကို ရှာဖွေနေ၏။
ဖြောင်း....
အင်မော်တယ်သတ်ဖြတ်ခြင်းစံအိမ်၏ စံအိမ်သခင်က ဆက်လက်၍သည်းမခံနိုင်တော့ဘဲ စားပွဲကိုဘန်းခနဲမြည်အောင် ရိုက်ကာ မတ်တတ်ထရပ်၍ အေးစက်စွာအော်ငေါက်လိုက်၏။
“အထီးကျန်သိုင်းသခင်... ဘယ်လိုတောင်မောက်မာနေတာလဲ... မင်းက သွေးနီရောင်တောင်ကြားထဲကိုဝင်ရောက်လာပြီးတောင် မင်းရဲ့မျက်နှာဖုံးကို ဘာလို့မချွတ်သေးတာလဲ... မင်းရဲ့အစစ်အမှန်သွင်ပြင်ကို ကြည့်ရအောင်”
“အမှန်ပဲ”
ကောင်းကင်အဆူရာရဲတိုက်၏ ရဲတိုက်အရှင်က ပြောလိုက်၏။
“မင်းကတစ်ချိန်လုံးပုန်းကွယ်နေမယ်ဆိုရင် မင်းဘယ်ကလာတယ်ဆိုတာ ငါတို့ဘယ်လိုသိရမှာလဲ... သတ္တိကြောင်တဲ့ကြွက်ပဲ”
လက်ရှိဂိုဏ်းချုပ်များသည် ဤပိုင်နက်နယ်မြေမှာရှိသော မဟူရာအဆင့် အဖွဲ့အစည်းများမှ ဖြစ်လေသည်။
သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများကို သိရှိထားခဲ့သည်မှာကြာခဲ့လေပြီ။ သူတို့သည် သွေးနီရောင်တောင်ကြားကို ရောက်ရှိနေခြင်းကြောင့်သာမဟုတ်လျှင် သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို ဤကဲ့သို့သောပုံစံဖြင့် ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။
“လူတိုင်းပဲ... ဘာမှဒေါသထွက်နေစရာမလိုဘူး”
ကောင်းကင်အင်မော်တယ်ချီလီက သဘောထားကြီးသယောင်ဟန်ဆောင်ပြီး လက်ကာပြလိုက်၏။
“ထူးခြားတဲ့လူတွေမှာ အမြဲတမ်းထူးဆန်းတဲ့အပြုအမူတွေရှိတတ်တယ်... ဒီတာအိုရောင်းရင်းက သူ့ရဲ့မျက်နှာဖုံးကို တပ်ထားလိုတယ်ဆိုမှတော့... သူတပ်ထားပါစေ”
“အထီးကျန်သိုင်းသခင်... ခင်ဗျားကျုပ်တို့ရဲ့သခင်လေးကို ကျေးဇူးမတင်တော့ဘူးလား”
ထျန်ဇီက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ မတ်တတ်ရပ်နေပြီး သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ခန်းမထဲသို့ ဝင်ရောက်လာသောအခါ သူသည် မည်သူ့ကိုမှ ဦးညွှတ်ခဲ့ခြင်းမရှိသလို မည်သည့်စကားကိုမှ မပြောဆိုခဲ့ပေ။ လူတိုင်းက မကျေမနပ်ဖြစ်နေကြလေပြီ။
ကောင်းကင်အင်မော်တယ်ချီလီက အဲ့ဒါကို ရှင်းလင်းစွာမပြောဆိုခဲ့သော်လည်း သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာပြီဖြစ်၏။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ခြေတစ်ချက်ဆောင့်ပြီး မေးလိုက်၏။
“ဒီခန်းမရဲ့အောက်မှာ ဘာရှိလဲ”
မုန်းတီးမှု၏ အရင်းအမြစ်က ခန်းမ၏ အောက်ခြေကနေလာခြင်းဖြစ်လောက်သည်ကို သူက ဝိုးတဝါးအာရုံခံမိနေပြီဖြစ်၏။
“ဒီအောက်ဘက်မှာ ငါပြုစုပျိုးထောင်ထားတဲ့ အထူးချွန်ဆုံး တိုက်ပွဲကျွန်ရှိတယ်”
ထိုအကြောင်းကိုပြောချိန်မှာ ကောင်းကင်အင်မော်တယ်ချီလီက အနည်းငယ်အူမြူးအားရနေ၏။ သူက ခန်းမထဲမှာရှိသောဂိုဏ်းချုပ်များကိုကြည့်ပြီး ပြုံး၍မေးလိုက်၏။
“ဒီတစ်ခေါက် ငါ့ရဲ့တိုက်ပွဲကျွန်ကိုအနိုင်ယူဖို့ မင်းတို့တွေက ဘယ်သူတွေကိုခေါ်လာခဲ့လဲ ငါသိချင်မိတယ်”
“တာအိုရောင်းရင်းချီလီ... ကျူပ်က လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေတစ်ကောင်ကို ရှာတွေ့လာခဲ့တယ်... သူ့ရဲ့မျိုးဆက်သွေးက သိပ်ပြီးမသန့်စင်ဘူးဆိုပေမယ့် သူကအရမ်းကိုကြမ်းကြုတ်ခက်ထန်ပြီးတော့ ခင်ဗျားရဲ့ တိုက်ပွဲကျွန်ကို ယှဥ်နိုင်လောက်တယ်”
ထိုသို့ပြောရင်း အင်မော်တယ်သတ်ဖြတ်ခြင်းစံအိမ်၏ စံအိမ်သခင်က သူ၏ အင်္ကျီလက်စကိုဝေ့ယမ်းကာ ဧရာမလှောင်ချိုင့်တစ်ခုကို ပစ်ထုတ်လိုက်၏။
လှောင်ချိုင့်အတွင်းမှာ ငွေရောင်သားမွေးတိုများနှင့် ပေတစ်ရာရှည်လျားသော ဧရာမဝံပုလွေတစ်ကောင်ရှိနေ၏။
ဧရာမဝံပုလွေ၏ ကျင့်ကြံမှုက အဆင့်-၉ မဟူရာအမြုတေနယ်ပယ်မှာရှိလေသည်။ ၎င်း၏ သွားစွယ်များကိုဖြဲထားပြီး ကြမ်းကြုတ်ခက်ထန်သော အကြည့်တစ်ခုရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိသားမွေးက ထူးဆန်းသောငွေရောင်အလင်းဖြင့်တောက်ပနေပြီး ၎င်း၏ မျက်လုံးများက မနှိုင်းယှဥ်သာအောင် နတ်ဆိုးဆန်သောလပြည့်ဝန်းနှစ်ခုကို ခပ်ရေးရေးရောင်ပြန်ဟပ်ပေးနေ၏။
ဝံပုလွေမျိုးနွယ်၏ ဤမျိုးဆက်က မိုကောင်းကင်ထက်ရှိ လပြည့်ဝန်းကိုပင် ဝါးမျိုနိုင်သည်ဟု ဆိုကြလေသည်။
ကောင်းကင်အင်မော်တယ်ချီလီက ဟားတိုက်ရယ်မောလိုက်၏။
“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်... လမင်းဝါးမျို ကောင်းကင်ဘုံဝံပုလွေက အားနဲတဲ့ပုံမပေါ်ဘူး.. သူက ငါ့ရဲ့တိုက်ပွဲကျွန်ဆီကနေ ခုတ်ချက်ဘယ်လောက်များများကို ခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့”
ကောင်းကင်အင်မော်တယ်ချီလီက သူ၏ လက်ကိုဝေ့ယမ်းလိုက်ပြီး ခန်းမ၏ အလယ်ရှိမြေပြင်က ရုတ်တရက်အက်ကွဲသွား၏။ ချိန်းကြိုးများဖြင့် ရစ်ပတ်ခံထားရသည့် ပိန်ပိန်ပါးပါးလူတစ်ယောက်က သိပ်သည်းပြင်းထန်သောအမုန်းတရားဖြင့် ပြည့်နှက်နေပြီး သူ၏ ညာဘက်လက်ထဲမှာ နက်မှောင်နေသောဆေဘာတစ်လက်ကို ကိုင်ဆွဲကာ မြေကြီးထဲကနေပြေးထွက်လာခဲ့၏။
ထိုသူ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေပြီး သူက ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများစွာက အနာဖေးများပင်မတက်သေးဘဲ သူ၏ အသားနေရာတချို့က ဆွေးရိနေပြီဖြစ်၏။
“သတ်”
ထိုပုံရိပ်က ခန်းမထဲသို့ရောက်ရှိလာသည့်ခဏမှာပင် သူကနီရဲနေသောမျက်လုံးများနှင့်အတူ ကောင်းကင်အင်မော်တယ် ချီလီထံသို့ ပြေးဝင်သွား၏။
“ဟမ့်...”
သို့သော်လည်း သူကခြေလှမ်းအနည်းငယ် မလှမ်းရသေးခင်မှာပင် ကောင်းကင်အင်မော်တယ်ချီလီက လှောင်ရယ်လိုက်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှုပ်ရှားလိုက်၏။
ထိုလူ၏ ခန္ဓာကိုယ်ပေါ်ရှိချိန်းကြိုးများကနေ သေးငယ်သောဆူးချွန်များက ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဆူးသွားများကဲ့သို့ ထိုးဖောက်လိုက်၏။
ချက်ချင်းပင် ထိုလူ၏ ခန္ဓာကိုယ်ကနေ သွေးများကစီးကျလာ၏။
ထိုလူ၏ ခုံညင်းကပင် ဆူးသွားများဖြင့် ထိုးဖောက်ခံလိုက်ရ၏။
သူသည် မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလား အသံတစ်ချက်မထွက်ပေ။ သူ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်နေ၏။
သို့သော်လည်း သူက ကောင်းကင်အင်မော်တယ်ချီလီကို ကြမ်းကြုတ်ခက်ထန်စွာ စိုက်ကြည့်နေဆဲဖြစ်ပြီး ထိုသူကိုအရှင်လတ်လတ် အရေခွံဆုတ်ပစ်ချင်နေပုံရ၏။
“ဟီးဟီး...”
ဘေးကနေ အင်မော်တယ်သတ်ဖြတ်ခြင်းစံအိမ်၏ စံအိမ်သခင်က ရယ်မောလိုက်၏။
“တာအိုရောင်းရင်းချီလီ... ခင်ဗျားက ဒီတိုက်ပွဲကျွန်ကို ဖမ်းဆီးထားခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ... ခင်ဗျားအခုချိန်ထိသူ့ကို မချိုးနှိမ်နိုင်သေးပါလား... အခုဆိုရင် သူက သူ့သခင်ကိုတောင် သတ်ဖြတ်ချင်နေပြီ”
“ရတယ်လေ... ငါကသူ့ကိုနာခံလာတဲ့အထိ နဲနဲချင်းစီနှိပ်စက်ပြမယ်”
ကောင်းကင်အင်မော်တယ်ချီလီက အပြုံးတစ်ခုနှင့်အတူပြောလိုက်၏။
“ဒါက... ငါ့ရဲ့ပိုင်နက်နယ်မြေထဲမှာ ငါ့အမိန့်ကိုမနာခံတဲ့သူတွေရဲ့ရလဒ်ပဲ”
ထိုသို့ပြောရင်း ကောင်းကင်အင်မော်တယ်ချီလီက သိုင်းတာအိုပင်မခန္ဓာကိုလှည့်ကြည့်လိုက်၏။
သူ၏ စကားလုံးများက သိုင်းတာအိုပင်မခန္ဓာကို သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်၏။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက မည်သည့်အရာကိုမှ မကြားရသည့်ပုံဖြင့် မလှမ်းမကမ်းတွင် ချောက်ချားစရာကောင်းသော သတ်ဖြတ်လိုစိတ်နှင့်အတူ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် တိုက်ပွဲကျွန်ကိုသာ သူကကြည့်နေ၏။