မင်းကငါ့ရဲ့ထိုးချက်ကိုတောင် ခံနိုင်လို့လား
Vol. 144 Ch. 2157
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သတ်ဖြတ်လိုစိတ်ကို လုံးဝဖုံးကွယ်မထားဘဲ ခန်းမတစ်ခုလုံးက ကြမ်းကြုတ်ခက်ထန်သောအော်ရာတစ်ခုဖြင့် ချက်ချင်းပင် ပြည့်နှက်သွား၏။
အမျိုးမျိုးသောဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ ဂိုဏ်းချုပ်များက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လာပြီး စိုးရိမ်ပူပန်သောအမူအရာများနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို အေးစက်စွာကြည့်နေကြ၏။
ဤနေရာသည် သွေးနီရောင်တောင်ကြားဖြစ်လေသည်။
ကောင်းကင်အမြုတေနယ်ပယ်မှာရှိသော ထိပ်သီးပညာရှင်များအားလုံးက အခြေအနေကိုထိန်းသိမ်းထားသော ကောင်းကင်အင်မော်တယ်ချီလီနှင့်အတူ ဤနေရာမှာ စုစည်းရောက်ရှိနေကြ၏။
သိုင်းတာအိုပင်မခန္ဓာမှာ တစ်မူထူးခြားသောနည်းလမ်းများရှိနေမည်ဆိုလျှင်တောင် သူသည် ပြဿနာကောင်းကောင်းရှာနိုင်လိမ့်မည်မဟုတ်ဟု လူတိုင်းက ယုံကြည်ထားကြ၏။
“သူဘယ်သူလဲမင်းသိလား”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ကောင်းကင်အင်မော်တယ်ချီလီပေါ်သို့ ဆင်းသက်သွားပြီး မလှမ်းမကမ်းမှ ဆူးချွန်ချိန်းကြိုးများဖြင့် ရစ်ပတ်ခံထားရသောသူကို လက်ညှိုးထိုးကာ ဖြည်းဖြည်းချင်းမေးလိုက်၏။
ငွေရောင်မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားပြီး သိုင်းတာအိုပင်မခန္ဓာအသံက ပြောင်းလဲနေ၏။ သို့သော်လည်း ငွေရောင်မျက်နှာဖုံးသည် သူ၏ လေသံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖုံးကွယ်ပေးမထားနိုင်ပေ။
ကောင်းကင်အင်မော်တယ်ချီလီမှာ အကြောက်အလန့်ကင်းမဲ့သောအမူအရာတစ်ခုရှိနေပြီး သူကလှောင်ရယ်လိုက်၏။
“သူလား... သူကအောက်ဘုံကနေတက်လှမ်းလာတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ... အခုဆိုရင် သူကငါ့ရဲ့ကျွန်ဖြစ်သွားပြီ... သူ့ရဲ့သေခြင်းရှင်ခြင်းက ငါ့ရဲ့အတွေးတစ်ချက်ပေါ်မှာ မူတည်တယ်”
“အဲ့လိုလား”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“သူက... ငါနဲ့တူညီတဲ့ကမ္ဘာကနေရောက်လာခဲ့တာပဲ”
ထိုစကားကိုကြားသောအခါ ခန်းမထဲရှိလူတိုင်းမှာ မတူညီသောအမူအရာများရှိလာကြ၏။
တိုက်ပွဲကျွန်ဆိုသူ၏ မျက်လုံးထဲရှိသွေးကြောများက ဖျော့တော့သွားပုံရပြီး သူကဆက်လက်၍ ရုန်းကန်မနေတော့ပေ။ သို့သော်လည်း သူက ခဏကြာသည်အထိ မတုံ့ပြန်နိုင်ဘဲ ငေးငိုင်နေ၏။
ပြိုင်စံရှားနန်းတော်၏ နန်းတော်အရှင်က လှောင်ရယ်လိုက်၏။
“ဒီလိုဆိုရင်... ကောလာဟလတွေက အမှန်ပေါ့... မင်းက အောက်ဘုံကနေလာခဲ့တယ်ဆိုတာတကယ်ပဲကိုး.. မင်းကဘယ်လောက်ပဲသန်မာသန်မာ မင်းကနိမ့်ကျသက်ရှိဖြစ်ဖို့ ကံပါလာပြီးသားပဲ”
လေမီးဂိုဏ်း၏ ဂိုဏ်းချုပ်က မျက်ခုံးအနည်းငယ်ပင့်ပြီး သရော်တော်တော်အမူအရာဖြင့် မေးလိုက်၏။
“ဘာလို့လဲ...မင်းက ကြားဝင်စွက်ဖက်ပြီး ဒီတိုက်ပွဲကျွန်ကို ကယ်တင်ချင်လို့လား”
“ဟားဟားဟားဟား...”
ခန်းမထဲရှိ လူတိုင်းက ဟားတိုက်ရယ်မောလိုက်ကြ၏။
ကောင်းကင်အင်မော်တယ်ချီလီက ဝင့်ကြွားသောအမူအရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်းပြောလိုက်၏။
“အထီးကျန်သိုင်းသခင်... ငါမင်းကိုပြောလိုက်မယ်... မင်းက ဒီနေ့ ငါ့ဆီမှာအညံ့မခံဘူးဆိုရင် ဒီနေရာကနေ အသက်ရှင်လျက်ထွက်သွားဖို့ကို စဥ်းတောင်မစဥ်းစားလိုက်နဲ့”
‘အထီးကျန်သိုင်းသခင်’
ထိုစကားကိုကြားသောအခါ ထိုသူက ဆတ်ခနဲတုန်ယင်သွားပြီး တစ်ဘက်သို့လှည့်ကာ သိုင်းတာအိုပင်မခန္ဓာကို မယုံကြည်နိုင်စွာဖြင့်ကြည့်လိုက်၏။
သို့သော်လည်း ငွေရောင်မျက်နှာဖုံးကြောင့် သူသည် သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကိုမတွေ့မြင်ရဘဲ အဲ့ဒါကို ချက်ချင်းအတည်မပြုနိုင်ပေ။
“အစ်ကိုယန် ကျုပ်ပါ”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
ဆူးချွန်ချိန်းကြိုးများဖြင့် ရစ်ပတ်ခံထားရသည့် ကျင့်ကြံသူသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ အဆူရာယန်ပေးချန်ဖြစ်လေသည်။
ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုက တက်လှမ်းလာခဲ့ပြီဖြစ်၏။ နှစ်ပေါင်းထောင်ချီကြာပြီးနောက် သူသည် နောက်ဆုံးမှာ သူနှင့်မျိုးဆက်တူသော ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ဆုံရလေပြီ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ တက်လှမ်းလာပြီးကတည်းက သူသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အန္တရာယ်များစွာနှင့်ကြုံတွေ့ခဲ့ရပြီး သူ၏ ခြေလှမ်းတိုင်းက ချောက်ချားစရာကောင်းနေခဲ့၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ စီနီယာများ၏ ကာကွယ်မှုအပါအဝင် ဝှက်ဖဲများစွာနှင့် အတွေ့အကြုံများအပေါ် မှီခိုပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တဖြည်းဖြည်း ခြေကုပ်ရယူကာ နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်နိုင်ခဲ့ပြီး လောလောဆယ်မှာ အန္တရာယ်ကနေ ရှောင်လွှဲနိုင်ခဲ့၏။
အထက်ဘုံလောက၏ ပတ်ဝန်းကျင်က အရမ်းကိုဆိုးရွားလေသည်။
အခြားသူများကိုမပြောနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် တက်လှမ်းလာခဲ့ပြီးနောက် သူ၏ အခြေအနေက အတော်လေးခက်ခဲနေခဲ့၏။
အဆူရာသည် အဆင့်-၉ မဟူရာအမြုတေနယ်ပယ်ထိကျင့်ကြံနိုင်ခဲ့သည်မှာ တကယ့်ကို ရှားရှားပါးပါးဖြစ်သော်လည်း သူ၏ ကိုယ်ကာယနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေကအတော်လေးဆိုးရွားနေပြီး သူက ပုံပျက်ပန်းပျက်ဖြစ်အောင် ညှင်းပန်းနှိပ်စက်ခံထားရ၏။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်က အဆူရာ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ခဲ့ပြီးပြီဖြစ်၏။
အဆူရာ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။
သူသည် လှုပ်ရှားရုန်းကန်၍ သူ၏ တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်နေသေးသည့် အကြောင်းရင်းမှာ သူ၏ ခန္ဓာကိုယ်ကို ပင်ကိုမုန်းတီးမှုတစ်ခုဖြင့် မောင်းနှင်ထားသောကြောင့်ဖြစ်၏။
အမုန်းတရားက အရမ်းကိုသန်မာပြီး အဲ့ဒါသည် သူ့အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ ဒဏ်ရာများကို ဖုံးအုပ်ပေးကာ အမြုတေစိတ်ဝိညာဥ်ထိခိုက်ဒဏ်ရာများ၏ မကောင်းသောသက်ရောက်မှုများကိုပင် ဖိနှိမ်ပေးထား၏။
အမုန်းသုတ္တန်သည် တကယ့်ကိုထိပ်တန်းအဆင့် ဓမ္မအစီအရင်တစ်ခုဖြစ်လေသည်။
အောက်ဘုံလောကများ၏ ကျင့်ကြံရေးနည်းစနစ်အများစုသည် အောက်ဘုံလောကများ၏ ပတ်ဝန်းကျင်ဒေသ၊ စိတ်ဝိညာဥ်ချီ၊ ဓမ္မစွမ်းအားများနှင့် မျိုးဆက်သွေးတို့အပေါ် မှီခိုထားလေသည်။ ထို့ကြောင့် ထိုကျင့်ကြံရေးနည်းစနစ်အများစုသည် အထက်ဘုံသို့တက်လှမ်းလာပြီးနောက် သုံးစားရတော့မည်မဟုတ်ပေ။
သို့သော်လည်း အမုန်းသုတ္တန်က ကွဲပြားခြားနားလေသည်။
အမုန်းသုတ္တန်ကို ကျင့်ကြံခြင်း၏ အခြေခံအရင်းအမြစ်သည် လူတစ်ယောက်၏ နှလုံးသားထဲရှိ အမုန်းတရားဖြစ်လေသည်။ အဲ့ဒါက အောက်ဘုံမှာဖြစ်စေ၊ အထက်ဘုံမှာဖြစ်စေ... အဲ့ဒါကို စိတ်ဝိညာဥ်ချီနှင့်ဖြစ်စေ၊ ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့်ဖြစ်စေ... လူတစ်ယောက်၏ နှလုံးသားထဲရှိ အမုန်းတရားက အမြဲတမ်းတည်ရှိနေပေလိမ့်မည်။
ထိုမုန်းတီးမှုနှင့်အတူ သူက အမုန်းသုတ္တန်ကို ဆက်လက်၍ ကျင့်ကြံနိုင်မည်ဖြစ်၏။
အဆူရာသည် ကျင့်ကြံရေးအရင်းအမြစ်များမရှိဘဲ အကျဥ်းချခံထားရလျှင်တောင် သူက အဆင့်-၉ အမြုတေနယ်ပယ်ထိကျင့်ကြံနိုင်ခဲ့သည်မှာလည်း အဲ့ဒါကြောင့်ပင်ဖြစ်၏။
တကယ်တော့.... အမုန်းသုတ္တန်မှာလည်း အားနည်းချက်များရှိလေသည်။
သိပ်သည်းပြင်းထန်သော အမုန်းက အဆူရာ၏ ခန္ဓာကိုယ်ပေါ်ရှိ ထိခိုက်ဒဏ်ရာများကို လောလောဆယ်မှာဖိနှိမ်ပေးထားနိုင်၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲရှိ ထိခိုက်ဒဏ်ရာများက တဖြည်းဖြည်းစုစည်းများပြားလာပြီး ပို၍ပင်ပြင်းထန်လာပေလိမ့်မည်။ နောက်ဆုံးမှာ သူကသေချာပေါက် လဲပြိုကျသွားရပေလိမ့်မည်။
ယန်ပေးချန်သည် အနည်းငယ်မောဟိုက်နေပြီး သူ၏ ထွက်သက်တစ်ခုချင်းစီမှာ အားကောင်းသော သွေးနံ့က ပါဝင်နေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကိုမတွေ့မြင်နိုင်ဘဲ၊ အဲ့ဒီမှာအသံကွာခြားချက်ရှိနေသော်လည်း ခရမ်းရောင်ဝတ်အမျိုးသားက ဘယ်သူဆိုတာကို သူကသိလိုက်ပြီဖြစ်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူ့ကို ထိုသို့ခေါ်ဝေါ်သောသူ တစ်ယောက်တည်းသာလျှင်ရှိလေသည်။
“မင်း...”
ယန်ပေးချန်က သိုင်းတာအိုပင်မခန္ဓာကိုကြည့်လိုက်၏။ သူ၏ မျက်လုံးထဲရှိ စစချင်းစိတ်လှုပ်ရှားမှုက တဖြည်းဖြည်းပျက်ပြယ်သွားပြီး သူ့မှာစိုးရိမ်ပူပန်သောအမူအရာတစ်ခုပေါ်ထွက်လာ၏။
သူတက်လှမ်းလာခဲ့ပြီးနောက် သူက ဤနေရာမှာ အကျဥ်းချခံထားရ၏။
သူရင်ဆိုင်နေရသောရန်သူများက ဘယ်လောက်သန်မာ၊ ဘယ်လောက်ကြောက်စရာကောင်းပြီး ဘယ်လောက်စွမ်းအားကြီးမားသည်ကို သူကသိထား၏။
သူတို့က လုံးဝကို တားဆီး၍ မရနိုင်ပေ။
ဆူဇီမိုသည် သူ့ထက်အရင် နှစ်နှစ်ထောင်သာစော၍ တက်လှမ်းလာခဲ့၏။ သူက ဤပညာရှင်များနှင့် ယှဥ်နိုင်သောအဆင့်ထိ ဘယ်လိုလုပ်ကြီးထွားလာနိုင်ဦးမှာလဲ။
“မင်းဘာသာမင်း ထွက်ပြေးတော့”
ယန်ပေးချန်က ညင်သာစွာပြောလိုက်၏။
“ငါ့ခွင့်ပြုချက်မရှိဘဲ ဒီနေ့ဒီနေရာကနေ ဘယ်သူထွက်မသွားနိုင်စေရဘူး”
ကောင်းကင်အင်မော်တယ်ချီလီက အေးစက်စွာပြောဆိုပြီး သူ၏ လက်ကို ဝေ့ယမ်းလိုက်၏။ ဝုန်းခနဲမြည်သံနှင့်အတူ ခန်းမ၏ လေးလံသောတံခါးက လျင်မြန်စွာပိတ်ဆို့သွား၏။
ခန်းမထဲရှိ ကျောက်ပြားတစ်ချပ်ချင်းစီကို ရှားရှားပါးပါးသတ္တုများဖြင့် ပြုလုပ်ထား၏။
ခန်းမ၏ တံခါးကို ပိတ်လိုက်သည်နှင့် အဲ့ဒါသည် အကျဥ်းထောင်တစ်ခုနှင့် တူသွားလေသည်။
ကောင်းကင်အင်မော်တယ်များပင်လျှင် သူတို့၏ ကိုယ်ကာယခွန်အားသက်သက်ဖြင့် ဤနေရာကနေဖောက်ထွက်ဖို့ ခက်ခဲသွားရပေလိမ့်မည်။
“အမှန်ပဲ”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်၍ တီးတိုးရေရွတ်လိုက်၏။
“ငါ့ခွင့်ပြုချက်မရှိဘဲ ဒီနေ့ဒီနေရာကနေ ဘယ်သူမှထွက်မသွားနိုင်စေရဘူး”
သူသည် ကောင်းကင်အင်မော်တယ်ချီလီပြောသည့်စကားကို ပြန်ပြောလိုက်ပုံရလေသည်။
သို့သော်လည်း ခန်းမထဲရှိလူတိုင်းသည် ကပ်ဘေးတစ်ခုဆင်းသက်လာတော့မည့်အလား ရုတ်တရက်ရင်တလှပ်လှပ်ဖြစ်၍ တုန်လှုပ်ချောက်ချားလာကြ၏။
ထိုအတွေးကမပြီးဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်တိုက်ခိုက်လိုက်ပြီဖြစ်၏။
သူက ရုတ်တရက်တက်လှမ်းပြီး ကောင်းကင်အင်မော်တယ်ချီလီရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာကာ ပစ်ထိုးလိုက်၏။
အဲ့ဒီမှာ မည်သည့်အပိုလှုပ်ရှားမှုမှ မပါဝင်ပေ။ အဲ့ဒါက သာမန် ထိုးချက်တစ်ချက်မျှသာဖြစ်၏။ သို့သော်လည်း ထိုထိုးချက်မှာ သိုင်းတာအို၏ စိတ်စွမ်းအားပါဝင်နေပြီး သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှင့် ဓမ္မပညာရပ်များအားလုံးက ယှက်ဖြာသွား၏။
အဲ့ဒါက ကိုင်လှုပ်၍ မရနိုင်သလို ဖျက်ဆီး၍လည်း မရနိုင်ပေ။
ကောင်းကင်အင်မော်တယ်ချီလီ၏ အမူအရာက တစ်မုဟုတ်ချင်းပြောင်းလဲသွား၏။
သူ၏ မျက်လုံးထဲရှိ အထင်အမြင်သေးမှုနှင့် မောက်မာခက်ထန်မှုကလည်း ချက်ချင်းပင်ပျောက်ကွယ်သွား၏။
ထိုထိုးချက်၏ လွှမ်းခြုံမှုအောက်မှာ သူ၏ ယခင်က မာန်မာန၊ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုတို့အားလုံးက ချက်ချင်းပင်ကြေမွပျက်စီးသွား၏။
သူက သန်မာအားကောင်းသောသေခြင်းအော်ရာကိုပင် ခံစားမိနေ၏။
“တမလွန်ဖလှယ်ခြင်း...။”
ကောင်းကင်အင်မော်တယ်ချီလီက ဟိန်းဟောက်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို အကန့်အသတ်ထိလှည့်ပတ်ကာ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိတော့ဘဲ တမလွန်ဖလှယ်ခြင်းကိုသာ လှည့်ပတ်၍ ထိုထိုးချက်မှလာသောစွမ်းအားကို တခြားတစ်နေရာသို့ လွှဲပြောင်းလိုလေသည်။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်လာခဲ့၏။
တမလွန်ဖလှယ်ခြင်း၏ သက်ရောက်မှုအောက်မှာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ကောင်းကင်အင်မော်တယ်ချီလီ၏ ဘေးပတ်မှာလှည့်ပတ်လာပြီး ပြိုင်စံရှားနန်းတော်၏ နန်းတော်အရှင်ပေါ်သို့ ဆင်းသက်လာခဲ့၏။
ဘန်း...
ပြိုင်စံရှားနန်းတော်၏ နန်းတော်အရှင် အဆင့်-၉ ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်သည် သူ၏ ဓမ္မရတနာကို ဆင့်ခေါ်လိုက်စဉ် သူကမတုံ့ပြန်နိုင်ခင်မှာပင် သိုင်းတာအိုပင်မခန္ဓာခံမှ ထိုးချက်ဖြင့် သွေးမြူတစ်ခုအဖြစ်ပြောင်းလဲသွားရ၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးပြုဖို့အခွင့်အရေးပင်မရဘဲ နေရာမှာပင်ပျက်စီးသွား၏။
ကောင်းကင်အင်မော်တယ်ချီလီက အခွင့်အလမ်းကိုချိန်ဆပြီး နောက်သို့ဆုတ်ခွာသွားလေသည်။
ရုတ်တရက်ဆိုသလို...။
သူ၏ ပုံရိပ်က ရပ်တန့်သွားပြီး သူ၏ မျက်လုံးထဲရှိ အဆုံးမဲ့ကြောက်ရွံ့မှုနှင့်အတူ အနည်းငယ်တုန်ခါသွား၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် ကောင်းကင်အင်မော်တယ်ချီလီ၏ ခန္ဓာကိုယ်ကလည်း ပေါက်ကွဲထွက်သွား၏။ ခြေလက်များက အဘက်ဘက်သို့လွင့်ပျံသွားပြီး သွေးစက်များက မြေပြင်ပေါ်မှာ ဖိတ်စင်ပြန့်ကျဲသွား၏။
“မင်းက မင်းကိုယ်မင်းအထင်ကြီးနေတာပဲ”
သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်၏။
“မင်းက... ငါ့ရဲ့ထိုးချက်ကိုတောင်ခံနိုင်လို့လား”
တမလွန်ဖလှယ်ခြင်းသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်၏ စွမ်းအားအများစုကို ချေဖျက်ပေးခဲ့သော်လည်း သိုင်းတာအိုစိတ်စွမ်းအားနှင့် ထိုထိုးချက်မှာပါဝင်သော ဓမ္မပညာရပ်များက ကောင်းကင်အင်မော်တယ်ချီလီကို ထိခတ်ကာ သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်လိုက်ဆဲဖြစ်၏။