အပိုင်း (၁၃၅)
Vol. 10 Ch. 135
“ဒုက္ခပဲ” လူတော်တော်များများတို့၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။
အသက်သွေးဝိညာဉ်ကို ချုပ်ဆိုပြီးသည့်နောက် လက်နက်နှင့် သခင်သည် အတူယှဉ်တွဲ တည်ရှိနေသည့်အရာ ဖြစ်၏။ လက်နက်ထိခိုက်သည် ဆိုပါက ၎င်း၏သခင်သည်လည်း ကြီးမားသည့် ထိခိုက်မှုကို ခံစားရမှာ သေချာသည်။
လက်ရှိအခြေအနေမှာတော့ တိုင်ချူးနတ်သားတော်၏ လက်နက်သည် ထိခိုက်သွားခဲ့၏။ ထို့ကြောင့် ၎င်းကိုပင် သက်ရောက်စေခဲ့၏။ ရလဒ်အားဖြင့် ၎င်း၏ အားအင့်အဆင့်သည် ကန့်သတ်ခြင်းကို ခံလိုက်ရ၏။
“ချိုးဖြတ်စမ်း” ကျန်းချန်က အော်ဟစ်လိုက်၏။ ၎င်း၏အသံသည် ဒီရေလှိုင်း ကဲ့သို့ပင် တည်နေရာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားလေ၏။ သူသည် ကြီးမားလှသည့် လက်ကြီးတစ်ခုကို ဖန်တီးကာဖြင့် ရှေးနန်းဆောင်ကြီးကို လှမ်းကာ ဖမ်းဆွဲလိုက်၏။
အကန့်အသတ်မဲ့ များလွန်းလှသည့် အားအင်များ စုဝေးလာခဲ့ပြီးသည့်နောက် ရှေးနန်းဆောင်ကြီး၏ မျက်နှာပြင် ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ ဤရှေးနန်းဆောင်ကြီးသာ ပြိုကွဲသွားမည်ဆိုပါက နောက်ထပ် ဘာတွေဖြစ်မည်ဆိုသည်ကို အားလုံးသော သူတို့က ကြိုတင်ခံစားမိပြီးသား ဖြစ်လေသည်။
“ဘုံကိုးပါးကို ချိုးဖြတ်ပြီး လောကအဆုံးထိ တိုက်ခိုက်”
တိုင်ချူးနတ်သားတော်သည် ၎င်း၏ နှုတ်ခမ်းထောင့်တွင် ရှိနေသော သွေးများကို သုတ်လိုက်၏။ ပြီးသည့်နောက် သူသည် လက်တစ်ဖက်ကို အသာ မြှောက်လိုက်သည့် အချိန်မှာတော့ သုံးပေခန့်ရှည်သည့် ဓားရှည်တစ်ခုသည် သူ၏လက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။ မြေပြင်တည်နေရာ တစ်ခုလုံးတွင်လည်း များပြားလှသည့် သင်္ကေတများ ဖြစ်တည်လာခဲ့ပြီးသည့်နောက် ဓားများသည် မိုးရည်စက်များ ကဲ့သို့ပင် ကောင်းကင်ယံထက်မှ တဝုန်းဝုန်းနှင့် ကျဆင်းလာခဲ့၏။
ချလွမ် ချလွမ် ချလွမ်
တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် ကျန်းချီများသည် အောက်သို့ကျဆင်းလာခဲ့ပြီးသည့်နောက် ရေတွက်လို့ မရအောင် များပြားလှသည့် ဓားစွမ်းအင်များသည် တည်နေရာတွင် ပျံ့နှံ့သွား၏။ များပြားလှသည့် ဓားစွမ်းအင် များသည် ကောင်းကင်ယံဆီမှ တဝုန်းဝုန်းနှင့် ကျဆင်းလာခဲ့ပြီး ဤတည်နေရာကြီးသည် ဓားမုန်တိုင်းကြီး တိုက်ခိုက်နေသကဲ့သို့ပင်။
ရွှပ် ရွှပ် ရွှပ်
များပြားလွန်းလှသည့် တောင်တော်တော်များများသည် အစိတ်အပိုင်းများ အဖြစ်သို့ ပေါက်ကွဲထွက်ကုန်၏။ ပြီးသည့်နောက် အမှုန့်အဖြစ်သို့ပင် ပြောင်းလဲကုန်ကြသည်။
ပတ်ဝန်းကျင် တည်နေရာထဲတွင် ကြည့်ရှုနေကြသည့် ကြည့်ရှုနေသူ တော်တော်များများတို့ပင်လျှင် ထိုသက်ရောက်မှုကို ခံရပြီး နောက်ဘက်သို့ လွင့်စင်ကာ သွေးများ အန်ထွက်လာခဲ့၏။
နီးကပ်သည့် တည်နေရာတွင် ကြည့်နေသည့် အားနည်းလွန်းသူများ၏ ဝိညာဉ်များသည် ပေါက်ကွဲထွက်ကုန်၏။ သွေးများသည် တည်နေရာအနှံ့ဆီသို့ လွင့်စင်လျက်ရှိသည်။
လက်ရှိအခြေအနေမှာတော့ လူများအားလုံးသည် ဆွံ့အနေမိကြ၏။
ဤအရာသည် မည်ကဲ့သို့သော သိုင်းနည်းစနစ် ဖြစ်သနည်း။
တိုင်ချူးနတ်သားတော်သည် ယခင်က အဘယ်ကြောင့် ထုတ်ဖော်အသုံးမပြုရသနည်း။ ယခု တစ်ချက် တိုက်ခိုက်လိုက်သည်ဆိုသည်နှင့် မိုင်တစ်ရာပတ်လည်အတွင်းတွင် ရှိနေသည့် စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူခဲ့၏။ ၎င်းသည် ပိုမိုကာ အားကောင်းလာခဲ့ပြီးသည့်နောက် တဖြည်းဖြည်းနှင့် မိုင်တစ်ထောင်၊ မိုင်တစ်သောင်းအတွင်းရှိ စွမ်းအင်များကို စုပ်ယူနေတုန်းပင်။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။
“တကယ်ကို ကောင်းတဲ့ နည်းစနစ်ပဲ”
ကျင်းချန်သည် လက်ဝါးရိုက်ချက်ကို ပြန်လည်ရုတ်သိမ်းကာဖြင့် အမြန်ဆုံးနှုန်းနှင့် နောက်ဆုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ ရွှေရောင်ကြိုးမျှင် ကဲ့သို့ အသွင်ပြောင်းကာဖြင့် ဓားမုန်တိုင်းများထဲမှ လွတ်မြောက်အောင် ရှောင်ရှားလိုက်ရချေ၏။
ဒင်
ဓားအလင်းတန်းများသည် ဖြတ်သန်းသွားခဲ့ပြီးသည့်နောက် အရိုးကွဲအောင် အေးစက်လှသည့် ဓားအော်ရာများသည် ကျင်းချန်၏ ပခုံးကို ခုတ်ပိုင်းခဲ့လေ၏။ ဤဓားအလင်းတန်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ ကျင်းချန်၏ နဖူးစပ်တွင် ရှိနေသည့် ရွှေရောင်ဆံပင်များပင်လျှင် ဓား၏ ဖြတ်တောက်ခြင်းကို ခံခဲ့ရသည်။ အနည်းငယ်သာ နှေးကွေးသွားမည်ဆိုပါက သူ၏ခေါင်းတစ်ခုလုံးသည် ခုတ်ပိုင်းခြင်းကို ခံရမှာ သေချာသည်။
“အင်း... ရွှေရောင်ဖန်းသားရဲရဲ့ အမြန်နှုန်းက တကယ့်ကို ဩချရလောက်ပါတယ်” တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်၏။
တခြားသော တစ်စုံတစ်ယောက်သာဆိုပါက တိုင်ချူးနတ်သားတော်၏ စောဏတုန်းက တိုက်ခိုက်ချက် အောက်တွင် သေဆုံးသွားခဲ့မှာ သေချာ၏။ ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်သော တခြားများသည်သာ ဤကဲ့သို့သော တိုက်ခိုက်ချက်ကို ခံရသည်ဆိုပါက သေလျှင်သေ၊ မသေပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမှာ သေချာ၏။ ကျင်းချန်ကဲ့သို့ မြန်ဆန်လှပါသည်ဆိုသော မွန်းစတားသတ္တဝါသည်ပင်လျှင် ဆံခြည်တချို့ကို ပေးဆပ်လိုက်ရသေးသည်။
“တိုက်ပွဲက ပြီးသွားသင့်ပြီ”
ကျင်းချန်က အေးစက်စက် အော်ဟစ်လိုက်၏။ သူ၏ ဆံနွယ်တချို့ ဆုံးရှုံးသွားခြင်းသည် သူ့အား အစစ်အမှန် ဒေါသထွက်စေခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပိုမိုကာ ကြီးမားလာခဲ့သည်။ ကြီးမားလွန်းလှသည့် ရွှေတောင်ပံ ဖန်းသားရဲကြီးသည် လောကကြီးတွင် ပေါ်ပေါက် လာခဲ့၏။ ၎င်းသည် ရွှေရောင်တောင်ကြီးကဲ့သို့ မတ်မတ်ရပ်လျက်ရှိပြီး အတောင်ပံကို ဖြန့်ကားလိုက်သည့် အချိန်မှာတော့ တည်နေရာတစ်ခုလုံးကိုပင် လွှမ်းခြုံသွားစေခဲ့၏။
နတ်ရွှေရောင် မျက်လုံးများကို ဖွင့်ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါကို ထုတ်ဖော်နေသည်။ ၎င်းသည် မွန်းစတားနတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်တည်လျက် ရှိနေပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများကိုလည်း အရှိန်တငြီးငြီးဖြင့် ထုတ်ဖော်နေ၏။ မွန်းစတားကလန်သားများသည် အစစ်အမှန်ပုံစံကို ထုတ်ဖော်သည်ဆိုလျှင် အားအကောင်းဆုံး အခြေအနေကို ရောက်ရှိသည်ဆိုခြင်းမှာ သဘာဝပင်ဖြစ်၏။ လူသားပုံစံကို ပြောင်းလဲထား ပါက ၎င်းတို့၏ အ စစ်အမှန် တိုက်ခိုက်ရေး စွမ်းရည်ကို ထုတ်ဖော်၍ မရနိုင်ချေ။
ဒင် ဒင် ဒင်
၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အမွေးများသည် တုန်ခါလာခဲ့၏။ အမွှေးတစ်ခုချင်းစီတိုင်းသည် တောက်ပစူးရှလွန်းသည့် နတ်ဘုရားဓားများကဲ့သို့ အသွင်ပြောင်းကာဖြင့် တလက်လက် တောက်ပနေ၏။
“သေစမ်း” ကျင်းချန်သည် လှုပ်ရှားလိုက်သည်။
ကြီးမားလွန်းလှသည့် လက်သည်းချက်ကြီးသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ထိုးခွင်းသွားခဲ့ပြီး တိုင်ချူးနတ်သားတော်ဆီသို့ ရောက်ရှိသွားခဲ့၏။ လောကကြီး တစ်ခုလုံးတွင် ရှိသမျှ သူရဲကောင်းများ အားလုံးကို သတ်ဖြတ်ပစ်မည်ဟူသော အရှိန်အဟုန်မျိုးကို ရွှေရောင်ဖန်းသားရဲကြီးက ထုတ်ဖော်ပြသလျက် ရှိနေ၏။ ၎င်း၏ စွမ်းအင်များသည် အဆင့်မြင့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိနေသည့်ပုံပင်။
“ရှုပ်ထွေးမှုမှ မူလအဖြစ်”
တိုင်ချူးနတ်သားတော်သည် ထပ်မံကာ အော်ဟစ်လိုက်ပြန်၏။ ၎င်းသည် လက်ချောင်း များကို အသာညွှန်ပြီးသည့်နောက် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်၏။ ပေတစ်ထောင်ပတ်လည် အတွင်းတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ၎င်း၌ လာရောက်စုဝေးနေပြီး ကောင်းကင်လမ်းစဉ်၏ ဓားတစ်ခု ကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။
ကြည့်ရသည်မှာ များပြားလွန်းလှသည့် နိယာမများကို စုဖွဲ့ပြီးသည့်နောက် ဆန်းကြယ်လှသည့် ဓားတိုက်ခိုက်ချက် တစ်ခုကို ထုတ်ဖော်ပြသတော့မည့်ပုံပင်။
ရွှေရောင်ဖန်းသားရဲကြီး၏ အမြန်နှုန်းသည် တိုင်ချူးနတ်သားတော်၏ နတ်ဘုရားသိုင်းနည်းစနစ်နှင့် တိုက်ရိုက် ဆိုသလိုပဲ တွေ့ဆုံလေသည်။
ဝုန်း
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး ကွဲအက်သွားခဲ့၏။ ရွှေရောင်နှင့် အဖြူရောင် စွမ်းအင်များသည် တည်နေရာအနှံ့ကို ရစ်သိုင်းလျက် ရှိနေ၏။
ဝှစ်
လေများတိုက်ခတ်ပြီးသည့်နောက် တည်နေရာ တစ်ခုလုံးတွင် ရှိနေသည့် ဖုန်များ လွှင့်စင်သွားခဲ့၏။ မိုင်တစ်ရာ ပတ်လည်အတွင်းတွင် ရှိရှိသမျှ အရာအားလုံးတို့သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။ ရှေးသစ်ပင်များ အားလုံးတို့သည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်ကုန်သည်။
လူနှစ်ယောက်တို့သည် စစ်နတ်ဘုရားကဲ့သို့ အသွင်ပြောင်းကာဖြင့် ကောင်းကင်ပေါ်မှ မြေကြီးပေါ်သို့ ဆင်းသက်ကာ ဆက်လက်တိုက်ခိုက်လျက်ရှိ၏။ ၎င်းတို့သည် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို တိုက်ခိုက်နေ သကဲ့သို့ပင် ပြင်းပြင်းထန်ထန်နှင့် အားရပါးရ တိုက်ခိုက်နေ၏။
ကြည့်ရှုနေသူများ အားလုံးတို့သည် အသက်ကိုပင် ရဲရဲ မရှူရဲကြချေ။ တိုက်ကွက်တစ်ခုလောက် လွတ်သွားမည် ဆိုသည်ကိုပင် ၎င်းတို့သည် အလွန်အမင်း စိုးရိမ်လျက် ရှိနေ၏။ များပြားလွန်းလှသည့် တိုက်ကွက်များကို ထုတ်ဖော်တိုက်ခိုက်ပြီးသည့်နောက် တဖြည်းဖြည်းနှင့် ညနေပိုင်းအချိန်သို့ပင် ရောက်ရှိလာခဲ့သည်။
အနိုင်ရရှိသူ မည်သူဖြစ်သည်ကို မသိရှိသေးချေ။ လက်ရှိအခြေအနေမှာတော့ နှစ်ယောက်လုံးသည် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက် ရှိနေပြီး မောပန်းကာ သေဆုံးလုမတတ်လည်း ဖြစ်လို့လာခဲ့၏။
“အင်း..ဒါ မွန်းစတားကလန်ရဲ့ ပါရမီရှင်လား။ တကယ်ကို သာမန်ထက် ပိုပါပေတယ်”
“တိုက်ပွဲက ဒီလိုအခြေအနေမျိုးထိတောင် ရောက်လာပြီလေ။ ကြည့်ရတာ သူတို့ဆီမှာ အားအင်နည်းနည်းလောက်ပဲ ကျန်တော့မယ်ထင်တယ်” တော်တော်များများသည် အံ့အားသင့်လျက် ရှိနေသည်။
“တိုင်ချူးနတ်သားတော်က တကယ့်ကို ခန့်မှန်းလို့ မရတာပဲ။ လူသားမျိုးနွယ်ရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ နှစ်ဆယ့်လေးယောက်မြောက် ဖြစ်တယ်ဆိုပေမဲ့ သူက မွန်းစတားကလန်ရဲ့ ဆယ့်ခုနှစ်ယောက်မြောက် ပါရမီရှင်နဲ့ ထိပ်တိုက် တိုက်ခိုက်နိုင်စွမ်း ရှိနေတယ်။ ဒါက သူ့ကို ဂုဏ်ယူရလောက်တဲ့ အခြေအနေမျိုးအထိ ရောက်စေတာပေါ့” တကယ့်ကို တည်ကြည်လေးနက်လှသည့် အကြီးအကဲ တစ်ယောက်သည် ဝင်ရောက်ကာ မှတ်ချက်ပေးလိုက်၏။
“ဘာ... တိုင်ချုးနတ်သားတော် ရှုံးမယ်လို့ ခင်ဗျား ထင်ခဲ့တယ်လား”
တစ်စုံတစ်ယောက်သည် သဘောမတူသလို လှမ်းကာပြောလိုက်၏။ “လူသားမျိုးနွယ်တွေက လောကမှာ အားအကောင်းဆုံး မျိုးနွယ်ပဲလေ။ ဘယ်လိုဖြစ်ပြီးတော့ မွန်းစတားကလန်ရဲ့ ပါရမီရှင်ကို ရှုံးနိမ့်ရမှာလဲ။ သူက လူသားမျိုးနွယ်ပါရမီရှင်စာရင်းမှာ နှစ်ဆယ့်လေးနေရာ ချိတ်တယ်ဆိုပေမဲ့ မွန်းစတားကလန်ရဲ့ ဆယ့်ခုနှစ်ယောက်မြောက်နဲ့ တိုက်ခိုက်ဖို့ လုံလောက်တဲ့ အားအင်ကို ပြသနေပြီ မဟုတ်လား။ အမြင်ကျဉ်းလိုက်တာ” ဘေးတစ်ဖက်တွင် ရှိနေသည့်လူသည် ဝင်ရောက်ကာ အော်ငေါက်လိုက်သည်။
“ဒီလို ရှည်လျားလှတဲ့ တိုက်ခိုက်မှုမျိုးမှာ နှစ်ယောက်လုံးက မောပန်းနေကြတယ်လေ။ ကြည့်ရတာ ရလဒ်က မကြာခင် ပေါ်ပေါက်လာမယ့်ပုံပဲ” အမြင်စူးရှလှသည့် လူတစ်ယောက်သည် တီးတိုး ပြောဆိုလိုက်၏။
ဤစကားကို ပြောပြောပြီးချင်းမှာပဲ တချို့သောသူများသည် ဤအရာမှာ ဖြစ်နိုင်သည်ဟု အသိအမှတ်ပြုလိုက်သည်။
ကျင်းချန်၏ ခန္ဓာကိုယ်သည် တုန်ယင်လျက် ရှိနေ၏။ သူသည် တောင်ပံကြီးကို တဖျပ်ဖျပ် ခတ်ကာဖြင့် ကောင်းကင်ယံထက်သို့တက်ကာ ဟာရီကိန်းကဲ့သို့ လေမုန်တိုင်းများကို ဖန်တီးလျက် ရှိနေ၏။ ကောင်းကင်ယံတစ်ခုလုံးတွင် တဝှီးဝှီးနှင့် လေတိုက်သံများ ပေါ်ထွက်နေခဲ့၏။
“ဒါက မင်းရဲ့ စွမ်းရည် အကုန်ပဲလား”
ဘုန်း
ရွှေရောင်အလင်းတန်းများသည် ထပ်မံကာ ကျဆင်းလာ၏။ ကျင်းချန်သည်လည်း ကောင်းကင်ယံမှ ကျဆင်းလာခဲ့၏။ အဝေးမှကြည့်မည်ဆိုလျှင် ၎င်းသည် ရွှေရောင်နေကြီး တစ်စင်းကဲ့သို့ပင် ကောင်းကင်ယံဆီမှ ကျဆင်းလာခဲ့ခြင်းပင်။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် လှိုင်းတစ်ခုကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ချလွမ် ချလွမ် ချလွမ်
အတောင်ပံတစ်စုံသည် များပြားလှသည့် ကောင်းကင်ဓားများကဲ့သို့ပင် ထက်ရှလွန်းလှချေ၏။ ၎င်းသည် ရှိရှိသမျှ အရာအားလုံးကို ခုတ်ပိုင်းတော့မည် အရှိန်အဝါမျိုးဖြင့် ကျဆင်းလာ၏။
“အရမ်းအားကောင်းတယ်”
တိုင်ချူးနတ်သားတော်၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွား၏။ ဤမျှကြာအောင် တိုက်ခိုက်ပြီးသည့်နောက် သူသည် ပြိုင်ဘက်၏ အခြေအနေမှာ မကောင်းမွန်တော့ကြောင်းကို ကောင်းကောင်းနားလည်မိသည်။
သို့ပေမဲ့ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ကျင်းချန်သည် ခန့်မှန်းလို့ မရအောင် အားကောင်းလွန်းလှသည့် သတ်ဖြတ်ခြင်း နည်းစနစ်ကို ထုတ်ဖော်ကာ အသုံးပြုလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။
တွေးနေရန် အချိန်မရှိတော့ချေ။ ထို့ကြောင့် လက်နှစ်ဖက်ကို စုစည်းပြီး လက်စည်းသင်္ကေတတစ်ခုကို ဖန်တီး လိုက်၏။ သူ၏ရှေ့ လေဟာနယ်ထဲတွင် ရှည်လျားလွန်းလှသည့် တောင်ကြီးတစ်ခုက မားမားမတ်မတ် ပေါ်ပေါက် လာခဲ့၏။ တောင်ကြီးသည် ပေတစ်ထောင်နီးပါးခန့် မြင့်မားလွန်းလှပြီး နတ်ဘုရားအလင်းတန်းများ ထွန်းတောက်ကာဖြင့် ဖျက်စီး၍ မရနိုင်သည့် အော်ရာမျိုးကို ထုတ်ဖော်ပြသနေ၏။
“မင်း ဒါကို မတားဆီးနိုင်ပါဘူး”
ကျင်းချန်သည် ရုတ်တရက ပေါ်ပေါက်လာခဲ့သည့် တောင်ကြီးကို မြင်ရသည့် အချိန်မှာတော့ အံ့အားသင့်မသွားခဲ့ချေ။ ရွှေရောင်အလင်းတန်းကဲ့သို့ ပြောင်းလဲကာဖြင့် ထိုအရာကြီးကို ထက်ပိုင်း ပိုင်းဖြတ်လိုက်သည်။
ကျယ်လောင်လွန်းလှသော အသံကြီးပေါ်ပေါက်လာခဲ့ပြီးနောက် တောင်၏ အနောက်ဘက်ဆီမှ ဓားအလင်းတန်းများသည် ရေတွက်လို့မရအောင် ထွက်ပေါ်လာခဲ့ပြန်၏။
“ဟမ်” ကျင်းချန်သည် မျက်မှောင်ကုတ်လိုက်၏။ သူ၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ရရှိလာခဲ့၏။ မမျှော်လင့်ထားစွာဘဲ တိုင်ချူးနတ်သားတော်သည် ဝှက်ဖဲကို ထုတ်ကာသုံးလျက်ရှိသည်။
သူသည် ကြီးမားလှသည့် လက်သည်းချက်ကြီးကို ထုတ်ကာဖြင့် တစ်ချက်တည်းဆိုသလိုပဲ များပြားလှသည့် ဓားအလင်းတန်းများကို ဖျက်ဆီးလိုက်၏။ သူ၏လက်ဝါးပင်လျှင် သွေးများ စွန်းထင်းသွားခဲ့၏။ သို့ပေမဲ့ အရှိန်အဟုန်သည် မရပ်တန့်ခဲ့ချေ။
ဤတစ်ကြိမ်မှာတော့ သူ၏ လက်ထဲတွင် ရှိနေသည့် ခရမ်းရောင်နန်းဆောင်ကြီးတစ်ခုလုံးကို လေဟာနယ်ထဲတွင် ဖျက်ဆီးနိုင်ခဲ့တော့၏။ ထိုနန်းဆောင်ကြီးသည် အစိတ်စိတ် အပိုင်းပိုင်း အဖြစ်သို့ ပြောင်းလဲကာ တည်နေရာအနှံ့ဆီသို့ လွင့်စင်သွားခဲ့တော့သည်။
ဝေါ့
လက်နက်ချိုးဖြတ်ခံရပြီးသည့်နောက် တိုင်ချူးနတ်သားတော်သည် ကြီးမားသည့် တိုက်ခိုက်မှုကို ခံလိုက်ရသလိုပင်။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ ဖြူလျော်သွားခဲ့ပြီး သူ၏ အော်ရာများ သည်လည်း အတော်အတန် လျော့ကျသွားခဲ့၏။
သူသည် ကျင်းချန်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် သူ၏ လက်ထဲတွင် ရှိနေသော ဓားရှည်ကို မြှောက်ကိုင်လိုက်သော်လည်း သူမတိုက်ခိုက်ရသေးခင်မှာပဲ ထည်ဝါလွန်းလှသော လူတစ်ယောက်သည် သူ၏ရှေ့၌ ပေါ်ပေါက်လာသည်။
ထိုသူသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားပြီး ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းလွန်းလှသည့် အော်ရာများကို ထုတ်ဖော်နေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ တာအို၏ အရိပ်အယောင်များပင် ထွက်ပေါ်လျက် ရှိနေ၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် သူနှင့် ပေါင်းစပ်နေသကဲ့သို့ပင်။ အစစ်အမှန် အားအင်အဆင့်သည် မည်မျှ ကြီးမားသည် ဖြစ်ကြောင်းကို မည်သူမှ မသိနိုင်ချေ။
ထိုသူသည် ပေါ်ပေါက်လာပြီးသည့်နောက် ကျင်းချန်၏ တိုက်ခိုက်ချက်ကို တားဆီးခဲ့သလို တိုင်ချူး နတ်သားတော်၏ ဓားကိုလည်း ဟန့်တားလိုက်လေ၏။
ပြီးနောက် ပွဲကြည့်ပရိသတ်များကို လှမ်းကြည့်ကာဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ဒီတိုက်ပွဲမှာ ကျုပ်တို့ နတ်သားတော်က ရှုံးတယ်”
ထိုသူသည် တည်ကြည်လေးနက်သည့် အသံဖြင့် လှမ်းကာ အော်ဟစ်လိုက်၏။