← Chapters

အပိုင်း (၁၃၈)

Vol. 10 Ch. 138

အပိုင်း (၁၃၈)

Vol. 10 Ch. 138

ရီကလန်နှင့် ရွှေကျီးကန်းကလန်တို့၏ ဘိုးဘေးများကြားတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ရီချန်က သိရှိပြီးသားဖြစ်၏။

ရှေးယခင်တုန်းက မွန်းစတားကလန်ဘက်၌ အင်ပါယာသုံးယောက်ဖြစ်ပြီး အစစ်အမှန် နဂါးကလန်မှ တစ်ယောက်၊ ရွှေကျီးကန်းကလန်မှ နှစ်ယောက်ကို ပိုင်ဆိုင်၏။ တူညီသည့်ကလန်ထဲမှ အင်ပါယာနှစ်ယောက် တည်ရှိသည်မို့ ရွှေကျီးကန်းကလန်၏ ဂုဏ်သိက္ခာသည် တဟုန်ထိုး ကျော်ကြားခဲ့သည်။

ထိုခေတ် ထိုအခါက ဖန်တီးခြင်း တော်ဝင်အင်ပါယာသည် ရွှေကျီးကန်းကလန်၏ အင်ပါယာနှစ်ယောက်နှင့် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့၏။ သူသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခဲ့ရသောကြောင့် အသည်းအသန် ကြိုးစားပြီး တိုက်ခိုက်ခဲ့သည် ဆိုလျှင်တောင်မှ အသာမရနိုင်ခဲ့တော့ချေ။

အစစ်အမှန် နဂါးကလန်မှ အင်ပါယာ၏ တားဆီးခြင်းကို ခံထားရသည့် တခြားသော လူသားမျိုးနွယ် အင်ပါယာသည်သာ အချိန်မီ မရောက်ရှိလာပါက နောက်ဆုံးရလဒ်သည် ခန့်မှန်းရန်ပင် ခက်ခဲပေလိမ့်မည်။

“ရွှေကျီးကန်း”

ရီချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်း ဆန္ဒများ သည် အရှိန်တငြီးငြီးနှင့် ထွက်ပေါ်လျက်ရှိသည်။ မွန်းစတားကလန်၏ ကောင်းကင်ပါရမီရှင်စာရင်း ပေါ်ပေါက်လာခြင်းသာ မဟုတ်ပါက သူသည် ထိုအကောင်များကို သတိရလိမ့်မည် မဟုတ်ချေ။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ရွှေကျီးကန်းကလန်သည် ထိပ်ဆုံး အခြေအနေဆီသို့ ပြန်လည် ရောက်ရှိရန် အခွင့်အလမ်းကို ပိုင်ဆိုင်နေပြီဖြစ်၏။ ရွှေကျီးကန်းကလန်မှ မင်းသားသုံးယောက်တို့သည် မွန်းစတားမျိုးနွယ် ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်နေပြီဖြစ်၏။

ထိုအရာမှာ ၎င်းတို့ သုံးယောက် အနေနှင့် တစ်ချိန်ချိန်တွင် အင်ပါယာ ဖြစ်လိမ့်မည် ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ကလန်တစ်ခုတည်းတွင် ပါရမီရှင် သုံးယောက် တည်ရှိနေသည်ဆိုခြင်းမှာ အားလုံးသော သူတို့ ကြက်သီးမွှေးညှင်းထစရာ ကိစ္စရပ်ပင် ဖြစ်ပေလိမ့်မည်။

“ကောင်းကင်ပါရမီရှင်စာရင်းအတွက် စီနီယာကို ကျေးဇူးတင်ရမယ်” ရီချန်က တီးတိုးရေရွတ်လိုက်၏။

လက်ရှိ အချိန်မှာတော့ ရွှေကျီးကန်းကလန်မှ မင်းသားသုံးယောက်တို့သည် ကြီးမားသည့်အခြေအနေ အဆင့်ဆီသို့ မရောက်ရှိသေးချေ။ အခွင့်အရေး ပေးသည်ဆိုပါက သူ့အနေနှင့် တစ်ဖက်လူများကို သုတ်သင် ရှင်းလင်းပစ်နိုင်သည်။

သို့ပေမဲ့ သူတော်စင်ဘုရင်အဆင့် သို့မဟုတ် တော်ဝင်သူတော်စင်အဆင့်ဆီသို့ ကြီးထွားတိုးတက်လာစေရန် အခွင့်အရေးနှင့် အချိန်ကို ပေးလိုက်သည်ဆိုပါက လုံးဝ ရလဒ်ပိုင်းက ကွာခြားသွားပေလိမ့်မည်။ သူ့အနေနှင့် ဘာမှ မလုပ်နိုင်ဘဲ ပြန်ပြီး သတ်ဖြတ်ခံရမည်ကိုပင် စိုးရိမ်ရ၏။

“သခင်လေး”

ရထားလုံးကို မောင်းနှင်လျက် ရှိနေသည့် အဘိုးအိုသည် တံခါးပြတင်းပေါက်ကို လှမ်းမျှော် ကြည့်ရှုပြီးသည့်နောက် သူ၏ သခင်လေးကို လှည့်ကြည့်လိုက်၏။ ပြီးနောက် လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။ “ရွှေကျီးကန်းကလန်က ကျုပ်တို့ အင်ပါရီယာရီကလန်အတွက် သဘာဝရန်သူပဲ။ အတိတ်တုန်းက ဘိုးဘေးတွေကြားမှာ ရှိနေတဲ့ ရန်ကြွေးကို ကျုပ်တို့ မျိုးဆက်သစ်တွေကလည်း လုံးဝ မေ့ဖျောက်ပစ်လို့ မရဘူး။ ဒါပေမဲ့”

သူသည် ခဏလောက် ရပ်တန့်လိုက်၏။ “ရွှေကျီကန်းကလန်ရဲ့ အိမ်ရှေ့စံမင်းသားက မွန်းစတားကလန်ရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ တတိယနေရာကို ရောက်နေတယ်။ သူ့ရဲ့ အားအင့်အဆင့်က အထင်အမြင် သေးလို့ မဖြစ်ဘူး။ လင်းကျန်ထက် ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူးလေ။ ပိုပြီးတောင် အားကောင်းနိုင် သေးတယ်။ ကိုယ်နဲ့က အဆင့်တူ မဟုတ်ဘူးဆိုရင်တောင်မှ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် သေသေချာချာ ဂရုစိုက်ဖို့ လိုလိမ့်မယ်”

“ဒါကို ကျုပ်နားလည်တယ်”

ရီချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်လုံးများဆီမှ အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်နေသည်။ ရွှေကျီးကန်းကလန်သည်သာ ဖူဆန်နတ်ဘုရားသစ်ပင် ပေါ်တွင် နေထိုင်သည်သာ မဟုတ်ပါက သူ့အနေနှင့် တစ်ဖက်လူများဆီသို့ တိုက်ရိုက်သွားပြီး တစ်ယောက်ချင်းစီကို သတ်ဖြတ်မိမှာ သေချာသည်။

“တကယ်တော့”

အဘိုးအိုသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “သခင်လေး အနေနဲ့ ကောင်းကင် လျှို့ဝှက်နန်းဆောင်ကို သွားပြီးတော့ သတင်းအချက်အလက်တွေ ဝယ်ယူလို့ ရတယ်လေ။ ရွှေကျီးကန်းကလန်က မင်းသားသုံးယောက် ဘယ်အချိန်မှာ အပြင်ထွက်လာမလဲ ဆိုတာကိုပေါ့။ ဒါဆိုရင် တစ်နေရာရာမှာ ပုန်းအောင်းပြီးတော့ သတ်ဖြတ်ခြင်း အစီအရင် တစ်ခုကို ဖန်တီးတာပဲဖြစ်ဖြစ်၊ တိုက်ခိုက်တာပဲ ဖြစ်ဖြစ် လုပ်လို့ရတယ်”

“ဟမ့်”

ရီချန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့တော့၏။ သူ၏ မျက်နှာပေါ်တွင် သဘောမတွေ့သလို ဖြစ်လာသည်။ “ဦးလေးချင် .... ဘာကို ဆိုလိုတာလဲ။ ကျုပ်က ဒီရွှေကျီးကန်းကလန်ရဲ့ မင်းသားသုံးယောက်ကို ဒီတိုင်း အနိုင်မယူနိုင်ဘူးလို့ ထင်နေတာလား”

“မဟုတ်ဘူး”

အဘိုးအိုသည် မြန်မြန်ဆန်ဆန်ပဲ ခေါင်းကို ခါယမ်းလိုက်၏။ “သခင်လေး.. နားလည်မှု လွဲနေပြီ။ အတိတ်တုန်းက ရွှေကျီးကန်ကလန်ရဲ့ အင်ပါယာနှစ်ယောက်ကတောင်မှ ကျုပ်တို့ဘိုးဘေးကြီးကို ပုံမှန် မဟုတ်တဲ့ နည်းလမ်းနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တာ မဟုတ်လား။ ပြီးတော့ ကျုပ်တို့ အင်ပါရီယာ ရီကလန်နဲ့ ရွှေကျီးကန်းကလန်တို့ ကြားထဲမှ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေက ဖြေရှင်းလို့ မရတဲ့ ရန်ငြိုးတွေပဲ။ ဒီတော့ ထိပ်တိုက်ပဲ ရင်ဆိုင်တိုက်ခိုက်၊ တိုက်ခိုက်၊ နောက်ကျောကို ဓားနဲ့ထိုးထိုး ကိစ္စ မရှိဘူး။ ရန်ငြိုးတွေ ဖြေရှင်းပြီးသွားဖို့က အဓိကပဲ မဟုတ်လား”

“အင်း.. ဒီလိုဆိုရင်တော့ ဟုတ်တော့ ဟုတ်တာပဲ”

“အင်း”

အဘိုးအိုက ခေါင်းညိတ်လိုက်သည်။ သူ၏ သခင်လေးသည် ယုံကြည်မှု ပြည့်နှက်လျက် ရှိနေလေ၏။ ရိုးရှင်းလှသည့် နည်းလမ်းများ ရှိသည်ဆိုလျှင်တောင်မှ ပိုမိုခက်ခဲသည့် လမ်းစဉ်ကို ရွေးချယ်ရန် စိတ်ပါဝင်စားလျက် ရှိနေလေသည်။

ရွှေကျီးကန်းကလန်မှ မင်းသားသုံးယောက်တို့သည် လွယ်ကူသည့် ပြိုင်ဘက်များ ဖြစ်နေလေသည်လား။ ရီချန် အနေနှင့် ပိုမိုအားကောင်းလာသည် ဆိုလျှင်တောင်မှ တစ်ဖက်လူများကို သွားရောက်တိုက်ခိုက်ရန် ဆိုသည်မှာ လောလောဆယ် မဖြစ်နိုင်သေးချေ။ ဤတစ်ကြိမ်တွင် ရွှေကျီးကန်းကလန်မှ လူနှစ်ယောက် မဟုတ်ချေ။ သုံးယောက် ဖြစ်လို့နေ၏။

“ဦးလေးချန်… ခွန်လွန်လေဟာနယ်နဲ့ ဘယ်လောက်တောင် ဝေးသေးလဲ” ရီချန်က မေးမြန်းလိုက်သည်။

“အင်း… သုံးနာရီလောက် လိုသေးတယ်လေ။ မကြာခင် ရောက်ပါတော့မယ်” အဘိုးအိုသည် ခဏလောက် စဉ်းစား ပြီးသည့်နောက် အသာပြောပြလိုက်၏။

“ကောင်းပါပြီ”

ရီချန်သည် ပြန်လည် ပြောဆိုပြီးသည့်နောက် မည်သည့်စကားမှ မပြောဆိုတော့ဘဲ တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေမိသည်။

သုံးနာရီသည် မြန်မြန်ဆန်ဆန်ပဲ ကုန်လွန်သွားခဲ့၏။ မိုးကုတ်စက်ဝိုင်းအနားတွင် တောင်တန်းကြီးများ ရုတ်တရက် ပေါ်ပေါက်လာခဲ့တော့၏။ သေချာကြည့်ရှုမည်ဆိုလျှင် ထိုတောင်တန်းကြီး တစ်ခုလုံးသည် အလွန်ပင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး မည်သည့်အသံမှ ထွက်ပေါ်မနေခဲ့ချေ။ သားရဲ၊ ငှက်၊ ပိုးမွှားလေး များ၏ အသံပင် ထွက်ပေါ်မနေချေ။ လောက၏ အဆုံးသတ်ကို ရောက်ရှိနေသည့်ပုံပင်။

“ဒါ ခွန်လွန်လေဟာနယ်လား”

ရထားလုံးသည် မြေပေါ်သို့ ကျဆင်းခဲ့ပြီးသည့်နောက် ရီချန်က အသာဆင်းသက်လိုက်၏။ သူသည် ရှေ့တွင် ရှိနေသည့် အပျက်အစီး တည်နေရာပျက်ကြီးကို ကြည့်ရှုလိုက်၏။

ဤနေရာကြီးသည် စွန့်ပစ်ခံထားရသည်မှာ မည်မျှ ကြာမြင့်ပြီဖြစ်မှန်း မသိရှိချေ။ တောင်တန်းများကြားတွင် ရှိနေသည့် နန်းတော်များ၊ ဟောခန်းများ အားလုံးသည် ပြိုလဲလျက် ရှိနေ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် နံရံ အပြိုအပျက်များနှင့်အတူ နံရံပေါ်တွင် ကြက်သွေးရောင် သွေးစီးကြောင်းများလည်း စွန်းထင်လျက် ရှိနေလေသည်။

ထိုအရာဆီမှ ထူးခြားလှသည့် အော်ရာများ ထွက်ပေါ်နေခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည် ဆိုလျှင်တောင်မှ ထိုသွေးများထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ ပါဝင်လျက် ရှိနေပုံပင်။

“ကောလဟလတွေ အရဆိုရင် ဒါက တော်ဝင်အင်ပါယာ တစ်ယောက်ရဲ့ သွေးတွေတဲ့” အဘိုးအိုသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“ကိစ္စ မရှိဘူး”

ရီချန်သည် ကျောက်စိမ်းပြားကို ထုတ်ယူကာဖြင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “စီနီယာ ပေးခဲ့တဲ့ အစီအရင် ချိုးဖြတ်ခြင်း ကျောက်စိမ်းပြား ရှိနေပြီဆိုမှတော့ ဒီနေရာက ကျုပ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး”

“ရွှေကျီးကန်းကလန်ရဲ့ ရွှေကျီးကန်း သုံးကောင်ကို မရှင်းလင်းခင်မှာ လူသားမျိုးနွယ်တွေရဲ့ နံပါတ်တစ် တည်နေရာက ကျုပ်နဲ့ ထိုက်တန်တယ်ဆိုတာကို သက်သေပြရမယ့် အချိန်ပဲ” သူသည် အလွန်ပင် ယုံကြည်ချက် ရှိနေ၏။ ပထမနေရာကို လက်ရှိ မရရှိသေးဘူး ဆိုလျှင်တောင်မှ ကွာခြားချက်သည် သိပ်ပြီး ကြီးမားလိမ့်မည် မဟုတ်ချေ။

ဖန်းနီရှန်နှင့် ရောင်စဉ်အလင်းနတ်သားတော်တို့၏ တိုက်ပွဲကို ကြည့်ရှုမည်ဆိုလျှင် အနိုင်ရရှိသူမှာ ခက်ခက်ခဲခဲဖြင့် ပေါ်ပေါက်လာခဲ့သည် မဟုတ်ပါလား။ တကယ်ပင် ခက်ခဲသည် တိုက်ပွဲ တစ်ခုကို တိုက်ခိုက်ခဲ့ရ၏။ ထို့ကြောင့် သူ့အနေနှင့် ရုန်းကန်ရပြီး ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် ကိစ္စမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲနှင့်ပတ်သက်၍ သူသည် အတွေ့အကြုံနှင့် သင်ခန်းစာများကို ရရှိလိမ့်မည်ဟု နားလည်ထားသောကြောင့်ပင်။

ဘန်း

စဉ်းစားခြင်းတစ်ချက် မရှိဘဲနှင့် ရီချန်သည် ခွန်လွန်လေဟာနယ်ထဲသို့ လှမ်းဝင်လိုက်၏။ အဘိုးအိုသည်လည်း နောက်မှနီးနီးကပ်ကပ် လိုက်ပါလာခဲ့သည်။ ဝင်လာချင်းချင်းမှာပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာ များကို အာရုံခံမိ၏။ ကံကောင်းစွာဖြင့် ၎င်းတို့၏ တည်နေရာသည် အလွန်အမင်း လုံခြုံသည့် တည်နေရာ ဖြစ်ပြီး တခြားဆိုးရွားသည့် အရာများ သက်ရောက်ခြင်း မရှိခဲ့ချေ။

“တကယ့်ကို အကျိုးရှိတာပဲ”

ရီချန်နှင့် အဘိုးအိုတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိ၏။ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တပြိုင်နက် ၎င်းတို့၏ နှလုံးသားထဲတွင် ရှိနေသော စိုးရွံ့မှုများသည် ပျောက်ကွယ်သွား ခဲ့၏။

စီနီယာသည် တကယ်ပဲ ခွန်လွန်လေဟာနယ်အတွင်းသို့ ရောက်ရှိနိုင်သည့် လမ်းတစ်ခုကို ညွှန်ကြားပြသပေးခဲ့သည် မဟုတ်ပါလား။

…….

All Chapters