← Chapters

အပိုင်း (၁၃၉)

Vol. 10 Ch. 139

အပိုင်း (၁၃၉)

Vol. 10 Ch. 139

“ရီချန် ဝင်သွားပြီပဲ”

ခွန်လွန်လေဟာနယ်၏ အပြင်ဘက် ခပ်ဝေးဝေးရှိ တောင်သေးလေး တစ်ခုပေါ်မှာတော့ အရပ်ရှည်ရှည်နှင့် အရပ်ပုပု လူနှစ်ယောက်တို့သည် ဘေးချင်းကပ် ရပ်လျက်ရှိ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့၏။

“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ နံပါတ်တစ်က ခွန်လွန်လေဟာနယ်ထဲမှာ ပုန်းအောင်းနေတယ်လို့ ဘယ်သူမှ ထင်မှတ်မှာ မဟုတ်ဘူး။ ရီချန်သာ ဒီနေရာကို ရှာမတွေ့ဘူးဆိုရင် ဘယ်သူမှ နံပါတ်တစ်လူက ဒီနေရာမှာ ရှိနေမယ်လို့ ထင်မှာ မဟုတ်ဘူး” အရပ်ပုပု ခပ်တောင့်တောင့်နှင့်လူက ပြောဆိုလိုက်သည်။

“ရီချန်က တကယ့်ကို ရဲတင်းတဲ့ လူတစ်ယောက်ပဲ။ ခွန်လွန်လေဟာနယ်က တားမြစ်ထားတဲ့ တည်နေရာ တစ်ခုပဲလေ။ သူက အထဲကို ဝင်ရဲနေသေးတယ်။ လမ်းမှားပြီးတော့ ဆိုးဆိုးရွားရွား သေဆုံးသွားမှာကို မကြောက်ဘူးလား မသိဘူး” အရပ်ရှည်ရှည်နှင့်လူသည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။

“မင်း ဘာနားလည်လို့လဲ”

အရပ်ပုပုနှင့် ခပ်တောင့်တောင့်လူက ပြောလိုက်သည်။ “ရီချန်က ယုံကြည်ချက်မရှိ၊ သေချာမှု မရှိဘဲ အထဲကို ဝင်မယ် ထင်လို့လား”

“ဟုတ်တာပဲ”

အရပ်ရှည်ရှည်နှင့် လူက ခေါင်းညိတ်လိုက်၏။ “ဒါနဲ့ ဒီတစ်ကြိမ် ဘယ်လောက် လောင်းထားလဲ”

ဖန်းနီရှန်နှင့် တိုက်ခိုက်သည့် တိုက်ပွဲကတည်းက အလောင်းအစားကိစ္စရပ်မျိုးသည် ပိုမိုကာ လူကြိုက်များလာ ခဲ့၏။ တိုင်ချူးနတ်သားတော်နှင့် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်တို့၏ကြား တိုက်ပွဲသည်လည်း တကယ်ကို လောင်း၍ကောင်းသည့်ပွဲ ဖြစ်ခဲ့သေးသည်။

ယခု ရီချန်သည် ကောင်းကင်ပါရမီရှင်စာရင်း နံပါတ်တစ်တို့ တိုက်ခိုက်ရန် စီစဉ်နေခဲ့၏။ အားလုံးတို့သည် ဤတိုက်ပွဲကို အလေးထား စိတ်ပါဝင်စားလျက် ရှိနေသည် ဆိုခြင်းမှာ သဘာဝပင်ဖြစ်၏။

လမ်းတလျှောက်တွင် ရီချန်ကလည်း သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မထားခဲ့ချေ။ လူပေါင်းများစွာတို့သည် ၎င်း၏ လမ်းကြောင်းကို သေသေချာချာ လိုက်လံကြည့်ရှုပြီးသည့်နောက် ခွန်လွန်လေဟာနယ်ထဲသို့ ဦးတည် နေသည်ဖြစ်ကြောင်းကို သိရှိခဲ့ကြ၏။ ရေတွက်လို့ မရအောင် များပြားခဲ့သည့်လူများသည် ခွန်လွန် လေဟာနယ်၏ အပြင်ဘက်တွင် တိတ်တဆိတ်နှင့် စောင့်မျှော်ကာ ကြည့်ရှုလျက် ရှိနေကြသည်။

“အင်း… ရီချန်အနေနဲ့ သုံးနာရီတိတိ တောင့်ခံနိုင်လိမ့်မယ်ဆိုပြီးတော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်ရာတိတိကို လောင်းထားတယ်” အရပ်ပုပုနှင့်လူသည် လက်ကိုယမ်းခါကာ ဟန်ပါပါဖြင့် ပြောလိုက်၏။

“သုံးနာရီ ဟုတ်လား”

အရပ်ရှည်ရှည်နှင့်လူသည် မျက်မှောင်ကုတ်လိုက်၏။ သူ၏ မျက်လုံးများ ချာချာလည် သွား၏။ “မင်း… ရီချန်ကို အထင်သေးနေတာပဲ။ သူက အင်ပါရီယာကလန်တစ်ခုရဲ့ နောက်ခံကို ပိုင်ဆိုင် တယ်လေ။ သူက အလွယ်တကူ ရှုံးနိမ့်နိုင်ပါ့မလား။ လေးနာရီလောက်တော့ တောင့်ခံနိုင်မယ် ထင်တယ်”

ရီချန် နိုင်မလား ဆိုသည်ကိုတော့ မည်သူမှ မစဉ်းစားကြချေ။ ကောင်းကင်ပါရမီရှင်စာရင်း ဆိုသည်မှာ မည်သူက ဖန်တီးပြုလုပ်ထားသည့်အရာ ဖြစ်သနည်း။ ပထမအဆင့်ကို မရဘူးဆိုသောကြောင့် ရီချန်သည် ပထမအဆင့်ထက် ပိုမိုကာ အားနည်းမည်ဆိုသည်ကို အားလုံးက နားလည်မိကြသည်။

၎င်းအနိုင်ရမည့်ဘက်ကို မည်သူက လောင်းမည်နည်း။ ဦးနှောက်ကို မြင်းကန်ခံထားရမှသာလျှင် ထိုကဲ့သို့ ကျိန်းသေပေါက် ရှုံးနိမ့်မည့် အလောင်းအစားမျိုးကို ပြုလုပ်ကြပေလိမ့်မည်။

တစ်နာရီလောက် ကြာမြင့်ပြီးသည့်နောက် ခွန်လွန်လေဟာနယ်ထဲမှ ကြည်လင်ရှင်းလင်းသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ရီချန်က တာအိုရောင်းရင်း ယုရှင်းချန်ကို ထွက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်”

အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။

မိုင်တစ်ထောင် ပတ်လည်အတွင်း အသံသည် ပျံ့နှံ့သွားခဲ့၏။ ခွန်လွန်လေဟာနယ် တစ်ခုလုံးသည်လည်း တုန်ယင်သွားခဲ့သည်။

တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် ကြောက်မက်ဖွယ်ရာကောင်းလှသော တာအိုသင်္ကေတများသည် တလက်လက် လင်းလက်လာခဲ့၏။ ဤမြင်ကွင်းသည် တကယ်ပင် ထိတ်လန့်စရာ ကောင်းလွန်းလှ၏။

ဂလု ...။

အပြင်ဘက်တွင် ရှိနေသည့် လူတစ်ယောက်သည် တံတွေးပင် မျိုချလိုက်မိ၏။ ၎င်းသည် အထဲတွင် ရှိနေသည့် ကမ္ဘာပျက်တော့မည့် မြင်ကွင်းကို ကြည့်ရှုရင်း တီးတိုးရေရွတ်မိသည်။ “ရီချန်က ကောင်းကင်ပါရမီရှင် စာရင်းရဲ့ ပထမနေရာကို စိန်ခေါ်တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာပဲ”

အမှတ်မထင် ကိစ္စရပ်များ ဖြစ်ပွားခဲ့ပြီး တော်ဝင်အင်ပါယာ အစီအရင် အကြွင်းအကျန်သည်သာ အသက်ဝင် သွားခဲ့မည်ဆိုပါက အင်ပါရီယာကလန်၏ နောက်ခံတည်ရှိသည် ဆိုလျှင်တောင်မှ ရီချန်သည် ကျိန်းသေပေါက် ဒူးထောက်ကာ ခစားရပေလိမ့်မည်။ အင်ပါယာအဆင့် အစီအရင်ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် တည်ရှိမှုမျိုး ဖြစ်သည်မဟုတ်ပါလား။

“ရီချန်က တာအိုရောင်းရင်း ယုရှင်းချန်ကို ထွက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးပြုပြီး ထွက်ခဲ့ပါအုံး” နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြန်၏။

ပိန်ရှည်ရှည်နှင့် လူတစ်ယောက်သည် တောင်ကုန်းပေါ်တွင် ဖယောင်းတိုင်တစ်ခုကို ထုတ်ယူကာ ထွန်းလိုက်၏။ လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက် ထိုဖယောင်းတိုင်၌ မီးတောက်များ ပေါ်ပေါက်လာ၏။ ဖယောင်းတိုင် ထွန်းပြီးသည့်နောက် တိုက်ပွဲအတွက် အချိန်ကို စတင်ကာ တရားဝင် တွက်ချက်နေပြီဖြစ်သည်။

အောင်ပွဲသည် ဘယ်သူနိုင်မည်၊ ဘယ်သူရှုံးမည်ကို သုံးနာရီအတွင်း ဆုံးဖြတ်ပေးရမည် ဖြစ်၏။ ထိုသို့ဆိုလျှင် အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက်ကို သူပိုင်ဆိုင်ရပေလိမ့်မည်။ သူ့အနေနှင့် အချိန် မှားယွင်းမှု မဖြစ်အောင် ကြိုတင်စီစဉ်ထားခြင်းဖြစ်၏။

“ရီချန်က ဖိတ်ခေါ်......”

ရီချန်၏ အသံသည် ထပ်မံကာ ထွက်ပေါ်လာခဲ့၏။ သူ ဆုံးအောင် မပြောရသေးခင်မှာပဲ ကောင်းကင်ကြီးတစ်ခုလုံးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ တိမ်များသည် စုဝေးလာခဲ့ပြီး ရေတွက်လို့ မရအောင် များပြားလှသည့် တာအို၏ သင်္ကေတများသည် လေဟာနယ်ထဲတွင် ဖြစ်တည်လာခဲ့၏။ ဆန်းကြယ် လွန်းလှသော ကိစ္စရပ်များ ဖြစ်ပေါ်လာမည့်သကဲ့သို့ပင်။

လေဟာနယ်ကြီး တစ်ခုလုံး၌ အက်ကွဲကြောင်းကြီး ဖြစ်တည်လာ၏။ ထိုအက်ကွဲကြောင်းကြီးသည် အလွန်ပဲ တောက်ပလွန်းလှပြီး ညအမှောင်ထဲတွင် လျှပ်စီးများ လက်လိုက်သကဲ့သို့ပင် အရှိန်တငြီးငြီးနှင့် တလက်လက် တောက်ပနေ၏။ ထိုအထဲတွင်တော့ တကယ့်ကို ပြိုင်ဘက်ကင်းအောင် လှပလွန်းသည့် ပုံပန်းသွင်ပြင်တစ်ခုသည် ပေါ်ပေါက်လာခဲ့၏။

သူမသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး သေမျိုးလောကထဲသို့ ဆင်းသက်လာခဲ့သည့် နတ်မိမယ် တစ်ပါးကဲ့သို့ပင်။ တည်နေရာကောင်းကင် တစ်ခုလုံးသည် သူမ ပေါ်ပေါက်လာပြီးသည့်နောက် တုန်ခါလျက် ရှိနေ၏။ သူမ၏ အစစ်အမှန် မျက်နှာကို မည်သူကမှ မမြင်ခဲ့ရချေ။ တာအို၏ အော်ရာများက ကာကွယ်ထားခဲ့သောကြောင့်ပင်။

သူမသည် ကြည့်ရှုလိုက်မည်ဆိုလျှင် အနီးကပ်သို့ ရောက်ရှိနေသည်ဟု ခံစားရသည် ဆိုသော်လည်း သေသေချာချာ ကြည့်ရှုမည်ဆိုပါက အဝေးတစ်နေရာတွင် ရောက်ရှိနေသည်ဟုလည်း ခံစားရပြန်သည်။ မတူညီသည့် လောကနှစ်ခုတွင် နေထိုင်နေသည့် လူတစ်ယောက်ကဲ့သို့ပင်။

သူမသည် လောကကြီးကို ငုံ့ကြည့်လိုက်၏။ သူမ၏ မျက်လုံးသည် လောကကြီးတွင် ရှိနေသည့်လူများကို လျစ်လျှူရှုထားပုံပေါ်၏။ လူတစ်ယောက်ချင်းစီတိုင်းသည် သူမ၏ မျက်လုံးထဲတွင် သေးငယ်လှသည့် ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင်။

ခွန်လွန်လေဟာနယ်၏ တောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေသည့် ရီချန်သည် ရုတ်တရက် တုန်ယင် သွားမိ၏။ ဘာဖြစ်သနည်း။ ဤအရာကို လူငယ်ပါရမီရှင်ဟု တွက်ချက်လေသည်လား။

စီနီယာ... ကျုပ်ကို လှည့်စားခဲ့တာလား။

သူမဆီမှ ထွက်ပေါ်လာသည့် သဘာဝနှင့်ဆိုင်သည့် အော်ရာများသည် တည်နေရာ တစ်ခုလုံးကို တုန်ခါစေသလို့ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း တုန်ခါစေခဲ့၏။ သူ့အနေနှင့် မည်သို့မှ မနေနိုင်ဘဲ ထွက်ကာ ပြေးချင်စိတ်ပင် ပေါက်ဘာ၏။ သူမသာ တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင် သူ့အနေနှင့် တိုက်ခိုက်ချက် မည်မျှကို ခုခံနိုင်မည်နည်း။

“ရီချန်က တာအိုရောင်းရင်းနဲ့ လာတွေ့တာပါ”

ရီချန်သည် တွန့်ဆုတ်ဆုတ်နှင့် ရှေ့သို့တက်လိုက်၏။ သူ ဤတည်နေရာသို့ ရောက်လာခဲ့သည်ဆိုသော်လည်း သူမကို စိန်မခေါ်ရဲတော့ချေ။ သူ၏ တာအိုနှလုံးသား ထဲတွင် ကြီးမားလှသည့် အရိပ်ဆိုးကြီး ဖြစ်တည်လာခဲ့တော့၏။ တစ်ဖက်လူ၏ အရှိန်အဝါကို ကြည့်ရသည်မှာ အနာဂတ်တွင် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည့်လူမျိုးကဲ့သို့ပင်။

“သွားစမ်း”

အေးစက်စက် အသံတစ်ခုသည် ကောင်းကင်ယံထက်၌ ပျံ့နှံ့သွားခဲ့ပြီး ကျောက်စိမ်းကဲ့သို့ ပိန်သွယ်သော လက်တစ်ချောင်းကို အသာညွှန်လိုက်သည်။ လက်ချောင်းဆီမှ နတ်ဘုရား၏ အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ထိုအလင်းတန်းများသည် အတိတ် မှ ပစ္စုပ္ပန်ဆီသို့ ထိုးခွင်း ရောက်ရှိလာသကဲ့သို့ပင်။

အား

ရီချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးပေါင်းတစ်ထောင်ကျော်တို့သည် ရုတ်တရက် ထောင်ထသွားခဲ့၏။

ထိုလက်ချောင်းကို မြင်ရသည့်အချိန်မှာတော့ သူသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ကြောင်း သေချာသွားခဲ့သည်။

ဘုန်း

နတ်အလင်းတန်းများ သူ့ဆီသို့ ရောက်ရှိလာသည့် အချိန်တွင် ရီချန်သည် သူ၏ ရှိရှိသမျှသော ကျင့်ကြံခြင်း အဆင့်များကို ထုတ်ဖော်ကာဖြင့် ရှေ့တွင် အတားအဆီးတစ်ခုကို ဖန်တီးလိုက်၏။ သို့ပေမဲ့ အသုံးမဝင် ခဲ့ချေ။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး အတားအဆီးသည် ပျက်စီးသွားခဲ့၏။ နတ်အလင်းတန်းများသည် သူ့ဆီသို့ ကျဆင်းလာခဲ့၏။

ဘုတ်

ပြင်းထန်လှသည့် တိုက်ခိုက်ချက်ကို ခံရပြီးသည့်နောက် ရီချန်သည် အနောက်ဘက်သို့ လွင့်စင်သွားပြီး သွေးများ အန်ထွက်လာသည်။

“သခင်လေး”

ရီချန်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အဘိုးအိုသည် ဒေါသတကြီးဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် အော်ဟစ်လိုက်၏။ သူသည် ရီချန်ကို လှမ်းဖမ်းရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ အက်ကွဲကြောင်းထဲတွင် မတ်တပ်ရပ်လျက် ရှိနေသော မိန်းကလေးသည် ထပ်မံကာ တိုက်ခိုက်လိုက်၏။

သူမ၏ သွယ်လျလှသောလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည့် အချိန်မှာတော့ ခွန်လွန်လေဟာနယ်ထဲတွင် ရှိနေသည့် အစီအရင်များသည် အသက်ဝင်သွားခဲ့၏။ များပြားလှသည့် တာအို၏ သင်္ကေတနှင့် အစီအရင်များ သည် အဘိုးအိုဆီသို့ ကျဆင်းလာလေသည်။

ဝုန်း

ကျယ်လောင်လှသော အသံကြီး နောက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး အဘိုးအိုသည် ရီချန်ဆီသို့ လွင့်စင်သွားခဲ့ လေ၏။

ဘုတ်

၎င်းတို့နှစ်ယောက်သည် ခွန်လွန်လေဟာနယ်၏ အပြင်ဘက်တွင် ရှိနေသည့် တောင်ထွတ်တစ်ခုပေါ်သို့ ပြုတ်ကျလေ၏။ တောင်ကြီးသည် ပြိုလဲသွားခဲ့ပြီး ၎င်းတို့နှစ်ယောက်သည် တောင်အပြိုအပျက်ကြားထဲသို့ ရောက်ရှိသွားခဲ့၏။ လောကကြီးတစ်ခုလုံးသည်လည်း ဖုန်များ တထောင်းထောင်း ဖြစ်လို့နေလေသည်။

All Chapters