အပိုင်း (၁၄၀)
Vol. 10 Ch. 140
ခွန်လွန်လေဟာနယ်၏ အထက်ကောင်းကင်ယံ တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေ၏။
အလွန် ကြည့်ကောင်းလှသည့် ပုံပန်းသွင်ပြင်နှင့် မိန်းကလေးတစ်ယောက်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ သူမ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများသည် တလိပ်လိပ်နှင့် ထွက်ပေါ်လျက် ရှိနေ၏။ သူမသည် အားလုံးသောသူများကို အထင်အမြင်သေးသလို တစ်ချက် လှမ်းကြည့်ကာဖြင့် ထွက်ခွာသွားခဲ့သည်။
သူမပျောက်ကွယ်သွားပြီးသည့်နောက် ကောင်းကင်ယံတွင် ပေါ်ပေါက်လာသည့် အက်ကွဲကြောင်းကြီးသည်လည်း ပျောက်ကွယ်သွားခဲ့၏။
ဂလု
အရပ်ရှည်ရှည် ပိန်သွယ်သွယ်နှင့် လူသည် တံတွေးကို မျိုချလိုက်၏။ သူ၏ လက်များသည် အနည်းငယ် တုန်ယင်လျက် ရှိနေ၏။ သူသည် လက်ထဲတွင် ရှိနေသည့် ဖယောင်းတိုင်မီးကို လှမ်းကြည့်ကာဖြင့် တွေဝေ ငေးငိုင်နေမိသည်။ ဘာတွေဖြစ်နေသနည်း။
ရီချန်သည် တိုက်ခိုက်ချက် တစ်ခုတည်းနှင့် ရှုံးနိမ့်သွားခဲ့လေသည်လား။ အစတုန်းက ဤတိုက်ပွဲသည် အနည်းဆုံး တိုက်ကွက်သုံးထောင်လောက် တိုက်ခိုက်ပြီး အချိန်သုံးနာရီလောက် ကြာမည်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားစွာဘဲ ရီချန်သည် ချက်ချင်းဆိုသလိုပဲ ရှုံးနိမ့်ခဲ့ရ၏။
“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ နံပါတ်တစ်မှာ ရှိနေတာ ဘယ်လို လူမျိုးပါလိမ့်” ခပ်ဝဝ၊ ပုပုနှင့်လူသည် ကြက်သီးထသလို တကိုယ်လုံး တုန်ယင်သွားမိ၏။ တစ်ချက် ကြည့်လိုက်သည်နှင့် ဝိညာဉ်များပင် ပျောက်ကွယ်လုမတတ် ဖြစ်နေသည့် အကြည့်မျိုးဖြစ်၏။ ကံကောင်းစွာဖြင့် တစ်ဖက်လူသည် သူတို့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
“ကောင်းကင်ပါရမီရှင်စာရင်း ပထမရဲ့ အားအင်က ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ဖြစ်နေတယ် မဟုတ်လား” တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။
ရီချန်ကို လက်ချောင်း တစ်ချောင်းတည်းဖြင့် တိုက်ခိုက်အနိုင်ယူခဲ့သည့်လူဖြစ်၏။ ထိုကဲ့သို့သော လူမျိုးသည် အဆင့်တူ မဖြစ်နိုင်ချေ။ အနည်းဆုံး ၎င်းတို့ ကြားထဲတွင် အဆင့်ကြီးတစ်ဆင့် ကွာခြားနေမှာ သေချာသည်။
“အဲထက်တောင် ပိုရင် ပိုနိုင်သေးတယ်”
တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။ “အခု ကောင်းကင်ပါရမီရှင် စာရင်းရဲ့ ပထမနေရာမှာရှိတဲ့ ယုရှင်းချန်က တည်နေရာအက်ကွဲကြောင်းထဲက ထွက်လာခဲ့တယ်။ ကြည့်ရတာ သူမက ဒီနယ်မြေမှာ တည်ရှိနေတာ မဟုတ်လောက်ဘူး။ တခြား တည်နေရာတစ်ခုခုကို သွားပြီး ကျင့်ကြံနေတာ ဖြစ်မယ်”
“အရင်တုန်းက ခွန်လွန်လေဟာနယ်က အင်ပါယာတစ်ယောက်ရဲ့ အားကောင်းလှတဲ့ အမွေအနှစ် တည်နေရာ ဖြစ်ခဲ့တယ်လေ။ ယုရှင်းချန်က အဲဒီအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံရယူခဲ့တာလည်း ဖြစ်နိုင်တယ်” အဘွားအို တစ်ယောက်သည် စဉ်းစားပြီးသည့်နောက် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
ခွန်လွန်လေဟာနယ်၏ ကိစ္စရပ်အကြောင်းကို လူပေါင်းများစွာတို့က သိရှိခဲ့ပြီးဖြစ်၏။ များပြားလှသည့် ကောလဟလများလည်း တည်ရှိနေခဲ့သည်။ ခွန်လွန်လေဟာနယ်တွင် တော်ဝင်အင်ပါယာတစ်ယောက် ရှိခဲ့ပြီး ရှေးယခင်တုန်းက ဖန်တီးခြင်းတော်ဝင်အင်ပါယာ ပေါ်မလာခင် ဉာဏ်အလင်း ရရှိခဲ့သည့် အင်ပါယာဟုလည်း ပြောဆိုကြ၏။
ဖန်တီးခြင်းအင်ပါယာ တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်လာသည့်အချိန်တွင် ခွန်လွန်တော်ဝင်အင်ပါယာက လမ်းညွှန်ပြသပေးခဲ့သည်ဆိုသော ကောလဟလများလည်း ပျံ့နှံ့လျက်ရှိ၏။ လူပေါင်းများစွာတို့သည် ထိုအရာကို စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးလျက်ရှိကြသည်။
သို့ပေမဲ့ ရီကလန်သည် ထိုအခြင်းအရာကို ဘယ်သောအခါကမှ ဝန်မခံခဲ့ချေ။ သူတို့ ဘိုးဘေးကြီး၏ သေဆုံးခြင်းသည် ရုတ်တရက် ဆန်လွန်းလှ၏။ ထို့ကြောင့် သူတို့ ပြောစရာဟူ၍ များများစားစား မကျန်ခဲ့ချေ။ ခွန်လွန်လေဟာနယ်၏ တော်ဝင်အင်ပါယာ ဖန်တီးခြင်းတော်ဝင်အင်ပါယာကို လမ်းညွှန် ပြသပေးခဲ့သည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ သူတို့အတွက် ဘာမှထူးခြားသွားသည့် အကြောင်းအရာ မဟုတ်သောကြောင့်ပင်။
“အင်း.. ဟုတ်ပြီ”
လက်ရှိအချိန်မှာတော့ တစ်စုံတစ်ယောက်သည် စဉ်းစားမိလိုက်၏။ “ရီချန်ကော သေသွားပြီလား”
ဤစကားစုသည် အားလုံးသောသူများကို ကြောင်အသွားစေခဲ့၏။ စောဏတုန်းက တုန်လှုပ်စရာ မြင်ကွင်းကို မြင်ရပြီးသည့်နောက် သူတို့သည် တိုက်ခိုက်ခံရ၍ လွင့်စင်သွားခဲ့တော့ ရီချန်ကိုပင် သတိမေ့လျက် ရှိနေကြသည်။
ချက်ချင်းပဲ လူပေါင်းများစွာတို့သည် ထိုတည်နေရာဆီသို့ ပြေးလွှားခဲ့ကြပြီး ကျောက်တုံး၊ ကျောက်ပုံများ အကြားတွင် ရှိနေသည့် ရီချန်အား ဆွဲ၍ ထုတ်လိုက်၏။
ရီချန်သည် လက်ရှိအခြေအနေမှာတော့ ဆိုးဆိုးရွားရွား အခြေအနေမျိုးကို တည်ရှိနေပြီး ခန္ဓာကိုယ် တစ်ပိုင်းလောက်နီးပါးသည် စုတ်ပြတ်သတ်လျက် ရှိနေလေ၏။ မြေပြင်တစ်ခုလုံးတွင်လည်း သွေးစီးကြောင်းများ ပြည့်နှက်လျက် ရှိနေ၏။ အချိန်မီသာ ကုသခြင်း မပြုလုပ်ပါက တစ်ခါတည်း သေဆုံးသွားတော့မည့် အခြေအနေမျိုးပင်။
“အင်း... အသက်တော့ ရှူနေသေးတယ်” တစ်စုံတစ်ယောက်သည် ကျန်းချီများကို စုစည်းကာဖြင့် စစ်ဆေးလိုက်၏။ ပြီးနောက် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။
စိတ်သက်သာရာ ရနေသည်ဆိုသော်လည်း ၎င်းတို့ အားလုံးသည် တုန်လှုပ်လျက်တော့ ရှိနေသေး၏။
ကောင်းကင်ပါရမီရှင်စာရင်း၏ နံပါတ်တစ်သည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။
လက်ချောင်းလေးဖြင့် အမှတ်မထင် တိုက်ခိုက်လိုက်သည်ကပင် ရီချန်ကို သေလုမတတ်ပင် ဖြစ်စေခဲ့၏။ ကျောက်စိမ်းသီလ နတ်သားတော်ကို တိုက်ခိုက်ချက်တစ်ခုတည်းနှင့် ရီချန် တိုက်ခိုက်ခဲ့သည်က တုန်လှုပ်စရာ ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေသည် ပိုမိုကာ အံ့အားသင့်စရာပင်။ ရီချန်ပေါင်း မြောက်များစွာ လာရောက် တိုက်ခိုက်မည်ဆိုလျှင်ပင် တစ်ဖက်လူကို ကျိန်းသေပေါက် အနိုင်ရလိမ့်မည် မဟုတ်ချေ။
“ရီချန်က ကံကောင်းလို့ အသက်ရှင်ခဲ့တာပဲ။ ခွန်လွန်လေဟာနယ်ထဲကို ဝင်မယ့် အခြားလူတွေ အတွက်ကတော့ လမ်းက တစ်လမ်းပဲ ရှိတယ်။ အဲတာ သေလမ်းပဲ။ ပြန်ပြီး ထွက်လာနိုင်မယ်ဆိုရင်တောင်မှ အဲတာ ကံကောင်းလို့ပဲ” အဘိုးအိုတစ်ယောက်သည် ဘေးတစ်ဖက်ဆီမှ တီးတိုးရေရွတ်လိုက်မိ၏။
ယနေ့ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အားလုံး သိရှိပြီးသည့်နောက် ကောင်းကင်ပါရမီရှင်စာရင်း၏ နံပါတ်တစ်နေရာကို စိန်ခေါ်ရန် မည်သူမှ စဉ်းစားလိမ့်မည် မဟုတ်ချေ။ ရီချန်ကဲ့သို့ နောက်ခံအင်အားကော ကိုယ်ပိုင်စွမ်းအင်ပါ အားကောင်းလှသည့် လူတစ်ယောက်ပင်လျှင် တိုက်ခိုက်ချက် တစ်ခုတည်းနှင့် ရှုံးနိမ့်ခဲ့ပြီး သေဆုံးလုမတတ် ဖြစ်ခဲ့ရ၏။ တခြားသူများဆိုလျှင် တစ်ခါတည်းပင် သေဆုံးသွားနိုင်လောက်သည်။
“ရီချန်ကို ကာကွယ်စောင့်ရှောက်တဲ့ လူကကော” တစ်စုံတစ်ယောက်က တီးတိုး မေးမြန်းလိုက်၏။
“အသက်ရှင်နေသေးတယ်လေ” တစ်ယောက်က ပြန်လည်ဖြေဆိုလိုက်သည်။
“တော်သေးတာပေါ့”
လူပေါင်းများစွာတို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။ ကောင်းကင်ပါရမီရှင်စာရင်း၏ ပထမနေရာတွင် ရှိသည့်လူသည် တကယ်ပင် ထိုက်တန်သည့်လူဖြစ်၏။ သူမသည် အလွန် ကြမ်းတမ်းလွန်း လှ၏။ ရီချန်ကို သေဆုံးလုမတတ် တိုက်ခိုက်ခဲ့သည်သာမက ရီချန်ကို ကာကွယ်ခဲ့သည့်လူကိုပင်လျှင် ခွန်လွန် တော်ဝင်အင်ပါယာ၏ အစီအရင် အကြွင်းအကျန်ကို အသုံးပြုကာဖြင့် ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့၏။ သူမ၏ အရှေ့တွင် သူတော်စင်အဆင့် ရှိနေသည့် ကာကွယ်စောင့်ရှောက်သူသည် အကာအကွယ် ကင်းမဲ့သည့် ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ပင် ဖြစ်လို့နေ၏။ ခုခံကာကွယ်နိုင်သည့် စွမ်းအင်ဟူ၍ မရှိခဲ့ချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်သခင်က ဒီလိုလူမျိုးကို ပထမနေရာမှာ ထားထားတယ်ဆိုတာ ရည်ရွယ်ချက်က ဘာလဲ” တစ်စုံတစ်ယောက်သည် သတိအပြည့်ဖြင့် မှတ်ချက်ပြုလိုက်၏။ ထိုလူတစ်ယောက် ကပင်လျှင် စာရင်းတွင် ရှိနေသည့် ကျန်သောလူ ကိုးဆယ့်ကိုးယောက်ကိုပင် တိုက်ခိုက်အနိုင်ယူနိုင်စွမ်း ရှိနေခဲ့၏။ စာရင်းထဲရှိ အားလုံးသော သူတို့သည် ထိုသူ့ကို မည်သူမှ အနိုင်မယူနိုင်လောက်ချေ။
“တာအိုရောင်းရင်း.. ကောင်းကင်ပါရမီရှင်စာရင်းက လူတွေကိုများ အပြတ်ရှင်းစေချင်တာလား” ဘေးတစ်ဖက်တွင် ရှိနေသည့် အဘိုးအိုသည် မတူညီသည့် အတွေးအမြင်ကို ပြောဆိုလိုက်၏။
တလောကလုံးတွင် ရှိနေသည့် ပါရမီရှင်များသည် တစ်ယောက်နှင့်တစ်ယောက် စိန်ခေါ်သတ်ဖြတ်ရုံသာမက နောက်ဆုံး နံပါတ်တစ်ကို စိန်ခေါ် တိုက်ခိုက်မည်ဆိုပါက အားလုံး သေဆုံးသွားနိုင်၏။ ပါရမီရှင် တစ်ယောက်တည်း နှင့်တင် အားလုံးသောသူများကို လွှမ်းမိုးနိုင်စွမ်းရှိသည်ဆိုသော အရည်အချင်းကို ပြသခဲ့သောကြောင့် ယုရှင်းချန်သည် ကြောက်မက်ဖွယ်ကောင်းသော လူမျိုးပင်။
“မွန်းစတားကလန်ရဲ့ နံပါတ်တစ် ပါရမီရှင်နဲ့ လူသားမျိုးနွယ် နံပါတ်တစ် ပါရမီရှင်တို့ တိုက်ခိုက်မယ်ဆိုရင် ဘယ်လိုထင်လဲ” တစ်စုံတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
“ဒီနှစ်ယောက် တိုက်ခိုက်မယ်ဆိုရင် ရှုပ်ထွေးလုဝူ ကလန် အရှက်ကွဲသွားနိုင်တယ်” တစ်စုံတစ်ယောက်က ထကာ ရေရွတ်လိုက်မိသည်။
မွန်းစတားကလန်များတွင် တကယ့်ကို အားကောင်းလှသည့် ကလန်ကြီး နှစ်ခုရှိပြီး ရှုပ်ထွေးလူဝံကလန်နှင့် တခြားတစ်ခုမှာတော့ ခွန်းဖန်ကလန်ပင် ဖြစ်လေ၏။ ဤမျိုးနွယ်စု နှစ်ခုသည် မျိုးဆက်အသီးသီးကို ကိုယ်စားပြုသော အားကောင်းလွန်းလှသည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ကြ၏။ ထို့အပြင် ဤကလန်နှစ်ခုသည် မွန်းစတားမျိုးနွယ်များ၏ နောက်ခံအဖြစ် ပံ့ပိုးပေးခြင်းကိုလည်း ခံထားရ၏။
၎င်းတို့သာ ကြီးထွားလာမည် ဆိုပါက အောင်မြင်မှုများသည် အကန့်အသတ်မဲ့ ဖြစ်တည်လာခဲ့၏။ ထိုကလန်မှ လူများသည် တော်ဝင်အင်ပါယာ ဖြစ်ရန် ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။
သို့ပေမဲ့ ၎င်းတို့သည်သာ ခွန်လွန် လေဟာနယ်ကို လာရောက် စိန်ခေါ်ပြီး သေဆုံးသွားမည်ဆိုလျှင် မည်သို့ ဖြစ်သွားမည်နည်း။
......