အပိုင်း (၁၄၄)
Vol. 10 Ch. 144
ကဲ့ကုန်းကျွင်း၏ မျက်လုံးများ၏ လင်းလက်သွား၏။ တခြားဘေးတစ်ဖက်တွင် ရှိနေသည့် တိုင်ချူးနတ်သားတော်၏ မျက်နှာပေါ်၌လည်း စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လာခဲ့၏။
တိုင်ချူးနတ်နယ်မြေ သည် ရတနာပုံကြီးကို နင်းမိလေပြီလား။ အခွင့်အရေးတစ်ခုကို ဝယ်ယူပြီးသည့်နောက် လျှို့ဝှက်ချက်များ ပါဝင်လျက် ရှိနေသည့် တည်နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။ စီနီယာသည်သာ သေသေချာချာနှင့် ပြောဆိုပေးမည်ဆိုလျှင် တိုင်ချူးနတ်နယ်မြေ တစ်ခုလုံးသည် ကြီးမားလှသည့် အကျိုးတရား တစ်ခုလုံးကို ရရှိမှာ သေချာသည်။
“စီနီယာ... သူတော်စင်အဆင့် ပစ္စည်းငါးခု ဆိုရင်ကော” ကဲ့ကုန်းကျွင်းသည် မချင့်မရဲဖြင့် လှမ်းကာ မေးမြန်းလိုက်၏။
“ငါးခု ဟုတ်လား” လီယွင်သည် မျက်ခုံးပင့်လိုက်မိသည်။ အိမ်မက် မက်နေသည်လား။ သူတော်စင်အဆင့် ပစ္စည်းငါးခု ဆိုသည်မှာ အခွင့်အရေးကို ထုတ်ဖော်ပြောဆိုရန် တန်ဖိုးပင် မကိုက်ညီချေ။ သူ့အနေနှင့် ပွဲစားခပင် တစ်ပြားမှ ရရှိလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့် ရောင်းရမည်နည်း။
“ခြောက်ခု” ကဲ့ကုန်းကျွင်းသည် နောက်တစ်ခု ထပ်မံကာ ထည့်သွင်းလိုက်သည်။
“ဟမ့်”
လီယွင်သည် အသာရယ်မောလိုက်၏။ သူသည် ခေါင်းကိုသာ အသာယမ်းခါလျက် ရှိနေ၏။ “ကြည့်ရတာ ခင်ဗျားတို့က ဒီအခွင့်အရေးရဲ့ အစစ်အမှန်တန်ဖိုးကို နားမလည်သေးဘူးနဲ့တူတယ်”
“ဆယ်ခု”
ကဲ့ကုန်းကျွင်းသည် အံကိုကြိတ်လိုက်မိ၏။ ဤအရာသည် သူ၏ နောက်ဆုံးအကန့်အသတ်ပင် ဖြစ်၏။ ထပ်ပြီး မတတ်နိုင်တော့ချေ။ သူ့အနေနှင့် ဤတည်နေရာသို့ ရောက်ရှိလာသည့်အချိန်တွင် ဤမျှ များပြားလှသည့် တန်ဖိုးပမာဏကို ပေးအပ်ရမည် မထင်မှတ်သောကြောင့် ပြင်ဆင်မလာခဲ့ချေ။
ပထမဆုံး လာရောက်လည်ပတ်သောကြောင့် ဤမျှပေးရမည်ဟု မထင်မိသည်မှာ သဘာဝပင်ဖြစ်သည်။
“လုံလောက်ပြီ”
လီယွင်သည် ကဲ့ကုန်းကျွင်း၏ ကိုယ်ရေးအကျဉ်းကို စနစ်ဆီမှ လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူသည် အကန့်အသတ်သို့ ရောက်ရှိနေပြီး ထပ်မံညှစ်ထုတ်စရာ ဘာမှမရှိတော့ကြောင်းကို သူက သိရှိနေပြီး ဖြစ်၏။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ကဲ့ကုန်းကျွင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူသည် လက်ကို ယမ်းခါပြီးသည့်နောက် လက်ပေါ်တွင် ကျောက်စိမ်းသေတ္တာဆယ်ခုက ပေါ်ပေါက်လာခဲ့၏။ အထဲတွင် သိုင်းနည်းစနစ်များ၊ ဆေးလုံးများ၊ စိတ်ဝိညာဉ်ဆေးပင်များ ပါဝင်လျက် ရှိနေပြီး အားလုံးသည် သူတော်စင်အဆင့် ပစ္စည်းများပင် ဖြစ်လေသည်။
လီယွင်သည် ကျောက်စိမ်းသေတ္တာကို လှမ်းယူပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်အမှတ်များနှင့် လဲလှယ်လိုက်သည်။ ပြီးနောက် သူက ပြောလိုက်၏။ “စနစ်... တိမ်ဖြူအိမ်တော်ကို စစ်ဆေးပေးပါအုံး”
[ဒင်.. ကောင်းကင်လျှို့ဝှက်အမှတ် ခြောက်သောင်းငါးထောင် နှုတ်ယူလိုက်ပါသည်။ တိမ်ဖြူအိမ်တော်ကို ရှာဖွေမှု အောင်မြင်သည်]
[တိမ်ဖြူအိမ်တော် - ဖန်တီးခြင်းတော်ဝင်အင်ပါယာ ယခင်ဖန်တီးပြုလုပ်ခဲ့သည့် တည်နေရာဟောင်းတစ်ခု ဖြစ်ပြီး အစီအရင်၏ ကာကွယ်မှု မရှိဘူးဆိုလျှင်တောင်မှ သဘာဝအစီအရင်တစ်ခု ဖန်တီးဖြစ်တည်လျက် ရှိနေတော့၏။ ပြင်ပမှလူများ အထဲသို့ ဝင်ရောက်မှုကို တားဆီးကာကွယ်ထား၏။ ဖန်တီးခြင်းသော့ကို ရယူရန် အသေးစိတ်ကို နှိပ်ပါ]
“ဖန်တီးခြင်းသော့ ဟုတ်လား”
လီယွင်၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။ မိတ်ဆက်ကို ဖတ်ရှုပြီးသည့်နောက် ဤအရာသည် စနစ်ပြောသည့် ထူးခြားလှသည့် အခွင့်အရေးတစ်ခု ဖြစ်မည် ဖြစ်ကြောင်းကို နားလည်လိုက်မိသည် ။
ဤသော့သည် ဖန်တီးခြင်းတော်ဝင်အင်ပါယာ ချန်ခဲ့သည့် လျှို့ဝှက် နယ်မြေကို ဖွင့်လှစ်နိုင်ရန်အတွက် သော့တစ်ခုပင် ဖြစ်နေလေသည်လား။ မူလအားဖြင့် ထိုသော့သည် အင်ပါရီယာ ရီကလန်သာ ပိုင်ဆိုင်သည့် အရာဖြစ်၏။ ဖန်တီးခြင်းတော်ဝင်အင်ပါယာ သေဆုံးပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့ခြင်းပင်။
စုစုပေါင်း သော့သည် လေးခုတိတိ တည်ရှိပြီး လက်ရှိအခြေအနေမှာတော့ ထင်ထင်ပေါ်ပေါ် တည်ရှိနေသည်မှာ နှစ်ခုသာဖြစ်၏။ တစ်ခုသည် အင်ပါရီယာ ရီကလန်တွင် တည်ရှိနေပြီး တစ်ခုမှာတော့ ရွှေကျီးကန်းကလန်တွင် တည်ရှိနေ၏။ လက်ရှိသော့သည် တိမ်ဖြူအိမ်တော်တွင် ရှိနေသည်ဆိုသော် နောက်ဆုံး တစ်ခုသည် ဘယ်ရောက်နေမှန်း မသိရှိချေ။
ရွှေကျီးကန်းကလန်သည် နှစ်ခုပိုင်ဆိုင်သော်လည်း ထုတ်ဖော် မပြောဆိုခြင်းလည်း ဖြစ်နိုင်၏။
“အင်း… နည်းနည်း စိတ်ဝင်စားစရာပဲ”
လီယွင်က မှတ်ချက်ပြုလိုက်၏။ သူသည် ကဲ့ကုန်းကျွင်းကို လှမ်းကာ ကြည့်လိုက်၏။ ကြည့်ရသည်မှာ တိမ်ဖြူအိမ်တော်တွင် ရှိနေသည့် ဤအခွင့်အရေးကို လူမှားပြီး ရောင်းရမည့်ပုံပေါ်သည်။
အကယ်၍ အင်ပါရီယာ ရီကလန်ဆီမှ တစ်စုံတစ်ယောက်ကို ရောင်းချလိုက်မည်ဆိုလျှင် သူ့အနေနှင့် တန်ဖိုးကို နှစ်ဆ၊ သုံးဆ၊ လေးဆလောက်ပင် တင်၍ ရောင်းချနိုင်စွမ်း ရှိနေ၏။ ထို့အပြင် ၎င်းတို့ ဘိုးဘေး ချန်ခဲ့သည့် ပစ္စည်းဆိုသည်မှာ ၎င်းတို့အတွက် တန်ဖိုးဖြတ်မရသည့် အရာသာ ဖြစ်ပေလိမ့်မည်။ မိသားစုတစ်ခုလုံး၏ စီးပွားရေးကို ထုတ်ကာ လဲလှယ်ရမည် ဆိုလျှင်တောင်မှ အားလုံးတို့သည် လိုလိုချင်ချင်နှင့် လဲလှယ်ကြမှာ သေချာ၏။
ကဲ့ကုန်းကျွင်း၏ မျက်လုံးထဲတွင် ရှိနေသည့် စိတ်အားတက်ကြွမှုများကို မြင်ရသည့်အချိန်မှာတော့ လီယွင်သည် ကျောက်စိမ်းပြားကို အသာထုတ်ယူကာဖြင့် လှမ်းပစ်ပေးလိုက်၏။ ပြီးနောက် အမှတ်မထင် ပြောလိုက်သည်။ “ဒါ ခင်ဗျားရဲ့ အခွင့်အရေးပဲ။ သေသေချာချာ ကြည့်လိုက်။ ဒီအထဲမှာ အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းကို ရေးထားတယ်။ ဒါပေမဲ့ တစ်ကြိမ်ပဲ အသုံးပြုလို့ရမယ်”
“ဒီတော်ဝင် အစီအရင်ကြီးက နေ၊ လ၊ ကြယ်တွေနဲ့ ပတ်သက်ပြီး ပြောင်းလဲ ဖြစ်တည်နေတဲ့ အစီအရင်ကြီး တစ်ခု ဖြစ်တာမလို့ နေ့တိုင်း၊ နေ့တိုင်း အစီအရင်ရဲ့ ပုံပန်းသွင်ပြင်က ပြောင်းလဲနေတယ်။ ဒါကြောင့် တူညီတဲ့ နည်းလမ်းတစ်ခုကို သုံးပြီးတော့ နှစ်ကြိမ်တိတိ ဝင်နိုင်မှာ မဟုတ်ဘူး”
“အင်း”
ဤအခြေအနေကို ပြောဆိုသည့် နေရာတွင် အစစ်အမှန် တစ်ဝက်၊ မုသား တစ်ဝက်ကို ပြောဆိုခဲ့ခြင်းပင် ဖြစ်၏။ ကျောက်စိမ်းပြားပေါ်တွင် ရှိနေသည့် အစီအရင် ချိုးဖြတ်ခြင်းနည်းလမ်းသည် တစ်ကြိမ်သာ အသုံးပြု၍ရသည့်အရာဖြစ်၏။ ဤအရာမှာ အမှန်ပင်ဖြစ်သည်။
သို့ပေမဲ့ လီယွင်ထံတွင် အစီအရင်ကို ထာဝရချိုးဖြတ်ကာ ဝင်ရောက်နိုင်သည့် နည်းလမ်းလည်း ရှိနေ၏။ သို့သော်ငြား သူသည် ထိုအရာကို ထုတ်ဖော် မပြခဲ့ချေ။ ထိုအရာများကိုပါ ပေးအပ်လိုက်မည်ဆိုလျှင် ဆုံးရှုံးသည်ဟု သူက သတ်မှတ်ထားခဲ့၏။
ထို့အပြင် တိုင်ချူးနတ်နယ်မြေသည် ဖန်တီးခြင်းသော့ကို ရရှိပြီး တိုင်ချူးနတ်သားတော် အားအင်အဆင့် တိုးတက်နိုင်စေသည့် အခွင့်အရေးကို ရရှိစေနိုင်သည်ဆိုလျှင် ကောင်းမွန်သည့် အရာဖြစ်နေပြီဖြစ်၏။ တိမ်ဖြူ အိမ်တော်၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ရှိရှိသမျှ အရာအားလုံးကို ယူဆောင်သွားမည် ဆိုခြင်းမှာ တရားမျှတမှု မရှိလှချေ။ အင်ပါရီယာ ရီကလန် အနေနှင့်လည်း ထိုအခြင်းအရာကို လွယ်လွယ်ကူကူနှင့် လက်ခံလိမ့်မည် မဟုတ်ချေ။
အဓိက ဂိုဏ်းနှစ်ခုကြားတွင် ရှိနေသည့် ငြိမ်းချမ်းရေးကို အစဉ်အမြဲ ထိန်းသိမ်းနိုင်စေရန်အတွက် လီယွင်သည် ဤကိစ္စကို ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ရန် ရွေးချယ်လိုက်တော့၏။ အဆုံးသတ်မှာတော့ သူသည် လောကကြီးတစ်ခုလုံး၏ ငြိမ်းချမ်းရေးကို ဖန်တီးပြုလုပ်ပေးခဲ့သည့် လူတစ်ယောက်နှင့်ပင် ဆင်တူလာခဲ့၏။
“တစ်ကြိမ်တည်းလား”
ကဲ့ကုန်းကျွင်းသည် ဆွံ့အသွားမိ၏။ ဤမျှ များပြားလှသည့် ငွေကြေးများကို အသုံးပြုပြီးသည့်နောက် တစ်ကြိမ်တည်း ဝင်ရောက်ခွင့်သာလျှင် ရရှိခဲ့၏။ ဆုံးရှုံးမှု ဖြစ်နေသည် မဟုတ်ပါလား။
ယခင်တုန်းက တော်ဝင်ဓားဂိုဏ်းသည် အခွင့်အရေးကို ဝယ်ယူခဲ့ပြီးသည့်နောက် လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို မောင်ပိုင်စီးနိုင်ခဲ့၏။ သတင်းအချက်အလက်များ အရဆိုလျှင် အထဲတွင် စိတ်ဝိညာဉ်ဆေးပင် အများအပြား တည်ရှိနေသည်။ တော်ဝင်ဓားဂိုဏ်းမှ လူများသည် အလွန်အမင်း အူမြူးလျက်ရှိပြီး ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်လို့ နေခဲ့သည်ဟု သူက ကြားခဲ့သည်။
“မလုံလောက်သေးဘူးလား”
လီယွင်၏ မျက်လုံးများသည် မှေးကျဉ်းသွားခဲ့၏။ သူသည် အနည်းငယ် စိတ်တို သွားခဲ့၏။ “ခင်ဗျားတို့ ဈေးကို တိုးပေး။ ဒါဆိုရင် ကျုပ် ဒီအခွင့်အရေးကို တိုင်ချူးနတ်နယ်မြေရဲ့ သီးသန့် ပိုင်ဆိုင်တဲ့အရာအဖြစ် ပေးလိုက်မယ်”
“အမ်.. စီနီယာ အထင်မှားနေပါပြီ” ကဲ့ကုန်းကျွင်းသည် ခြောက်ကပ်ကပ်နှင့် ပြောလိုက်၏။ သူ့၌ လိုအပ်သည့် ပမာဏသာ တည်ရှိသည်ဆိုပါက အဘယ်သို့ တိုးမပေးဘဲ နေမည်နည်း။
တစ်ကြိမ်တည်း ဝင်ရောက်ခွင့် ရှိသည်ဆိုပါက အထဲတွင် အချိန်အနည်းငယ် ပိုကြာအောင် နေထိုင်ပြီး ရှိရှိသမျှ အရာအားလုံးကို သိမ်းဆည်းမည်ဆိုလျှင် ဖြစ်နိုင်သည် မဟုတ်ပါလား။ တခြားသူများ ဝင်ရောက်လာနိုင်သည် ဆိုသော်လည်း အထဲတွင် ဘာမှ မရှိသည်ဆိုပါက မထိုက်တန်တော့ချေ။ ဤနည်းလမ်းကို စဉ်းစားပြီး သည့်နောက် ကဲ့ကုန်းကျွင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွားမိသည်။
သူသည် ကျောက်စိမ်းပြားထဲသို့ နတ်ဘုရားစွမ်းအင်များ ထည့်သွင်းကာ ကြည့်ရှုလိုက်၏။ ထည့်သွင်းပြီး ချင်းချင်းမှာပဲ ရုတ်တရက် အမှတ်မထင်ဖြင့် မတ်တပ် ထရပ်လိုက်မိ၏။ သူက ပြောလိုက်မိသည်။ “စီနီယာ.. ဒါက ဒါက တိမ်ဖြူအိမ်တော်ထဲမှာ ရှိနေတဲ့ ဖန်တီးခြင်းသော့အကြောင်း၊ တကယ် ဖန်တီးခြင်းသော့လား”