အပိုင်း (၁၄၆)
Vol. 10 Ch. 146
ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းမှာတော့ လီယွင်သည် ကဲ့ကုန်းကျွင်း နှင့် သူ၏ နတ်သားတော်တို့ ထွက်ခွာသွားသည်ကို ကြည့်ရှုလိုက်မိ၏။ သူသည် သက်ပြင်းချလိုက်မိ၏။ ဖန်တီးခြင်းသော့တစ်ခု၏ တန်ဖိုးသည် အနည်းငယ် နည်းပါးခဲ့၏။ လေးခုလုံးသာ ရှိပါက တန်ဖိုးသည် မတူညီအောင်ပင် ကွာခြားသွားပေလိမ့်မည်။
ကျိန်းသေပါက် ကောင်းကင်လျှို့ဝှက်အမှတ် များများစားစား ပိုင်ဆိုင်သည့် အရာမျိုးပင်။ တော်ဝင်အင်ပါယာ တစ်ယောက် ချန်ခဲ့သည့် ရတနာတစ်ခုနှင့်လည်း ဆက်နွယ်လျက် ရှိနေ၏။ ထို့အပြင်တစ်ခုမရှိလျှင် ဖန်တီးခြင်း လျှို့ဝှက် နယ်မြေကို ဖွင့်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။
"စနစ်"
လီယွင် စိတ်ထဲမှ ပြောဆိုလိုက်မိ၏။ အသံများ ထွက်ပေါ်လာခဲ့ပြီး အပြာရောင် မြင်ကွင်းတစ်ခုသည် သူ၏ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ "ဖန်တီးခြင်း လျှို့ဝှက်နယ်မြေရဲ့ တန်ဖိုးကို စစ်ဆေးကြည့်မယ်။ လျှို့ဝှက် အမှတ် ဘယ်လောက်များ ကုန်ကြနိုင်လဲ"
[ဒင် … ဖန်တီးခြင်း လျှို့ဝှက်နယ်မြေအတွက် တည်နေရာကို သိရှိနိုင်ရန် ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်းရှစ်သောင်း လိုအပ်သည်။ ]
"သုံးသိန်းရှစ်သောင်း ဟုတ်လား" လီယွင်သည် မျက်ခုံးပင့်လိုက်မိ၏။
ဤအတောအတွင်း သူသည် ကောင်းကင်လျိုဝှက် အမှတ်များနှင့် လဲလှယ်ပြီး စနစ်ဆီမှ ရလာနိုင်သည့် အခွင့်အရေးများကို ကောင်းကောင်း နားလည်နေပြီ ဖြစ်သည်။ ဖန်တီးခြင်း လျှို့ဝှက် နယ်မြေသည် သုံးသိန်းရှစ်သောင်း တန်ဖိုးရှိသည် ဆိုပါက ကျိန်းသေပေါက် အထဲ၌ တန်ဖိုးထက် ပိုနေသည့် အရာများ ရှိနေမှာပင်။ ယန်ရှိုတစ်ယောက် သူတော်စင်တစ်ယောက် ဖြစ်ရန်မှာ လျှို့ဝှက်အမှတ် သုံးသောင်းသာလျှင် ကုန်ကျခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ သူတော်စင်တစ်ယောက်၏ အမွေအနှစ်များကိုပင် ဆက်ခံနိုင်ခဲ့၏။ အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားနိုင်သည့် ဆေးလုံးကိုလည်း ရရှိခဲ့၏။ ထို့ပြင် အစီအရင်များနှင့် မိုးကောင်းကင် ပစ္စည်းများကိုလည်း ရရှိခဲ့သေးသည်။
ကောင်းကင်လျှို့ဝှက်အမှတ် သိန်းကျော်မရှိဘဲနှင့် ထိုအရာကို စစ်ဆေးရန်မှာ မဖြစ်နိုင်ချေ။ ဖန်တီးခြင်း လျှို့ဝှက်နယ်မြေအကြောင်းကို စဉ်းစားပြီးနောက်မှာတော့ လီယွင်သည် ပမာဏကို သေသေချာချာ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုထဲတွင် ကွာစီအင်ပါယာ ရတနာ သို့မဟုတ် ထိုထက်မြင့်သည့် အရာလည်း တည်ရှိနေနိုင်၏။
"ဖန်တီးခြင်းလျှို့ဝှက် နယ်မြေ ထွက်ပေါ်လာရင် အခွင့်အရေးကြီးတစ်ခု ဖြစ်လာတော့မှာပဲ" လီယွင်က တီးတိုးရေရွတ်လိုက်၏။ ဖန်တီးခြင်း လျှို့ဝှက် နယ်မြေအကြောင်းကို လူအများက သိရှိပြီးဖြစ်၏။ သို့ပေမဲ့ အထဲတွင် ရှိနေသည်ကို နားလည်သူမှာတော့ နည်းပါးလွန်းလှ၏။ အင်ပါရီယန်ရီကလန်သည် သိရှိကောင်း သိရှိနိုင်၏။ သို့ပေမဲ့ လူအများကို ပြောပြလိမ့်မည် မဟုတ်ချေ။ ထိုအရာသည် သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်၏။ ဖန်တီးခြင်းသော့ကို ကိုင်ဆောင်ထားခဲ့သည့် အင်ပါရီယန်ရီကလန်နှင့် ရွှေကျီးကန်းကလန်တို့သည် စုံစမ်းစစ်ဆေးမှုများကို မပြုထားဘဲနှင့် အထဲကို ဝင်ရောက်လိမ့်မည် မဟုတ်ဟု သူကယုံကြည်မိသည်။ အထဲတွင် အင်ပါယာရီယန်အဆင့် အခွင့်အရေးတစ်ခုခု ရှိနေမှာ သေချာသည်။
"အခုဖန်တီးခြင်းသော့ရဲ့ လေးခုမြောက်သော့က ပျောက်နေတာလေ။ အခု ဘယ်သူ့လက်ထဲမှာ ရှိလဲဆိုတာ စုံစမ်းရမယ်" လီယွင်သည် မျက်မှောင်ကုတ်လိုက်မိ၏။
သူသည် သေသေချာချာ တွေးပြီးနောက် စနစ်တွင် မေးလိုက်၏။ လေးခုမြောက် ဖန်တီးခြင်းသော့၏ တည်နေရာကို သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ကိုးသိန်းခွဲတောင် တည်ရှိနေ၏။ ဤအရာသည် သူ့ကိုတစ်ကယ်ပင် စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။
သေသေချာချာ စဉ်းစားပြီးနောက် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ၏ လေးခုမြောက်သော့သည် အဓိကအင်အားစု တစ်ခုခု၏ လက်ထဲတွင် ရှိနေလိမ့်မည်ဟု သူက နားလည်သွားမိ၏။ ထို့ကြောင့်ပင်လျှင် ရယူရန် ခက်ခဲမှုနှုန်းက တိုးသွားပေလိမ့်မည်။ မဟုတ်ပါက လေးခုမြောက် ဖန်တီးခြင်းသော့၏ တန်ဖိုးသည် ဤမျှလောက် ကြီးမားလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ ဂိုဏ်းမျိုးများတွင် ကြောက်မက်ဖွယ်ကောင်းသည့် အစီအရင်များ တည်ရှိနေနိုင်၏။
“ကြည့်ရတာ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာဖို့ဆိုတာ မကြာတော့ပါဘူးပဲ” လီယွင်သည် ပြုံးလိုက်မိသည်။
.................
အင်ပါရီယန်ရီကလန်၏ နယ်စပ်တစ်နေရာရှိ လေထုထဲမှာတော့ ကဲ့ကုန်းကျွင်းနှင့် တိုင်ချူး နတ်သားတော်တို့သည် ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့၏ ဝတ်စုံများသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။ သူတို့သည် လေးနက်တည်ကြည်သည့် အသွင်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးသည့်နောက် တိုင်ချူးနတ်သားတော်သည် လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်၏။ "ဂိုဏ်းတူဦးလေး ဒီနေရာမှာ သာမန်ထက်ပိုတဲ့ အရာတွေ ရှိနေတာ သတိထားမိလား"
"အင်း"
ကဲ့ကုန်းကျွင်းသည် ကြောင်အအနှင့် ခေါင်းညိတ်လိုက်မိ၏။ အရိုးသားဆုံးပြောရလျှင် ကွဲပြားခြားနားနေသည်ကို သူသတိမပြုမိချေ။ သက်တမ်းရင့်မားလှသည့် သစ်ပင်ကြီးသည် မားမားမတ်မတ်ဖြင့် တည်ရှိနေ၏။ အနားပတ်ဝန်းကျင်တွင် တောင်တန်းများလည်း တည်ရှိနေ၏။ တစ်ချက်ကြည့်လိုက်လျှင် အရာအားလုံးသည် သာမန်တိုင်းပင်။ သေသေချာချာ ကြည့်ရှုလျှင်လည်း ထိုအတိုင်းပင်။ သာမန်ဆန်နေသည်။
ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည်သာ ဤနေရာ၌ တော်ဝင်အင်ပါယာ တစ်ယောက် နေထိုင်ခဲ့ဖူးသည်ဟု မပြောခဲ့ပါက သူယုံကြည်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် ရီကလန် သတိမပြုမိဘဲ ရှိနေသည်လား။ ဤတည်နေရာသည် အင်ပါရီယန် ရီကလန်၏ နယ်စပ်တည်နေရာ တစ်ခုဖြစ်ပြီး လူပေါင်းများစွာတို့သည်လည်း ဝင်ထွက်သွားလာနေသည့် တည်နေရာ တစ်ခုလည်း ဖြစ်၏။ တစ်ယောက်နှစ်ယောက် သတိမပြုမိလျှင်တောင်မှ နားလည်နိုင်၏။ သို့ပေမဲ့ ရီကလန် တစ်ခုလုံး သတိမပြုမိသည်မှာတော့ ထူးဆန်းလှချေ၏။
"သာမန်မဟုတ်တာ ငါဘာမှမတွေ့ပါလား"
ကဲ့ကုန်းကျွင်းသည် အကူအညီမဲ့စွာဖြင့် ခေါင်းကိုခါယမ်းလိုက်၏။ ခဏလောက် ကြာပြီးသည့်နောက် လေဟာနယ်ထဲမှ ဆင်းလျှောက်ကာ ပြောလိုက်သည်။ "တိမ်ဖြူအိမ်တော်ထဲ ဝင်ချင်ရင် စီနီယာပြောတဲ့ နည်းလမ်းအတိုင်း သုံးမှဖြစ်ပေလိမ့်မယ်။”
သူတို့နှစ်ယောက် တောင်ကြားတစ်ခုအတွင်းသို့ ရောက်ရှိပြီးနောက် ကဲ့ကုန်းကျွင်းသည် ကျောက်စိမ်းပြားထဲ၌ ဖော်ပြထားသော နည်းလမ်းအတိုင်း လက်စည်းသင်္ကေတတစ်ခုကို ဖန်တီးလိုက်၏။
များပြားလှသည့် သင်္ကေတများသည် လေထုထဲတွင် ပေါ်ပေါက်လာပြီး တလက်လက်နှင့် တောက်ပနေသည်။ ထိုအလင်းတန်းများသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ လက်ရှိအချိန်မှာတော့ ကုန်းမြေမြင့်ကြီး တစ်ခုလုံးသည် သက်ဝင်လှုပ်ရှားသွားသည့် အတိုင်းပင်။ တောင်များသည်လည်း ဆက်တိုက် တုန်ခါလာခဲ့ပြီး နဂါးအော်သံများသည်လည်း ပေါ်ပေါက်လာခဲ့၏။ နဂါးစွမ်းအင်များသည် တောင်ကြား တည်နေရာတစ်ခုကို ဖုံးလွှမ်းသွားသည်။
"ဒါဘာကြီးလဲ"
တိုင်ချူးနတ်သားတော်သည် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများ နှင့် ပြည့်နှက်လျက် ရှိနေ၏။
"ဒါက နဂါးသွေးကြောလား"
ကဲ့ကုန်းကျွင်းသည် ပျော်ရွှင်မှုနှင့် ကြောက်ရွံ့မှုကို တစ်ပြိုင်နှက် ခံစားလိုက်မိ၏။ ပျော်ရွှင်မှုဆိုသည်မှာ နန်းဆောင်သခင်သည် သူတို့ကို မလိမ်ညာခဲ့ကြောင်း သိရှိခဲ့သောကြောင့်ပင်။ အရားအားလုံးသည် အစစ်အမှန်အတိုင်း တည်ရှိနေခဲ့၏။ အစီအရင်ကို ဖော်ပြနိုင်စွမ်း ရှိနေသည့် ကျောက်စိမ်းပြားသည်လည်း အသက်ဝင်ခဲ့သည်။
သို့ပေမဲ့ ကြောက်လန့်မှုကိုလည်း ခံစားနေရသေး၏။ အဘယ့်ကြောင့်ဆိုသော် လက်ရှိဖြစ်ပေါ်နေသည့် အော်ရာများသည် ကြောက်မခန်းလိလိ ဖြစ်ပြီး မိုင်ပေါင်းသောင်းချီကို ပျံ့နှံ့သွားစေနိုင်၏။ ဤအရာသည် အနီးနားတွင်ရှိနေသော အင်ပါရီယန်ရီကလန်ကို သတိပြုမိသွားစေနိုင်၏။
တစ်စုံတစ်ယောက်သည်သာ လာ၍စစ်ဆေးသည် ဆိုပါက သူနှင့် သူ့တပည့်သည် ဤနေရာတွင် ပိတ်မိနေမှာ သေချာ၏။ တိမ်ဖြူအိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက် မည်သည့်အရာကို ကြုံရမည်ကို မည်သူက သိရှိမည်နည်း။ အင်ပါရီယာ ရီကလန်မှ တော်ဝင်သူတော်စင်များ အုပ်လိုက်ကြီး ရောက်ရှိလာမည် ဆိုလျှင် မည်သို့လုပ်မည်နည်း။
“တိုင်ချူးဘိုးဘေးကြီး မြန်မြန်ရောက်လာဖို့ မျှော်လင့်ရတော့မှာပဲ"
ကဲ့ကုန်းကျွင်းသည် တစ်ယောက်တည်း ပြောလိုက်မိသည်။ ပြီးနောက် အသာလှည့်ပြီးနောက် ထပ်ပြောလိုက်၏။ "အထဲကို ဝင်ကြရအောင်"
ဤနေရာဆီသို့ ရောက်အောင် လာခဲ့ပြီးသားဖြစ်သည်။ မြှားသည် လေးကြိုးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်မို့ မဖြစ်မနေ ပစ်မှ ရပေတော့မည်။ လက်လျော့လိုက်သည်ဆိုပါက ရင်းနှီးမြုပ်နှံထားသမျှ သဲလွန်ရေသွန် ဖြစ်ကုန်မှာ သေချာသည်။