အပိုင်း (၁၄၇)
Vol. 10 Ch. 147
တော်ကြားအတွင်းမှာတော့ ကျယ်ပြောလှသော ကုန်းမြေကြီးတစ်ခု တည်ရှိနေပြီး ထိုထဲတွင် စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ နေရာတစ်ခုလုံး မြူများဖြင့် ဖုံးလွှမ်းလျက် ရှိနေပြီး မြူများထဲတွင် တာအို၏ နိယာမများလည်း တည်ရှိနေ၏။ ဆန်းကြယ်လှသော အင်ပါယာတစ်ယောက်၏ ခပ်ဖျော့ဖျော့ စိတ်ဆန္ဒသည် လေထုထဲတွင် ပေါ်ပေါက်လျက် ရှိနေ၏။ အရိပ်အယောင်သာ ဖြစ်သော်လည်း သူတို့၏ နှလုံးသားကို တုန်ခါစေခဲ့၏။ အစစ်အမှန် အင်ပါယာနှင့်သာ ကြုံတွေ့ရပါက သူတို့အနေဖြင့် မြေပေါ်သို့ပင် ပိကျသွားစေနိုင်၏။
ကဲ့ကုန်းကျွင်းသည် အသက်ကို ပြင်းပြင်းရှုပြီးသည့်နောက် တောင်ကြား၏ ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။
"ဂိုဏ်းတူဦးလေး"
တိုင်ချူးနတ်သားတော်သည် အနောက်ဖက်မှ လှမ်းအော်လိုက္၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူရော်လျက် ရှိနေ၏။ သူသည် အစောကတည်းက ဒဏ်ရာရပြီးသား ဖြစ်၏။ ဤကဲ့သို့သော အော်ရာများနှင့် ရင်ဆိုင်ရသည့် အခါမှာတော့ တောင်ခံနိုင်ရန် ခက်ခဲနေခဲ့၏။ ထိုကြောင့် ပြောလိုက်မိ၏။ "ဂိုဏ်းတူဦးလေး။ ဒီနေရာက တော်ဝင်အင်ပါယာတစ်ယောက် နေထိုင်ခဲ့ဖူးတယ်လေ။ ဒါကြောင့် သတ်ဖြတ်ခြင်း အစီအရင်များ ရှိနိုင်မလား။ "
တော်ဝင်အင်ပါယာတစ်ယောက် ဖန်တီးထားသည့် အစီအရင်များ ရှိနေသည်ဆိုသော် သာမန်ကာလျှံကာ ဖန်တီးထားသည့် အစီအရင်ဆိုလျှင်တောင်မှ အဆင်ခြင်မဲ့ ပြေးဝင်သွား၍ မရချေ။ အမှားအယွင်းတစ်ခုခု ပြုလုပ်လိုက်သည်နှင့် အသက်ပျောက်သွားနိုင်သည်။
"စိတ်အေးအေးထား"
ကဲ့ကုန်းကျွင်းသည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။ မျက်လုံးဖွင့်ကာဖြင့် တည်နေရာတစ်ခုလုံးကို ကြည့်ရှုလိုက်၏။ "တော်ဝင်အင်ပါယာတစ်ယောက်အတွက် အစီအရင်တွေ မလိုအပ်ပါဘူး။ သူ့ရဲ့ စိတ်ဆန္ဒကကို အကောင်းဆုံး အစီအရင်တစ်ခု ဖြစ်နေပြီ။ ပြီးတော့ အစီအရင်ဆိုတာ အပြင်မှာ စီရင်တာပဲ များတာလေ။ ဘယ်လိုလုပ်ပြီး အထဲမှာ စီရင်ထားမှာလဲ"
ပြောပြီးသည့်နောက်မှာတော့ ကဲ့ကုန်းကျွင်းသည် မြူများကြားထဲသို့ လှမ်းလျှောက်သွားခဲ့သည်။
နတ်သားတော်သည် အလျင်အမြန်ပဲ အနောက်မှ လိုက်လျှောက်သွား၏။
လီအနည်းငယ်လောက် လျှောက်လှမ်းပြီးသည့်နောက်မှာတော့ သူတို့သည် ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိနေသည့် သက်ငယ်မိုး အိမ်ငယ်လေး တစ်လုံးကို မြင်လိုက်ရ၏။ ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝ တစ်ခုလုံးသည် ဤနေရာတွင် ဟုန်းဟုန်းထလျက် ရှိနေ၏။ တဖြည်းဖြည်း စီးဆင်းလျက် ရှိနေသည့် ရေတံခွန်လေးတစ်ခုလည်း တည်ရှိနေပြီး တော်ဝင်စွမ်းအင်များနှင့် ပြည့်နှက်လျက် ရှိနေသည်။
ဤနေရာသို့ ရောက်ရှိလာသူများသည် ငြိမ်းချမ်းမှုကို ခံစားရသည်သာမက ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်ခြင်းကိုပါ ခံလိုက်ရသည့် ပုံပင်။
"ရတနာ ကုန်းမြေတစ်ခုပဲ"
ကဲ့ကုန်းကျွင်း့သည် တည်နေရာကို လေ့လာပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။ ဤနေရာတွင် ဆေးပင်များ မပေါက်ရောက်သော်လည်း တာအို၏သဘာဝများ တည်ရှိနေသောကြောင့် ဤနေရာတွင် ကျင့်ကြံမည် ဆိုပါက ဉာဏ်အလင်းကို ခဏလေးနှင့် ရရှိမှာ သေချာ၏။ တစ်စုံတစ်ယောက်သည် ဤနေရာတွင် ကျင့်ကြံပါက တိုးတက်မှုနှုန်းမှာ မြန်ဆန်ပေလိမ့်မည်။
"ဆိုးရွားတာက "
ကဲ့ကုန်းကျွင်းသည် ခဏလောက်ကြာပြီးသည့်နောက် ပြောလိုက်၏။
"ဒီတောင်ကြားက ဖန်တီးခြင်း တော်ဝင်အင်ပါယာ ခဏလောက် လာအနားယူတဲ့ နေရာဖြစ်နေတာပဲ။ ဒါကြောင့် စိတ်ဝိညာဉ်ဆေးပင်တွေကို မစိုက်ပျိုးခဲ့ဘူး။ တကယ်သာ စိုက်ခဲ့မယ်ဆိုရင် သာမန်ဆေးပင်တွေ ဆိုရင်တောင်မှ နှစ်ပေါင်းများစွာ ကြာပြီးရင် ကောင်းကင်က ငြင်းပယ်ရလောက်တဲ့ ဆေးပင်တွေ ဖြစ်လာမှာပဲ"
သူသည် သေသေချာချာ လှမ်းကာကြည့်လိုက်သည့် အချိန်မှာတော့ သူသည် အိမ်ငယ်လေး၏ ဘေးတွင် ရှိနေသော ဝါးပင်များကို လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုအရာသည် ကျောက်စိမ်းကဲ့သို့ပင် တောက်ပလျက် ရှိနေသည့် ဝါးပင်များ ဖြစ်လို့နေ၏။
သာမန်ဝါးပင်များသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤကောင်းကင်တည်နေရာကြီးတွင် သန္ဓေပြောင်းလဲမှု ဖြစ်တည်သွားခဲ့ပုံပင်။ သို့ပေမဲ့ ဤကဲ့သို့သော ပြောင်းလဲမှုသည် သူတော်စင်တစ်ယောက်၏ စိတ်ဝင်စားမှုကို ရယူနိုင်လောက်သည့် အရာမျိုးတော့ မဟုတ်ချေ။
"တိမ်ဖြူအိမ်တော်က တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်တာပဲ" ကဲ့ကုန်းကျွင်းသည် ပြောဆိုလိုက်မိ၏။ ဤကဲ့သို့ သိုဝှက်ထားသည့် တည်နေရာဆီသို့ ရောက်ရှိရန် ဆိုသည်မှာ သူတော်စင်အဆင့် ဆေးပင် ဆယ်ခုကို မဆိုနှင့် အခု နှစ်ဆယ်မကပင် ထိုက်တန်လှသည်။
"အင်း …. ဝါးစိမ်းတွေ"
ကဲ့ကုန်းကျွင်း က တီးတိုးရေရွတ်လိုက်သည်။ သူ့၌ အချိန်သိပ်မရှိချေ။ ဖန်တီးခြင်းသော့ကို ရှာဖွေရန် အချိန်ရှိနေသေး၏။ သို့ပေမဲ့ အသာလှည့်လိုက်သည့် အချိန်မှာပဲ သူ၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွားမိ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တုန်ယင်သွားမိ၏။
မနီးမဝေးတွင် တိုင်ချူးနတ်သားတော်သည် ငြိမ်ငြိမ်သက်သက် နှင့် ရပ်လျက် ရှိနေ၏။ ၎င်း၏ရှေ့တွင် လူတစ်ယောက် ရှိနေပြီး ထိုသူသည် ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်လျက် ရှိနေပြီး အစိမ်းရောင်ကျောက်တုံးပေါ်၌ ထိုင်နေ၏။ ဆန်းကြယ်လှသော အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး အင်မော်တယ်စွမ်းအင်များသည် ထိုသူ့အား လွှမ်းခြုံနေ၏။ ၎င်း၏ခန္ဓာကိုယ်မှ ကျန်းချီများသည် အလွန်သန့်စင်လွန်းလှသည်။
"ဖန်တီးခြင်း တော်ဝင်အင်ပါယာလား"
ကဲ့ကုန်းကျွင်းသည် တီးတိုးပြောလိုက်၏။ သို့ပေမဲ့ သူသည် ကျယ်ကျယ်မပြောရဲချေ။ ထိုသူသည် တစ်စုံတစ်ခုကို ပြောနေသည့် ပုံပေါ်၏။ အနှစ်ချုပ် ပြောရလျှင် တော်ဝင်တာအို၏ အသံများ ဖြစ်ပုံပေါ်ပြီး တည်နေရာအနှံ့သို့ ပျံ့နှံ့နေ၏။
ကျမ်းစာတစ်ခုကို ရွတ်ဖတ်ပြနေပုံပေါ်သော်လည်း သူ သေသေချာချာ မကြားရချေ။ ထိုအသံများသည် လေဟာနယ်ထဲသို့ ပြန့်နှံ့သွားပြီးသည့်နောက် တည်နေရာကြီး တစ်ခုလုံးသည် တဖြည်းဖြည်းနှင့် နတ်နဂါး အရိပ်အယောင်များနှင့် ပြည့်နှက်လာသည်။
တိုင်ချူးနတ်သားတော်၏ လက်ထဲတွင် ကျမ်းစားတစ်ခု ပေါ်ပေါက်လာပြီး ထိုအရာသည် နက်နဲဆန်းကြယ်လှသည့် ကျမ်းစာတစ်ခု ဖြစ်လေ၏။
"ကောင်းကင်နန်းတော်သခင်က ဒီလိုကိစ္စမျိုးကိုလည်း ခန့်မှန်းနိုင်တာလား"
ကဲ့ကုန်းကျွင်းသည် ဇဝေဇဝါ ဖြစ်သွားမိ၏။ ဤအရာသည် ဖန်တီးခြင်း တော်ဝင်အင်ပါယာ ချန်ခဲ့သည့် ပုံရိပ်ယောင် ပင် ဖြစ်၏။ ကြည့်ရသည်မှာ အခြေအနေသည်သာ ကိုက်ညီပါက အခွင့်အရေးကို ရယူနိုင်စွမ်း ရှိပုံပင်။
ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ဤအရာကို အစောကြီးတည်းက သိရှိပြီးပုံပေါ်သည်။
၎င်း၏ နတ်သားတော်အတွက် ရရှိနိုင်သည့် အခွင့်အရေးဆိုသည်မှာ ဤအရာပင် ဖြစ်ပေလိမ့်မည်။ ဖန်တီးခြင်း တော်ဝင်အင်ပါယာ၏ လမ်းညွှန်မှုနှင့်ဆိုလျှင် ဤ၏နတ်သားတော်၏ အနာဂတ်သည် ကျိန်းသေပေါက် သာမန်ထက် ပိုသွားမှာ သေချာ၏။
"မယုံနိုင်စရာပါလား" ကဲ့ကုန်းကျွင်းသည် တီးတိုးရေရွတ်နေမိ၏။ သူသည် ဘေးတစ်ဖက်တွင် အသာ စောင့်ဆိုင်းနေ၏။ အချိန်အနည်းငယ် ကြာပြီးသည့်နောက် ကောင်းကင်၏ တာအိုအသံများ ပျောက်သွားပြီး ဖန်တီးခြင်းအင်ပါယာ၏ ခန္ဓာကိုယ်သည် အလင်းတန်းများ အဖြစ် အသွင်ပြောင်းကာ ကောင်းကင်သို့ တက်သွား၏။ လေထဲတွင် လှည့်ပတ်ပြီးနောက် ထိုအလင်းတန်းများသည် တိုင်ချူးနတ်သားတော်၏ လက်ထဲသို့ ကျဆင်းလာ၏။ ပြီးသည့်နောက် သလင်းရောင် ကြည်လင်လျက် ရှိနေသည့် သော့တစ်ချောင်းအသွင် ပြောင်းလဲသွားလေသည်။
"ဒါဘာကြီးလဲ"
တိုင်ချူးနတ်သားတော်သည် ဇဝေဇဝါ ဖြစ်သွားမိ၏။ သူ၏စိတ်ထဲတွင် ကျမ်းစာတစ်ခု ပေါ်ပေါက်လာသည်ကို သူက ခံစားမိ၏။ သေသေချာချာ နားမလည်နိုင်ခင်မှာပဲ သူ၏လက်သည် ရုတ်တရက် လေးလံသွားမိ၏။ ငုံ့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ သော့တစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရ၏။
"ဖန်တီးခြင်းသော့လား"
"ဟုတ်တယ်"
ကဲ့ကုန်းကျွင်းသည် အသာလှမ်းလျှောက်လာပြီးနောက် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ သူသည် တိုင်ချူးနတ်သားတော်ကို အနည်းငယ်ပင် မနာလိုဖြစ်မိနေ၏။ တော်ဝင်အင်ပါယာချန်ခဲ့သည့် ကျမ်းစာကို ရရှိခြင်းဆိုသည်မှာ တကယ်ပင် ကံကောင်းခြင်းပင် ဖြစ်၏။ ဖန်တီးခြင်း ကျမ်းစာ မဟုတ်ဘူး ဆိုလျှင်တောင်မှ တော်ဝင်သူတော်စင် ဖန်တီးထားသောကြောင့် သာမန်ထက်ပိုမှာ သေချာ၏။ သူ့ကဲ့သို့သော သူတော်စင်ပင်လျှင် ထိုအရာကို ကျင့်ကြံပါက တိုးတက်သွားမှာ သေချာ၏။ သို့ပေမဲ့ ဖန်တီးခြင်းအင်ပါယာချန်ခဲ့သည့် ကျမ်းစာ သည် သူ၏ဂျူနီယာအတွက် ဖြစ်လို့နေ၏။ အကြီးအကဲတစ်ယောက် အနေဖြင့် ထိုအရာကို တောင်းခံ၍ မသင့်ချေ။
"အခု ဖန်တီးခြင်းအင်ပါယာက နှစ်ပေါင်းများစွာကြာ မင်းကို တစ်ခုခုသင်ပြပေးခဲ့တယ်။ ပြန်ရောက်ရင် မင်းဒါကို သေသေချာချာ စဉ်းစားပြီး လေ့ကျင့်တော့။ မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ဒါကိုနားလည်ရင် ကျိန်းသေပေါက် ကောင်းကင်ပါရမီရှင်စာရင်းမှာ အဆင့်ကြီးကြီး တိုးတက်သွားလိမ့်မယ်။" ကဲ့ကုန်းကျွင်းသည် လေးလေးနက်နက်ပြောလိုက်၏။
"ဟုတ်ကဲ့ပါ ဂိုဏ်းတူဦးလေး"
တိုင်ချူးနတ်သားတော်သည် ဦးညွှတ်ပြီးသည့်နောက် ဖန်တီးခြင်းသော့ကို အသာကမ်းပေးလိုက်သည်။
"ကောင်းပြီ"
ကဲ့ကုန်းကျွင်းသည် ဖန်တီးခြင်းသော့ကို အသာယူပြီးနောက် ခေါင်းညိတ်လိုက်မိ၏။ ပြီးနောက် နှမြောတသနှင့် တိမ်ဖြူအိမ်တော်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ "ခုဏက ဖြစ်သွားတဲ့ အခြေအနေတွေ၊ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေက အင်ပါယာရီယန် ရီကလန်ကို သတိပြုမိသွားစေလိမ့်မယ်။ ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး။ ငါတို့စောစောထွက်မှ ဖြစ်မယ်။”
သူ့အနေဖြင့် ဤဖုံးကွယ်ထားသည့် တည်နေရာကြီးကို အမှန်ပင် လိုချင်လှသည် ဆိုသော်လည်း အင်ပါရီယန် ရီကလန်နှင့် အလွန်နီးကပ်လျက် ရှိနေပြီး တိုင်ချူးနတ်နယ်မြေနှင့်လည်း အလွန်ဝေးကွာသည့် တည်နေရာသို့လည်း ရောက်ရှိနေ၏။ သူ၏ အားအင်အဆင့်အရဆိုလျှင် အင်ပါရီယန် ရီကလန် လက်ထဲမှ ထိုအရာကို ရယူရန်မှာ စိန်ခေါ်မှုပင် ဖြစ်လေ၏။ ယခု ဖန်တီးခြင်းသော့သည် သူတို့လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဤနေရာသို့ လာရသည့် ခရီးသည် အလကား ခရီးစဉ်မဟုတ်တော့ချေ။
ဖန်တီးခြင်းသော့ကို ရရှိခြင်း ဆိုသည်မှာ ဖန်တီးခြင်းနယ်မြေထဲသို့ ဝင်ရောက်ရန် လက်မှတ်တစ်ခု ရရှိခြင်းနှင့်ပင် ဆင်တူ၏။ ဘာပဲဖြစ်ဖြစ် ၎င်းတို့ တိုင်ချူး နတ်နယ်မြေသည် လေးပုံတစ်ပုံကို ပိုင်ဆိုင်တော့မှာ သေချာ၏။ တခြားသော သုံးယောက်သာ သဘောမတူဘူး ဆိုပါက ….. အားနာပါသည် …. ဖန်တီးခြင်းသော့ကို သူတို့ ထုတ်ပေးလိမ့်မည် မဟုတ်ပေ။