← Chapters

ကံတရားမျှော်စင်တွင် တွေ့ရန် ချိန်းဆိုခြင်း

Vol. 10 Ch. 127

ကံတရားမျှော်စင်တွင် တွေ့ရန် ချိန်းဆိုခြင်း

Vol. 10 Ch. 127

သူ့စကားဆုံးသောအခါ လမ်းထောင့်တစ်နေရာတွင် ပုန်းနေသည့် ရွှယ်လင်းလုံက ရှက်ရွံ့နေသော မျက်နှာလေးဖြင့် ပုန်းနေရာမှ ထွက်လာသည်။

" အမ် ...လောထျန်း .. ဒါ ရှင့်အတွက် "

ရွှယ်လင်းလုံက ထိုသို့ပြောကာ လောထျန်းရှေ့တွင် ခေါင်းငုံ့၍ လက်နှစ်ဖက်ဖြင့် စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။

သူမသည် အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် မျက်လုံးများလည်း မှိတ်ထား၏။

လောထျန်း ငုံ့ကြည့်လိုက်ရာ သူမ ကမ်းပေးနေသည့် စာအုပ်က 'ကောင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်' ဖြစ်နေ​ကြောင်း သိလိုက်ရသည်။

၎င်းမှာ ထျန်းရှန့်သိုင်းပြိုင်ပွဲ၌ ပထမနေရာ ရသူအတွက် ပေးခဲ့သည့် ဆုပင်။

လောထျန်း ရုတ်တရက် နားမလည်နိုင် ဖြစ်သွားပြီး မျက်မှောင်ကြုံ့လိုက်သည်။

" ဘာဖြစ်လို့ ကျုပ်ကို ဒီကျင့်စဥ် လာပေးရတာလဲ။ ဒါနဲ့ သွေးနီစိတ်စွမ်းအင်ပုလဲ နဲ့ လဲချင်လို့လား ။ မရဘူးနော် ၊ ကျုပ် မလဲပေးနိုင်ဘူး "

လောထျန်း အလွန်စိတ်ရှုပ်သွားပြီး ချက်ချင်း ငြင်းလိုက်၏။

" ဟင် ..မဟုတ်ဘူး ၊ ရှင်အထင်လွဲနေပြီ။ ကျွန်မက ဒီစာအုပ်ကို ဖတ်ပြီးသွားပြီမို့ အထဲမှာပါတဲ့ အကြောင်းအရာတွေကို အကုန်အလွတ်ရနေပြီ။ ဒီစာအုပ်က ရှင့်ရဲ့ ကျင့်ကြံခြင်းအတွက် အကျိုးရှိနိုင်မယ်ထင်လို့ ရှင့်ကို ပေးတာပါ "

ထိုအချိန်မှသာ လောထျန်း သက်ပြင်းချနိုင်သွား၏။

သို့သော် .. သူက ခေါင်းယမ်း၍ဆိုသည်။

" ဒီစာအုပ်က ကျုပ်အတွက် အသုံးမဝင်ဘူးဗျ ၊ ခင်ဗျားပဲ ယူထားလိုက်ပါ "

" ဟင် .. "

လောထျန်းက သူမကို နောက်တစ်ကြိမ် ထပ်ငြင်းလိမ့်မည်ဟု မထင်ထားသဖြင့် ရွှယ်လင်းလုံ အံ့အားသင့်သွားသည်။

သို့သော် .. ချက်ချင်းဆိုသလိုပင် သူမ၏ နှလုံးက တဒုန်းဒုန်း ခုန်လာပြန်၏။

" သူက ငါ မှတ်မိထားတာ လွဲပြီး ကျင့်ကြံတဲ့အခါ ဒုက္ခရောက်မှာစိုးလို့ ခုလိုပြောလိုက်တာနဲ့တူတယ်။ သူက တကယ်ကို ငါသဘောကျရတဲ့ သူ ပုံစံမျိုးပဲ။ သူ့နှလုံးသားက နူးညံ့လိုက်တာ "

ထိုသို့ တွေးမိကာ သူမ၏ နှလုံးသား နွေးထွေးသွားသည်။ ထို့နောက် သူမက မေး၏။

" လောထျန်း .. ကျွန်မတို့ နောက်တစ်ကြိမ် ထပ်တွေ့ရဦးမှာလား "

လောထျန်းက သူမကို ကြည့်ကာ ပြန်ပြောသည်။

" နောက်သုံးလနေရင် ကျုပ်တို့ ဆုမီတောင်မှာ တွေ့ကြမှာ မဟုတ်ဘူးလား "

ထိုစကားကို ကြားသည်နှင့် ရွှယ်လင်းလုံ၏ နှလုံးခုန်နှုန်း မြန်သွားပြန်၏။

" သူက ငါ့ကို နောက်သုံးလနေရင် တွေ့ဖို့ ပြောနေတာပဲ "

သူမ၏ မျက်နှာလေးမှာလည်း ရှက်သွေးကြောင့် နီရဲသွားသည်။  ထို့နောက် သူမက ခေါင်းလေးငုံ့၍ ပြောလိုက်သည်။

" ကောင်းပါပြီ ၊ ဒါဆို .. နောက်သုံးလနေရင် ပြန်တွေ့ကြတာပေါ့ "

သူမသည် ထိုသို့ပြောပြီးသည်နှင့် နောက်လှည့်၍ ထွက်ပြေးသွား၏။

" ဟင် .. ဒီ မိန်းကလေးက ဘာတွေ ဖြစ်နေတာလဲ "

လောထျန်ူတစ်ဟောက်မှာမူ အံ့သြတကြီး ကျန်နေခဲ့သည်။

ရွှယ်လင်းလုံ ထွက်ခွာသွားပြီးနောက် လောထျန်းက ထောင့်တစ်နေရာသို့ ကြည့်ကာ ပြောလိုက်ပြန်၏။

" ဟေ့ .. ထွက်လာခဲ့လေ၊ ကျုပ် ခုနကတည်းက ခင်ဗျားကို ပြောနေတာ။ ဘာလို့ ပုန်းနေသေးတာလဲ "

ထို့နောက်တွင်မူ သခင်ကြီးကျိုး ပုန်းနေရာမှ ထွက်လာသည်။

" ဟား ဟား .. ငါ ထင်ထားသလို မင်းက သိနေတာပဲ ။ ငါက မင်းတို့ လူငယ်တွေအချင်းချင်း စကားပြောနေတာကို မနှောင့်ယှက်ချင်လို့ပါကွာ "

သခင်ကြီးကျိုး က အပြုံးဖြင့် ဆိုသည်။

" ခင်ဗျား ကျုပ်နောက်ကို တောက်လျှောက်လိုက်နေတာ တွေ့တယ် ။ ဘာပြဿနာများ ရှိလို့လဲ "

လောထျန်းက မေးလိုက်သည်။

သခင်ကြီးကျိုးက သူ့မုတ်ဆိတ်မွေးကို သပ်ကာ ပြန်ဖြေ၏။

" ငါ သိချင်တာ တစ်ခုရှိလို့ကွ ။ မင်းက ဘယ်သူလဲ "

လောထျန်းက ပြန်ပြောသည်။

" ကျုပ်က ပျောင်ပိုင်မြို့က လောထျန်းပဲ ။ ပြိုင်ပွဲမှာ စာရင်းသွင်းထားတဲ့ အချက်အလက်တွေကို ခင်ဗျားလဲ တွေ့မှာပါ "

သခင်ကြီးကျိုးက လောထျန်းအား ခြေဆုံးခေါင်းဆုံးကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။

စာရင်းမှ လောထျန်း၏ အချက်အလက်များကို သူ သေချာကြည့်ခဲ့သည်မှာ မှန်ပါသည်။

သို့သော် .. ထိုအချက်အလက်များကြောင့် သူ မယုံကြည်နိုင် ဖြစ်နေရခြင်းပင်။

စိတ်စွမ်းအင် စုဆောင်းခြင်း အဆင့် ၉ သာ ရှိသေးသည့် ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်က အဘယ့်ကြောင့် ဤမျှ အစွမ်းထက်နေရပါသနည်း။

၎င်းမှာ အနည်းငယ် ထူးဆန်းပေသည်။

သူ့ စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ ထိုလူငယ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည်လား ...

သခင်ကြီးကျိုးသည် ထိုသို့တွေးကာ သူ့စိတ်ဝိဥာဥ်အစွမ်းကို တိတ်တဆိတ်သုံး၍ လောထျန်းဆီသို့ ဖြန့်ကျက်လိုက်သည်။

အကယ်၍ လောထျန်းသာ စိတ်ဝိဥာဥ်အစွမ်းကို နားမလည်သူတစ်ယောက် ဆိုပါက သူ စိတ်ဝိဥာဥ်အစွမ်း ထုတ်လွှတ်ထားသည်ကို သိနိုင်မည်မဟုတ်ဟုလည်း သူ ယုံနေ၏။

ဤနည်းဖြင့် ဆိုပါက လောထျန်း၏ နောက်ခံ လျှို့ဝှက်ချက်များကို သူ တိတ်တဆိတ် စုံစမ်း၍ ရနိုင်ပေသည်။

သို့သော်  ....

သူ့စိတ်ဝိဥာဥ်အစွမ်းအား ကြောက်မက်ဖွယ် ဖိအားတစ်ခုက လွှမ်းခြုံလာသည်ကို သခင်ကြီးကျိုး ရုတ်တရက် ခံစားလိုက်ရ၏။

သခင်ကြီးကျိုး၏ စိတ်ဝိဥာဥ်အစွမ်းသည် ကျားသစ်တစ်ကောင် ဆိုပါက ..

သူ့ကို လွှမ်းခြုံဖိနှိပ်ထားသည့် စိတ်ဝိဥာဥ်အစွမ်းမှာ တောင်ကြီးတစ်လုံးဟုပင် ဆိုရမည်ဖြစ်သည်။

ထို စိတ်ဝိဥာဥ်အစွမ်းနှစ်ခု၏ ကွာခြားချက်မှာ ကြီးမားလှပေသည်။

ထိုအစွမ်းကသာ သူ့ကို ဆက်ဖိနှိပ်ထားပါက သူ့စိတ်ဝိဥာဥ်အစွမ်းမှာ လုံးဝ ပျက်စီးသွားရတော့မည်ဖြစ်သည်။

သို့သော် ..

ကံကာင်းစွာပင် လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် ဖိနှိပ်ထားရာမှ လွတ်ပေးလိုက်သည်။

သခင်ကြီးကျိုး နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွား၏။ သူ အသက်ကို ကြိုးစား၍ ဝအောင် ရှူလိုက်သည်။ သူ့အသက် ချမ်းသာရာ ရသွားခဲ့လေပြီ ။

" ခင်ဗျား ပြောချင်တာ တစ်ခုခု ရှိရင် ကျုပ်ကို တိုက်ရိုက်ပဲ မေးပါဗျာ။ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး တိတ်တဆိတ် မစုံစမ်းပါနဲ့။ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ။ နောက်တစ်ကြိမ် ထပ်လုပ်လို့ကတော့ ကျုပ် ခင်ဗျားကို သတ်ရလိမ့်မယ် "

လောထျန်းက သခင်ကြီးကျိုး ကို ကြည့်ကာ ပြောလိုက်သည်။

အု ..

ကျိုးလောမင် တစ်ယောက် တံတွေးပင် သီးသွား၏။

ယခင်ကသာ လောထျန်းက သူ့ကို သတ်မည်ဟု ပြောလာလျှင် သူ ထိုစကားကို လုံးဝ ယုံလိမ့်မည် မဟုတ်ပါ ။

ယခုတွင်မူ ..လောထျန်းက သူ့ကို သတ်နိုင်သည့် အစွမ်းရှိကြောင်း သူ သေချာပေါက် ပြောနိုင်ပေသည်။

လောထျန်း၏ အခြားအစွမ်းများ မဆိုထားဘိ ၊ စိတ်ဝိဥာဥ်အစွမ်း တစ်ခုတည်းကပင် ကြောက်စရာ ကောင်းလွန်းနေလေပြီ။ ထိုမျှ အစွမ်းထက်သည့် စိတ်ဝွဥာဥ်အစွမ်းမျိုးကို သခင်ကြီးကျိုး ယခုမှသာ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

ထျန်းယွမ်အင်ပါယာတွင်ပင် လောထျန်းနှင့် ယှဥ်နိုင်မည့်သူ တစ်ယောက်မှ မရှိနိုင်ပါချေ ။

" တောင်းပန်ပါတယ်ကွာ ၊ ရိုင်းသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါ "

သခင်ကြီးကျိုးက လောထျန်းအား ဦးညွှတ်၍ တောင်းပန်စကား ဆိုလိုက်သည်။

" အင်း .. ခင်ဗျား ပြောချင်တာ တစ်ခုခု ရှိလား "

လောထျန်းမှာမူ အနည်းငယ် စိတ်မရှည် ဖြစ်လာ၏။

သခင်ကြီးကျိုး က ချက်ချင်း ပြန်ဖြေသည်။

" အစကတော့ ငါက မင်းဘယ်သူလဲ ဆိုတာကို သိချင်လို့ကွ ။ ငါက မင်းကို လူငယ်ယောင်ဆောင်ပြီး ထျန်းရှန့်သိုင်းပြိုင်ပွဲကို လာပြိုင်တဲ့ အသက်ကြီးကြီး အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်နေမလားလို့ စိုးရိမ်နေတာ ။ အခုတော့ အဲ့လိုမဟုတ်မှန်း ယုံပါပြီ "

လောထျန်းက အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် ပြန်မေးသည်။

" ဟုတ်လား .. ဘာဖြစ်လို့ အဲ့လိုထင်တာလဲ "

သခင်ကြီးကျိုးက အပြုံးဖြင့် ပြန်ဖြေ၏။

" ဘာဖြစ်လို့လဲဆိုတော့ အဲ့လောက်အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း ရှိတဲ့ သူတစ်ယောက်က ခုလို လုပ်ရပ်မျိုး လုပ်မှာမဟုတ်လို့ပဲကွ။ ပြီးတော့ မင်းရဲ့အစွမ်းနဲ့ဆို မင်းလိုချင်တာကို အတင်းအားသုံးပြီး ယူလိုက်လို့ ရတာပဲ။ ခုလို ဝင်ပြိုင်နေစရာမှ မလိုတာ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဒါဆို အခု အားလုံးလဲ ရှင်းသွားပြီဆိုတော့ ကျုပ် သွားလို့ ရပြီလား "

သခင်ကြီးကျိုးက မြန်မြန် ပြန်ပြော၏။

" ခဏလေး နေပါဦး ၊ ငါ မင်းကို တစ်ခု ပြောစရာ ရှိသေးတယ် "

" ပြောလေ "

လောထျန်းထံမှ သဘောတူချက် ရသည်နှင့် သခင်ကြီးကျိုးက စကားဆက်သည်။

" သခင်လေးလောထျန်း .. ဆုမိတောင်က ကံတရားမျှော်စင်အကြောင်းကို ကြားဖူးမှာပေါ့ "

လောထျန်းက ခေါင်းယမ်းကာ ပြန်ဖြေ၏။

" ကျုပ် မသိဘူးဗျ "

သခင်ကြီးကျိုး မှာ ခေတ္တမျှ အံ့အားသင့်သွားသည်။ ထို့နောက် သူက အပြုံးဖြင့် ပြန်ပြော၏။

" မသိရင်လဲ ကိစ္စမရှိပါဘူး ။ ငါ မင်းကို အတိုချုပ် ရှင်းပြပေးမယ်။ ဒီကံတရားမျှော်စင်က ဆုမီတောင်ပေါ်မှာ အဖိုးတန်ရတနာတွေ အပေါများဆုံး နေရာသုံးခုထဲက တစ်ခုပဲ။ ကောလဟာလတွေအရဆိုရင် အဲ့မျှော်စင်ထဲမှာ ဝှက်ထားတဲ့ ရတနာတစ်ခု ရှိတယ်တဲ့ကွ ။ ဒါပေမယ့် ဟိုအရင်ကတည်းကနေ အခုထိ အဲ့ရတနာကို ဘယ်သူမှ မတွေးဖူးကြသေးဘူး "

" အခု ..သခင်လေး လောထျန်းကို ကျုပ်နဲ့အတူ လက်တွဲပြီး ကံတရားမျှော်စင်က ရတနာကို ထုတ်ယူဖို့ ဖိတ်ချင်တာ "

ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ခင်ဗျားက ဘာဖြစ်လို့ ကျုပ်နဲ့အတူ လက်တွဲချင်ရတာလဲ "

သခင်ကြီးကျိုး ကရှင်းပြသည်။

" ဘာဖြစ်လို့လဲဆိုတော့ .. ကံတရားမျှော်စင်ကို ဖွင့်ဖို့ဆိုရင် အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း လိုတယ်ကွ ။ ပြီးတော့ ငါ သိတဲ့ သူတွေထဲမှာ မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက အစွမ်းအထက်ဆုံးပဲလေ "

လောထျန်း နားလည်သွား၏။ ထို့နောက် သူက ဆက်ပြောသည်။

" ဒါဆိုရင် ကျုပ်က ဘာလို့ ခင်ဗျားနဲ့ ပူးပေါင်းစရာ လိုမှာလဲ "

မှန်ပါသည် ။ အကယ်၍စိတ်ဝိဥာဥ်အစွမ်း တစ်မျိုးတည်းဖြင့်သာ ထိုရတနာကို ယူနိုင်မည်ဆိုပါက သခင်ကြီးကျိုး ကို အဘယ့်ကြောင့် လိုအပ်ပါတော့မည်နည်း။

သခင်ကြီးကျိုးက ပြုံး၍ ပြန်ပြော၏။

" ဘာလို့လဲဆိုတော့ ကံတရားမျှော်စင်ကို ဖွင့်ဖို့ဆိုရင် စိတ်ဝိဥာဥ်အစွမ်းအပြင်ကို ၊ အထူး သော့တစ်ခုလဲ လိုသေးလို့ပဲ ။ ငါ့ဆီမှာ အဲ့ဒီ သော့ ရှိတယ် "

" မင်း သဘောတူရင် ငါတို့ချင်း အတူတူပူးပေါင်းပြီး ကံတရားမျှော်စင်ကို ဖွင့်လို့ရပြီ ။ အဲ့ကျရင် ဘယ်လို ရတနာမျိုးပဲ တွေ့တွေ့ မင်းနဲ့ ငါနဲ့ အညီအမျှ ခွဲယူကြမယ် ၊ ဘယ်လိုလဲ "

သူ့စကား ဆုံးသောအခါ လောထျန်း ခေါင်းအသာအယာ ညိတ်လိုက်သည်။

" ကောင်းပြီလေ ၊ ဘာမှလဲ အလုပ်ရှုပ်တာမှ မဟုတ်ဘဲ ။ ဒီတော့ လောလောဆယ် သဘောတူထားလိုက်မယ် "

သခင်ကြီးကျိုး အလွန်ပျော်ရွှင်သွား၏။

" ဒီလိုဆိုရင် ကောင်းတာပေါ့ကွာ ။ ကဲ .. ဒါဆို နောက်သုံးလနေရင် ဆုမီတောင်မှာ တွေ့ကြတာပေါ့ "

လောထျန်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

" ကောင်းပါပြီ ၊ အဲ့ကျ တွေ့တာပေါ့ "

ထို့နောက်တွင်မူ သခင်ကြီးကျိုး က လောထျန်းအား ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွား၏။

သခင်ကြီးကျိုး ထွက်သွားပြီးသည်နှင့် လောထျန်းက ရှေ့သို့ ခြေလှမ်းအနည်းငယ် ဆက်လျှောက်လိုက်သည်။ သို့သော် သူ ချက်ချင်း ရပ်သွားကာ နောက်လှည့်၍ တစ်နေရာသို့ ကြည့်လိုက်၏။ ထို့နောက် သူ့ဓားကို ‌ေမြှာက်ကာ ထိုနေရာဘက်သို့ ချိန်လိုက်သည်။

ဝှစ် ..

ဓားအလင်းတန်းတစ်ခု ရုတ်ချည်း ထွက်လာပြီး ၎င်းက လေထုကို ခွင်းကာ မိုင်ပေါင်းများစွာ ဖြတ်သန်းသွားပြီး  မြို့ရိုးပေါ်မှ မှောင်မည်းနေသည့် ထောင့်တစ်ခုဆီသို့ ကျသွားသည်။

ထို မြို့ရိုးပေါ်တွင်မူ အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ရှိနေပြီး သူ့ပုခုံးထက်တွင် ကျီးကန်းတစ်ကောင်လည်း ရှိနေ၏။ ထိုလူက လောထျန်းအား အဝေးမှ စိုက်ကြည့်နေသည်။

ထို့နောက် .. ထိုလူ တုန့်ပြန်ရန် အချိန်မရလိုက်ခင်မှာပင် လောထျန်း၏ ဓားစွမ်းအင်က သူ့ခေါင်းထဲသို့ ဖြတ်ဝင်သွားတော့သည်။

ဗျစ် ...

ချက်ချင်းပင် အမည်းရောင်သွေးများ ပန်းထွက်လာ၏။

All Chapters