← Chapters

လေ့လာစရာ သိုင်းပညာရပ်များ နည်းပါးခြင်း

Vol. 10 Ch. 128

လေ့လာစရာ သိုင်းပညာရပ်များ နည်းပါးခြင်း

Vol. 10 Ch. 128

အသံတစ်သံနှင့်အတူ အနက်ရောင်ဝတ်လူ ကြမ်းပေါ်သို့ လဲကျသွား၏။  သူ့ပုခုံးပေါ်မှ ကျီးကန်းသည်လည်း ဘေးသို့ ပျံထွက်သွားသည်။

ထိုစဥ် အဝေးတွင် ရပ်နေသည့် လောထျန်းက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

" မင်းက ငါ ဒီနေရာကို စရောက်ကတည်းက ငါ့ကို နောက်ယောက်ခံလိုက်နေတာ ။ ငါ မင်းကို အကြိမ်ရေ အများကြီး သတိပေးခဲ့တာတောင် မင်းက ဘယ်လိုရပ်ရမှန်းမှ မသိတာ "

ထို့နောက် သူက ထိုနေရာဘက်သို့ တစ်ချက်ကြည့်ကာ နောက်လှည့်၍ ထွက်ခွာသွားလိုက်၏။

မြို့ရိုးပေါ်တွင်မူ ခေါင်းမရှိတော့သည့် အလောင်းတစ်လောင်း ငြိမ်သက်စွာ လဲကျနေသည်။

သို့သော် ထိုအချိန်မှာပင် ကျီးကန်းက တောင်ပံတစ်ဖျတ်ဖျတ်၍ ပြန်ရောက်လာသည်။

၎င်းက အလောင်း၏ ဘယ်ဘက်ဘေးနှင့် ညာဘက်ဘေးသို့ နှစ်ကြိမ်တိတိ ပျံသန်းလိုက်၏။ ထို့နောက် ၎င်းကျီးကန်းက ပါးစပ်ဟကာ အလောင်းအား ကိုက်လိုက်သည်။

ထိုအချိန်မှာပင် .. အလောင်းကောင်၏ လက်က ရုတ်တရက် လှုပ်ရှားလာ၏။

ဝုန်း ..

ထိုလက်က ဆန့်ထွက်လာကာ ကျီးကန်း၏ လည်မျိုကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက်တွင် ကျီးကန်း၏ ကိုယ်ထဲမှ မရေမတွက်နိုင်သော အမည်းရောင် လေများ စီးထွက်လာ၏။ ကျီးကန်းမှာမူ ထိုလူ၏ လက်ထဲတွင် ရုန်းကန်နေသည်။

နောက်ဆုံးတွင်မူ ... ကျီးကန်းဆီမှ ထွက်လာသည့် အမည်းရောင်လေထုက အလောင်းပေါ်တွင် စုစည်းသွားကာ ထိုလူ၏ ခေါင်း ပြန်ပေါ်လာ၏။ ထိုခေါင်းပေါ်၌  ယခင်ကအတိုင်း ဦးထုပ်လေးပင် ပြန်ပေါ်လာသည်။

ထိုအချိန်မှသာ ထိုလူက သူ့လက်ထဲမှ ကျီးကန်းကို လွှတ်ပေးလိုက်သည်။

" ဒီကောင်က ကြောက်စရာ ကောင်းလိုက်တာ ... ငါသာ အသက်ရှင်နေသေးတယ်ဆို သူ့လက်ချက်နဲ့ သေမှာပဲ "

သူ တီးတိုး ရေရွတ်၏။

ထို့နောက် သူက လောထျန်း ပျောက်ကွယ်သွားသည့်ဘက် လှမ်းကြည့်ကာ ပြောလိုက်သည်။

" ဟိုကောင်က ဒီကောင်လေးနဲ့ ဘယ်လိုမှယှဥ်နိုင်မှာ မဟုတ်ဘူး။ ငါ သူ့ကို သွားပြီး သတိပေးရမယ် "

သူ ထိုသို့ပြောကာ ထွက်ခွာလူဆဲဆဲမှာပင် ..

ရုတ်တရက် ရပ်သွား၏။

" ဟာ..ဟုတ်သားပဲ ၊ ငါကလဲ တုံးလိုက်တာ။ တကယ်လို့ သူသာ ဆက်ရှိနေဦးမယ်ဆိုရင် ငါ သူ့ရဲ့ ပိုင်နက်နယ်မြေကို ရမှာ မဟုတ်ဘူးလေ။ အဲ့တော့ ဘာလို့ သတိပေးနေဦးမှာလဲ "

" ငါ အပြင်ထွက်လာတာ ကြာပြီဆိုတော့ ပြန်သွားပြီး အခြေအနေ သွားကြည့်သင့်ပြီ ။ ကဲ .. သွားကြစို့ "

ထို့နောက်တွင်မူ သူသည်  ကျီးကန်းများကို ခေါ်ယူလိုက်ပြီး အမည်းရောင် မြူမှုန်လုံးကြီးတစ်ခု အဖြစ် ပြောင်းလဲကာ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။

ထိုစဥ် မြို့တော် အပြင်ဘက်တွင် ..

" သခင်လေး ၊ ပြန်လာပြီလား "

မြို့အဝင်ဝတွင် နေရာမှ မခွာဘဲ စောင့်ဆိုင်းနေသည့် ဘုရင်ကျင်းဖန်က ပြောလိုက်သည်။

" အင်း .. အားလုံး အဆင်ပြေပြေ ပြီးသွားပြီဆိုတော့ ငါတို့တွေ အိမ်ပြန်လို့ရပြီ။ ဒါနဲ့ မင်းရော ပြီးခဲ့တဲ့ ရက်ပိုင်းတွေ ဘယ်လိုနေသေးလဲ "

လောထျန်းက မေးလိုက်သည်။

ဘုရင်ကျင်းဖန် ပြန်ဖြေ၏။

" ကျုပ်ကို ခေါင်းမူးပြီး အော့အန်အောင် လုပ်တဲ့ အရောင်အဝါက လွန်ခဲ့တဲ့ရက်တွေက တောက်လျှောက် ရှိနေခဲ့တာဗျ။ ဒါပေမယ့် စောနကလေးတင် ဒီအရောင်အဝါ ပျောက်ကွယ်သွားတယ် "

လောထျန်း အံ့အားသင့်သွားရသည်။

" ဟင် .. ဒီတိုင်း ရုတ်တရက်ကြီး ပျောက်သွားတာလား။ ဒီအရောင်အဝါပိုင်ရှင်က ထျန်းရှန့်သိုင်းပြိုင်ပွဲကို လာပြိုင်တာများလား ။ ဒါပေမယ့် ... ဒါလဲ မဖြစ်နိုင်ဘူး ။ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ထူးခြားတဲ့သူ တစ်ယောက်မှ မရှိဘူးကွ "

ထိုအကြောင်းကို ထပ်ခါထပ်ခါ စဥ်းစားလိုက်သေးသော်လည်း အဖြေလုံးဝ မထွက်သဖြင့် လောထျန်း ဆက်မစဥ်းစားတော့ဘဲ ရပ်လိုက်သည်။

" ထားလိုက်ပါကွာ .. သွေးကို ဖိနှိပ်ထားတာ ဖြစ်မှာပါ။ အခုတော့ အိမ်ပြန်ကြတာပေါ့ "

" ဟုတ်ကဲ့ "

ဤသို့ဖြင့် ရက်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ သူတို့နှစ်ဦး ပျောင်ပိုင်မြို့သို့ ပြန်ရောက်လာကြသည်။

သူတို့မရှိသည့် ရက်များအတွင်း ပျောင်ပိုင်မြို့မှ စိတ်စွမ်းအင်များက သိသိသာသာပင် တိုးတက်လာခဲ့၏။

တစ်မြို့လုံး ယခင်ကထက် များစွာပို၍ အသက်ဝင်နေလေပြီ ။

မြို့သို့ မဝင်ခင်ကတည်းကပင် မြို့ထဲ၌ သူ မရင်းနှီးသည့် ထုံရွှယ်အဆင့် ကျင့်ကြံသူများစွာ ရောက်နေကြသည်ကို လောထျန်း သတိထားမိခဲ့သည်။

သို့သော် သူတို့၏ အရောင်အဝါက ရန်လိုဟန် မရှိကြပါချေ ။  ထိုလူများမှာ စိတ်စွမ်းအင်အတွက်သာ လာခဲ့ခြင်း ဖြစ်နိုင်ပေရာ  သူ လစ်လျူရှုထားလိုက်သည်။

မကြာမီပင် .. သူတို့နှစ်ဦး လောမိသားစု အိမ်တော်သို့ ပြန်ရောက်လာကြ၏။

သူတို့ ပြန်လာသည်ကို မြင်သည်နှင့် အားလုံး ပျော်ရွှင်သွားကြသည်။

လောထျန်းက မြို့ထဲမှ လူများ၏ အခြေအနေအား မေးလိုက်သည်။

လောဖုန်းက ရှင်းပြ၏။

" ဒီလူတွေက ပြီးခဲ့တဲ့ သုံးလေးရက် လောက်က ပျောင်ပိုင်မြို့ကို ရောက်လာကြတာကွ။ အစပိုင်းတော့ ဒီကောင်တွေက ရှူးရှူးရှားရှားနဲ့ ရန်ရှာကြသေးတယ်။ ငါတို့ လောမိသားစုကိုတောင်မှ ခြိမ်းခြောက်ပြီးတော့ ပျောင်ပိုင်မြို့ရဲ့ တစ်ဝက်ကို ပေးဖို့ တောင်းဆိုခဲ့ကြသေးတယ်။ ဒါပေမယ့်  နျိုဝူဖုန်းက တင်းပုတ်တစ်လက်နဲ့ ထွက်လာပြီး စကားပြောလိုက်တော့ ဒီကောင်တွေ ငြိမ်ကျသွားတာပဲ "

လောထျန်း မျက်မှောင်ကြုံ့သွားကာ နျိုဝူဖုန်းအား မေးလိုက်သည်။

" မင်းက သူတို့ကို ဘာဖြစ်လို့ အသေမရိုက်သတ်လိုက်တာလဲ "

ထို အမှိုက်တစ်စုက သူ့အိမ်တံခါးဝအထိ လာပြီး သူ့မိသားစုကို ခြိမ်းခြောက်ခဲ့သည်တဲ့လား .. ။ နျိုဝူဖုန်းက ထိုလူများကို အဘယ့်ကြောင့် အသေမသတ်ခဲ့ပါသနည်း ။

လောထျန်း မကျေမနပ် ဖြစ်သွား၏။

နျိုဝူဖုန်းမှာ လောထျန်း စိတ်ဆိုးနေသည်ကို ​​မြင်ကာ ကြောက်ပြီး စကားမပြောနိုင်သဖြင့် လောဖုန်းက ဝင်ပြောလိုက်ရသည်။

" ငါက သူ့ကို မသတ်ဖို့ ပြောလိုက်တာကွ ။ အခု ငါတို့ ပျောင်ပိုင်မြို့က တိုးတက်နေတဲ့ အချိန်ဆိုတော့ တရားမျှတမှုနဲ့ စေတနာကို ရှေ့ထားပြီး လုပ်သင့်တယ်ထင်တယ် "

လောထျန်းက သဘောမတူဟန်ဖြင့် ပြန်ပြောသည်။

" သူတို့ကို သတ်လိုက်တာကမှ စေတနာနဲ့ တရားမျှတမှု ကို ရှေးရှုတာ မဟုတ်ဘူးလားဗျ "

ထိုစဥ် လောမိသားစုသို့ ရောက်နေသည့် နျိုဝူဖုန်း၏ အမေ ၊ နျိုထျဲ့ချူကလည်း လက်မထောင်၍ ဝင်ပြော၏။

" အကိုကြီးပြောတာ အဓိပ္ပါယ်ရှိတယ် ။ တကယ်တော့ ကျွန်မလဲ အစက ဒီလူတွေကို အသေ ရိုက်သတ်ဖို့ အကြံပေးခဲ့သေးတယ်။ ဒါပေမယ့် အဖေနဲ့ ယဲ့ထုံလင်းက သဘောမတူကြတော့ နောင်ကျဥ်သွားအောင်ပဲ ရိုက်ခိုင်းလိုက်တာ "

လောဖုန်းက အောင့်သက်သက်ပြုံး၍ ပြောသည်။

" ငါက မင်း ရန်သူတွေများမှာ စိုးရိမ်လို့ပါကွာ "

လောထျန်းက ဂရုမစိုက်ဟန်ဖြင့် အေးအေးဆေးဆေး ပြန်ပြော၏။

" ဒီလူတွေက ကျွန်တော့်ရဲ့ ရန်သူဖြစ်ဖို့ မထိုက်တန်ဘူး အဖေရဲ့။ အခုဆို ပျောင်ပိုင်မြို့က စိတ်စွမ်းအင်က တအားအစွမ်းထက်နေပြီ ။ ဒီတော့ အနှေးနဲ့အမြန် ဆိုသလို တခြားသူတွေလဲ ဒီအကြောင်းကို သိပြီး ရောက်လာကြမှာပဲ ။ အဲ့ကျရင် ကျွန်တော်တို့ က မလာစေချင်ရင်တောင် တားလို့ရမှာ မဟုတ်ဘူး "

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

လောထျန်းပြောသည့် စကားက အမှန်ဆိုသည်ကို သူတို့အားလုံး သိပေသည်။

ယခုဆိုလျှင် ပျောင်ပိုင်မြို့ရှိ စိတ်စွမ်းအင်က အလွန်အစွမ်းထက်နေပြီး မြို့ထဲမှ ကြောင်များ၊ ခွေးများသည်ပင် မြို့ပြင်မှ ကျားသစ်များ ၊ ကျားများထက် ပိုအစွမ်းထက်နေပြီဖြစ်သည်။

သို့ဖြစ်ရာ ပျောင်ပိုင်မြို့အား လုံးဝ ဘေးကင်းလုံခြုံစွာ ကာကွယ်ရန်မှာ မဖြစ်နိုင်ပါချေ။

" ဒီတော့ ရန်သူတွေလာတဲ့အခါကျရင် ကျွန်တော်တို့မှာရှိတဲ့ တပ်သားတွေနဲ့ တိုက်ခိုက်ရမယ်။ ရေတွေဝင်လာရင် မြေကြီးနဲ့ ကာရမယ်ဗျာ ။ ဒါနဲ့ .. စကားမစပ် ၊ မိသားစုထဲက ညီအကိုတွေရဲ့ ကျင့်ကြံခြင်းအခြေအနေရော ဘယ်လိုရှိကြပြီလဲ "

လောထျန်း မေးလိုက်သည်။

" အင်း .. မိသားစုထဲက လူတွေရဲ့ ကျင့်ကြံခြင်းကတော့ အများကြီး တိုးဆက်လာကြတယ်ကွ။ အခုဆို မိသားစုထဲမှာ ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်တဲ့သူ အယောက် လေးဆယ်ကျော်တောင် ရှိနေပြီ။ လူငယ်တွေထဲမှာလဲ အယောက် ၁၂၀ ကျော်လောက် စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်ကို ရောက်သွားကြပြီ ။ သူတို့ထဲက ၇ ယောက်ဆိုရင် စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၉ ရဲ့ ထိပ်ဆုံးကိုတောင် ရောက်နေကြပြီ။ သူတို့တွေက သိပ်မကြာခင် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်ကို ရောက်ကြတော့မှာ "

" ပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ထက် သူတို့ရဲ့အစွမ်းက ပိုတိုးတက်လာတယ်ကွ ။ သူတို့ရဲ့ တိုက်ရည်ခိုက်ရည် အစွမ်းက သူတို့နဲ့ ကျင့်ကြံခြင်းအဆင့်တူတဲ့ သူတွေထက် အများကြီး ပိုသာကြတယ်။ ဒီလူငယ်လေးတွေက အချိန်တစ်ခု ကြာတာနဲ့ အစွမ်းထက်တဲ့ သိုင်းသမားတွေ ဖြစ်လာပြီး နာမည်ကျော်လာကြမှာ သေချာတယ် "

အကြီးအကဲတစ်ယောက်က ပြောပြလိုက်သည်။

လောဖုန်းကလည်း ဝင်ပြော၏။

" ဒါပေမယ့် .. ခုလောလောဆယ် နည်းနည်း ပြဿနာဖြစ်နေတာ တစ်ခုတော့ ရှိတယ် "

" ဘာများလဲ "

လောထျန်း မေးလိုက်သည်။

လောဖုန်းက သက်ပြင်းချ၍ ပြန်ဖြေ၏။

" အင်း .. အခုလက်ရှိ မိသားစုမှာ ရှိတဲ့ သိုင်းကျင့်စဥ်တွေနဲ့ ပညာရပ်တွေက အဆင့်နိမ့်သလို တော်တော်လေးလဲ နည်းတယ်ကွ ။ သား ပေးခဲ့တဲ့ ကျင့်စဥ်တွေနဲ့ သိုင်းပညာရပ်တွေက အင်မတန် အစွမ်းထက်တာ မှန်ပေမယ့် ကျင့်ကြံဖို့အတွက် ခက်ခဲလွန်းတယ်။ မိသားစုဝင်အများစုက ဒီပညာရပ်တွေကို လုံးဝ ကျွမ်းကျင်အောင် မလုပ်နိုင်ကြဘူး "

" ပြီးတော့ ငါတို့ လောမိသားစုရဲ့ အခြေခံအုတ်မြစ်တင်မကဘူး ၊ ပျောင်ပိုင်မြို့ရဲ့ အခြေခံကပါ အစွမ်းနိမ့်လွန်းနေတော့ ငါတို့ဆီမှာ ရှိတဲ့ သိုင်းကျင့်စဥ်တွေကလဲ အဆင့်နိမ့်တာတွေပဲ ရှိတယ်။ ဒီတိုင်းဆို ကျင့်ကြံလဲ ဘာမှ ထူးမှာ မဟုတ်ဘူး .. "

လောထျန်း အခြေအနေကို နားလည်သွားသည်။

ယခုလက်ရှိ လောမိသားစုတွင် ရှိသည့် ကျင့်စဥ်နှစ်ခုမှာ အစွမ်းအထက်ဆုံးနှင့် အစွမ်းအနိမ့်ဆုံး ဖြစ်နေခြင်းပင် ...

သူ သင်ပေးခဲ့သည့် သိုင်းကွက်အချို့မှာ သိုင်းပညာရပ်တွင် ထိပ်သီးကျင့်စဥ်များဟု ပြော၍ ရပေသည်။ သို့ဖြစ်ရာ ၎င်းက အစွမ်းထက်သည့်တိုင် လေ့ကျင့်နိုင်သူ များများစားစား မရှိချေ။

လောမိသားစုတွင် ယခင်ကတည်းက ရှိထားသည့် သိုင်းကျမ်းများကမူ အဆင့်နိမ့်လွန်း၍ အောက်ခြေသို့ပင် ရောက်နေပေသည်။

၎င်းက ယခင်အတိတ်တွင် အသုံးဝင်ကောင်း ဝင်နိုင်မည် ဖြစ်သော်လည်း ယခုလက်ရှိ လောမိသားစုအတွက် လုံးဝ သုံးမရပေ။

အမှန်တွင်မူ ထိုအဆင့်နှစ်ခုကြားတွင် များစွာသော သိုင်းပညာရပ်များနှင့် ကျင့်စဥ်မျိုး ရှိနေသင့်သော်လည်း ထိုအရာမျိုး လုံးဝ ရှိမနေခြင်းက ပြဿနာတစ်ခု ဖြစ်နေ၏။

လောထျန်း မေးစေ့ကို ပွတ်ကာ ခဏတာ စဥ်းစားလိုက်သည်။ ထို့နောက် သူ ပြော၏။

" ဟုတ်သားပဲ ... နျိုဝူဖုန်း ၊ ဟိုရက်ပိုင်းက မင်း ရိုက်လိုက်တဲ့သူတွေကို သွားခေါ်လာခဲ့ "

" ဟုတ်ကဲ့ "

လောထျန်း၏ စကားဆုံးသည်နှင့် နျိုဝူဖုန်းက တင်းပုတ်ကို ကိုင်ကာ ထွက်သွားသည်။

" ဟင် .. ထျန်းလေး .. မင်း ဘာလုပ်မလို့လဲ "

လောဖုန်း နားမလည်နိုင် ဖြစ်သွားသည်။

မကြာမီပင် နျိုဝူဖုန်းနှင့်အတူ ထုံရွှယ်အဆင့် ကျင့်ကြံသူများ ပြန်ရောက်လာကြ၏။

" မင်းက ဘာလုပ်မလို့လဲကွ ။ ငါတို့တွေ သေချာ ပြောထားပြီးကြပြီ မဟုတ်ဘူးလားကွာ "

သူတို့ထဲမှ တစ်ယောက်က ဖူးယောင်နေသော မျက်နှာ ၊ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

သူ့အား နျိုဝူဖုန်းက နောင်ကျဥ်အောင် ရိုက်ထားသည်မှာ သိသာပေသည်။

လောထျန်းက သူ့ကိုကြည့်ကာ အေးစက်စက် ပြော၏။

" မင်တို့တွေက တော်တော်အတင့်ရဲတာပဲ ။ မင်းတို့က ကျုပ် အိမ်မှာ မရှိတဲ့အချိန် အိမ်ကိုလာပြီး ပျောင်ပိုင်မြို့ တစ်ဝက်ပေးအောင်တောင် ခြိမ်းခြောက်လိုက်ကြသေးတယ် "

" ဟင် .. မင်းက လောထျန်းလား "

ထိုစကားကို ကြားသောအခါ နျိုဝူဖုန်းနှင့် ပါလာသူများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

သူတို့ ယခင်က လောထျန်းကို မသိသည့်တိုင် ပျောင်ပိုင်မြို့သို့ ရောက်သည့်အချိန်မှစ၍ လောထျန်းသတင်းကို များစွာ ကြားခဲ့ကြရ၏။

" ငါတို့ .. ဘာလုပ်ပေးရမလဲ "

တစ်ယောက်က တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်သည်။

လောထျန်းက သူတို့ကို ကြည့်ကာ အေးစက်စက် ပြန်ပြောသည်။

" ငါ မင်းတို့ကို တစ်ခုမေးမယ်။ မင်းတို့ အသက်ဆက်ရှင်လား ၊ သေချင်လား "

All Chapters