← Chapters

တံခါးဝရှေ့သို့ အရောက်ခေါ်ခြင်း

Vol. 10 Ch. 129

တံခါးဝရှေ့သို့ အရောက်ခေါ်ခြင်း

Vol. 10 Ch. 129

" အသက်မရှင်ချင်ဘဲ ဘယ်နေပါ့မလဲဗျာ "

မျက်နှာတွင် ဒဏ်ရာနှင့်လူက ပြန်ပြောသည်။

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ ၊ ဒါဆိုရင် မင်းတို့ တစ်ယောက်ချင်းစီက ကျုပ်အတွက် သိုင်းကွက် တစ်ရာစီ ပုံဖော် ရေးပေးရမယ် "

ထိုစကားကို ကြားသောအခါ ကျန်လူများ အံ့သြတုန်လှုပ်သွားပြီး ပြော၏။

" သိုင်းကွက် တစ်ရာတောင် .. မများလွန်းဘူးလားဗျာ "

လောထျန်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

" မရေးနိုင်ဘူးလား ။ ကောင်းပြီလေ ၊ နျိုဝူဖုန်း .. ဒီကို လာခဲ့ဟေ့ ။ ဒီကောင်တွေကို တုတ်တစ်ချောင်းနဲ့ သေအောင် လာရိုက်စမ်း "

" ဟုတ်ကဲ့ "

နျိုဝူဖုန်းက တင်းပုတ်ကို မြှောက်ကာ တိုက်ခိုက်ရန် ရွယ်လိုက်သည်။

" ခဏ .. ခဏလေး နေပါဦးကွာ ။ ငါ ရေးပေးပါ့မယ် "

သူတို့ထဲမှ တစ်ယောက်က အရှုံးပေးလိုက်၏။

လောထျန်း ခေါင်းညိတ်၍ ပြောလိုက်သည်။

" ကောင်းပြီ ၊ တစ်ခုတော့ မှတ်ထားကြနော်။ မင်းတို့ရေးတဲ့ သိုင်းကွက်တွေက တစ်ယောက်နဲ့တစ်ယောက် တူနေလို့ မရဘူး။ ရေးလို့ ပြီးသွားတာနဲ့ လူတစ်ယောက်လွှတ်ပြီး စစ်ခိုင်းမှာ ၊ တူနေတာတွေ တွေ့လို့ကတော့ နောက်မှ ရေးတဲ့သူကို တရားမဝင်ဘူးလို့ သတ်မှတ်မယ် "

" ပြီးတော့ မင်းတို့ရေးတဲ့ သိုင်းကွက်တွေကလဲ ထိပ်တန်းအဆင့် သိုင်းကွက်တွေပဲ ဖြစ်ရမယ်။ အဲ့လိုမဟုတ်ဘဲ တစ်ရာမြန်မြန်ပြည့်အောင် ဆိုပြီး အမှိုက်တွေကို ရေးထားလို့ကတော့ နျိုဝူဖုန်းကိုလွှတ်ပြီး အသေရိုက်သတ်ခိုင်းမှာ "

" ဘယ်လို .. "

ထိုစကားကို ကြားသောအခါ သူတို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းသွားကြသည်။

သိုင်းကွက်များ ထပ်၍ မရသလို ထိပ်တန်းအဆင့် ဖြစ်နေရမည်တဲ့လား ...

၎င်းမှာ ခက်လွန်းလှပေသည်။

ထိုစဥ် လောထျန်း၏ မျက်နှာ သုန်မှုန်သွားကာ ပြောလာ၏။

" ဘာပြောချင်ကြသေးလဲ "

သူတို့အားလုံး ချက်ချင်း ခေါင်းငုံ့သွားကာ ပြန်ဖြေလိုက်ကြသည်။

" ဘာမှ ပြောစရာ မရှိပါဘူး "

လောထျန်းက ၎င်းကို မြင်မှသာ ခေါင်းညိတ်၍ ပြော၏။

" ကောင်းပြီ ။ ကျုပ်ပြောတဲ့အတိုင်း ရေးလို့ပြီးသွားတာနဲ့ လွတ်လပ်ခွင့် ပြန်ရမယ်။ တကယ်လို့ ပျောင်ပိုင်မြို့မှာ ဆက်နေချင်တယ်ဆိုရင်လဲ မင်းတို့အတွက် နေစရာနေရာတစ်ခု ပေးမယ်။ မနေဘဲ ပြန်ထွက်သွားမယ်ဆိုရင်လဲ တားမှာ မဟုတ်ဘူး "

" ကောင်းပါပြီ "

သူတို့အားလုံး ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် လောထျန်းက လောဖုန်းဘက်လှည့်၍ ပြော၏။

" အဖေ ၊ အခု ပျောင်ပိုင်မြိုမှာ စိတ်စွမ်းအင်က ကြွယ်ဝနေတာဆိုတော့ နောက်ကျရင် အစွမ်းထက်တဲ့သူတွေ သေချာပေါက် ရောက်လာကြမှာပဲ။ အဲ့တော့ ဘယ်သူပဲ လာလာ ပျောင်ပိုင်မြို့ကို ဝင်ချင်ရင် အစွမ်းထက်တဲ့ သိုင်းကွက်တွေ ပေးရမယ်လို့ ကြေငြာလိုက်ပါ။ ပေးရမယ့် သိုင်းကွက် အရေအတွက်ကိုတော့ အားလုံး စုပြီး ဆုံးဖြတ်ကြတာပေါ့ "

" တကယ်လို့ ထိပ်တန်းအဆင့် သိုင်းကွက်ပေးမယ်ဆိုရင် ၁ ကွက်တည်းနဲ့ လုံလောက်တယ်။ နည်းနည်းအစွမ်းနိမ့်တယ် ဆိုရင်တော့ ဆယ်ကွက် ၊ အဲ့ထက် တအားကြီး အစွမ်းနိမ့်တယ်ဆိုရင်တော့ မြို့ထဲ ပေးမဝင်နဲ့ဗျာ "

" ကောင်းပါပြီ "

အားလုံး ခေါင်းညိတ် သဘောတူလိုက်ကြသည်။

သို့သော် .. ထိုစကားကြောင့် ရှေ့တွင် ရောက်နေကြသူများ တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ လှမ်းကြည့်လိုက်ကြ၏။

" ဟို .. သခင်လေး လောထျန်း ၊ သူတို့ကျ သိုင်းကွက် ၁ ကွက် နဲ့ ၁၀ ကွက်ပဲ လိုပြီးတော့ အခု ကျုပ်တို့က ဘာဖြစ်လို့ သိုင်းကွက် ၁၀၀ တောင် ရေးစရာလိုတာလဲ "

တစ်ယောက်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။

လူအချို့ မကျေမနပ် ဖြစ်နေကြသည်မှာ သိသာပေသည်။

လောထျန်းက သူ့ကို ကြည့်ကာ ပြန်ဖြေ၏။

" ဘာဖြစ်လို့လဲဆိုတော့ ဒီ သိုင်းကွက်တွေနဲ့မှ မင်းတို့အသက်ကို ဝယ်လို့ရမှာမို့လေ ။ မင်းတို့တွေ ပြဿနာရှာနေတဲ့အချိန် ကျုပ် အိမ်မှာ မရှိတာပဲ ကံကောင်းတယ်မှတ်ပါ။ မဟုတ်လို့ကတော့ ဘယ်သူမှ မင်းတို့အသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ပေါ်က နတ်မင်းကြီး ဆင်းကယ်ရင်တောင် ရမွယ်မထင်နဲ့ "

အစောက စောဒကတက်နေခဲ့သည့် သူများမှာ လောထျန်း၏ ကိုယ်အရောင်အဝါကြောင့် ကြောက်ရွံ့သွားပြီး စကားပြန်မပြောရဲကြတော့ချေ။ ထို့နောက် သူတို့အားလုံး လောထျန်းညွှန်ပြသည့် နေရာသို့ အသံတိတ် ထွက်သွားကာ သိုင်းကွက်များ ချရေးနေကြတော့သည်။

ထို့နောက်တွင်မူ လောထျန်းက မိသားစုဝင်များအား ကိစ္စအချို့ ရှင်းပြကာ မိမိနေရာသို့ ပြန်သွားကြရန် ပြောလိုက်သည်။ အားလုံး ထွက်သွားပြီးနောက် သူသည်လည်း အခန်းသို့ ပြန်၍ အနားယူလိုက်၏။

နောက် သုံးရက် ကြာပြီးနောက် ...

မြို့တော်အရှေ့ဘက် မိုင်တစ်ရာကျော်ခန့် ကွာဝေးသည့်  တစ်နေရာ၌ ...

ဝှစ် .. ဝှစ် ..ဝှစ် ..

လောထုကို ခွင်းလာသည့် အသံသုံးသံ ထွက်ပေါ်လာပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသုံးဦး ဓားများကို စီးနင်းကာ ရောက်လာကြသည်။

" စိတ်စွမ်းအင်တွေ ကြွယ်ဝလှချည်လား။ အကြီးအကဲပြောတဲ့ နေရာက ဒီနေရာပဲ ဖြစ်မယ်နဲ့တူတယ် "

ထိုသုံးယောက်ထဲမှ တစ်ယောက်က ခပ်လှမ်းလှမ်းမှ ပျောင်ပိုင်မြို့ဘက်သို့ လှမ်းကြည့်ကာ အပြုံးဖြင့် ဆိုလိုက်သည်။

" ဒီလို ချောင်ကြိုချောင်ကြား  နေရာမျိုးမှာ စိတ်စွမ်းအင်တွေ သိပ်သည်းနေတာ မယုံနိုင်စရာပဲ "

သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကလည်း မျက်မှောင်ကြုံ့၍ ပြော၏။

" ဘာမဟုတ်တဲ့ နိုင်ငံငယ်လေး တစ်ခုမှာ ဒီလို နေရာမျိုး ရှိနေတယ်ပေါ့ ။ စိတ်စွမ်းအင် အရင်းအမြစ်တွေ နှမျောစရာ ကောင်းလိုက်တာကွာ "

သူတို့ထဲမှ ခေါင်းဆောင်လူကြီးကမူ နောက်ကျောတွင် ဓားတစ်လက်ကို လွယ်ပိုးထားပြီး ဒေါသထွက်နေဟန် ပေါက်နေသည်။

" အခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ အကြီးအကဲတွေ လာတဲ့အထိ စောင့်ကြမလား "

ပထမလူက မေးလိုက်သည်။

နောက်ကျောတွင် ဓားလွယ်ထားသူက ခေါင်းယမ်း၍ ပြန်ပြော၏။

" မလိုပါဘူးကွာ ။ အရင်ဆုံး အထဲကိုပဲ တန်းဝင်ပြီး မြို့ကို သိမ်းလိုက်ကြတာပေါ့။ ဒီလိုနေရာမျိုးကို တခြားသူတွေလက်ထဲ ထားရမှာ နှမျောစရာကြီး "

အဖြူရောင်ဝတ်စုံနှင့် ပထမလူက မျက်မှောင်ကြုံ့သွားကာ ထပ်ပြောသည်။

" ဒါပေမယ့် .. ရန်သူက အစွမ်းထက်လွန်းနေရင် ဘယ်လိုလုပ်မလဲ "

ဓားလွယ်ထားသူက ဒေါသထွက်သွားဟန်ဖြင့် နှာမှုတ်ကာ ပြန်ပြော၏။

" ညီလေး ၊ မင်း ဦးနှောက်က တစ်ခုခုချို့ယွင်းနေတာများလား ။ ဒီ ယဲ့ဖုန်းနိုင်ငံလို နေရာမျိုးမှာ အစွမ်းထက်တဲ့သူ ဘယ်သူရှိလို့လဲ။ အခု ငါတို့သုံးယောက်လုံးက ကွေ့ရှအဆင့် ရှိတဲ့သူတွေ။ ဒီမှာ ငါတို့လို ကျင့်ကြံခြင်းအဆင့်မျိုးတောင် ဘယ်သူရှိလို့လဲကွာ။ မင်းက ဘာကို ကြောက်နေတာလဲ "

ထိုစကားကြောင့် ကျန်နှစ်ယောက် ရယ်လိုက်ကြသည်။

" ဟုတ်သားပဲ ၊ အကိုကြီးပြောတာ မှန်တယ် "

ထို့နောက် သူတို့သုံးယောက်လုံး အရှိန်တင်ကာ ပျောင်ပိုင်မြို့ဆီသို့ တဟုန်ထိုး ပျံသန်းသွားလိုက်ကြသည်။

မကြာမီအချိန်မှာပင် သူတို့သုံးယောက်လုံး ပျောင်ပိုင်မြို့ အပြင်ဘက်သို့ ရောက်လာကြ၏။

" အကိုကြီး .. "

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက နောက်ကျောတွင် ဓားလွယ်ထားသူကို လှမ်းကြည့်လိုက်သည်။

ထိုလူက နှာမှုတ်ကာ သူ့ကိုယ်အရောင်အဝါကို ထုတ်လွှတ်လိုက်၏။

ဝုန်း ..

တမဟုတ်ချင်းပင် ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာပြီး ပျောင်ပိုင်မြို့ တစ်မြို့လုံးကို လွှမ်းခြုံထားလိုက်သည်။

" ဒီမြို့ကို အုပ်ချုပ်နေတဲ့သူတွေ .. အသက်ဆက်ရှင်ချင်သေးရင် အခုချက်ချင်း ထွက်လာခဲ့ "

ထို့နောက် သူက မထူးခြားသည့် မျက်နှာဖြင့် အော်လိုက်သည်။ သူ့အသံမှာ မိုးချုန်းသံအလား အလွန်ကျယ်လောင်လှ၏။

ပျောင်ပိုင်မြို့တစ်ခုလုံး ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက သူ့ဘေးမှ ဓားလွယ်ထားသူကို ကြည့်ကာ ရယ်၍ ပြော၏။

" အကိုကြီးရဲ့ အော်သံကြောင့် တစ်မြို့လုံးက လူတွေ သေးထွက်အောင် ကြောက်နေကြပြီထင်တယ် "

ထိုလူက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသည်။

" ဒီလို အမှိုက်မြို့မှာ ထုံရွှယ်အဆင့် ကျင့်ကြံသူ တစ်ယောက်လောက် ရှိရင်တောင် တော်လှပြီ။ ဒါပေမယ့် သူလဲ ငါ အော်လိုက်လို့ သေအောင်ကြောက်နေပြီနဲ့ တူပါတယိ။ ခဏပဲ စောင့်ကြည့်လိုက် ၊ တစ်ယောက်ယောက် ထွက်လာပြီးတော့ ငါတို့ကို ဒူးထောက်ပြီး ကြိုလိမ့်မယ် "

သူ ထိုသို့ ပြောနေစဥ်မှာပင် နျိုထျဲ့ချူက မြို့ရိုးတစ်ဖက်မှ ပျံသန်းလာ၏။

နောက်ကျောတွင် ဓားလွယ်ထားသူက အပြုံးဖြင့် ပြောလိုက်သည်။

" ငါပြောသားပဲ ၊ အခု တစ်ယောက် ထွက်လာပြီမဟုတ်လား "

ထို့နောက် သူက နျိုထျဲ့ချူအား အထက်စီးမှ စကားပြောရန် ပြင်လိုက်စဥ်မှာပင် ..

နျိုထျဲ့ချူထံမှ ဒေါသတကြီး အော်သံ ထွက်လာ၏။

" မင်းတို့တွေက ဘာဖြစ်လို့ မင်းတို့အမေကို အော်ခေါ်နေရတာလဲ။ ငါက မြစ်ဘေးမှာ ငါးမျှားနေတာ။ ငါးက အစာကို ဟပ်ခါနီး ဖြစ်နေတာကို မင်းအော်လိုက်လို့ လန့်ပြီး ပြေးသွားကြပြီ။ မင်း ရူးနေတာလား "

နျိုထျဲ့ချူ၏ အော်သံမှာ အစောက အော်လိုက်သည့်အသံထက် ပိုကျယ်နေ၏။ အော်သံမှ ထွက်လာသည့် အသံလှိုင်းများကြောင့် အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် သုံးယောက်မှာ မျက်လုံးပင် မဖွင့်နိုင်ကြတော့ချေ။

" အကိုကြီး .. တစ်ခုခုတော့ လွဲနေပြီနဲ့တူတယ်။ ဒီအမျိုးသမီးက ကွေ့ရှအဆင့်မှာ။ ဒါတင်မကသေးဘူး သူက ကွေ့ရှ အဆင့် ၉ ရဲ့ ထိပ်ဆုံးရောက်နေပြီ။  တုကျဲ့အဆင့်ကိုတောင် ရောက်ခါနီးပြီနဲ့တူတယ် "

အဖြူရောင်ဝတ်စုံနှင့်လူ ထိတ်လန့်တုန်လှုပ်သွားသည်။

ယဲ့ဖုန်းနိုင်သံတွင် ထိုသို့သော လူမျိုး မည်သည့်အချိန်က ပေါ်လာပါသနည်း။

နောက်ကျောတွင် ဓားလွယ်ထားသူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြန်ပြော၏။

" အရမ်းကြီး ကြောက်မသွားနဲ့ ။ သူက အစွမ်းထက်ရင်တောင် တစ်ယောက်တည်းလေ၊ ငါတို့ သုံးယောက်လုံးက ကွေ့ရှအဆင့်ပဲဆိုတော့ ငါတို့ အသာစီးရနိုင်တယ် "

သို့သော် .. ထိုအချိန်တွင် ..

" အမေ .. ဘာဖြစ်လို့လဲ "

မြို့ထဲမှ နျိုဝူးဖုန်းကလည်း တင်းပုတ်ကိုင်၍ ရောက်လာသည်။

" အကိုကြီး .. ဒီမှာ ကွေ့ရှအဆင့် ကျင့်ကြံသူ တစ်ယောက်ထက် ပိုများတယ်ဗျ "

အဖြူရောင်ဝတ် လူက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

ဓားလွယ်ထားသူမှာ မျက်နှာပျက်သွားပြီး ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွား၏။ ထို့နောက် သူက သူ့လူအား နှစ်သိမ့်လိုက်သည်။

" စိတ်မပူနဲ့ ၊ တစ်ယောက်ထက် ပိုတယ်ဆိုပေမယ့် ဒီကောင်က အခုမှ ကွေ့ရှအဆင့် ၁ မှာပဲ ရှိသေးတာ။ သူနဲ့ ငါတို့ကြားမှာ အဆင့်တွေ အများကြီး ကွာတာဆိုတော့ ငါတို့ အသာစီး ရနိုင်သေးတယ် "

သူတို့ ပြောနေကြစဥ်မှာပင် မြို့ထဲ နေရာသုံးခုမှ အရောင်အဝါ သုံးခု ထွက်ပေါ်လာကြသည်။

ထို့နောက် ထိုအရောင်အဝါ ပိုင်ရှင်များက အဖြူရောင်ဝတ် လူသုံးယောက်အား နေရာစုံမှ ဝိုင်းထားလိုက်ကြ၏။

ထိုလူများမှာ နတ်ဆိုးသုံးယောက်ပင် ..

အု ..

၎င်းကို ကြည့်ကာ အဖြူရောင်ဝတ် လူ တံတွေးသီးသွားပြီး သူတို့ အကိုကြီးအား မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

" အကိုကြီး .. နောက်သုံးယောက် ထပ်ပေါ်လာပြန်ပြီဗျ ။ ပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိတယ် ဆိုတာတောင် သေချာ မမြင်ရဘူး .. "

တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်သည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိပေသည်။

တစ်ဖက်လူက သူတို့ထက် ကျင့်ကြံခြင်းအဆင့် များစွာ ပိုသာသည်ဆိုသည့် အဓိပွါယ်ပင် ... ။

၎င်းမှာ မှန်ပါသည်။ နတ်ဆိုးသုံးယောက်သည် လူသားဘဝကတည်းကပင် တုကျဲ့ ကျင့်ကြံခြင်းအဆင့် ထိပ်ဆုံးသို့ ရောက်နေခဲ့ကြပြီဖြစ်သည်။

သူတို့သာ နတ်ဆိုးအဖြစ် ပုံပြောင်းလိုက်ပါက သူတို့၏ တိုက်ခိုက်စွမ်းရည်မှာ ယခုထက်ပင် ပိုအစွမ်းထက်လာမည်ဖြစ်၏။

သို့ဖြစ်ရာ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို အဖြူရောင်ဝတ် လူသုံးယောက်က မည်သို့ မြင်နိုင်ပါမည်နည်း။

ထိုအချိန် .. နောက်ကျောတွင် ဓားလွယ်ထားသူ၏ မျက်နှာအမူအရာက အလွန်ထူးဆန်းနေသည်။ သို့သော် သူက နှုတ်ခမ်းတင်းတင်းဖြင့် ပြောလာ၏။

" မကြောက်ကြနဲ့ ၊ ကြည့်ရတာ ဒီလူတွေက အပြင်က သီးသန့် ကျင့်ကြံသူတွေနဲ့တူတယ်။ ငါတို့ရဲ့ ဂိုဏ်းနာမည်ကို ပြောလိုက်ရင် ဒီလူတွေ ငါတို့ကို တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူး။ ငါတို့အတွက် နိုင်ချေရှိပါသေးတယ် "

ထို့နောက် သူက ခေါင်းမော့၍ အသံကျယ်ဖြင့် ပြောလိုက်သည်။

" ကျုပ်တို့ သုံးယောက်က ထျန်းယွမ်အင်ပါယာမှာရှိတဲ့၊ စန်းလန်ဂိုဏ်းကပဲ ။ ခင်ဗျားတို့တွေက ကျုပ်တို့ကို ခုလို ဝိုင်းထားပြီး ဘာလုပ်မလို့လဲ "

ထိုစကားကို ကြားသည်နှင့် နျိုထျဲ့ချူနှင့် ကျန်လူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံး ပြိုင်တူ ပြောလိုက်ကြ၏။

" အဲ့ကောင်ကို သတ်ပစ်ကွာ "

All Chapters