← Chapters

ကျုပ် ယုံမိတော့မလို့

Vol. 10 Ch. 130

ကျုပ် ယုံမိတော့မလို့

Vol. 10 Ch. 130

စက္ကန့်အနည်းငယ် ကြာသွားပြီးနောက် မြို့ပြင်ရှိ မြေကြီးပေါ်တွင် ...

လူသုံးယောက်မှာ ချိုင့်ခွက်ကြီး သုံးခုထဲတွင် ကျနေကြပြီး အော်ဟစ်ငိုယိုနေကြ၏။

" ဆက်မတိုက်ခိုက်ကြနဲ့တော့ ။ ဒီကောင်တွေကို ဖမ်းပြီးတော့ပဲ သူ့ဆီ ခေါ်လာရမယ်လို့ သခင်လေးက မှာထားတယ်လေ။ ဆက်တိုက်ခိုက်လို့ သေသွားရင် ဘယ်လိုလုပ်မလဲ "

ယဲ့ထုံလင်းက ချက်ချင်း လက်ဆန့်ကာ တားလိုက်သည်။

ထိုအချိန်မှသာ အားလုံး ရပ်လိုက်ကြ၏။

" ခွေးကောင်တွေ ..ငါ ငါးမျှားနေတာကို ဝင်ရှုပ်ကြတယ် "

နျိုထျဲ့ချူက မကျေမနပ်ပြောကာ နောက်လှည့်၍ ထွက်သွားလိုက်သည်။

ကျန် နတ်ဆိုးသုံးယောက်ကမူ ခွေးသေကောင်များကဲ့သို့ ဖြစ်နေကြသည့် လူသုံးယောက်ကို ပုခုံးပေါ်ထမ်းကာ လောထျန်းဆီသို့ ပြန်ရောက်လာကြသည်။

" သခင်လေး ၊ ဒီလူတွေကို ပြန်ခေါ်လာပါပြီ "

ယဲ့ထုံလင်းက ပြောလိုက်သည်။

လောထျန်းက ခေါင်းလှည့်လာပြီး ဝေ့ဝဲကြည့်၏။ ထို့နောက် သူက အံ့သြနေဟန်ဖြင့် မေးသည်။

" ဒီသုံးယောက်က လူတွေဆိုတာ သေချာရဲ့လား။ ဘီလူးတွေ မဟုတ်ဘူးလား "

ယဲ့ထုံလင်းက ချက်ချင်း ရှက်သွားဟန်ဖြင့် ပြန်ပြော၏။

" ဟဲ ဟဲ .. ဒီကောင်တွေက အဲ့လို အရိုက်ခံဖို့ ထိုက်တန်တယ်ဗျ ။ ပြီးတော့ အားလုံးကလဲ မရပ်ကြတာနဲ့ .. "

လောထျန်းက လက်ယမ်းကာ ပြောလိုက်သည်။

" ရပါတယ်ဗျာ ၊ ကိစ္စမရှိပါဘူး "

သူက ထိုသို့ ပြောပြီးနောက် နောက်ကျောတွင် ဓားအကျိုးတစ်လက် လွယ်ထားသည့် သူကို ဆွဲမကာ မေးလိုက်သည်။

" ဟေ့ .. မင်းတို့တွေက ဘယ်သူတွေလဲ ။ ခုနက ဘာကိစ္စ အော်လိုက်ရတာလဲ "

ထိုလူသည် မျက်လုံးတစ်ဖက်ကို ခက်ခက်ခဲခဲ ဖွင့်ကာ ပြန်ပြော၏။

" မင်း ..မင်းက တော်တော်မောက်မာပါလား။ ငါတို့ကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့ ။ ငါတို့က စန်းလန်ဂိုဏ်းက လူတွေပဲ .. "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ကဲ .. ဒီကောင့်ကို ခေါ်သွားပြီး မြေသာ မြှုပ်လိုက်တော့ "

" ဟုတ်ကဲ့ပါ သခင်လေး "

လူအုပ်က ထိုလူအား ဆွဲထုတ်သွားကြသည်။

ထို့နောက် လောထျန်းက အဖြူရောင်ဝတ်စုံနှင့် လူကို ဆွဲထူကာ မေးလိုက်ပြန်သည်။

" ဘာတွေ ဖြစ်နေကြတာလဲ ပြောစမ်းပါဦး "

" ကျုပ် ..... "

အဖြူရောင် ဝတ်စုံနှင့်လူက ပါးစပ်လှုပ်ကာ ရေရွတ်၏။

ထိုလူ ပြောသည့်စကားကို နားလည်ရန် လောထျန်း အချိန်အတန်ကြာပင် ယူလိုက်ရသည်။

ထိုလူများက ထျန်းယွမ်အင်ပါယာရှိ စန်းလန်ဂိုဏ်းမှ လာခဲ့ကြခြင်းပင် ။

ထျန်းယွမ်အင်ပါယာသည် ဖုန့်လင်းဒေသတွင် အကြီးဆုံး အင်ပါယာသုံးခုထဲမှ တစ်ခုဖြစ်ပါသည်။ ထို့အပြင် ၎င်းသည် ယဲ့ဖုန်းနိုင်ငံကို အပိုင်စားရထားသည့် နယ်ရှင်တစ်ခုလည်းဖြစ်ပြီး အလွန်အင်အားကြီး၏။

စန်းလန်ဂိုဏ်းကမူ ထျန်းယွမ်အင်ပါယာရှိ ပထမတန်းအဆင့် အဖွဲ့များထဲတွင် အင်အားအနည်းဆုံးဂိုဏ်းတစ်ခု ဖြစ်သည်။

သုတို့ဂိုဏ်းသည် အခြေခံအုတ်မြစ် ကောင်းထားသော်လည်း လွန်ခဲ့သော နှစ်များအတွင်း ပါရမီရှင်အရေအတွက် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး ဂိုဏ်းအတွင်းရှိ စိတ်စွမ်းအင်မှာလည်း တဖြည်းဖြည်း လျော့ကျလာခဲ့၏။

ထို့ကြောင့်လည်း စန်းလန်ဂိုဏ်းက ထိုအကြပ်အတည်းမှ လွတ်မြောက်နိုင်မည့် အဖြေကို ရှာနေကြခြင်း ဖြစ်သည်။

မကြာသေးမီအချိန်က သူတို့ဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် ဂမ္ဘီရဉာဏ်မှတဆင့် ယဲ့ဖုန်းနိုင်ငံတွင် စိတ်စွမ်းအင်များ ပုံမှန်မဟုတ်ဘဲ တိုးပွားလာသည်ကို သတိထားမိသွားခဲ့၏။ ယဲ့ဖုန်းနိုင်ငံအတွင်း  မြင့်မြတ်သော မြေနေရာတစ်ခု ထွက်ပေါ်လာသောကြောင့်သာ ဖြစ်ရမည်ဟု ထိုအကြီးအကဲက ကောက်ချက်ချခဲ့သည်။

ထို့ကြောင့် သူတို့ဂိုဏ်းက သေချာစုံစမ်းစစ်ဆေးရန်အတွက် ယဲ့ဖုန်းနိုင်ငံသို့ လူများ စေလွှတ်ခဲ့ခြင်းပင်။

ယခု လောထျန်းရှေ့တွင် ရောက်နေကြသည့် သုံးယောက်မှာ ထို စုံစမ်းရေးအဖွဲ့ထဲမှ ဖြစ်ပါသည်။

ထို့နောက် သူတို့သုံးယောက်သည် ကံကောင်းစွာပင် စိတ်စွမ်းအင်များ ပေါကြွယ်ဝသည့် ပျောင်ပိုင်မြို့ကို တွေ့သွားခဲ့ကြ၏။

သို့သော် အခြေအနေများက မျှော်လင့်ထားသလို ဖြစ်မလာဘဲ ယခုကဲ့သို့ ဖြစ်သွားရခြင်းမှာ သူတို့ ကံဆိုးသည်ဟု ပြောရမလိုပင် ။

ထိုစကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်သည်။

" အခု မင်းတို့ အဖွဲ့ကို ဦးဆောင်လာတဲ့သူရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိလဲ "

" တုကျဲ့ အဆင့်ကပါ "

အဖြူရောင်ဝတ်လူက ပြန်ဖြေ၏။

" သူ့ကို သတင်းပို့ပြီး ဒီကို လာခိုင်းလိုက် "

လောထျန်းက ပြောလိုက်သည်။

" ဟင် .. "

အဖြူရောင်ဝတ်လူမှာ လောထျန်း နောက်နေသည် ထင်သွားကာ အံ့သြမှင်သက်သွားသည်။

သို့သော် လောထျန်း၏ မျက်နှာက ရုတ်တရက် အေးစက်သွားပြီး ပြော၏။

" သတင်းမပို့လို့ကတော့ မင်းကိုလဲ မြေမြှုပ်ပစ်ရလိမ့်မယ် "

" ပို့ပါမယိဗျာ ၊ အခု ပို့လိုက်ပါ့မယ် "

အဖြူရောင်ဝတ်လူမှာ လောထျန်း စိတ်ဆိုးသွားမည် စိုးသဖြင့် ချက်ချင်းပြန်ပြောကာ သတင်းပို့လိုက်သည်။

ထိုအချိန်တွင် ..မြို့နှင့် မိုင်ထောင်ချီ ဝေးသော နေရာတစ်ခု၌ .. ဆံပင်များဖြူဖွေးနေသည့် အဘိုးအိုတစ်ဦး မျက်မှောင်ကြုံ့နေသည်။

သူသည် မိုင်ပေါင်းသောင်းချီ ခရီးလှည့်ပတ် သွားလာနေခဲ့သော်လည်း ပုံမှန်မဟုတ်သည့် စိတ်စွမ်းအင်မျိုး လုံးဝ မတွေ့ခဲ့ရသေးချေ။

ထိုအချိန်မှာပင် .. သူ့လက်မောင်းပေါ်မှ ဆက်သွယ်ရေး ကျောက်စိမ်းပြားက အရောင်လက်လာ၏။

" ပျောင်ပိုင်မြို့ ဆိုပါလား "

ကျောက်စိမ်းပြားပေါ်မှ သတင်းကို ဖတ်ပြီးသွားသောအခါ အဘိုးအို၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။

" လာကြဟေ့  .ယဲ့ဖုန်းနိုင်ငံထဲမှာရှိတဲ့ တပည့်တွေအားလုံးကို စုလိုက်ကြ။ ပြီးရင် ပျောင်ပိုင်မြို့ကို သွားကြမယ် "

အဘိုးအိုက ပျော်ရွှင်စွာ ပြောလိုက်သည်။

ထို့နောက် .. မကြာမီတွင် .. ပျောင်ပိုင်မြို့အပြင်ဘက်၌ လေပြင်းတစ်ချက် တိုက်ခတ်လာ၏။

ထိုလေပြင်းထဲတွင် လိုက်ပါလာသူမှာ ဆံပင်ဖြုနှင့် အဘိုးအိုပင် ။

" ကြိုဆိုပါတယ် အကြီးအကဲ "

သူ့ရှေ့တွင် စောစောကြို ရောက်နေနှင့်သည့် တပည့်များက ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

အဘိုးအိုက လက်ယမ်း၍ ထိုလူများကို ဘေးဖယ်ပေးကြရန် ပြောလိုက်၏။ ထို့နောက် သူ ပျောင်ပိုင်မြို့အား လှမ်းကြည့်လိုက်သည်။

" တကယ်ကို မြင့်မြတ်တဲ့ နေရာပါလားကွာ ။ ဘယ်လောက်အံ့သြစရာ ကောင်းလိုက်သလဲ .. ။ ဒီနေရာမှာ ယဲ့ဖုန်းနိုင်ငံက အမှိုက်လိုကောင်တွေ နေနေတာ နှမျောစရာ ကောင်းလိုက်တာ။ ဒါပေမယ့် ကံကောင်းတာတစ်ခုက နတ်ဘုရားတွေမှာ မျက်လုံးတွေ ရှိတယ်ကွ ။ အခုတော့ ဒီနေရာက ငါတို့ စန်းလန်ဂိုဏ်းရဲ့အပိုင် ဖြစ်သွားပြီပေါ့ကွာ "

အဘိုးအိုက အပြုံးဖြင့် ဆိုလိုက်သည်။

" အကြီးအကဲ ၊ မြို့ထဲမှာ ရှိနေတဲ့သူတွေကို ဘာလုပ်လိုက်ရမလဲ "

တပည့်တစ်ယောက်က မေး၏။

အဘိုးအိုက ပြုံး၍ ပြန်ဖြေလိုက်သည်။

" ဒီတိုင်း မြို့ပြင်ကိုပဲ မောင်းထုတ်လိုက်ပါကွာ။ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတာဆိုတော့ လူ မသတ်ချင်ဘူး "

" ဟုတ်ကဲ့ပါ အကြီးအကဲ "

စကားဆုံးသည်နှင့် သူ့တပည့်များက ပျောင်ပိုင်မြို့ဆီသို့ ပြေးသွားလိုက်ကြသည်။

သို့သော် လမ်းတစ်ဝက်မှာပင် အစွမ်းထက်သည့် ဖိအားတစ်ခုကြောင့် သူတို့အားလုံး နောက်သို့ လွင့်စင်လာပြီး သွေးများ ပန်းထွက်လာကြ၏။

" ဟင် .. "

အဘိုးအို တုန်လှုပ်သွားသည်။

သူ ခေါ်လာတည့် တပည့်များထဲ၌ အစွမ်းအနိမ့်ဆုံး သူသည်ပင် ထုံရွှယ်အဆင့် ကျင့်ကြံခြင်း ရှိပေသည်။

ထိုသို့သော အစွမ်းထက်သည့် လူတစ်စုက အဘယ့်ကြောင့် ယခုကဲ့သို့ ဖြစ်သွားရပါသနည်း။

သူ အံ့အားသင့်နေစဥ်မှာပင် သူ့ရှေ့ရှိ လေထုက ရုတ်ချည်း ပြောင်းသွားပြီး လူငယ်တစ်ယောက်ကို ကျောပေါ် တင်ဆောင်လာသည့် ဧရာမ ရွှေရောင်ငှက်ကြီးတစ်ကောင် ထွက်ပေါ်လာ၏။

ထိုလူငယ်မှာ လောထျန်းပင် ..

နိုဝူဖုန်းနှင့် သူ့အမေ ၊ နျိုထျဲ့ချူတို့ကလည်း လောထျန်း၏ ဘေးတစ်ဖက်တချက်တွင် ပါလာကြသည်။

စန်းလန်ဂိုဏ်းမှ အဘိုးအိုသည် ပျောင်ပိုင်မြို့အား အင်အားကြီး အဖွဲ့တစ်ခုက အပိုင်သိမ်းထားမည်ကို အစောပိုင်းက အနည်းငယ် စိုးရိမ်နေခဲ့သေးသော်လည်း ...

လောထျန်းတို့အဖွဲ့ ထွက်လာသည်ကို တွေ့ပြီးနောက် စိတ်သက်သာရာ ရသွား၏။

အဘယ့်ကြောင့်ဆိုသော် သူတို့အဖွဲ့ထဲတွင် အစွမ်းအထက်ဆုံး သူမှာ နျိုထျဲ့ချူဖြစ်ပြီး သူမသည်ပင် တုကျဲ့အဆင့်သို့ မရောက်သေးသောကြောင့် ဖြစ်သည်။

ယခုအတိုင်းသာ ဆိုပါက သူ စိတ်ပူနေစရာ ဘာမှ မရှိပါချေ။

အဘိုးအိုက ထိုသို့တွေးကာ မုတ်ဆိတ်မွေးကို လက်ဖြင့်ကိုင်၍ ပြောလိုက်သည်။

" လူငယ်လေး .. မင်းက ဘယ်ကလဲ ။ မင်းက အခု ဘာဖြစ်လို့ ငါတို့ စန်းလန်ဂိုဏ်းရဲ့ တားမြစ်နယ်မြေကို ရောက်နေရတာလဲ "

" ဟင် .. "

ကြားလိုက်ရသည့် စကားကြောင့် လောထျန်း အံ့အားသင့်သွား၏။

အဘိုးအိုက ထိုသို့ပြောလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။

" စန်းလန်ဂိုဏ်းရဲ့ တားမြစ်နယ်မြေ .. ဟုတ်လား "

လောထျန်း သေချာအောင် ထပ်မေးလိုက်သည်။

အဘိုးအိုက ခေါင်းညိတ်၍ ပြန်ပြော၏။

" အမှန်ပဲ ။ ငါတို့ စန်းလန်ဂိုဏ်းက ဟိုးအဝေးက ထျန်းယွန်အင်ပါယာမှာ ရှိတာဆိုပေမယ့် ၊ ဟိုးလွန်ခဲ့တဲ့ နှစ်တွေက ငါတို့ဂိူဏ်းရဲ့ ဘိုဘေးတွေက ဒီနေရာမှာ တားမြစ်နယ်မြေတစ်ခုကို တည်ဆောက်ထားခဲ့တာကွ ။ ပြီးတော့ သူတို့က ဒီမှာ စိတ်စွမ်းအင်သွေးကြောတစ်ခုကို ​မြှုပ်ထားပြီး အဲ့ဒီ စိတ်စွမ်းအင်သွေးကြော အသက်ဝင်နိုးထလာမှာကို စောင့်နေကြတာ "

" ဒါပေမယ့် ဒီစိတ်စွမ်းအင်သွေးကြောက အသက်ဝင်လာဖို့ နှစ်တွေ ရာချီပြီး ကြာမယ်လို့ မထင်ထားခဲ့မိဘူးပေါ့ကွာ ။ ပြီးတော့ ငါတို့ဂိုဏ်းက အုပ်ချုပ်မှုပိုင်းမှာ နည်းနည်းအားနည်းသွားတော့ ဒီတားမြစ်နယ်မြေက ယဲ့ဖုန်းနိုင်ငံက လူတွေအတွက် နေစရာ နေရာတစ်ခု ဖြစ်လာခဲ့တာပဲ "

" အစကတော့ ငါတို့က ဒီမှာနေနေတဲ့သူတွေကို မောင်းထုတ်ပြီး ဒီတားမြစ်နယ်မြေကို ပြန်သိမ်းပိုက်မလို့ပဲ။ ဒါပေမယ့် ငါတို့စန်းလန်ဂိုဏ်းက အမြဲတမ်း တရားမျှတပြီး လူတွေကို ကြင်ကြင်နာနာ ဆက်ဆံတတ်ကြတာမို့ ငါက အများကြီး ထပ်မပြောတော့တာ "

" ဒါပေမယ့် အခု စိတ်စွမ်းအင်သွေးကြောက အသက်ဝင်လာပြီဆိုတော့ ငါတို့စန်းလန်ဂိုဏ်းရဲ့ တားမြစ်နယ်မြေကို ပြန်ယူဖို့ အချိန်တန်ပြီ။ ဒါပေမယ့် ငါတို့က မင်းတို့ကို လွန်လွန်ကျူးကျူးတော့ မလုပ်ပါဘူးကွာ ။ ဒီမြို့ထဲကလူတွေအားလုံးကို ထွက်သွားဖို့ ငါ  အချိန် သုံးရက်ပေးမယ်။ ဒီသုံးရက်ပြည့်လို့မှ ထွက်မသွားရင်တော့ အင်အားသုံးရုံပေါ့ "

သူ့စကား ဆုံးသောအခါ တစ်ဖက်မှ လောထျန်း မျက်မှောင်ကြုံ့သွားသည်။

ဤကမ္ဘာကြီးတွင် ထိုသို့ အရှက်ကင်းမဲ့သည့် လူများ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ ။

ထိုလူက အလိမ်ညာစကားများကို မျက်နှာတစ်ချက်မပျက်ဘဲ မည်သို့ ပြောနေနိုင်ရပါသနည်း။

အကယ်၍သာ ဤ​ပျောင်ပိုင်မြို့အောက်မှ စိတ်စွမ်းအင်သွေးကြောကို သူကိုယ်တိုင် ခေါ်ယူထားခြင်း မဟုတ်ပါက ထိုအဘိုးအို၏ စကားကို လောထျန်း ယုံမိသွားမည်ဖြစ်သည်။

" အဘိုးကြီး .. ခင်ဗျားက အရှက်လုံးဝ မရှိဘူးပဲ "

လောထျန်းက အေးစက်စက် ပြောလိုက်သည်။

" မင်း ဘာစကား ပြောလိုက်တာလဲ "

အဘိုးအို ဒေါသထွက်သွား၏။

လောထျန်းက သူ့ကိုကြည့်ကာ အေးစက်စက် ပြန်ပြောလိုက်သည်။

" ဒီ ပျောင်ပိုင်မြို့အောက်က စိတ်စွမ်းအင်သွေးကြောကို ကျုပ်ကိုယ်တိုင် ဒီနေရာရောက်အောင် ခေါ်ထားတာ။ ဒီသွေးကြောက ခင်ဗျားရဲ့ ဘိုးဘေးနဲ့ ဘယ်လိုပတ်သက်တာလဲ ပြန်ပြောစမ်းပါဦး။ မဟုတ်မှလွဲရော ကျုပ်က ခင်ဗျားရဲ့ ဘိုးဘေးများ ဖြစ်နေမလား "

ထိုစကားကြောင့် အဘိုးအိုက ဒေါသတကြီး ပြန်အော်သည်။

" ဘာကွ ၊ လျှောက်လိမ်မနေနဲ့ ။ မင်းက အခုမှ အမွေးတောင် စုံအောင်မပေါက်သေးတဲ့ ကလေးပဲရှိသေးတာ။ ဒါနဲ့များ မင်းက ကမ္ဘာမြေကြီးရဲ့ စိတ်စွမ်းအင်သွေးကြောကို ခေါ်ယူနိုင်တယ်လို့ ကိုယ့်ကိုကိုယ် ထင်နေတယ်ပေါ့။ လုပ်လေ ၊ ငါ့ရှေ့မှာ တစ်ခု အရင်ခေါ်ပြစမ်း။ တကယ်လို့ စိတ်စွမ်းအင်သွေးကြောတစ်ခုက မင်းအမိန့်ကို နာခံရင် ငါ ဘာစကားမှ ဆက်မပြောဘဲ လှည့်ပြန်သွားပေးမယ် "

အဘိုးအိုသည် ကမ္ဘာမြေကြီး၏ စိတ်စွမ်းအင် သွေးကြောအကြောင်းကို များစွာ သိထား၏။

ထိုစိတ်စွမ်းအင်သွေးကြောများက မာနကြီးလွန်းပြီး မည်သူတစ်ဦးတစ်ယောက်၏ အမိန့်ကိုမှ မနာခံသည်ကိုလည်း သူ သိပေသည်။

သို့သော် မျှော်လင့်မထားစွာပင် လောထျန်းက ခေါင်းညိတ်၍ ပြော၏။

" ကောင်းပြီလေ ၊ ခင်ဗျား ကိုယ့်စကားကိုယ် မှတ်ထားနော် "

သူက ထိုသို့ပြောပြီးသည်နှင့် လက်ဖြင့် အစီအမံတစ်ခုကို ဖော်ဆောင်ကာ အော်လိုက်သည်။

" စိတ်စွမ်းအင်သွေးကြောရေ ၊ ထွက်လာပြီး ဧည့်သည်တွေနဲ့ တွေ့လိုက်ပါဦး "

All Chapters