← Chapters

စန်းလန်ဂိုဏ်း ကို ဖျောက်ပစ်ခြင်း

Vol. 10 Ch. 132

စန်းလန်ဂိုဏ်း ကို ဖျောက်ပစ်ခြင်း

Vol. 10 Ch. 132

လူတွေအများကြီးကို တုကျဲ့အဆင့် ရောက်အောင် လုပ်ပေးနိုင်တော့မည်လား ...

လောထျန်းသည် ဖြစ်နိုင်ချေကို တွေးကာ အလွန်စိတ်လှုပ်ရှားနေ၏။

ထိုနည်းဖြင့် များစွာသော တုကျဲ့အဆင့် ကျင့်ကြံသူများကို အချိန်တိုအတွင်း မွေးထုတ်ပေးနိုင်သည် မဟုတ်ပါလား ...

ပျောင်ပိုင်မြို့တွင်သာ တုကျဲ့အဆင့် ကျင့်ကြံသူများ အပြည့်ဖြစ်သွားပါက သူ အလွန်ပျော်သွားနိုင်ပေသည်။

သို့ဆိုလျှင် သူ့ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို ကိုယ်တိုင် သွားရှာနေစရာလည်း လိုုတော့မည် မဟုတ်ချေ။

အမိန့်ပေးလိုက်ရုံဖြင့် မြောက်များစွာသော တုကျဲ့အဆင့် သခင်ကြီးများက သူ့ကို ကူညီကြပေလိမ့်မည်။

သို့သော် တစ်ခုရှိသည်မှာ  ထိုနည်းကို အသုံးပြုရန်အတွက် တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဦးစွာ ရှာဖွေပြီး ထိုသူ၏ မှတ်ဥာဏ်ကို ထုတ်ရန် လိုအပ်ခြင်းပင်။

တုကျဲ့အဆင့် ကျင့်ကြံသူများစွာကို မည်သည့်နေရာတွင် ရှာရပါမည်နည်း .. ။

ထို့အပြင် လောထျန်းသည် တစ်ဖက်လူမှ ရန်မစမချင်း သူက ဦးစွာ တိုက်ခိုက်လိုသူတစ်ယောက် မဟုတ်ပေ။

သူ အတွေးနယ်ချဲ့နေစဥ်မှာပင် ...

" ဒါနဲ့အကိုကြီး .. ဟိုအဘိုးကြီးရဲ့ မှတ်ဥာဏ်ထဲမှာ တခြား သိုင်းကွက်တွေလဲ အများကြီး ရှိသေးတယ်။ ဒါပေမယ့် အဲ့ထဲမှာ အရေးအကြီးဆုံးက စန်းလန်ဂိုဏ်းရဲ့ မှတ်ဥာဏ်တွေပဲ ။ အခု ကျွန်မ သူတို့ဂိုဏ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန် သိသွားပြီ "

နျိုထျဲ့ချူက ရုတ်တရက် ပြောလိုက်သည်။

" ဟင် ..ဟုတ်လား ၊ အဲ့အကြောင်းတွေ ကျုပ်ကို အကုန်သာ ပြောပါ "

လောထျန်းက ပြန်ပြော၏။

နျိုထျဲ့ချူက စကားဆက်သည်။

" စန်းလန်ဂိုဏ်းက အရင်က ထျန်းယွမ်အင်ပါယာမှာ အင်မတန်အင်အားကြီးတဲ့ ထိပ်တန်းအဆင့် အဖွဲ့တစ်ခုပဲ။ ဒါပေမယ့် သူတို့က ပြီးခဲ့တဲ့ နှစ်တွေမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တယ်။ ဒါပေမယ့် အခြေခံအုတ်မြစ်က ကောင်းကောင်းကြီး ရှိထားတုန်းပဲ ။ ဥပမာ ပြောရရင်တော့ .. သူတို့ဂိုဏ်းမှာရှိတဲ့ ကျင့်စဥ် ၃ ခုနဲ့ ၊ သိုင်းပညာ ၆ မျိုးက ထျန်းယွမ်အင်ပါယာ တစ်ခုလုံးမှာတောင် ထိပ်ဆုံးလို့ ပြောလို့ရတယ် "

" ဒါပေမယ့် ကျွန်မရဲ့ မှတ်ဥာဏ်ထဲမှာတော့ ကျင့်စဥ် ၁ ခုနဲ့ သိုင်းပညာ ၁  မျိုးပဲ တွေ့တယ် ။ ဒီအဘိုးကြီးက သူ့ဘဝ သက်တမ်းတစ်လျှောက်လုံး ကျန်တဲ့ ပညာရပ်တွေကို သိမသွားခဲ့ဘူး "

လောထျန်း ခေါင်းအသာအယာ ညိတ်လိုက်သည်။ သူ့စိတ်ထဲတွင်မူ ထိုသိုင်းပညာရပ်များကို မထင်မကြီးလှပါချေ။

နျိုထျဲ့ချူက စကားဆက်၏။

" စန်းလန်ဂိုဏ်းမှာ ဒီအဘိုးကြီး အပါအဝင် တုကျဲ့အဆင့် ကျင့်ကြံသူ ၇ ယောက်တောင် ရှိတယ် "

ထိုစကားကို ကြားသောအခါ လောထျန်း ရုတ်တရက် ထခုန်မိသွားသည်။

" ဘာပြောလိုက်တာ .. ပြန်ပြောပါဦး "

လောထျန်း၏ အပြုအမူကြောင့် နျိုထျဲ့ချူပင် ရုတ်တရက် လန့်သွားရသည်။ ထို့နောက် သူမက ပြော၏။

" စိတ်မပူပါနဲ့ အကိုကြီး ။ သူတို့ဆီမှာ တုကျဲ့အဆင့် ကျင့်ကြံသူတွေ များတယ်ဆိုပေမယ့် အခု ကျွန်မကလဲ တုကျဲ့အဆင့်ကို ရောက်နေပြီလေ။ ဆိုတော့ ကျွန်မတို့သာ တကယ် တိုက်ခိုက်ကြရင် မရှုံးနိုင်ပါဘူး "

လောထျန်းက လက်ယမ်းကာ ပြောလိုက်သည်။

" ကျုပ် ဆိုလိုတာ အဲ့သဘောမဟုတ်ဘူး ။ ကျုပ် သိချင်တာက အခုလောလောဆယ် သူတို့ဆီမှာ တုကျဲ့အဆင့် ကျင့်ကြံသူ ၆ ယောက် ရှိတယ်ပေါ့ ၊ ဟုတ်လား "

နျိုထျဲ့ချု ခေါင်းညိတ်ပြလိုက်သည်။

လောထျန်းက လက်ခုပ်တီးကာ ဝမ်းသာအားရ ဆို၏။

" သိပ်ကောင်းတယ် ၊ အခု စန်းလန်ဂိုဏ်းကို သွားကြစို့ "

" ဟင် .. "

အားလုံး အံ့သြမှင်သက်သွားကြ၏။

" သခင်လေး .. စန်းလန်ဂိုဏ်းကို သွားပြီး ဘာသွားလုပ်မလို့လဲ "

ဘုရင်ကျင်းဖန်က နားမလည်နိုင်စွာ မေးလိုက်သည်။

လောထျန်းက ပြန်ဖြေ၏။

" ပစ္စည်းသွားလု မလို့ကွ ။ ပြီးရင် လက်တုန့်ပြန်ရမယ်လေ ။ သူတို့တောင် ငါတို့မြို့ကို လာပြီး တစ်မြို့လုံးကို အပိုင်သိမ်းဖို့ ကြိုးစားသေးတာပဲ ။ ငါတို့လဲ သူတို့ဆီ အဲ့လိုသွားလုပ်လို့ ဘာလို့မရ ရမှာလဲ "

ထိုစကားကို ကြားသောအခါ အားလုံး တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

လောထျန်းက စကားဆက်၏။

" ကဲပါ .. အဓိပ္ပါယ်မရှိတာတွေ ဆက်မေးမနေကြပါနဲ့။ ဘုရင်ကျင်းဖန် .. ဒီကနေ စန်းလန်ဂိုဏ်းကို ပျံဖို့ဆို အချိန် ဘယ်လောက်လောက် ကြာနိုင်လဲ "

ဘုရင်ကျင်းဖန်က ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေသည်။

" တစ်လ၊ နှစ်လ လောက်တော့ ကြာမယ်ထင်တယ် "

" အဲ့လောက်တောင် ဝေးတာလား "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

ထိုအချိန်တွင် ယဲ့ထုံလင်းက ဝင်ပြောလိုက်သည်။

" သခင်လေး ၊ ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျုပ် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံတစ်ခု လုပ်ထားသေးတယ်။ နေရာရွှေ့နိုင်တဲ့ အကွာအဝေးက အကန့်အသတ် ရှိတယိ ဆိုပေမယ့် စန်းလန်ဂိုဏ်းကိုတော့ မြန်မြန် ရောက်လိမ့်မယ် "

လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

" သိပ်ကောင်းတာပေါ့ ၊ ဒီတစ်ခါတော့ ခင်ဗျား တော်သွားပြီ "

ထို့နောက် လောထျန်းက ဘုရင်ကျင်းဖန်ဘက် လှည့်ကာ ဆက်ပြော၏။

" မြို့ထဲသွားပြီး ငါ့အတွက် လူတွေနည်းနည်း သွားစုပေးပါဦး "

ဘုရင်ကျင်းဖန်က ပြန်မေးသည်။

" လူအင်အား ဘယ်လောက်လိုချင်လဲ သခင်လေး။ တိုက်ခိုက်တဲ့နေရာမှာ သုံးဖို့လား "

လောထျန်းက ခေါင်းယမ်းလိုက်သည်။

" မဟုတ်ဘူး ၊ မြန်မြန်လှုပ်ရှားနိုင်ပြီး သွက်သွက်လက်လက်ရှိတဲ့ သူတွေသာ ရှာလာခဲ့ "

" ဟင် .. "

ဘုရင်ကျင်းဖန် အံ့အားသင့်သွား၏။ သို့သော် မည်သို့မှ မပြောဘဲ ခေါင်းညိတ်ပြပြီး လောထျန်းခိုင်းသည့်အတိုင်းသာ လုပ်လိုက်သည်။

ထိုစဥ် ..ထျန်းယွမ်အင်ပါယာမှ စန်းလန်ဂိုဏ်းအတွင်းရှိ အဓိကတောင်ထိပ်ပေါ်၌ ...

စန်းလန်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်နှင့် များစွာသော အကြီးအကဲများ အစည်းအဝေး လုပ်နေကြ၏။

" အကြီးအကဲဖန် ရဲ့ ယဲ့ဖုန်းနိုင်ငံကို သွားတဲ့ခရီးက အောင်မြင်နိုင်လား ၊ အားလုံးရဲ့အထင်ကို ပြောကြပါဦး "

ပုပု ဝဝ အကြီးအကဲတစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။

သူ့ဘေးမှ မီးခိုးရောင်ဝတ်စုံ ဝတ်ထားသည့် အကြီးအကဲက သူ့ကို လှမ်းကြည့်ကာ ပြော၏။

" ဘာဖြစ်လို့လဲ .. ညီလေးဝမ်က ကျုပ်ရဲ့ ဂမ္ဘီရအမြင်ကို မယုံဘူးနဲ့တူတယ်။ဒါမှမဟုတ် ညီလေးဖန် ရဲ့ စွမ်းရည်ကို မယုံတာလား "

ပုပုဝဝ နှင့် အကြီးအကဲဝမ်က ချက်ချင်း လက်ယမ်းကာ ပြန်ပြောသည်။

" အကိုကြီးက အထင်လွဲနေပါပြီဗျာ။ ယဲ့ဖုန်းနိုင်ငံလို နေရာမျိုးမှာ ထိပ်တန်းအဆင့် မြင့်မြတ်တဲ့နေရာတစ်ခု ပေါ်လာတာဆိုတော့ တခြားသူတွေများ အရင်သိမ်းပိုက်ထားမလားလို့ ကျုပ်က စိတ်ပူသွားလို့ပါ "

သူတို့အနီးမှ မျက်နှာတွင် ကျောက်ပေါက်ရာများ ရှိနေသည့် အကြီးအကဲက ဝင်ပြော၏။

" တခြားသူတွေက အရင်သိမ်းထားတော့ရော ဘာဖြစ်သေးလဲကွာ။ ယဲ့ဖုန်းနိုင်ငံမှာ ဘယ်လောက်အစွမ်းထက်တဲ့သူ ရှိမှာမို့လို့လဲ။ ပြောတဲ့အတိုင်း လိုက်မလုပ်ရင် အားလုံးကို ဖျက်ဆီးလိုက်ရုံပဲပေါ့ "

" အကိုဟွမ်ပြောတာ မှန်တယ် "

သူ့ဘေးမှ လူကလည်း သံယောင်လိုက်ကာ ထောက်ခံသည်။

ထိုအချိန်မှာပင် ..

" စန်းလန်ဂိုဏ်းက အမှိုက်တွေ .. အားလုံး ထွက်လာခဲ့ကြ "

အသံလှိုင်းတစ်ခု လိမ့်ဝင်လာပြီး အစည်းအဝေး လုပ်နေသည့် ခန်းမဆောင်ထဲသို့ ဝင်လာ၏။

" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "

ဂိုဏ်းချုပ်ကြီး မျက်မှောင်ကြုံ့သွားသည်။

အကြီးအကဲဟွမ်၏ မျက်လုံးများလည်း ရုတ်ချည်း အေးစက်သွား၏။

" အားလုံး.. တွေ့ပြီလား ။ အခုဆို တစ်ယောက်ယောက်က စန်းလန်ဂိုဏ်းကို လာပြီးတော့တောင် ကျုပ်တို့တွေကို စော်ကား ရန်စရဲနေပြီ။ ဒီတိုင်းသာ ဆက်သွားလို့ကတော့ ကျုပ်တို့တွေ ထျန်းယွမ်အင်ပါယာက ပျောက်ကွယ်သွားကြရလိမ့်မယ် "

မီးခိုးရောင်ဝတ် အကြီးအကဲကလည်း ​ဝင်ပြောသည်။

" အမှန်ပဲ ။ ဂိုဏ်းချုပ်ကြီး .. အခုလို တစ်ယောက်ယောက်က ကျုပ်တို့ကို ရန်လာစတာ ကောင်းတဲ့ကိစ္စတစ်ခုလို့ ကျုပ်တော့ ထင်တယ်။ ဒီကောင်တွေကို သတ်ပြီးသွားရင် ကျုပ်တို့ကို အနိုင်ကျင့်ဖို့ အဲ့လောက်မလွယ်ဘူးဆိုတာ အားလုံးကို သတိပေးပြီးသား ဖြစ်သွားတာပေါ့ "

ဂိုဏ်းချုပ်က ခေတ္တမျှ စဥ်းစားပြီးနောက် ခေါင်းညိတ်၍ ပြန်ဖြေသည်။

" ဒီ ညီလေးနှစ်ယောက် ပြောတာ အဓိပ္ပါယ်ရှိတယ်။ အဲ့လိုဆိုမှတော့လဲ အားလုံး ကျုပ်နောက်ကို အခုပဲ လိုက်ခဲ့ကြ။ ဒီကောင်တွေကို သွားသတ်ကြတာပေါ့။ အဲ့လူတွေက ဘယ်သူပဲ ဖြစ်ဖြစ် ဂရုမစိုက်ဘဲ သတ်သာ သတ်ပစ်ကြ။ဒါ ကျုပ်တို့ စန်းလန်ဂိုဏ်း နာမည်ပြန်ရဖို့ လမ်းစပဲ "

" ကောင်းတယ်ဗျာ "

ကျန်အကြီးအကဲများ အားလုံး ထိုင်ရာမှ ထရပ်ကာ ခန်းမအပြင်ဘက်သို့ ထွက်သွားလိုက်ကြသည်။

ထိုအချိန်တွင် .. တောင်ပေါက်ဝ အပြင်ဘက်၌ ...

" သခင်လေး ၊ ကျုပ်တို့လူစု နည်းနည်းလောက်ပဲ ခေါ်လာရင်တောင် လုံလောက်ရဲ့သားနဲ့ ဘာလို့ လူတွေအများကြီး ခေါ်လာတာလဲဗျ။ ပြီးတော့ လူတွေအများကြီး ခေါ်လာရင်တောင် ဘာလို့ သူတို့ကို လက်နက်တွေ မယူလာခိုင်းရတာလဲ "

လောထျန်းနောက်နားလေးတွင် ရှိနေသည့် ယဲ့ထုံလင်းက သင်္ကာမကင်းဖြစ်နေသည့် မျက်နှာဖြင့် မေးလိုက်သည်။

လောထျန်း၏ အနောက်ဘက်တွင် အဓိက တိုက်ပွဲဝင် အင်အားစုများဖြစ်သည့် နတ်ဆိုးသုံးယောက် ၊ နျိုထျဲ့ချူ တို့ သားအမိ နှစ်ယောက် နှင့် ဘုရင်ကျင်းဖန်တို့ ရှိနေ၏။

သူတို့နောက်တွင်မူ လောမိသားစုဝင်များ ရှိနေကြသည်။

သို့သော် .. လောမိသားစုဝင်များတွင် လက်နက်ပါလာသူ တစ်ယောက်မှ မရှိချေ ။

သူတို့အားလုံးမှာ လက်ထဲတွင် အထုတ်တစ်ထုတ်စီသာ ကိုင်ထားကြပြီး ထိုအထုပ်ထဲတွင် ဟင်းလင်းပြင်လက်စွပ်များသာ ရှိနေ၏။

" ခင်ဗျားကို ကျုပ် အစောကတည်းက ပြောသားပဲ ၊ ဒီကို ပစ္စည်းလုဖို့ လာတာပါဆို ။ အဲ့တော့ ပစ္စည်းသယ်ဖို့ လူကောင်းတွေ ခေါ်လာဖို့ လိုတာပေါ့ဗျ "

လောထျန်းက ပြန်ပြောသည်။

ထိုအချိန်မှာပင် ..

ဒေါင် ...

ဂိတ်ဝ အတွင်းဘက်မှ ခေါင်းလောင်းသံတစ်သံ မြည်သွားသည်။

မရှေးမနှောင်းမှာပင် စန်းလန်ဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်များ ပြေးထွက်လာကြပြီး နေရာအသီးသီး ယူလိုက်ကြသည်။

ထိုတပည့်များ နောက်တွငမူ လူခြောက်ယောက်က လေထဲသို့ ပျံတက်လာပြီး တစ်တန်းတည်း ရပ်လိုက်ကြ၏။ သူတို့အသွင်များက မာထန်ကာ မောက်မာသည့်ဟန် ရှိနေကြသည်။

" အခု ရောက်လာတာ ဘယ်သူလဲ "

သူတို့လူစု၏ ဦးဆောင်သူ ၊စန်းလန်ဂိုဏ်းချုပ်ကြီးက ကျယ်လောင်စွာ အော်မေးလိုက်သည်။

" ကျုပ်က ပျောင်ပိုင်မြို့က လောထျန်းပဲ "

လောထျန်းက ပြန်ဖြေသည်။

" ပျောင်ပိုင်မြို့ ..ဟုတ်လား ၊ ဒါ ဘယ်လို အမှိုက်နေရာမျိုးလဲ ။ ငါ တစ်ခါမှတောင် မကြားဖူးဘူး။ မင်းက ငါတို့ စန်းလန်ဂိုဏ်းကို လာပြီး ပြဿနာလာရှာတာဆိုတော့ သေဖို့ အသင့်ဖြစ်နေပြီနဲ့တူတယ် "

မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲက လောထျန်းအား အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြော၏။

" ဘာပြောလိုက်တယ် "

နျိုထျဲ့ချူက ဒေါတသကြီး အော်ကာ ရှေ့သို့ချက်ချင်းတိုးသွားပြီး ထိုမီးခိုးရောင်ဝတ် အကြီးအကဲအား တူဖြင့် ထုလိုက်သည်။

" မင်းက သေချင်နေတာပဲ "

ထိုလူ၏ မျက်နှာချက်ချင်း ညိုသွားကာ နျိုထျဲ့ချူအား လက်နောက်ပြန် ရိုက်လိုက်သည်။

ဘုန်း .. ဘုန်း ..ဘုန်း ..

သူတို့နှစ်ဦးသည် လေထဲတွင် အချိန်အတန်ကြာ သည်အထိ တိုက်ခိုက်နေကြ၏။ နောက်ဆုံးတွင်မူ နျိုထျဲ့ချူတစ်ယောက် ရှုံးနိမ့်သွားတော့သည်။

သူမသည် တုကျဲ့အဆင့်သို့ ရောက်ထားသည်မှာ မကြာလှသေးရာ သူမ၏ ခန္ဓာကိုယ်က ထိုသို့သော အစွမ်းမျိုးနှင့်သူကို တိုက်ခိုက်ရန် အသားမကျသေးပါချေ။

မီးခိုးရောင်ဝတ် အကြီးအကဲက အင်္ကျီလက်ကို ယမ်းကာ မူလနေရာသို့ ပြန်သွားလိုက်သည်။ ထို့နောက် သူက အထင်သေးရွံရှာသည့် မျက်နှာဖြင့် ပြော၏။

" ငါက အမှိုက်လို့ ပြောတာကို မင်းက ယုံမှ မယုံဘဲကိုးကွ ။မင်းရဲ့ အစွမ်းသေးသေးလေးနဲ့များ ဒီကိုလာပြီး ငါ့ကို ရန်စရဲတယ်ပေါ့လေ "

" မင်း .."

နျိူထျဲ့ချူမှာ ကျေနပ်သေးဟန် မပေါ်သော်လည်း လောထျန်းက သူမကို တားထားလိုက်သည်။

ထို့နောက် လောထျန်းက လေထဲမှ လူခြောက်ယောက်ကို ဝေ့ဝဲကြည့်ကာ ပြော၏။

" ပြီးမှ ကျုပ်ကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့နော် ။ အခု ခင်ဗျားတို့ ခြောက်ယောက်လုံး လာပြီး ကျုပ်ကို တိုက်ခိုက်လို့ရတယ် "

" ဘာကွ .. "

တစ်ဖက်မှ လူများမှာ ရုတ်တရက် အံ့အားသင့်သွားကြ၏။ ထို့နောက် သူတို့အားလုံး တဟားဟား အော်ရယ်လိုက်ကြသည်။

" ကောင်လေး ၊ မင်းက ဘယ်သူ့သားလဲ ပြောစမ်းပါဦး။ လေလုံးကြီးလွန်းလို့ မင်းလျှာ ပြတ်သွားမှာ မကြောက်ဘူးလားကွာ။ မင်းကများ ငါတို့ခြောက်ယောက်ကို တိုက်ခိုက်ဦးမယ်တဲ့ ..။ ငါပြောတာ ယုံချင်ယုံ ၊ မယုံချင်နေ ။ ငါ မင်းကို လက်ဖျားလေးနဲ့ တစ်ချက်ထိလိုက်တာနဲ့တောင် မင်းတစ်ကိုယ်လုံးကို အမှုန့်ဖြစ်အောင် လုပ်လိုက်လို့ ရတယ်ကွ "

မီးခိုးရောင်ဝတ် အကြီးအကဲက လောထျန်းအား လက်ညိုးထိုးကာ အော်ရယ်ရင်း ပြောလိုက်သည်။

All Chapters