မဖျက်ဆီးနိုင်သည့် အကာအကွယ်အစီအမံ တဲ့လား ..
Vol. 10 Ch. 133
လောထျန်းကို လက်ညိုးညွှန်ထားသည့် မီးခိုးရောင်ဝတ် အကြီးအကဲ၏ လက်ချောင်းထိပ်မှ အစွမ်းထက်သော စွမ်းအင်တစ်ခု တိုးထွက်လာသည်။
လောထျန်းမှာ သူ့လက်ညိုးကြောင့် သေသွားရလိမ့်မည်ဟုသာ ထိုအကြီးအကဲ တွေးထင်ထား၏။
သို့သော် ..လောထျန်းသည် လက်ကို နောက်ပစ်လျက် နေရာမရွှေ့ဘဲ မတ်မတ် ရပ်နေမည်ဟု မည်သူ ထင်ထားပါမည်နည်း ။
သူ့ပုံမှာ ဘာမှ မဖြစ်လိုက်သလိုပင် ..
" ဟင် ..ညီလေး .."
စန်းလန်ဂိုဏ်းချုပ်က နောက်လှည့်၍ မီးခိုးရောင်ဝတ် အကြီးအကဲအား ကြည့်လိုက်သည်။ ထိုအကြီးအကဲက လောထျန်းအား တမင်အလျှော့ပေးလိုက်ခြင်းသာ ဖြစ်ရမည်ဟုလည်း သူ တွေးနေ၏။
မီးခိုးရောင်ဝတ် အကြီးအကဲမှာလည်း လန့်သွားပြီး ဂိုဏ်းချုပ်ကို ကြည့်ကာ ပြောသည်။
" ဂိုဏ်းချုပ်ကြီး ..ဒီကောင်က .. "
သူ ပြောလက်စ စကားကို ခနရပ်ကာ လောထျန်းဘက် လှည့်ကြည့်လိုက်ပြန်သည်။
သို့သော် .. အစောက မားမားရပ်နေခဲ့သည့် လောထျန်းက နေရာတွင် ရှိမနေတော့ချေ။
" ဟင် .. "
စန်းလန်ဂိုဏ်းမှ လူများ အံ့သြမှင်သက်သွား၏။
ထိုအချိန်မှာပင် ...
" ဘာတွေ ရှာနေကြတာလဲ "
မီးခိုးရောင်ဝတ် အကြီးအကဲ၏ အနောက်ဘက်မှ လောထျန်းအသံ ရုတ်တရက် ထွက်လာသည်။
" ဟင် .. "
မီးခိုးရောင်ဝတ် အကြီးအကဲက နောက်လှည့်ကြည့်လိုက်ရာ သူ မသိလိုက်ပါဘဲ သူ့နောက်သို့ ရောက်နေသည့် လောထျန်းကို မြင်လိုက်ရသည်။
ထို့နောက် လောထျန်းက လက်ဆန့်၍ အကြီးအကဲဆီသို့ လက်ညိုးညွှန်လိုက်သည်။
ဝုန်း ..
မီးခိုးရောင်ဝတ် အကြီးအကဲမှာ တမဟုတ်ချင်း နောက်သို့ လွင့်ထွက်သွားပြီး မြေပေါ်သို့ ကျသွား၏။
သူ ကျသွားသည့် နေရာတွင် ချိုင့်ကွက်ကြီးတစ်ခုပင် ဖြစ်သွားသည်။
" အား ..."
ချိုင့်ခွက်ထဲမှ မီးခိုးရောင်ဝတ် အကြီးအကဲ၏ လည်ပင်းမှာ ကြောက်စရာကောင်းလောက်အောင် လိမ်စောင်းနေပြီး သူ့တစ်ကိုယ်လုံးလည်း တွန့်လိမ်ကာ သေလုမျောပါး ဖြစ်နေတော့၏။
" အဲ .. အားနည်းနည်း များသွားတာပဲ "
အစောက သခင်ကြီးတစ်ယောက်ကဲ့သို့ မျက်နှာတည်နေခဲ့သည့် လောထျန်းမှာ ချက်ချင်း မျက်နှာထား ပြောင်းသွားသည်။
ထို့နောက် သူက မီးခိုးရောင်ဝတ် အကြီးအကဲဘေးသို့ သွားလိုက်၏။
" ဟေ့ ..ခင်ဗျားကြီးက ဘာတွေဖြစ်နေတာလဲ ။ ကျုပ်က ခင်ဗျားကို တစ်ချက်ပဲ လုပ်ရသေးတာလေ ၊ ဒါဆို ဘယ်လိုလုပ်ပြီး ခုလို ဖြစ်သွားရတာလဲ။ ခင်ဗျားက တုကျဲ့အဆင့်ကလူ မဟုတ်ဘူးလား။ တုကျဲ့အဆင့်ရှိတဲ့ ဘယ်သူက ခင်ဗျားကြီးလောာက် အစွမ်းနိမ့်လို့လဲ ။ ကျုပ်ပြောမယ် ၊ သေမယ်ဆိုလဲ ဖြည်းဖြည်းချင်းသေနော်။ မဟုတ်လို့ကတော့ ခင်ဗျားကို ကျုပ် ရိုက်သတ်ပစ်မှာ "
လောထျန်းက ဒေါသတကြီး ဆဲဆိုနေရင်း စိတ်ဝိဥာဥ်ရှာဖွေခြင်းနည်းကို သုံးကာ မှတ်ဥာဏ်များကို တစ်ချိန်တည်း ထုတ်ယူလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်နေကြသည့် ယဲ့ထုံလင်းနှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍သာ ခေါင်းယမ်းလိုက်ကြ၏။
သူတို့၏ သခင်လေးသည် ပုံမှန်မဟုတ်သည့် အစွမ်းမျိုးဖြင့် အလွန်အစွမ်းထက်လှသော်လည်း ..
သူ အနည်းငယ် တမျိုးခံစားနေရ၏။
ထိုခံစားချက်ကို သူ ထုတ်၍လည်း မပြောတတ်ပါချေ။
ထိုစဥ် တစ်ဖက်မှ စန်းလန်ဂိုဏ်းချုပ်နှင့် အခြားသူများမှာမူ ကျောရိုးထဲမှပင် အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
အစောက လောထျန်းတစ်ယောက် မီးခိုးရောင်ဝတ် အကြီးအကဲနောက်တွင် ပေါ်လာပြီးချိန်မှ စ၍ မည်သို့ ဖြစ်ပျက်သွားသည်ကို သူတို့ နားမလည်နိုင်သေးပါ ။
ထို့ထက်ပို အရေးကြီးသည်မှာ လောထျန်းက မီးခိုးရောင်ဝတ် အကြီးအကဲအား အစွမ်းနိမ့်လွန်းသည်ဟု ဒေါသတကြီး ဆဲရေးနေသည့်တိုင် ...
ထိုအကြီးအကဲသည် ခုခံရာ၌ အစွမ်းအထက်ဆုံး ဖြစ်ကြောင်း သူတို့ သိထားခြင်းပင် ။
သူ၏ ခုခံစွမ်းရည်မှာ သူတို့ဂိုဏ်းထဲတွင် မဆိုထားဘိ ၊ ထျန်းယွမ် အင်ပါယာ တစ်ခုလုံးတွင်ပင် နာမည်ကျော်ဖြစ်သည်။
ယခု ထိုသို့သော သူတစ်ယောက်က လောထျန်း၏ သိုင်းကွက်တစ်ကွက်တည်းဖြင့် လည်ပင်း ကျိုးသွားရသည်လား .. ။
၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း။
သူတို့ရှေ့မှ လောထျန်း၏ အစွမ်းက ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တစ်ခုသို့ ရောက်နေပြီဆိုသည့် အဓိပ္ပါယ်လား ..။
" အားလုံး နောက်ဆုတ်ကြဟေ့ ၊ ဂိုဏ်းရဲ့ အစီအမံကို အသက်သွင်းကြ "
စန်းလန်ဂိုဏ်းချုပ်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ အော်လိုက်သည်။
ဝှစ် ..
အကြီးအကဲများက တောင်ပေါက်ဝဆီသို့ ခပ်သွက်သွက် နောက်ဆုတ်ကာ ဂိုဏ်း၏ အကာအကွယ် အစီအမံကို ချက်ချင်း ပုံဖော်အသက်သွင်းလိုက်ကြ၏။
ဝီ ..
အလင်းတန်း အကာအကွယ်တစ်ခု ရုတ်ချည်း လင်းလက်လာပြီး စန်းလန်ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။
သို့သော် .. သခင်ကြီးများက အကာအကွယ် အစီအမံထဲသို့ နောက်ဆုတ်ပြီးသွားသော်လည်း ဂိုဏ်းမှ အခြားတပည့်များကမူ အစီအမံ၏ အပြင်ဘက်တွင်သာ ကျန်နေခဲ့ကြ၏။
" သခင်ကြီး .. အစီအမံကို ဖွင့်ပေးပြီး ကျုပ်တို့ကို အထဲပေးဝင်ပါဗျာ "
" ဂိုဏ်းချုပ်ကြီး ကျုပ်တို့ကို မထားခဲ့ပါနဲ့ "
တပည့်အများစု ကြောက်လန့်တုန်လှုပ်သွားကြပြီး အစီအမံထဲသို့ ဝင်ရန် အတင်းကြိုးစားလိုက်ကြသည်။ သို့သော် အကာအကွယ်အစီအမံကမူ နေရာပင် မရွှေ့ပါချေ။
သူတို့အားလုံး စွန့်ပစ်ခံလိုက်ရသည်မှာ သိသာပေသည်။
ထိုစဥ် တစ်ဖက်မှ လောထျန်းသည် မီးခိုးရောင်ဝတ်အကြီးအကဲ မသေခင် သူ့မှတ်ဥာဏ်များကို ထုတ်ယူ၍ ပြီးသွားပြီး စိတ်ဝိဥာဥ်ပုလဲလုံးကို သိမ်းထားလိုက်၏။
ထို့နောက် သူ နောက်လှည့်ကြည့်လိုက်ရာ စန်းလန်ဂိုဏ်းမှ လူများက အကာအကွယ်အစီအမံနောက်သို့ နောက်ဆုတ်ဝင်ထားကြသည်ကို တွေ့လိုက်ရတော့သည်။
" ဟင် .. ဒါ ဘာအဓိပ္ပါယ်လဲ "
လောထျန်း မျက်မှောင်ကြုံ့သွားပြီး မေးလိုက်သည်။
စန်းလန်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က သက်ပြင်းရှည်ကြီး ချကာ ဦးညွှတ်အရိုအသေပေး၍ ပြော၏။
" သခင်လေး .. ခုနက ကျုပ်တို့ သခင်လေးကို ဂရုမစိုက်သလို ဖြစ်သွားခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ။ ကျုပ်တို့ရဲ့ ညီလေးက သခင်လေးရဲ့ လက်ထဲမှာ သေသွားရတာကလဲ သူ့အပြစ်နဲ့ သူမို့ ကျုပ်မို့ သခင်လေးကို အပြစ်တင်လိုစိတ် လုံးဝ မရှိပါဘူး။ ဒါနဲ့ .. ကျုပ်တို့ စန်းလန်ဂိုဏ်းက သခင်လေးအပေါ်ကို ဘယ်လိုပြစ်မှုမျိုး ကျူးလွန်မိလို့လဲဆိုတာ မသိတာမို့ အဲ့ဒါလေး ပြောပြနိုင်မလား သခင်လေးခင်ဗျာ "
လတ်တလောတွင်မူ လောထျန်းအား သူတို့ရှေ့မှ အမြန်ဆုံး ပျောက်ကွယ်သွားရန်သာ သူ ဆန္ဒရှိပေသည်။
လောထျန်းက ဒေါသထွက်သွားဟန်ဖြင့် ပြန်အော်သည်။
" ဘယ်လိုစော်ကားမိလဲ မသိဘူး ဟုတ်လား .. ခင်ဗျားတို့တွေက ကျုပ်အိမ်ကို လူလွှတ်ပြီးတော့ ကျုပ်တို့တွေကို မောင်းထုတ်ပြီး ဓားပြတိုက်ဖို့လဲ ကြိုးစားသေးတယ် ၊ အခု ဘယ်လိုစော်ကားမိလဲ မသိဘူးလို့ လာပြောနေတယ်ပေါ့ ..ဟုတ်လား "
ထိုစကားကြောင့် အကာအကွယ် အစီအမံထဲမှ အကြီးအကဲများ ထိတ်လန့်သွားကြ၏။ အကြောင်းရင်းကိုလည်း သူတို့ ချက်ချင်း နားလည်သွားကြသည်။
" သခင်လေးက .. ယဲ့ဖုန်းနိုင်ငံကလား .. "
တစ်ယောက်က အံ့သြတကြီး မေးလိုက်သည်။
လောထျန်းက ခေါင်းညိတ်၍ ပြန်ဖြေ၏။
" အမှန်ပဲ "
ထိုစကားကို ကြားသည်နှင့် စန်းလန်ဂိုဏ်းချုပ်၏ မျက်နှာ ရုတ်ချည်း ဖြူဖျော့သွားသည်။
သူ နောင်တလည်း အနည်းငယ် ရသွား၏။
သေချာ တွေးကြည့်လျှင်.. စိတ်စွမ်းအင် ပေါကြွယ်ဝသည့် မြင့်မြတ်သော နေရာတစ်ခု ပေါ်လာပါက ထိုနေရာကို အပိုင်သိမ်းထားသူ မရှိဘဲ နေမည်မဟုတ်သည်ကို အားလုံး သိပါသည်။
သို့သော် သူသည် လွန်ခဲ့သော နှစ်များအတွင်း သူတို့ဂိုဏ်း၌ စိတ်စွမ်းအင်သွေးကြောနှင့် ပတ်သက်သည့် ပြဿနာများကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ရသဖြင့် ထိုအကြောင်းကို များစွာ မစဥ်းစားမိခဲ့ပေ။ ထိုအသစ်ပေါ်လာသည့် စိတ်စွမ်းအင်သွေးကြောအား မြန်နိုင်သမျှ မြန်မြန် အပိုင်သိမ်းနိုင်ရန်သာ စိတ်စောနေခဲ့၏။
ထိုသို့ သေချာမစဥ်းစားဘဲ လုပ်လိုက်မိသည့် ရလဒ်အနေဖြင့် အလွန် ကြောက်မက်ဖွယ်ကောင်းသည့် လူသတ်သမားတစ်ယောက်ကို ရန်စမိသလို ဖြစ်သွားခဲ့ရလေပြီ။
" သခင်လေး .. ဒီကိစ္စက ကျုပ်တို့ရဲ့အမှားဆိုတာ ဝန်ခံပါတယ် ။ ဒါပေမယ့် သခင်လေးလဲ ကျုပ်တို့လူတွေကို သတ်သင့်သလောက် သတ်ပြီးနေပြီဆိုတော့ အခု အားလုံးကို ကြေအေးလိုက်ကြရင် မကောင်းဘူးလားဗျာ "
စန်းလန်ဂိုဏ်းချုပ်က လေပြေထိုးကာ ပြောလိုက်သည်။
သို့သော် ..လောထျန်းက လှောင်ပြုံးဖြင့် ပြန်ပြောလာ၏။
" ကြေအေးပေးရမယ် ..ဟုတ်လား ။ ခင်ဗျားကတော့ ဒီစကားကို လွယ်လွယ်ပြောနိုင်တာပေါ့ ။ ဒါပေမယ့် တကယ်လို့ ကျုပ်သာ ကိုယ့်ကိုကိုယ် မကာကွယ်နိုင်ခဲ့ဘူးဆိုရင် ကျုပ်ကိုယ်တိုင်ရော ၊ ပျောင်ပိုင်မြို့ တစ်မြို့လုံးက လူတွေပါ ခင်ဗျားတို့ စန်းလန်ဂိုဏ်း လက်ချက်နဲ့ သေကြရမှာလေ ။ ဒါနဲ့တောင် ခင်ဗျားက ဒီကိစ္စကို ပါးစပ်က အပြောလေးနဲ့ ကြေအေးချင်တယ်ပေါ့။ ဘာလဲ .. ခင်ဗျားက သတ္တိမရှိဘူးလား "
စန်းလန်ဂိုဏ်းချုပ်မှာ ချက်ချင်း မျက်နှာသုန်မှုန်သွားသည်။
" ဒါဆို သခင်လေးက ဘာဖြစ်ချင်တာလဲ "
လောထျန်းက သူ့ကိုကြည့်ကာ အေးစက်စက် ပြန်ပြောလိုက်သည်။
" ခင်ဗျားက ကျုပ်တို့ ပျောင်ပိုင်မြို့ကို ဖျက်ဆီးချင်တာဆိုတော့ အခု ကျုပ်ကလဲ ခင်ဗျားရဲ့ စန်းလန်ဂိုဏ်းကို ပြန်ဖျက်ဆီးမယ်။ ဒါဆို တရားမျှတမှာပါ "
" မင်း .."
စန်းလန်ဂိုဏ်းချုပ် ဒေါသတကြီး အံကြိတ်လိုက်သည်။ သို့သော် ချက်ချင်း သူ့စိတ်သူ ပြန်ထိန်းပြီး တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။
" ကောင်လေး .. မင်းက အင်မတန် အစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ငါတို့စန်းလန်ဂိုဏ်းရဲ့ နှစ်ထောင်ချီ တည်တံ့လာတဲ့ သမိုင်းကို လျှော့မတွက်နဲ့နော်။ ဒီ အကာအကွယ်အစီအမံက ငါတို့ဂိုဏ်းရဲ့ ပထမမျိုးဆက် ဘိုးဘေးက ဖန်တီးခဲ့တာကွ။ တုကျဲ့အဆင့် ၉ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က သူ့အသက်ကို စတေးပြီး တိုက်ခိုက်ရင်တောင် ဒီအစီအမံကို ချိုးဖျက်နိုင်မှာ မဟူတ်ဘူး "
ထို့နောက် သူက ပြောလက်စကို ခဏရပ်ပြီး လောထျန်းအား ကြည့်လိုက်သည်။ ပြီးမှသာ စကားဆက်၏။
" ငါတို့က မင်းကို ဘာမှမလုပ်နိုင်တာ မှန်ပေမယ့် အကာအကွယ် အစီအမံ ရှိနေတဲ့ တလျှောက်လုံး မင်းကလဲ ငါတို့ကို ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ဒီတော့ ဘာဖြစ်လို့ ငါတို့ရဲ့စွမ်းအင်တွေကို အလကား ဆုံးရှုံးအောင် လုပ်နေဦးမှာလဲကွာ။ ငါတို့လဲ နောက်ဆုတ်လိုက်မယ် ၊ မင်းလဲ နောက်ဆုတ်ပြီး ပြန်လိုက်။ ဖြစ်သွားခဲ့တဲ့ ကိစ္စတွေအတွက် လျော်ကြေးအနေနဲ့လဲ မင်းကို အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ပေးပါ့မယ်။ ဆိုတော့ ဒီနေရာမှာပဲ ကြေအေးလိုက်ကြတာပေါ့ကွာ "
ထိုအချိန်တွင် ယဲ့ထုံလင်းက လောထျန်းနောက်သို့ ရုတ်တရက် ရောက်လာကာ အကာအကွယ်အစီအမံအား သေချာကြည့်၍ ပြောလိုက်သည်။
" ဒီဟာက တော်တော်ကောင်းတဲ့ အစီအမံဆိုတာ မှန်တယ်ဗျ ။ ဒါပေမယ့် ဖျက်ဆီးလို့ မရတာတော့ မဟုတ်ဘူး ။သခင်လေး ကျုပ်ကို သုံးရက်ပဲ အချိန်ပေးပါ ၊ ကျုပ် ဒီအစီအမံကို သုံးရက်အတွင်း ဖျက်ဆီးနိုင်လောက်တယ် "
ယဲ့ထုံလင်းသည် အစီအမံပညာရပ်တွင် ဆရာတစ်ဆူဖြစ်ရာ အစီအမံများကို ချိုးဖျက်ခြင်းက သူ့အတွက် ခက်ခဲသည့် ကိစ္စတစ်ခုမဟုတ်ပေ။
" ဘယ်လို .. "
ထိုစကားကို ကြားသောအခါ စန်းလန်ဂိုဏ်းချုပ်၏ မျက်နှာ ရုတ်ချည်း ဖြူဖျော့သွားပြန်၏။
တစ်ဖက်အဖွဲ့တွင် အလွန်အစွမ်းထက်လှသည့် လောထျန်းအပြင် အစီအမံပညာရပ်ကို ကျွမ်းကျင်သည့် အခြားသခင်ကြီးတစ်ယောက်ပါ ပါလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ ။
သူတို့ စော်ကားလိုက်မိသည့် သူက မည်သူပါနည်း ။
သို့သော် ..မျှော်လင့်မထားစွာပင် လောထျန်းက ခေါင်းယမ်း၍ ပြောလာသည်။
" ထားလိုက်ပါဗျာ "
ထိုစကားကို ကြားမှသာ စန်းလန်ဂိုဏ်းမှ လူများ သက်ပြင်းချနိုင်သွားကြ၏။
လောထျန်းက ထိုသို့ ပြောလာသည်ဖြစ်ရာ သူ အရှုံးပေးလိုက်ခြင်းပင် ဖြစ်ရပေမည်။
သို့သော် .. ထိုစဥ်မှာပင် လောထျန်းက စကားဆက်သည်။
" သုံးရက်က ကြာလွန်းတယ်။ ကျုပ် အဲ့လောက်ကြီး မစောင့်နိုင်ဘူး။ ကျုပ်က ဒီ အစီအမံကို အခုချက်ချင်း ဖျက်ဆီးပစ်ချင်တာ "
" ဘာ .. "
အားလုံးမှာ ကြားလိုက်ရသည့် စကားကို မယုံနိုင်ဘဲ နားကြားလွဲသွားလေသလားဟု တွေးလိုက်ကြ၏။
" ငါတို့ဂိုဏ်းရဲ့ အစီအမံကို ဖျက်ဆီးပစ်မယ် ဟုတ်လား..။ မင်းက လာနောက်နေတာလား ။ ငါတို့ စန်းလန်ဂိုဏ်းရဲ့ သမိုင်းက နှစ်ထောင်ချီ ရှိနေပြီကွ ။ ဒီအတောအတွင်းမှာ ငါတို့က မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေ တိုက်ခဲ့ဖူးသလို အစွမ်းထက်တဲ့ သူတွေနဲ့လဲ မရေမတွက်နိုင်အောင် ကြုံဖူးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်သူတစ်ယောက်ကမှ ငါတို့ဂိုဏ်းရဲ့ အစီအမံကို မချိုဖျက်နိုင်သေးဘူး ။ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပြီ "
အကြီးအကဲဟွမ်က လောထျန်းအား လှောင်ပြုံးဖြင့် ပြောလိုက်သည်။
လောထျန်းက ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်၍ ပြန်ပြော၏။
" ကောင်းတာပေါ့ ၊ ကျုပ်ကလဲ ကျုပ်ရဲ့ တိုက်ခိုက်စွမ်းရည် ဘယ်လောက်ရှိလဲဆိုတာ သိချင်နေတာနဲ့ အတော်ပဲ "
ထို့နောက်တွင်မူ လောထျန်းက လက်သီးဆုပ်လိုက်ရာ သူ့အနောက်ဘက်တွင် ဧရာမ အရိပ်ကြီးတစ်ခု ရုတ်ချည်း ပေါ်လာသည်။