← Chapters

ပိုင်နက်အပြင်ဘက် ရောက်နေတဲ့ မိစ္ဆာနတ်ဆိုး

Vol. 10 Ch. 135

ပိုင်နက်အပြင်ဘက် ရောက်နေတဲ့ မိစ္ဆာနတ်ဆိုး

Vol. 10 Ch. 135

စန်းလန်ဂိုဏ်းသည် မကြာသေးမီ အချိန်ကပင် အခြားမည်သူမှ မထိနိုင်သည့် အင်အားကြီး ဂိုဏ်းတစ်ခု ဖြစ်နေခဲ့သေး၏။

သို့သော် ..ယခုတွင်မူ တောင်တစ်တောင်လုံး ပြောင်ရှင်းနေပြီး အဆောင်အဦး အပျက်အစီး အကြွင်းအကျန်များပင် ရှိမနေတော့ပါ ။

လူအုပ်ကြီး ဝင်မွှေသွားပြီးနောက် ကျန်ခဲ့သည့် မြင်ကွင်းမှာ အစောက လောထျန်း၏ လက်သီးချက်နှင့်ပင် သိပ်မကွာတော့ပေ။

" သခင်လေး ၊ ကျုပ် ယူလို့ရသမျှ အဖိုးတန်ပစ္စည်းတွေအကုန် ယူလာခဲ့တယ်။ အိမ်သာကျင်းတွေကိုပါ မွှေနှောက်ရှာခဲ့သေးတယ်ဗျ ။ အဖိုးတန်ပစ္စည်းတွေအားလုံး ဒီမှာ "

လောရုံက ဟင်းလင်းပြင်လက်စွပ်အိတ်ကို လောထျန်းအား လှမ်းပေးကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အစောက စန်းလန်ဂိုဏ်းတစ်ခုလုံးကို ဝင်ရောက်ရှာဖွေခဲ့ရသည့်အတွက်လည်း သူ အလွန် ပျော်နေ၏။

လောထျန်း သူ့ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းတယ် ၊ ကဲ .. ဒါဆို ပြန်ကြစို့ "

ထို့နောက်တွင်မူ ယဲ့ထုံလင်းက မပျက်မစီး ကျန်နေသည့် တစ်ခုတည်းသော အဆောက်အဦးဖြစ်သည့် တည်နေရာရွှေ့ပြောင်းခြင်း ခန်းမကို အသက်သွင်းကာ အားလုံးကို စန်းလန်ဂိုဏ်းမှ ပြန်ခေါ်ထုတ်သွားသည်။

လောထျန်းတို့အုပ်စု ထွက်သွားပြီးမကြာခင်မှာပင် .. ဓားပေါ်မှ ပျံသန်းလာသည့် သက်လတ်ပိုင်းအရွယ် တာအို သိုင်းသမား နှစ်ဦး စန်းလန်ဂိုဏ်းသို့ ရောက်လာကြ၏။

" ဘာအရည်အချင်းမှ မရှိဘူးဆိုရင်တော့ .. ဆိုးရွားတဲ့ ဘဝနဲ့ နေရမှာပဲ ။ ငါလဲ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းလို့ ခုလို စာပို့တဲ့ အလုပ်မျိုးပဲ လုပ်နေရတာပေါ့ကွာ။ ဒါတောင် တည်နေရာရွှေ့ပြောင်းပြီး ပို့ရတာ မဟုတ်ဘူးနော် ၊ ကိုယ်တိုင် ဟိုဟိုဒီဒီ ပျံသန်းပြီး ပို့ရတာ "

မီးခိုးရောင်ဝတ် တာအိုသိုင်းသမားက ပြောလိုက်သည်။

" အခုတော့ ဘာမှ ထပ်ပြောမနေပါနဲ့ကွာ ။ ဒီကိုတောင် ရောက်နေပြီပဲ ၊ ဘယ်တတ်နိုင်ပါ့မလဲ။ စာကိုသာ မြန်မြန်သွားပို့ပြီး ပြန်ကြတာပေါ့ "

အမည်းရောင်ဝတ် တာအိုသိုင်းသမားက ပြန်ပြော၏။

မီးခိုးရောင်နှင့် တာအိုသိုင်းသမားက ခေါင်းယမ်း၍ ပြောသည်။

" ဒါ နည်းနည်းတော့ ထူးဆန်းတယ်လို့ မထင်ဘူးလား။ လောယွီဂိုဏ်းလို အဖွဲ့ကြီးတစ်ခုက ဘာဖြစ်လို့ ထျန်းယွမ်အင်ပါယာကို လူလွှတ်ရတာလဲ မသိဘူး "

အမည်းရောင်ဝတ် တာအိုသိုင်းသမားမှာ အခြားသူများ ကြားသွားမည်စိုး၍ ဘေးဘီသို့ မသိမသာ ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက်မှသာ သူ လေထဲတွင် ရှိနေသည်ကို သတိရသွားပြီး သူ့ကိုယ်သူ ပြန်ရယ်၍ ပြောသည်။

" ငါကြားတာတော့ လောယွီဂိုဏ်းမှာ အင်မတန်အရေးကြီးတဲ့ ပစ္စည်းတစ်ခု ပျောက်သွားတယ်တဲ့ကွ ။ ဒါကြောင့်မို့ သူတို့က နေရာစုံကို လူလွှတ်ပြီး ရှာခိုင်းနေတာတဲ့ "

ထိုစကားကို ကြားသောအခါ မီးခိုးရောင်ဝတ် တာအိုသိုင်းသမား အံ့အားသင့်သွား၏။

" လောယွီဂိုဏ်းက ပစ္စည်းကိုတောင် ခိုးတာဆိုတော့ ဒီလူက တော်တော်အတင့်ရဲတာပဲ။သူ ဘယ်သူလဲ မင်း သိလား။ ဒီလူတော့ အသက်ဆက်မရှင်ချင်တော့ဘူးနဲ့ တူပါတယ်။ လောယွီဂိုဏ်းဆိုတာ ဖုန့်လင်းဒေသတစ်ခုလုံးမှာ အင်အားအကြီးဆုံးနဲ့ အစွမ်းအထက်ဆုံး အဖွဲ့တစ်ခုလေ။ ဒီအကြောင်းကို ငါတို့ မြောက်ပိုင်းဒေသတစ်ခုလုံးလဲ သိကြတာပဲ "

အမည်းရောင်ဝတ် တာအိုသိုင်းသမားက ခေါင်းယမ်း၍ ပြန်ပြောသည်။

" ဘယ်သူဆိုတာတော့ ငါလဲ မသိဘူးလေ။ ငါတောင် သူများပြောနေတာကို မတော်တဆ ကြားသွားလို့ သိတာ။ ဒီကိစ္စမျိုးက ငါတို့လိုအဆင့်ရှိတဲ့သူတွေနဲ့ မသက်ဆိုင်တဲ့ ကိစ္စပဲ "

သူတို့နှစ်ဦး စကားပြောနေစဥ်မှာပင် စန်းလန်ဂိုဏ်းရှိရာ တောင်ကို ဖြတ်ကျော် ပျံသန်းသွားကြ၏။

" ဟင် .. ငါ မှတ်မိတာတော့ စန်းလန်ဂိုဏ်းက ဒီနားလေးမှာပါ။ အခု ဘယ်ရောက်သွားတာလဲ "

မီးခိုးရောင်ဝတ် သိုင်းသမားက ရုတ်တရက် ပြောလိုက်သည်။

" ငါ မှတ်မိတဲ့အတိုင်းဆိုရင် .. စန်းလန်ဂိုဏ်းက ဒီနားလေးမှာ ရှိသင့်တာ .. ဒါပေမယ့် ... "

အမည်းရောင်ဝတ် တာအိုသိုင်းသမားကလည်း ချက်ချင်း ရပ်လိုက်ပြီး စန်းလန်ဂိုဏ်း၏ အကြွင်းအကျန် စိတ်စွမ်းအင်ကို အာရုံခံ၍ ရလိုရငြား ရှာလိုက်၏။ သို့သော် သူ မည်သည့်အရာကိုမှ တွေ့မသွားပါချေ။

" ထူးဆန်းလိုက်တာ .. "

သူ အံ့အားသင့်သွားရသည်။

ထိုအချိန်မှာပင် .. မီးခိုးရောင်ဝတ် တာအိုသိုင်းသမားက ရုတ်တရက် အော်ပြောလာသည်။

" ဟေ့ ..အောက်ကို ငုံ့ကြည့်လိုက် "

အမည်းရောင်ဝတ် သိုင်းသမားက ထိုလူညွှန်ပြသည့်နေရာသို့ ကြည့်လိုက်ရာ ရုတ်ချည်း လန့်ဖျန့်သွားသည်။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ ၊ ဒါ စန်းလန်ဂိုဏ်းလား .. "

သူ တအံ့တသြ မေး၏။

သူတို့နှစ်ဦး ထိုသို့ ပြောနေရင်း မြေပြင်သို့ ဆင်းသက်လိုက်ကြသည်။ ထို့နောက် ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်ပြီးမှသာ ဤနေရာမှာ အမှန်တကယ်ပင် စန်းလန်ဂိုဏ်းဖြစ်ကြောင်း သေချာသွားကြ၏။

သို့သော် လက်ရှိတွင်မူ စန်းလန်ဂိုဏ်းက လူသူကင်းမဲ့သည့် စွန့်ပစ်နေရာတစ်ခု ဖြစ်နေလေပြီ။

ဘေးပတ်လည်တွင် အဆောက်အဦးမှ အကြွင်းအကျန် ကျောက်တစ်တုံး ၊ အုပ်တစ်ချပ်ပင် ရှိမနေပါ။

တောင်ပေါ်ရှိ အကာင်းနှင့်တူသော သစ်ပင်များကလည်း အမြှစ်မှ ကျွတ်ထွက်နေကြ၏။

" ဒီမှာ ဘာတွေ ဖြစ်သွားကြတာလဲ။ စန်းလန်ဂိုဏ်းက နေရာရွှေ့သွားတာလား ။ ဒါပေမယ့် ဒီနေရာက သူတို့ဂိုဏ်းရဲ့ မူလနေရာမဟုတ်ဘူးလားကွ "

မီးခိုးရောင် သိုင်းသမားက ပြောလိုက်သည်။

" ဂိုဏ်းတစ်ခုလုံးကို အဲ့လိုကြီး ပြောင်းသွားတာတော့ ဖြစ်နိုင်ပါ့မလားကွ ။ ငါထင်တာတော့ ရန်သူရဲ့ အတိုက်အခိုက်ကို ခံလိုက်ရတာလား မသိဘူး "

အမည်းရောင်ဝတ် သိုင်းသမားက ပြန်ပြော၏။

" ရန်သူက တိုက်ခိုက်တာ ... ဟုတ်ပါ့မလားကွ။ စန်းလန်ဂိုဏ်းက ထျန်းယွမ်အင်ပါယာမှာ ပထမတန်းအဆင့် အဖွဲ့တစ်ခုပဲလေ။ ပထတန်းအဆင့်ရဲ့ အောက်ခြေနား ရောက်နေတယ်ဆိုရင်တောင် သူတို့ဂိုဏ်းတစ်ခုလုံးကို ဒီအခြေအနေ ဖြစ်သွားအောင် ဘယ်သူက တိတ်တိတ်လေး လုပ်နိုင်မှာလဲ။ ပြီးတော့ ဘေးပတ်လည်ကိုလဲ ကြည့်လိုက်ဦးကွ။ ပစ္စည်းတွေ ရွှေ့သွားတဲ့ပုံက အရမ်း သေသပ်လွန်းနေတယ်။ ကြည့်ရတာ လူက လုပ်တာနဲ့တောင် မတူဘူး "

အမည်းရောင်ဝတ် တာအိုသိုင်းသမား ပုခုံးတွန့်သွားသည်။

" ဆက်မပြောပါနဲ့တော့ကွာ ၊ ငါ နည်းနည်းတောင် ကြောက်လာပြီ "

မီးခိုးရောင်ဝတ် တာအိုသိုင်းသမားကလည်း ခေါင်းညိတ်၍ ပြော၏။

" ငါရောပဲကွ "

" ဒါဆို ငါတို့ သွားကြမလား "

" အေး .. သွားကြမယ် "

ထိုသိူ့ပြောပြီးသည်နှင့် သူတို့နှစ်ဦးလုံး ကောင်းကင်ပေါ်သို့ ချက်ချင်း ပျံတက်ကာ စန်းလန်ဂိုဏ်း နယ်မြေထဲမှ အလွန်လျင်မြန်သော အရှိန်ဖြင့် ထွက်ပြေးသွားလိုက်ကြသည်။ သူတို့ပုံမှာ အသက်ဘေးမှ လွတ်အောင် ပြေးနေသည်နှင့်ပင် တူနေသေးတော့၏။

ထိုနေ့မှာပင် .. ထျန်းယွမ်အင်ပါယာအတွင်း၌ အံ့သြတုန်လှုပ်ဖွယ် သတင်းတစ်ခု ပျံ့သွားခဲ့သည်။ ၎င်းမှာ .. စန်းလန်ဂိုဏ်းသည် ပိုင်နက်နယ်မြေအပြင်သို့ ရောက်လာကြသည့် မိစ္ဆာနတ်ဆိုးတစ်သိုက်၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီ ဆိုသည့် သတင်းပင် .. ။ ဂိုဏ်းတစ်ခုလုံး ပျောက်ကွယ်သွားပြီး အိမ်သာကျင်းပါမကျန် မွှေနှောက်လှန်လှောခံထားရသည်ဆိုသည့် သတင်းလည်း တွဲပါလာ၏။

အခြားတစ်ဖက်မှ .. လောမိသားစု အိမ်တွင်မူ ...

လက်ထဲတွင် စာရင်းတစ်ခုကို ကိုင်ထားသော ပထမအကြီးအကဲက အပြုံးဖြင့် ပြောလိုက်သည်။

" ပြီးခဲ့တဲ့ ခရီးမှာ ကျုပ်တို့ လောမိသားစုက ရလဒ်ကောင်းတွေ အများကြီးရခဲ့တယ်။ စိတ်စွမ်းအင် ဆေးရည်တွေ ၊ သိုင်းကျမ်းတွေ ၊ မှော်လက်နက်တွေ စတဲ့ မရေမတွက်နိုင်တဲ့ အဖိုးတန်ပစ္စည်းတွေ ရခဲ့တယ် '

" ဒီပစ္စည်းတွေက ကျုပ်တို့ရဲ့ သိုင်းပညာရပ်တွေ မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်နိုင်ရုံတင် မကဘူး ၊ ကျုပ်တို့ လောမိသားစုမှာရှိထားတဲ့ သိုင်းပညာရပ်တွေကို အဆ ၄၀၀ လောက် ပိုတိုးသွားအောင် လုပ်လိုက်နိုင်တယ်။ စိတ်စွမ်းအင် ဆေးရည်တွေလဲ အဆ ၃၁၀၀ တောင် တိုးသွားတယ်။ ဒါ ယဲ့ဖုန်းနိုင်ငံမှာရှိတဲ့ ပထမတန်းအဆင့် အဖွဲ့တစ်ခုရဲ့ ပုံမှန်ရှိတဲ့ ပမာထက်တောင် အများကြီး ကျော်လွန်နေပြီ "

ထိုစဥ် ဘေးတွင် နားထောင်နေသည့် လောထျန်းက ရုတ်တရက် ဝင်ပြော၏။

" အကြီးအကဲ ၊ ခဏနေပါဦး ။ သေချာလေး ပြန်ပြောပေးလို့ ရမလား "

အကြီးအကဲမှာ ရုတ်တရက် ကြောင်သွားပြီး အိုးတိုးအတ ပြုံး၌ ပြောလိုက်သည်။

" ကျုပ်တော့ ဝမ်းသာလွနလို့ ဘာပြောရမှန်းတောင် သေချာမသိတော့ပါဘူး။ ဒါနဲ့ သခင်လေး .. ဒီပစ္စည်းတွေကို အားလုံးဆီ ခွဲဝေပေးလိုက်ရမလား "

လောထျန်းက စဥ်းပင် မစဥ်းစားဘဲ ချက်ချင်း ပြန်ဖြေသည်။

" သိုင်းပညာရပ်တွေနဲ့ တခြားကျင့်စဥ်တွေ အားလုံးကို မိသားစုဝင် ဘယ်သူမဆို လေ့လာခွင့်ရှိတယ်။ လေ့လာချင်တဲ့ မှန်သမျှ စိတ်ကြိုက်သာ လေ့လာကြပါစေဗျာ ။ ဘယ်လို ကန့်သတ်ချက်မျိုးမှ မထားပါနဲ့ "

ထိုအဖြေကြောင့် အကြီးအကဲ အံ့အားသင့်သွားပြီးထပ်မေး၏။

" အားလုံးကို ဒီတိုင်း စိတ်ကြိုက်လုပ်ခွင့် ပေးထားမှာလား ။ ဒါ အကြံကောင်း ဟုတ်ပါ့မလားကွ "

လောထျန်းက လက်ယမ်းကာ ပြန်ပြောသည်။

" ဘာမှ မဖြစ်ပါဘူးဗျာ ။ အခု ကျုပ်တို့ လောမိသားစုက အစွမ်းနိမ့်လွန်းနေသေးတယ်ဗျ။ ကျုပ်တို့မှာရှိတဲ့ သိုင်းပညာရပ်တွေနဲ့ ကျင့်စဥ်တွေကို ကန့်သတ်ချက်တွေနဲ့ လျှို့ဝှက်ထားလိုက်ရင် မိသားစုဝင်တွေရဲ့ တိုးတက်မှုက ပိုနှေးသွားမှာပေါ့ဗျာ။ အဲ့ကျရင် သူတို့ရဲ့ စွမ်းဆောင်ရည်လဲ ကျသွားလိမ့်မယ် "

လောထျန်းသည် အကန့်အသတ်မရှိသော ပညာရေးစနစ်၏ ကောင်းကျိုးများကို သိထားသူတစ်ယောက် ဖြစ်ပါသည်။

" ဟုတ်ကဲ့ပါ သခင်လေး "

လောထျန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် အကြီးအကဲက ခေါင်းညိတ်သဘောတူလိုက်သည်။ မိသားစုဝင်များအားလုံး ဝမ်းသာအားရ ဖြစ်သွားကြပြီး ဟေးခနဲ အော်ဟစ်လိုက်ကြ၏။

လောထျန်းက စကားဆက်သည်။

" ပထမတန်းအဆင့် အဖွဲ့တစ်ခု တည်ထောင်ဖို့ဆိုရင် ကျုပ်တို့ လောမိသားစု တစ်ခုတည်းကိုပဲ အားကိုးလိူ့တော့ မရဘူး။ အထူးသဖြင့် ပျောင်ပိုင်မြို့က စိတ်စွမ်းအင်သွေးကြောကို လိုချင်တဲ့သူတွေ နောက်ကျရင် ပိုများလာမှာဆိုတော့ တခြားအဖွဲ့တွေနဲ့ပါ မိတ်ဆွေဖွဲ့ထားဖို့လိုတယ် "

" ဒီတော့ ကျုပ် အားလုံးနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိတယ်။ အခုချိန်ကစပြီး လောမိသားစုရဲ့ သိုင်းကျမ်း စာကြည့်တိုက်ကို အပြင်လူတွေကိုပါ ဖွင့်ပေးလိုက်မယ်ဗျာ။ အဖွဲ့အစည်းမရှိတဲ့ သီးသန့်ကျင့်ကြံသူပဲ ဖြစ်ဖြစ်၊ တခြား မိသားစုတွေ အဖွဲ့တွေကပဲဖြစ်ဖြစ် ဘယ်သူမဆို လာပြီး လေ့လာလို့ရအောင် လုပ်ပေးမယ်။ ဒါပေမယ့် ဒီလို အပြင်လူတွေအနေနဲ့ ကြိုပြီး ပြင်ဆင်လာရမယ့် အချက်တွေတော့ ရှိမှာပေါ့ဗျာ  ဒီလူတွေဆီကနေ ပစ္စည်းဖြစ်ဖြစ် တခြားဟာ ဖြစ်ဖြစ် တစ်ခုခုကို ကောက်ခံနိုင်မယ့် စနစ်တစ်ခု လုပ်လိုက်မယ်။ လောမိသားစုက မဟုတ်တဲ့ အပြင်လူတွေအနေနဲ့ သိုင်းကျမ်း စာကြည့်တိုက်ထဲကို ဝင်ချင်ရင် စာရင်းမှာပြောထားတဲ့အတိုင်း ပစ္စည်းတွေ ပေးရမယ် "

စကားဆုံးသောအခါ အကြီးအကဲများ ခေါင်းအသာအယာ ညိတ်လိုက်ကြသည်။

" အမှန်ပဲ ။ သခင်လေး မပြောရင်တောင် ကျုပ် ပြောတော့မလို့။ အခု ပျောင်ပိုင်မြို့က ကျုပ်တို့လောမိသားစုရဲ့ အုပ်ချုပ်မှုအောက်မှာဆိုတော့ ကျုပ်တို့အတွက် လူအင်အား လိုတယ်။ ကျုပ်တို့တွေ အဖွဲ့ဝင်အသစ်ခေါ်ဖို့ အချိန်ကျပြီ "

ဒုတိယ အကြီးအကဲက ပြောလိုက်သည်။

လောထျန်းက စကားဆက်၏။

" အဲ့လိုဆို ဒီကိစ္စ ပြီးသွားတာပေါ့ဗျာ ။ ပြီးတော့ ကျုပ်တို့မှာ အခုရှိထားတဲ့ စိတ်စွမ်းအင်ဆေးရည်တွေ နဲ့ မှော်လက်နက်တွေ တစ်ဝက်ကို မိသားစုဝငိတွေအတွက် ချန်ထားမယ်။ ကျန်တဲ့ တစ်ဝက်ကိုတော့ အပြင်လူတွေအတွက် တခြားပစ္စည်းတွေနဲ့ လဲလို့ရအောင် ထားပေးလိုက်မယ်ဗျာ "

ပထမအကြီးအကဲက အံ့အားသင့်သွားဟန်ဖြင့် လေိုက်ပြန်သည်။

" ဟင် .. မှော်လက်နက်တွေရော ပေးမှာလား "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" အမှန်ပဲ ၊ ဒီပစ္စည်းတွေက မသုံးရင် သာမာန်အုတ်ခဲနဲ့ ဘာကွာတော့ မှာလဲဗျာ။ စန်းလန်ဂိုဏ်းလို လက်နက်တိုက်ထဲမှာပဲ ဖုန်တက်နေမှာပေါ့ "

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ လောထျန်းပြောသည်မှာ အဓိပ္ပါယ်ရှိပေသည်။

ပထမအကြီးအကဲကလည်း ခေါင်းညိတ်၍ ပြော၏။

" ကောင်းပါပြီ ။ ဒါဆို သခင်လေးရဲ့ ဆန္ဒအတိုင်း လုပ်ကြတာပေါ့။ နောက်တစ်ခု ရှိသေးတယ် ။ ခု စန်းလန်ဂိုဏ်းကနေ ပြန်ပါလာတဲ့ အဆောက်အဦးပစ္စည်းတွေက အများကြီးပဲ ၊ ပြီးတော့ ဒီပစ္စည်းတွေအားလုံးက ထိပ်တန်းအဆင့် အရည်အသွေးရှိတဲ့ ပစ္စည်းတွေချည်းပဲ ။ ဆိုတော့ ကျုပ် ပျောင်ပိုင်မြို့ကို ထပ်ချဲ့ချင်တယ်။ သခင်လေးရော ဘယ်လို သဘောရလဲ "

လောထျန်းက လက်ယမ်းကာ ပြန်ပြောသည်။

" ဒီလို အသေးအဖွဲ ကိစ္စမျိုးကိုကျ .. အကြီးအကဲ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ "

ပထမအကြီးအကဲက ချက်ချင်း ဝမ်းသာအားရ ပြောလိုက်သည်။

" ကောင်းပါပြီ ၊ ဒါဆို အခုပဲ အလုပ်စလိုက်ကြတာပေါ့ "

ထို့နောက်တွင်မူ အားလုံး လူစုခွဲလိုက်ကြပြီး လောထျန်းကလည်း သူ့အဆောင်သူ ပြန်သွား၏။

သို့သော် .. သူ့အဆောင်သို့ ပြန်ရောက်သည့် အချိန်မှာပင် အေးစက်စက် အငွေ့အသက်တစ်ခုကို လောထျန်းရင်ထဲမှ ခံစားလိုက်ရသည်။

All Chapters