ပျက်စီးသွားသော စိတ်ဝိဥာဥ်အရိပ်နှင့် မိုးကြိုးဘုရင်
Vol. 10 Ch. 137
လောထျန်းက ဒေါသတကြီး အော်နေသည့် မိုးကြိုးဘုရင်အား နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။
ဘုန်း ...
မိုးကြိုးဘုရင်၏ စိတ်ဝိဥာဥ်အရိပ်ထံမှ ကျွတ်ဆပ်ဆပ် အသံအချို့ ထွက်လာပြီး ၎င်းအရိပ်က ပြိုကွဲလုနီးပါး ဖြစ်သွား၏။
" ခင်ဗျားက ဘာကိစ္စ ခွေးတစ်ကောင်လို အော်နေရတာလဲ "
လောထျန်းက ပြောကာ နောက်ဆယ်ချက်ကျော်ဘယ်ပြန်ညာပြန် ရိုက်လိုက်ပြန်သည်။
" မင်း .. "
နောက်ဆုံးတွင်မူ မိုးကြိုးဘုရင်၏ စိတ်ဝိဥာဥ်အစွမ်းမှာ မခံနိုင်တော့ဘဲ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည် ။ ၎င်းက အပျက်အစီးများကြားထဲမှပင် ပြန်အော်ရန် ကြိုးစားလိုက်သေး၏။
သို့သော် ..လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း ဖိအားကြောင့် စိတ်ဝိဥာဥ်အရိပ်မှာ မည်သို့မှ မတတ်နိုင်ဘဲ မလှုပ်မရှားနိုင် ဖြစ်သွားရတော့သည်။
" ဒီ ခွေးကောင်ကတော့ .."
မိုးကြိုးဘုရင်က ဒေါသတကြီး အော်လိုက်သည်။ သူ့စိတ်ဝိဥာဥ်အရိပ်ကိုပင် သူ ပြန်ဖျက်ဆီးပစ်ချင်စိတ်လည်း ဖြစ်သွား၏။
တစ်ခုရှိသည်မှာ .. သူ့ စိတ်ဝိဥာဥ်အရိပ် ပျက်စီးသွားပါက အပြင်ဘက်မှ သူ့ခန္ဓာကိုယ်ကိုလည်း ထိခိုက်သွားနိုင်ပေသည်။
သို့သော် .. လောလောဆယ်တွင် သူ ထိုကိစ္စကို ဂရုမစိုက်နိုင်တော့ချေ။
သူ့ခန္ဓာကိုယ်ကို အနည်းငယ် ထိခိုက်သွားလျှင်ပင် ၎င်းက ယခုကဲ့သို့ အရှက်ခွဲ ခံနေရခြင်းထက် ပိုကောင်းပေလိမ့်မည်။
သို့သော် .. သူ့ စိတ်ဝိဥာဥ်အရိပ်က ပြိုကွဲလုဆဲဆဲ ဖြစ်နေစဥ်မှာပင် လောထျန်းက လက်ဆန့်၍ ၎င်းကို ဖမ်းဆုပ်ထားလိုက်၏။
ဝီ ..
သူ့စိတ်ဝိဥာဥ်အရိပ်မှာ ဖိအားအောက်တွင် အတင်းအကျပ် စုစည်းသွားရပြန်သည်။
" ကျုပ်က ခင်ဗျားကြီးကို သွားလို့ရပြီလို့ ပြောလို့လား "
လောထျန်းက ပြောကာ ထပ်ရိုက်လိုက်ပြန်၏။
" ငါ .. "
မိုးကြိုးဘုရင်မှာ စကားမဆိုနိုင်ဘဲ လဲကျသွားတော့သည်။
သူ့ဘဝတစ်လျှောက်တွင် ယခုကဲ့သို့ တစ်ကြိမ်တစ်ခါမှ အရှက်ခွဲမခံခဲ့ရဖူးပါချေ။
ထိုစဥ် .. အရိပ်ထဲမှ လူမှာလည်း သူ့ရှေ့တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကို ကြည့်ကာ အလွန် ကြောက်ရွံ့တုန်လှုပ်နေ၏။
သူ သိခဲ့သည့် မိုးကြိုးဘုရင်မှာ မည်သူကမှ မစော်ကား မတိုက်ခိုက်ရဲသည့် အလွန်အစွမ်းထက်သူတစ်ယောက်ပင် ။
ယခုတွင်မူ ထိုသို့သော လူမျိုးက ဆိုးဆိုးရွားရွား အရှက်ခွဲ ခံနေရသည်လား ..
၎င်းမှာ လွန်လွန်းလှပေသည်။
ထိုအချိန်တွင် ..မိုးကြိုးဘုရင်သည် ပြန်တည်ငြိမ်သွားပြီး လောထျန်းက ဘယ်လောက်ရိုက်ရိုက် လုံးဝ မခုခံတော့ဘဲ ဒေါသထွက်နေသည့် မျက်လုံးများဖြင့်သာ လောထျန်းအား စူးစူးရှရှ စိုက်ကြည့်နေ၏။
လောထျန်းက သူ့မျက်လုံးများကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။
" ခင်ဗျားကြီးက ဘာကို ကြည့်နေတာလဲ "
မိုးကြိုးဘုရင်က အေးစက်စက် ပြန်ပြော၏။
" ကောင်လေး .. ဒီနေ့ မင်းလုပ်လိုက်တဲ့ အပြုအမူက ဘယ်လောက် ဦးနှောက်မဲ့လဲဆိုတာ မင်း မသိဘူး "
လောထျန်းက ရုတ်တရက် တံတွေးထွေးလိုက်သည်။
မိုးကြိုးဘုရင်၏စိတ်ဝိဥာဥ်အရိပ် မျက်နှာပေါ်တွင် တံတွေးများ စင်သွား၏။
" ငါ မင်းကို သတ်ပစ်မှာ "
မိုးကြိုးဘုရင်မှာ ဒေါသူပုန် ထသွားပြန်သည်။
သို့သော် လောထျန်းကမူ သူ့စကားကို ဂရုပင် မစိုက်ချေ။
" ခင်ဗျားက မိုးကြိုးနဲ့ လျှပ်စီးတို့ရဲ့ ဘုရင်နော် ၊ ဟုတ်တယ်မလား။ ကျုပ်နာမည်က လောထျန်းတဲ့ ။ ကျုပ်ကို သတ်ချင်ရင် ခင်ဗျားကိုယ်တိုင် လာပြီး လာသတ်လှည့်။ တခြားသူတွေကို လွှတ်မနနဲ့။ အဲ့လူတွေလာလဲ အသတ်ခံရဖို့ပဲ ရှိတယ် "
လောထျန်းသည် တစ်ဖက်လူအား လုံလောက်အောင် အရှက်ခွဲပြီးပြီဟု ယူဆသဖြင့် လက်ဖျောက်တစ်ချက်တီး၍ သူ့စိတ်ဝိဥာဥ်အစွမ်းကို ဖျောက်လိုက်သည်။
ထိုအချိန်တွင် မိုးကြိုးဘုရင်၏ စိတ်ဝိဥာဥ်အရိပ်မှာလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာ၏။
" လောထျန်း .. ငါ မင်းကို မှတ်ထားတယ်ကွ ။ ငါ့ကို စောင့်နေလိုက်စမ်းပါကွာ။ ငါ ကျင့်ကြံပြီးလို့ ထွက်လာတာနဲ့ မင်းကို အရင်ဆုံး လာသတ်မယ်။ မင်းအသားတွေကို တစ်စစီဖြစ်အောင် ဖြတ်ပြီးတော့ မင်းအရိုးတွေကိုပါ ခြေပြီး အမှုန့်ဖြစ်သွားအောင် လုပ်ပစ်မှာ "
မိုးကြိုးဘုရင်က အံကြိတ်၍ ပြောလိုက်သည်။
" နားညီးလိုက်တာ "
လောထျန်းက ပြောပြောဆိုဆို လက်ဖျောက်တစ်ချက် တီးလိုက်သည်။ သူ့လက်ချောင်းထိပ်မှ စွမ်းအင်အလင်းတန်းတစ်ခု ထွက်လာပြီး ဝုန်းခနဲ အသံတစ်သံနှင့်အတူ မိုးကြိုးဘုရင်၏ စိတ်ဝိဥာဥ်အရိပ်က လုံးဝ ပျောက်ကွယ်သွားတော့၏။
တစ်ချိန်တည်းမှာပင် ... မြောက်ပိုင်းဒေသ အစွန်ပိုင်းရှိ ရေခဲဂူ တစ်ခုအတွင်း၌ .. တုန်ခါသံများ ရုတ်တရက် ထွက်ပေါ်လာပြီး ရေခဲလွှာတစ်ခု ပြိုကွဲသွားသည်။
မိုးကြိုးဘုရင်၏ အနည်းငယ် ပြောင်နေသော ခေါင်းမှ ဆံပင်ရှည်အချို့က အဆုံးအစမဲ့သော လေနှင့် နှင်းများကြားတွင် လွင့်ပျံနေ၏။
သူ့နှုတ်ခမ်းထောင့်စွန်းတွင်မူ သွေးစက်အချို့ ရှိနေပြီး သူ့မျက်လုံးများက အမုန်းတရားများဖြင့် ပြည့်နေသည်။
" ခွေးကောင် လောထျန်း ၊ မင်းက ငါ့ရဲ့ ကျင့်ကြံခြင်းအပေါ်ထားတဲ့ ယုံကြည်မှုကိုပါ ထိခိုက်အောင် လုပ်လိုက်တာပဲ။ ငါ မင်းကို သတ်ပစ်မယ်။ မဖြစ်ဖြစ်အောင်ကို သတ်မှာ "
မိုးကြိုးဘုရင်က ဒေါသတကြီး ရေရွတ်လိုက်သည်။
သူသည် အစောပိုင်းက ကျင့်ကြံခြင်း နောက်တစ်ဆင့် တက်လုဆဲဆဲ ဖြစ်နေသော်လည်း လောထျန်းက ဝင်နှောင့်ယက်သည့်အတွက် ဆိုးဆိုးရွားရွား ကျရှုံးသွားကာ ရူးသွပ်လုနီးပါးပင် ဖြစ်သွားခဲ့ရ၏။
သူ ကျင့်ကြံခြင်း နောက်တစ်ဆင့်တက်ရန် များစွာ နှောင့်နှေးသွားခဲ့လေပြီ ။
" လောလောဆယ်တော့ ခဏမေ့ပြီး သည်းခံရုံပဲ ရှိတော့တာပေါ့။နောက်တစ်နှစ် .. မဟုတ်သေးဘူး ၊ နောက် နှစ်ဝက်အတွင်းမှာ ငါ သေချာပေါက် နောက်တစ်ဆင့် တက်မှရမယ်။ အဲ့ကျရင်တော့ ဒီ ရေခဲပြင်ကနေ ထွက်နိုင်ပြီပေါ့ကွာ "
မိုးကြိုးဘုရင်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။
သူ့လက်ရှိအဆင့်တွင် နောက်တစ်ဆင့် ထပ်တက်ရန်မှာ အလွန်ခက်ခဲသော ကိစ္စတစ်ခုဖြစ်ပါသည်။
ယခုအခွင့်အရေးကို လွဲချော်သွားခဲ့ပါက နောက်တစ်ကြိမ် အခွင့်အရေး ထပ်ရရန်မှာ မသေချာသော ကိစ္စတစ်ခုပင်။
ထို့ကြောင့်လဲ သူ ရူးသွပ်လုဆဲဆဲ ဖြစ်နေသည့်တိုင် အကျိုးအကြောင်းတွေးပြီး စိတ်ငြိမ်အောင် ထိန်းကာ ပြန်၍ ကျင့်ကြံလိုက်ခြင်းဖြစ်သည်။
....
ထိုစဥ် .. လောထျန်း၏ ခြံဝင်းအတွင်း၌ ..
လောထျန်းသည် မိုးကြိုးဘုရင်၏ စိတ်ဝိဥာဥ်အရိပ်နှင့် ရင်ဆိုင်ပြီးနောက် အရိပ်ထဲမှ လူဆီသို့ လှည့်ကြည့်လိုက်သည်။
အရိပ်ထဲမှ လူမှာ ထိုအချိန်တွင် ကမ္ဘာကြီး အပေါ် မြင်သည့် သူ့အမြင်က ပြိုကွဲသွားတော့မည်ကဲ့သို့ ခံစားနေရ၏။
သူ ကြုံတွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် မိူးကြိုးဘုရင်က လူငယ်လေးတစ်ယောက်၏ လက်အောက်တွင် ရှုံးနိမ့်သွားခဲ့ရသည်လား။
၎င်းမှာ အလွန် ...
" ငါ မင်းသိချင်တာတွေ အားလုံးကို ဖြေပါ့မယ်။ မင်း မေးချင်တာ မေးပါ "
ထိုလူက လောထျန်းကို ကြည့်ကာ တုန်တုန်ယင်ယင် ပြောလိုက်သည်။
သို့သော် လောထျန်းက ဂရုမစိုက်ဟန်ဖြင့် တည်တည်ငြိမ်ငြိမ်သာ ပြန်ပြော၏။
" ငါ မင်းကို အစောက အခွင့်အရေး ပေးခဲ့သေးတယ်လေ။ ဒါပေမယ့် .. အခုတော့ နောက်ကျသွားပြီကွ "
လောထျန်းက စကားဆုံး သည်နှင့် လက်တစ်ဖက်ကို ဆန့်လိုက်ပြီး တစ်ဖက်လူအား သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် လွှမ်းခြုံကာ မှတ်ဉာဏ်များကို ထုတ်ယူလိုက်တော့သည်။
ခဏအကြာတွင်မူ အရိပ်ထဲမှ လူက ဘေးသို့ ယိုင်သွားပြီး လဲကျသေဆုံးသွားတော့၏။
လောထျန်း၏ လက်ထဲတွင် စိတ်ဝိဥာဥ်ပုလဲလုံး နောက်တစ်လုံး ထပ်ရှိနေလေပြီ။
" အင်း .. အနည်းဆုံးတော့ ဒီလူက တုကျဲ့အဆင့် ရှိတာပဲ "
လောထျန်းက ပြောကာ စိတ်ဝိဥာဥ်ပုလဲလုံးအား သိမ်းထားလိုက်သည်။
" မိုးကြိုးဘုရင် .. "
လောထျန်းသည် အစောက စိတ်ဝိဥာဥ်အရိပ်အကြောင်းကို ပြန်တွေးမိသွားကာ မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွား၏။
စက္ကန့်ပိုင်းမျှ အကြာတွင်မူ နတ်ဆိုးသုံးယောက် နေထိုင်ရာ နေရာ၌ သူ ပြန်ပေါ်လာသည်။
" သခင်လေးပါလား "
ယဲ့ထုံလင်းနှင့် ကျန်နှစ်ယောက်က လောထျန်းကို မြင်သည်နှင့် ချက်ချင်းထ၍ နှုတ်ဆက်လိုက်ကြသည်။
" ရပါတယ်ဗျာ ၊ အဲ့လိုကြီး ယဥ်ကျေးနေဖို့ မလိုပါဘူး။ သခင်ကြီးယဲ့ ၊ ကျုပ် တစ်ခုလောက် မေးချင်လို့ "
လောထျန်းက စကားစ၏။
" မေးပါ သခင်လေး ၊ ကျုပ် သိသမျှ အားလုံး ပြောပြပါ့မယ် "
ယဲ့ထုံလင်းက တလေးတစား ပြန်ပြောသည်။
" သခင်ကြီးယဲ့တို့ သုံးယောက် မိုးကြိုးဘုရင်ဆိုတဲ့သူကို သိကြလား "
လောထျန်းက မေးလိုက်သည်။
" မိုးးကြိုးဘုရင် .. ဟုတ်လား "
ထိုနာမည်ကို ကြားသည်နှင့် သုံးယောက်လုံး အလန့်တကြား ဖြစ်သွားကြ၏။
" ဟင် .. သခင်ကြီးတို့ ဒီနာမည်ကို ကြားဖူးကြတာလား "
လောထျန်း အံ့အားသင့်သွားကာ မေးလိုက်သည်။
ယဲ့ထုံလင်းက ပြန်ပြောပြ၏။
" ဒါပေါ့ဗျ ၊ လွန်ခဲ့တဲ့ နှစ်ထောင်ချီအကြာတုန်းက ဒီလူက မြောက်ပိုင်းနယ်တစ်နယ်လုံးမှာ အင်မတန်အစွမ်းထက်တဲ့ သူတစ်ယောက်ပဲ ။ ခုဆို သူ အရင်ကထက် ပိုပြီးတော့တောင် အစွမ်းထက်နေလောက်ပြီထင်တယ် "
လောထျန်း ပိုစိတ်ဝင်စားသွားကာ ဆက်မေးလိုက်သည်။
" ဟုတ်လား .. အဲ့လောက်တောင် အစွမ်းထက်တယ်ပေါ့။ သူက ဘယ်လိုလူလဲဆိုတာ ကျုပ်ကို ပြောပြပါလား "
ယဲ့ထုံလင်းက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြန်ဖြေ၏။
" ဒီ မိုးကြိုးဘုရင်က အင်မတန်ကိုမှ ဉာဏ်နီဉာဏ်နက်များပြီး ယုတ်မာရက်စက်တဲ့ သူတစ်ယောက်ပဲ။ဒါပေမယ့် သူက အင်မတန်လဲ အစွမ်းထက်တယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်တုန်းကဆိုရင် မြောက်ပိုင်းနယ် တစ်နယ်လုံးမှာ သူ့ကို ရန်စရဲတဲ့သူ တစ်ယောက်မှတောင် မရှိသလောက်ပဲ "
လောထျန်း အံ့အားသင့်သွားရသည်။
" သူက အဲ့လောက်တောင် အစွမ်းထက်တာလား "
ယဲ့ထုံလင်းက ရှင်းပြ၏။
" အစွမ်းထက်တာ တစ်ခုတည်းကြောင့် မဟုတ်ဘူးဗျ ။ သူက တကယ်လဲ အစွမ်းထက်တာ မှန်ပေမယ့် အဲ့တုန်းက မြောက်ပိုင်းနယ်ထဲမှာ သူ့ထက် အစွမ်းပိုထက်တဲ့သူ တချို့ ရှိတယ်။ ဒါပေမယ့် လူတွေက သူ့ကို ဘာလို့ ကြောက်ကြတာလဲဆိုတော့ သူက လုံးဝကို ေအာက်တန်းကျပြီး ဘယ်လိုလူ့ဘောင်လူ့စည်းမျိုုးကိုမှ ဂရုမစိုက်လို့ပဲဗျ "
" ကျုပ်ကို အသေးစိတ် ရှင်းပြပါဦးဗျာ "
လောထျန်းက ပြောလိုက်သည်။
ယဲ့ထုံလင်းက စကားဆက်သည်။
" ဒီလူငယ်ငယ်တုန်းက တခြားသူတွေထက် ကျင့်ကြံခြင်းပိုရှေ့ရောက်ဖို့ သူ့ မိန်းမနဲ့ သမီးကိုတောင် ပါရမီရှင်တစ်ယောက်ကို ပျော်တော်ဆက်ဖို့ ပေးခဲ့တယ်လို့ ပြောတယ်ဗျ "
လောထျန်း အံ့သြမှင်သက်သွားရ၏။
" အဲ့လောက်တောင်လား .. "
ယဲ့ထုံလင်းက ခေါင်းညိတ်ပြလိုက်သည်။
" ကျုပ်ကြားတာတော့ သုကိုယ်တိုင်တောင် အဲ့ပါရမီရှင်ဘေးမှာ ခစားခဲ့သေးတယ်တဲ့ ။ နောက်ဆုံးတော့ အဲ့ပါရမီရှင်က သူ့ကို အရမ်းသဘောကျသွားပြီးတော့ သူ့ရဲ့ ဂိုဏ်းထဲကို ဝင်ဖို့ ထောက်ခံပေးခဲ့တယ်တဲ့။ ပြီးတော့ ကျင့်ကြံဖို့ လိုအပ်တဲ့ အကာင်းဆုံးပစ္စည်းတွေပါ ပေးခဲ့တယ်လို့ ပြာတယ် "
" နောက်တော့ အဲ့ပါရမီရှင်ရဲ့ အကူအညီနဲ့ ဒီလူက သေချာကြိုးစားလိုက်တော့ နောက်နှစ်ငါးရာအကြာမှာ အောင်မြင်မှု အကြီးကြီး ရသွားခဲ့တယ်။ အဲ့လိုလဲ အောင်မြင်ရော သူက သူ့ကို ကူညီခဲ့တဲ့ ပါရမီရှင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပါရောလား။ ဒါတင်မကသေးဘူး ၊ အဲ့ပါရမီရှင်ရဲ့ ဆွေမျိုးတွေရှိတဲ့ မျိုးနွယ်စု ကိုးခုက လူတွေအားလုံးကိုပါ သူ သတ်ပစ်ခဲ့တာ "
လောထျန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
" နှစ်ပေါင်း ငါးရာတောင်မှလား .. ဒီလူက တော်တော် ခံနိုင်ရည် ရှိတာပဲ "
ယဲ့ထုံလင်းက စကားဆက်သည်။
" အဲ့နောက်တော့ သူက အခွင့်အရေးကောင်းတွေ အများကြီး ရခဲ့ပြီးတော့ သူ့အစွမ်းကလဲ ပိုပိုပြီး တိုးတက်လာခဲ့တယ်။ဒါပေမယ့် သူ့အကျင့်စရိုက်ကတော့ အရင်လိုပဲ ရက်စက်ပြီး ကြောက်စရာကောင်းလွန်းလို့ သူ့ကို ဒေါသထွက်အောင် ဘယ်သူမှ မလုပ်ရဲကြဘူး "
လောထျန ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
" ခင်ဗျားက သူ့ကို ကောင်းကောင်းကြီး သိတာပဲ "
ယဲ့ထုံလင်းက အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။
" ဒါပေါ့ဗျ ၊ ဘာလို့လဲဆိုတော့ အဲ့အချိန်တုန်းက ကျုပ်တို့သုံးယောက်က သူ့ကို ကျုပ်တို့ကို သတ်ပေးဖို့ ဒူးထောက်ပြီး တောင်းပန်ခဲ့ဖူးသေးတယ်လေ "
လောထျန်း အံ့အားသင့်သွားပြီး မေးလိုက်သည်။
" ဟင် .. သူကတောင် ခင်ဗျားတို့ကို မသတ်နိုင်ဘူးပေါ့ "
ယဲ့ထုံလင်းက ခေါင်းယမ်း၍ ပြန်ပြောသည်။
" မဟုတ်ဘူး ၊ သူ့မှာ ကျုပ်တို့ကို သတ်နိုင်တဲ့ အစွမ်းရှိတယ်။ ဒါပေမယ့် သူက ... "