← Chapters

ထိပ်တန်းအဆင့် အဖွဲ့တစ်ခု တည်ထောင်ခြင်း

Vol. 10 Ch. 138

ထိပ်တန်းအဆင့် အဖွဲ့တစ်ခု တည်ထောင်ခြင်း

Vol. 10 Ch. 138

" ဒါပေမယ့် သူက ကျုပ်တို့ကိုယ်ထဲက ကျရှုံးသွားတဲ့ မသေမျိုးရဲ့ အရောင်အဝါကိုလဲ အာရုံခံမိသွားရော သူ့ကိုပါ အဲ့အရောင်အဝါ ထိမိသွားမှာစိုးလို့ ကျုပ်တို့ကို သတ်ဖို့အတွက် ငြင်းလိုက်တာပဲ "

ယဲ့ထုံလင်းက ပြောလိုက်သည်။

ထို ကျရှုံးသွားသော မသေမျိုး၏ ကိုယ်အရောင်အဝါမှာ အလွန်ထူးဆန်းလှသဖြင့် အတိုင်းအတာတစ်ခုအထိ အစွမ်းထက်ထားသူများက သူစိမ်းသုံးယောက်အတွက် ထိုပြဿနာထဲ ဝင်မပါချင်သည်မှာ မထူးဆန်းပါချေ။

သို့ဖြစ်ရာ ထိုအချိန်က လုံလောက်အောင် အစွမ်းမထက်သေးသူများသည် နတ်ဆိုးသုံးယောက်အား ကူညီချင်သည့်တိုင် ကူညီပေးရန် မတတ်နိုင်ကြသလို ..

ကူညီနိုင်သည့် အစွမ်း ရှိထားသူများကမူ ကူညီရန် မရဲခဲ့ကြပါ။

ထို့ကြောင့်လည်း နတ်ဆိုးသုံးယောက်က လောထျန်း၏ အကူအညီကို ပြောမပြတတ်အောင် ကျေးဇူးတင်ကြခြင်းပင် ။

" အော် ..အဲ့လိုကိုး .. "

လောထျန်း ခေါင်းအသာအယာညိတ်လိုက်သည်။

ယဲ့ထုံလင်းက ပြော၏။

" သခင်လေး ..ဘာဖြစ်လို့ ရုတ်တရက်ကြီး သူ့အကြောင်းတွေ မေးနေရတာလဲ။ ဒါနဲ့ .. သခင်လေးကို တစ်ခုတော့ ကြိုပြီး သတိပေးထားချင်တယ်။ သခင်လေးက အင်မတန်အစွမ်းထက်ပြီးတော့ ဒီမိုးကြိုးဘုရင်ထက် အစွမ်းမနိမ့်နိုင်တာ မှန်တယ် ။ ဒါပေမယ့် ၊ စိတ်ဓာတ်မယုတ်ညံ့တဲ့ သူတစ်ယောက်ကို စိတ်ခေါ်တာက လူယူတ်မာတစ်ယောက်ကို စိန်ခေါ်တာထက် ပိုကောင်းတယ်ဗျ ။ ဒီ မိုးကြိုးဘုရင်က လုံးဝကို ကောက်ကျစ်တဲ့ လူယုတ်မာပဲ ။ ဆိုတော့ သခင်လေး သူ့ကို ဒေါသထွက်အောင် မလုပ်တာ ကောင်းမယ်နော် "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" အင်း .. ကျုပ် သဘောပေါက်ပြီ "

သို့သော် .. လောထျန်း၏ ပုံက ဝတ်ကျေတန်းကျေသာ ခေါင်းညိတ်လိုက်ရသည့်ပုံ ဖြစ်နေသဖြင့် တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို ယဲ့ထုံလင်း သတိထားမိသွား၏။

" သခင်လေး .. ဒီလူ ဒေါသထွက်အောင် ဘာမှ မစော်ကားထားဘူးမဟုတ်လား "

လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေသည်။

" အင်း ...စော်ကားတယ်လို့တော့ မဟုတ်ပါဘူး ..။ နည်းနည်းလေးပါ  "

ထိုစကားကို ကြားမှသာ ယဲ့ထုံလင်း သက်ပြင်းချနိုင်သွားသည်။ ကြည့်ရသည်မှာ ကိစ္စသေးသေးမွှားမွှားသာ ဖြစ်ထားဟန် တူပေရာ ပြန်ပြင်ဆင်၍ ရနိုင်ပေသည်။

လောထျန်းက စကားဆက်၏။

" ကျုပ်က သူ့ စိတ်ဝိဥာဥ်အရိပ်နဲ့ တွေ့သွားပြီးတော့ သူ့ကို ပါးလေး အချက် သုံး၊လေးရာ လောက်ရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးခဲ့ရုံလေးပါ "

သူ့စကားဆုံးသည်နှင့် နတ်ဆိုးသုံးယောက်၏ မျက်နှာ ချက်ချင်း ပြောင်းသွားကြသည်။

ပါးကို အချက် သုံး၊လေးရာ ရိုက်ပြီး ...

မျက်နှာကို တံတွေးဖြင့် ထွေးခဲ့ရုံလေး .. တဲ့လား ..

ထိုသို့ အလုပ်ခံလိုက်ရသူမှာ မိုးကြိုးနှင့် လျှပ်စီးတို့၏ ဘုရင်ပင် ။

ထိုလူသည် သူ့နောက်ကွယ်တွင် သူ့မကောင်းကြောင်း အနည်းကျဥ်း ပြောမိလျင်ပင် ထိုသို့ ပြောသူကိုသာမက ထိုသူ၏ မိသားစု မျိုးနွယ်တစ်ခုလုံးကိုပါ သတ်ပစ်တတ်သည့် သူတစ်ယောက် ဖြစ်ပါသည်။

ယခု .. လောထျန်းက ထိုသို့သော လူကိုမှ ပါးရိုက် ၊ တံတွေးထွေး လုပ်ခဲ့သည်တဲ့လား .. ။

ဤသည်ကို မည်သို့ နာမည်တပ်ရပါမည်နည်း ။

နတ်ဆိုးသုံးယောက် ဖြစ်ပျက်သွားသည့် မျက်နှာကို ကြည့်ကာ လောထျန်းက လက်ယမ်း၍ ပြောလိုက်သည်။

" အရမ်းကြီး မကြောက်ကြပါနဲ့ဗျာ ။ ဒီတိုင်း မိုးကြိုးဘုရင်တစ်ယောက်ပဲဟာကို ..  ၊ သူ ရောက်လာရင်လဲ ကျုပ်က သူ့ကို သတ်လိုက်မှာပေါ့။ ကဲ .. အခုတော့ ကျုပ် တခြားလုပ်စရာလေးရှိလို့ သွားလိုက်ဦးမယ်။ ခင်ဗျားတို့လဲ လုပ်စရာရှိတာ လုပ်ကြပါ "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် သူတို့သုံးယောက်၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

လောထျန်း ထွက်သွားပြီးသောအခါ နတ်ဆိုးသုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" အကိုကြီး ၊ ဘယ်လိုထင်လဲ ပြောပါဦး "

ဖုချင်းလျန်က ​မေးခွန်းထုတ်လိုက်သည်။

ယဲ့ထုံလင်းက သက်ပြင်းချ၍ ပြန်ဖြေ၏။

" ငါတို့က ဘာများ တတ်နိုင်ဦးမှာလဲကွာ။ သခင်လေးလောထျန်းက ငါတို့ကို ကူညီပေးထားတာဆိုတော့ မိုးကြိုးဘုရင် ရောက်လာရင်တောင် ငါတို့က အသက်ပေးပြီး တိုက်ခိုက်ရုံပဲပေါ့ "

ကျန်းယီကလည်း အပြုံးဖြင့် ဆိုသည်။

" အမှန်ပဲ ၊  ဒီလိုမဟုတ်ရင်တောင် ကျုပ်တို့က သေဖို့လမ်းရှာနေကြတာ နှစ်ထောင်ချီ ကြာနေပြီလေ။ သခင်လေး လောထျန်းအတွက် သေရတာက သေဖို့ ထိုက်တန်ပါတယ် "

ဖုချင်းလျန်ကလည်း အောင့်သက်သက်ပြုံးကာ ပြောလိုက်သည်။

" အင်းလေ .. အဲ့လိုလုပ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမှ မရှိတော့ပဲ "

သူတို့သုံးယောက်မှာ စကားပြောပြီးသွားသည်နှင့် တစ်ချိန်တည်းနီးပါး အောင့်သက်သက်ပြုံးလိုက်ကြသည်။ ထို့နောက် လူစုခွဲကာ ကိုယ်စီ လုပ်စရာရှိသည်များကို သွားလုပ်နေကြတော့၏။

တစ်ဖက်မှ လောထျန်းကမူ လောမိသားစု ဘိုးဘွားအိမ်တော်ထဲသို့ ရောက်နေပြီး သူ့လက်ထဲတွင်လည်း စိတ်ဝိဥာဥ် ပုလဲငါးလုံး ရှိနေသည်။ သူသည် အချိန်အတန်ငယ်ကြာ အလေးနက် စဥ်းစားနေပြီးနောက် နေရာမှ ပျောက်သွားကာ သူ့အဖေ လောဖုန်း နေသည့် အဆောင်၌ ပြန်ပေါ်လာ၏။

" ထျန်းလေးပါလား ၊ ဘာများ ဖြစ်လို့လဲ "

လောဖုန်းက လောထျန်းကို မြင်သည်နှင့် အပြုံးဖြင့် မေးလိုက်သည်။

" အဖေ .. ဒါကို ယူပြီး မြိုချလိုက်ပါ "

လောထျန်းက ပြောကာ စန်းလန်ဂိုဏ်းချုပ်၏ စိတ်ဝိဥာဥ် ပုလဲလုံးအား လောဖုန်းဆီသို့ လှမ်းပေးလိုက်သည်။

" ဒါက .. "

လောဖုန်းသည် မည်သို့ဖြစ်နေသည်ကို နားမလည်သော်လည်း လောထျန်းပြောသည့်အတိုင်း ပုလဲလုံးကို မြိုချလိုက်၏။

ဝုန်း...

လောဖုန်း .. အလွန်အံ့သြတုန်လှုပ်သွားရသည်။

" အသုံးဝင်တဲ့ မှတ်ဉာဏ်တွေကို သိမ်းထားပြီး အသုံးမဝင်တဲ့ ဟာတွေအားလုံးကို စွန့်ပစ်လိုက်ပါ "

လောဖုန်းမှာ လောထျန်း၏ အကူအညီဖြင့် မှတ်ဉာဏ်များ အားလုံးကို အချိန်တိုအတွင်း မှတ်သား၍ ပြီးသွား၏။

ပြီးသွားသည့် အချိန်တွင် သူက လောထျန်းအား အံ့သြတကြီး ကြည့်ကာ ပြောလိုက်သည်။

" ထျန်းလေး .. ဒီမှတ်ဉာဏ်တွေက .. "

လောထျန်းက အပြုံးဖြင့် ​ပြန်ပြောသည်။

" ဟုတ်တယ်အဖေ ၊ အဲ့ဒါ စန်းလန်ဂိုဏ်းချုပ်ရဲ့ မှတ်ဉာဏ်တွေပဲ။ ဒီအဘိုးကြီးက တုကျဲ့အဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပဲဗျ ။ ပြီးတော့ သူက ထျန်းယွမ်အင်ပါယာမှာလဲ အတော်အသင့် အင်အားကြီးတယ်။ အခု အဖေ့ဆီမှာ သူ့ရဲ့ မှတ်ဉာဏ်တွေ ရသွားပြီဆိုတော့ အဖေ့ရဲ့ ကျင့်ကြံခြင်းအတွက် အများကြီးအထောက်အကူ ဖြစ်လိမ့်မယ် "

" အဖေက အခုလက်ရှိမှာ လောမိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်လေ ။ ပြီးတော့ ကျွန်တော်တို့ လောမိသားစုက အနာဂါတ်မှာ ဖုန့်လင်းဒေသတစ်ခုလုံးရဲ့ ထိပ်တန်းအဆင့်မှာ မားမားရပ်ဖို့ ကံပါလာတာဗျ။ အဲ့တော့ မိသားစုခေါင်းဆောင်မှာ လုံလောက်တဲ့အစွမ်း မရှိထားလို့ မဖြစ်ဘူး "

လောထျန်း၏ စကားကို နားထောင်ပြီးနောက် လောဖုန်း အလေးအနက် ခေါင်းညိတ်လိုက်သည်။

" ထျန်းလေး ၊ မင်းပြောတာ မှန်တယ်။ အရင်က အဖေ့ရဲ့ ကျင့်ကြံခြင်းက ဘာဖြစ်လို့ ပြဿနာတွေ အများကြီး ရှိနေရတာလဲ မသိတော့ပါဘူးကွာ။ အင်း .. မဖြစ်တော့ဘူး ၊ ဒီတိုင်းတော့ ဆက်နေလို့ မရဘူး။ အဖေ တစ်ယောက်တည်း သီးသန့်ဂူအောင်းပြီး ကျင့်ကြံမှ ဖြစ်တော့မယ် "

လောဖုန်းသည် စန်းလန်ဂိုဏ်းချုပ်၏ မှတ်ဉာဏ်များကို ရပြီးနောက် ယခင်က သူ့ကျင့်ကြံခြင်းများကို ပြန်၍ သုံးသပ်ကြည့်လိုက်ရာ  ပြဿနာများဖြင့် အပြည့်ဖြစ်နေသည်ကို တွေ့သွားရ၏။

ထို့ကြောင့် သူ တစ်ယောက်တည်း သီးသန့်ကျင့်ကြံလိုခြင်းပင် ။

လောထျန်းက ပြုံး၍ လောဖုန်းအား ထားခဲ့ကာ ပထမအကြီးအကဲ ရှိနေသည့် အဆောင်သို့ သွားလိုက်သည်။

လောမိသားစုတွင် သူ့အဖေပြီးနောက် ဒုတိယသြဇာအကြီးဆုံးဖြစ်သည့် ပထမအကြီးအကဲသည်ယခင်ကတည်းက သူ့အပေါ် ဂရုတစိုက် အမြဲ ရှိခဲ့သူဖြစ်သည်။

သို့ဖြစ်သောကြောင့် လောထျန်းက သူ့အား ဒုတိယ စိတ်ဝိဥာဥ်ပုလဲလုံးကို ပေးလိုက်၏။

ထိုပုလဲလုံးမှာ အစောပိုင်းကတင် လောထျန်းမှတ်ဉာဏ်ထုတ်ယူခဲ့သော မိုးကြိုးဘုရင် တပည့်၏ စိတ်ဝိဥာဥ်ပုလဲလုံပင် ။

ထိုလူသည် သတ်ဖြတ်ရေး၌ တော်သလို မှော်စိတ်ဝိဥာဥ်ပညာရပ်တွင်လည်း တော်ပေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ပထမအကြီးအကဲကလည်း မှော်စိတ်ဝိဥာဥ်ပညာရပ်ကို စိတ်ဝင်တစား လေ့လာသူတစ်ဦးဖြစ်၏။

သို့သော် .. ပထမအကြီးအကဲ၏ ပါရမီမှာ အကန့်အသတ် ရှိဟန်တူသဖြင့် နှစ်ပေါင်းများစွာကြာ လေ့လာနေခဲ့သည့်တိုင် နည်းလမ်းကောင်းကို ရှာမတွေ့ခဲ့ချေ။

ယခုတွင်မူ .. စိတ်ဝိဥာဥ်ပုလဲလုံးကို လက်ခံလိုက်ရပြီးသည်နှင့် ပထမအကြီးအကဲ ဝမ်းသာအားရ ဖြစ်သွားတော့သည်။

" ဟားဟား .. အဲ့လိုကိုးကွ ။ နောက်ဆုံးတော့ ကျုပ် ကျင့်ကြံတာ ဘယ်နားမှားနေလဲဆိုတာ သိသွားပြီ ။ အခု တစ်ယောက်တည်း သွားကျင့်ကြံလိုက်ဦးမယ်ကွာ "

ပထမအကြီးအကဲက ပျော်ရွှင်စွာပြောကာ ကျင့်ကြံရန် ထွက်သွား၏။

ထို့နောက်တွင်မူ လောထျန်းက စိတ်ဝိဥာဥ်ပုလဲလုံး နှစ်လုံးအား နျိုဝူဖုန်းနှင့် ဘုရင်ကျင်းဖန်တို့ကို ပေးလိုက်သည်။

ထိုနှစ်ယောက်မှာ  ပျောင်ပိုင်မြို့တွင် နတ်ဆိုးသုံးယောက်နှင့် နျိုထျဲ့ချူတို့ ပြီးနောက် ၊ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး အင်အားစုများဖြစ်ရာ သူတို့ ယခုထက်ပို တိုးတက်လာရန် လိုပေသည်။

အထူးသဖြင့် ဘုရင်ကျင်းဖန်ပင် ။

သူက လောထျန်း၏ စီးတော်ယာဥ် မဟုတ်ပါလား ။

လောထျန်း ကိုယ်တိုင် မပျံသန်းနိုင်စဥ် ကာလတစ်ယောက်လုံး သူ့ကို အားထား၍ ခရီးသွားရမည်ဖြစ်သည်။

သို့ဖြစ်ရာ သူ့ ကျင့်ကြံခြင်းအဆင့် ပိုမြင့်လာလေလေ၊ သူ့အမြန်နှုန်းက ပိုတိုးလာလေဖြစ်ပြီး လောထျန်းအတွက်လည်း များစွာ အကျိုးရှိပေလိမ့်မည်။

ထိုနှစ်ယောက်မှာလည်း စိတ်ဝိဥာဥ်ပုလဲလုံးကို လက်ခံပြီးသည်နှင့် တစ်ကိုယ်တည်းကျင့်ကြံရန် ထွက်သွားလိုက်ကြသည်။

၎င်းမှာ လူသားများ၏ မှတ်ဉာဏ်များ ဖြစ်သည့်တိုင် သူတို့အတွက် များစွာ အကျိုးရှိပေသည်။

ဤသို့ဖြင့် လောထျန်းလက်ထဲတွင် စိတ်ဝိဥာဥ်ပုလဲလုံး တစ်လုံးသာ ကျန်တော့၏။

အချိန်အတန်ငယ်ကြာ စဥ်းစားပြီးနောက်တွင်မူ ထိုပုလဲလုံးအား ပေးရမည့်သူကို လောထျန်း ဆုံးဖြတ်ချက် ချပြီးသွားသည်။

.....

" သခင်လေး ..ဘယ်လိုဖြစ်လို့ ဒီကို ရောက်နေတာလဲ "

လောရုံက လောထျန်းကို မြင်သည်နှင့် တအံ့တသြ မေးလိုက်သည်။

လောရုံသည် လောမိသားစု လူငယ်များထဲတွင် လောထျန်းကို ဖယ်လိုက်ပါက နံပါတ် ၁ ဟု ပြော၍ ရပေသည်။

လူငယ်မျိုးဆက်ထဲတွင် လောရုံသည် လောထျန်း ပေးထားသည့် ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ်ထဲမှ သိုင်းပညာရပ်များကို နားအလည်နိုင်ဆုံးသူလည်း ဖြစ်၏။

ထို့အပြင် သူသည် ငယ်စဥ်ကလေးဘဝတည်းက လောထျန်းနောက်သို့ တကောက်ကောက် လိုက်နေတတ်သူဖြစ်ပြီး လောထျန်းနှင့် သူနှင့်ကြားမှ ဆက်ဆံရေးကလည်း အကောင်းဆုံးဟု ဆိုရမည်ဖြစ်သည်။

ယခင်က လောမိသားစု အန္တရာယ်နှင့် ကြုံခဲ့ရစဥ်တွင်လည်း လောရုံသည် သူ့အသက်ကိုပင် စတေးရန် ဝန်မလေးခဲ့ချေ။

သို့ဖြစ်ရာ မိသားစုအပေါ် အလွန်သစ္စာရှိသည့် သူတစ်ယောက်အနေဖြင့် နောက်ဆုံး စိတ်ဝိဥာဥ်ပုလဲလုံးနှင့် ထိုက်တန်ပေသည်။

သို့သော် ..လောထျန်း၏ စကားကို နားထောင်ပြီးသွားသောအခါ လောရုံ ဇဝေဇဝါ ဖြစ်သွား၏။

" သခင်လေး .. ကျုပ် ဒီပုလဲလုံးကို မြိုပြီးသွားရင် ကတခြားသူတစ်ယောက်လို ဖြစ်မသွားဘူး မဟုတ်လား "

လောရုံက စိုးရိမ်နေသည့် အကြည့်ဖြင့် မေးလိုက်သည်။

လောထျန်းက သူ့ကို ကြည့်ကာ ပြန်ဖြေ၏။

" ဒါပေါ့ကွ ၊ ဒါကို မြိုပြီးသွားရင်လဲ မင်းက မင်းပဲ ဖြစ်နေမှာ ။ မင်းရဲ့ အကျင့်စရိုက်တွေ ဘာမှ ပြောင်းသွားမှာ မဟုတ်ဘူး။ ဒီထဲမှာပါတဲ့ဟာတွေက မှတ်ဉာဏ်တွေပဲကွ ၊ အသိစိတ်မဟုတ်ဘူး။ ဒီဟာတွေကို စာအုပ်ထဲက ပညာရပ်တွေလိုပဲ သဘောထားလို့ရတယ်။ မင်း စာအုပ်တစ်အုပ် ဖတ်ပြီးသွားရင် အဲ့စာအုပ်ကနေ အသိပညာပဲ ရမှာလေ။ အဲ့စာအုပ်က မင်းရဲ့ အသိစိတ်အပေါ် ထိန်းချုပ်နိုင်မှာမှ မဟုတ်တာ "

ထိုစကားကို ကြားမှသာ လောရုံက ပုလဲလုံးအား ဝမ်းသာအားရ လက်ခံလိုက်သည်။

လောထျန်း မျှော်လင့်ထားသကဲ့သို့ပင် လောရုံသည်လည်း ပုလဲလုံးအား မြိုပြီးသည်နှင့် တစ်ယောက်တည်း ကျင့်ကြံရန် ထွက်သွား၏။

ထိုနေ့ညတွင် လောမိသားစု အိမ်တော်အတွင်း ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ တက်သွားသည့် အလင်းတန်းများ တစ်နေရာပြီး တစ်နေရာ ထွက်ပေါ်လာကြတော့သည်။

ဤသို့ဖြင့် နှစ်လဆိုသော အချိန်က ခပ်မြန်မြန်ပင် ကုန်လွန်သွားပြီး .. အရေးကြီးသော နေ့သို့ ရောက်လာ၏။

All Chapters