← Chapters

အင်အားကြီးသော ပျောင်ပိုင်မြို့

Vol. 10 Ch. 139

အင်အားကြီးသော ပျောင်ပိုင်မြို့

Vol. 10 Ch. 139

ထိုနှစ်လကျော် အချိန်အတွင်း အိမ်ထဲသာ အောင်းနေခဲ့သည့် လောထျန်းက ပျောင်ပိုင်မြို့ထဲသိူ့ လမိးလျှောက်ထွက်လိုက်သည်။ မြို့မှာ ယခင်ကထက်ပင် ပို၍ သက်ဝင်လှုပ်ရှားနေသည်ကို သူ မြင်လိုက်ရ၏။

ယခင်က မြို့ငယ်လေးတစ်မြို့ဖြစ်သည့် ပျောင်ပိုင်မြို့မှာ ယခု အဆောက်အဦးအသစ်များ၊ နယ်မြေအသစ်များဖြင့် များစွာ ကျယ်ပြန့်လာခဲ့လေပြီ ။

အဆောက်အဦးအသစ် အများစုမှာ မြို့စွန်ရှိ ဆိတ်ငြိမ်အေးချမ်းသောနေရာတစ်ခုတွင် ဆောက်လုပ်ထားကြသည်။

ထိုအဆောက်အဦးများကို ခပ်လှမ်းလှမ်းမှ ကြည့်နေသည့် လောထျန်းစိတ်ထဲတွင် ၎င်းတို့ကို ဆောက်လုပ်ထားသည့် ပစ္စည်းများအား ရင်းနှီးနေသလို ခံစားလိုက်ရ၏။

အချိန်အတန်ငယ်ကြာ ပြီးနောက်တွင်မူ ထိုပစ္စည်းများမှာ စန်းလန်ဂိုဏ်းမှ ပြန်ယူလာခဲ့သည့် ပစ္စည်းများဖြစ်ကြောင်း သူ သတိထားမိသွားတော့သည်။

သူ့မိသားစုဝင်များ၏ နေရာရွေးချယ်သည့် အစွမ်းကိုလဲ သူ အံ့အားသင့်သွားရ၏။

ပျောင်ပိုင်မြို့ထဲရှိ လမ်းမများပေါ်တွင်လည်း လူများဖြင့် စည်စည်ကားကား ရှိနေပေသည်။

" ပျောင်ပိုင်မြို့ထဲက စိတ်စွမ်းအင်တွေက အင်မတန် ကြွယ်ဝတာပဲကွ ။ ဒီမှာ သုံးရက်လောက် ကျင့်ကြံလိုက်တာက အပြင်ဘက်မှာ သုံးလလောက် ကျင့်ကြံတာနဲ့ ညီနေတယ်။ ငါက ပျောင်ပိုင်မြို့က မဟုတ်တော့ မြို့ထဲမှာ သုံးရက်ပဲ နေနိုင်တာ စိတ်မကောင်းစရာပဲကွာ "

လမ်းထောင့်တစ်ခုနားတွင် ရှိနေသော ပညာတတ်မိသားစုမှ ဖြစ်ဟန်တူသည့် လူငယ်လေးတစ်ယောက်က ခေါင်းယမ်း၍ သက်ပြင်းချကာ ပြောလိုက်သည်။

" အကိုဝမ် .. ကျုပ်ကြားတာတော့ အကိုက ဝူဟဲ့ မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတော့မှာဆို ။ အခု ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ "

" ဝူဟဲ့မျိုးနွယ်လား ..အဲ့ဒါက ဒီတိုင်း အရန်အဖြစ်ပဲ ရွေးထားတာကွ ။ တကယ်တော့ ငါက ဒီပျောင်ပိုင်မြို့ရဲ့ မြို့တော်အစောင့်တပ်ဖွဲ့ထဲကို ဝင်ချင်တာ "

" အဲ့လိုလား ..။ ဒီမြို့တော် အစောင့်တပ်ဖွဲ့ဝင်တွေကို ပေးတဲ့ အခွင့်အရေးတွေက ယဲ့ဖုန်းနိုင်ငံမှာရှိတဲ့ တခြား ပထမတန်းအဆင့် အဖွဲ့တွေထဲက အဓိကတပည့်တွေကို ပေးတဲ့ အခွင့်အတွေထက် ပိုသာတာတော့ အမှန်ပဲဗျာ။ ကျုပ်လဲ ဒီဝင်ခွင့်စာမေးပွဲကိုသာ အောင်ရင် တကယ်ကောင်းမှာပဲ "

လမ်းထောင့်တွင် လူငယ်နှစ်ယောက် အပြန်အလှန် ပြောနေကြ၏။

" ငါက တတိယအဆင့် ဆေးပညာရှင်ကွ ။ ဆေးပညာရှင်ဆိုတာ ဘာဆိုတာရော မင်းတို့ နားလည်ရဲ့လား။ ဒီပျောင်ပိုင်မြို့က လူတွေရဲ့ ဆက်ဆံပုံက အဲ့လိုတွေချည်းပဲလား '

ထိုစဥ် .. အုပ်ချုပ်ရေးအဖွဲ့၏ ရုံးတစ်ခုရှေ့တွင် ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက်က ဒေါသတကြီး ပြောဆိုနေသည်။

" ကောင်းပါပြီ ဆေးပညာရှင်ကြီးရယ်။ ခင်ဗျားက တတိယအဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ပြီးတော့ တခြားဒေသတွေမှာ အားလုံးက ဆရာတင်ရတဲ့သူမှန်း သိပါပြီ ။ ဒါပေမယ့် သေချာလဲ ကြည့်လိုက်ပါဦးဗျာ။ ဒီနေရာက ပျောင်ပိုင်မြို့ဗျ ။ ကျုပ်တို့မြို့ရဲ့ အစောင့်တပ်ဖွဲ့ထဲမှာ တတိယအဆင့် ဆေးပညာရှင်တွေ တစ်ရာကျော် နဲ့ အဆင့်လေး ဆေးပညာရှင်တွေ ဆယ်ယောက်ကျော်တောင် ရှိထားပြီးပြီ။ ဒါတင်မကသေးဘူး ၊ ယဲ့ဖုန်းတစ်နိုင်ငံလုံးမှာ တစ်ယောက်ပဲရှိတဲ့ အဆင့် ငါး ဆေးပညာရှင် သခင်ကြီး ကွေ့ဟိုင်တောင် ဒီကို ရောက်နေတာ ။ အဲ့တော့ သိပ်ပြီး မမောက်မာပါနဲ့ဗျာ "

" ဟင် .. "

ထိုမြင်ကွင်းကို မလှမ်းမကမ်းမှ ကြည့်နေသည့် လောထျန်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားရပြန်သည်။

သူ အိမ်တွင်း အောင်းနေခဲ့သည့် လအနည်းငယ်အတွင်းမှာပင် ပျောင်ပိုင်မြို့က ယ ခင်ကနှင့် လုံးဝ မတူတော့ပါချေ။

" မောင်လေး .. နင်က ပျောင်ပိုင်မြို့ရဲ့ မြို့တော်အစောင့်တပ်ဖွဲ့ထဲကို ဝင်ခွင့်ရဖို့ စာမေးပွဲ လာဖြေတာလား ။ ငါ ပြောပြမယ် ၊ ဒီ စာမေးပွဲက မလွယ်ဘူးဟဲ့ ။ စာမေးပွဲ အောင်ချင်ရင် သခင်ကြီး ဝမ်ရဲ့ အထူးသင်တန်းကိုသာ တက်လိုက် ။ ဒီသင်တန်းက ၇ ရက်ပဲ ကြာပြီးတော့ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သောင်းပဲ ပေးရမှာ။ သင်တန်းတက်ထားတဲ့ သူတွေထဲမှာ ၉၀ ရာခိုင်နှုန်းကျော်ကလဲ အစောင့်တပ်ဖွဲ့ထဲကို ရောက်နေကြပြီ "

ထိုစဥ် လောထျန်းအနောက်ဘက်တွင် အသက်ကြီးကြီး အမျိုးသမီးတစ်ယောက် ရောက်လာပြီး သင်တန်းတစ်ခုအကြောင်း မဲဆွယ်စည်းရုံးနေ၏။

လောထျန်းက အောင့်သက်သက်ပြုံးကာ ထိုနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားလိုက်သည်။ ထို့နောက် လောမိသားစုအတွင်းရှိ ဘိုးဘေးခန်းမဆောင်အတွင်း၌ သူ ပြန်ပေါ်လာ၏။

" သခင်လေး ပြန်လာပြီလား "

အကြီးအကဲများက လောထျန်းကို တွေ့သည်နှင့် ချက်ချင်း ထရပ်ကာ နှုတ်ဆက်လိုက်ကြသည်။

" အကြီးအကဲတို့ ..လက်ရှိ မြို့ထဲက အခြေအနေက ဘယ်လိုလဲ "

လောထျန်းက မေးလိုက်သည်။

အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အပြုံးဖြင့် ပြန်ဖြေ၏။

" သခင်လေး တွေ့ခဲ့တာလား ။ ဒါတွေအားလုံးက သခင်မကြီး ဖုချင်းလျန် ရဲ့ အကြံတွေပဲ "

" သခင်မကြီး ဖုချင်းလျန်က ထိပ်တန်းအဆင့် အင်အားကြီးအဖွဲ့တစ်ခု တည်ထောင်ဖို့ ဆိုရင် ကိုယ်ပိုင် တပ်ဖွဲ့ ရှိရမယ်လို့ ပြောတယ်ကွ။ ဒါကြောင့်မို့ ကျုပ်တို့က မြို့တော်အစောင့်တပ်ဖွဲ့ကို ဖွဲ့ခဲ့ကြတာ။ ဒီ မြို့တော်အစောင့်တပ်ဖွဲ့မှာ အသက်ကြီးတဲ့ သူတွေရယ် ၊ သက်လတ်ပိုင်းအရွယ်လူတွေ နဲ့ လူငယ်လေးတွေဆိုပြီး မျိုးဆက် သုံးခု ခွဲထားတယ်။ ပထမမျိုးဆက် နှစ်ခုကိုတော့ တိုက်ခိုက်ရေးစွမ်းရည်ကိုပဲ အခြေခံပြီး ရွေးထားတာ။ လူငယ်မျိုးဆက်ကိုတော့ ပါရမီကို အဓိကထားပြီး ရွေးထားတယ် "

" အခု မြို့ထဲမှာရှိတဲ့ စိတ်စွမ်းအင်သွေးကြောကြောင့်ရော ၊ စန်းလန်ဂိုဏ်းကနေ ပြန်ယူလာတဲ့ သိုင်းပညာရပ်တွေနဲ့ ကျင့်စဥ်တွေ​ရောကြောင့်မို့ ၊ အဖွဲ့အစည်းက မဟုတ်တဲ့ သီးသန်းကျင့်ကြံသူတွေတင်မကဘူး ၊ ပညာတတ် ကုန်သည် မိသားစုတွေရောက သူတို့ရဲ့ သားသမီးတွေကို မြို့ကို ပို့ချင်နေကြတာကွ "

" အခုဆို မြို့တော် အစောင့်တပ်ဖွဲ့ထဲက ပထမမျိုးဆက်နှစ်ခုမှာ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ အယောက် ၄၀၀ ကျော်တောင် ရှိနေပြီ။ ထုံရွှယ်အဆင့် အစွမ်းထက် ကျင့်ကြံသူတွေလဲ အယောက် ၃၀ ကျော် ရှိနေပြီကွ "

" ဒါတင်မကသေးဘူး ၊ လူငယ်မျိုးဆက်ထဲမှာလဲ ထူးချွန်တဲ့ သူတွေ အများကြီး ရှိသေးတယ်။ တချို့ဆို ငယ်ငယ်လေးတည်းက နာမည်ကျော်လာကြတဲ့ ပါရမီရှင်တွေ "

ဒုတိယအကြီးအကဲက အပြုံးဖြင့် ရှင်းပြလိုက်သည်။

တတိယအကြီးအကဲကလည်း ရှေ့တိုးလာကာ ပြော၏။

" ဒါတင်မကသေးဘူး ၊ သခင်မကြီး ဖုချင်းလျန် ပြောတာတော့ အခု မြို့ထဲက စိတ်စွမ်းအင်က တကယ့်ထိပ်တန်းအဆင့် အရင်းအမြစ် တစ်ခုပဲတဲ့။ ဒီစိတ်စွမ်းအင်က အပြင်ဘက်က ကျင့်ကြံခြင်းအခန်းတွေထက်တောင် ပိုကောင်းတယ်လို့ ပြောတယ်။ဒါ့ကြောင့်မို့ ပျောင်ပိုင်မြို့ထဲက လူတွေကိုတော့ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့် ပေးထားပေမယ့် မြို့ထဲဝင်ချင်တဲ့ အပြင်လူတွေကိုတော့ အဖိုးအခအနေနဲ့ တစ်ရက်ကို အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်ထောင် ကောက်ခံထားတယ်။ ပေးဖို့ မလုံလောက်ဘူး ဆိုရင်တော့ မြို့ပြင်ကို ချက်ချင်း တည်နေရာရွှေ့ပြောင်းခံရမှာ "

" ဒီ ဝင်ငွေနဲ့သာဆို ကျုပ်တို့ရဲ့ မြို့တော်အစောင့်တပ်ဖွဲ့ကို ထောက်ပံ့ဖို့ လုံလောက်ရုံတင်မကဘူး ၊ ဆေးပညာရှင်တွေ အများကြီးကို ဖိတ်ခေါ်ပြီး ပျောင်ပိုင်မြို့အတွက် ဆေးရည်တွေ ဖော်စပ်ပေးခိုင်းဖို့တောင် လုံလောက်တယ်ဗျ "

နံပါတ်လေး အကြီးအကဲကလည်း ထပ်ဖြည့်ပြောသည်။

" သခင်လေး ..ကျုပ်က လောလောဆယ် မြို့တော် မြောက်ဘက်ပိုင်းမှာ စိုက်ပျိုးရေးကို တာဝန်ယူထားတယ် ။ အဲ့ဘက်မှာ ဘယ်သူမှ အပိုင်မဟုတ်တဲ့ မြေနေရာ တွေ့ထားလို့ ဆေးပင်စိုက်ခင်းဖြစ်အောင် လုပ်ထားတယ်။အဲ့မှာစိုက်တဲ့ စိတ်စွမ်းအင် ဆေးပင်တွေက မြန်မြန်ဆန်ဆန်ကို ကြီးထွားလာကြတာဗျာ။ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ စိုက်ထားတဲ့ စိတ်စွမ်းအင်ဆေးပင်တွေရဲ့ အစွမ်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက စိုက်ထားတဲ့ စိတ်စွမ်းအင်ဆေးပင်ထက်တောင် ပိုအစွမ်းထက်နေတယ် "

" ပြီးတော့ မြေကြီးထဲက စိတ်စွမ်းအင်သွေးကြော အငယ်လေးတွေကလဲ ဆေးပင်စိုက်ခင်းထဲမှာ လျှောက်သွားရတာကို ကြိုက်ကြတယ်နဲ့တူတယ်။ တစ်ခါတလေဆို သူတို့က အင်မတန်ရှားတဲ့ ဆေးပင်တွေကို ယူလာပြီးတော့ အခင်းထဲမှာ ကိုယ်တိုင် စိုက်ကြတာတောင် တွေ့တယ် "

.......

အားလုံး၏ စကားများကို နားထောင်ပြီးနောက် လောထျန်း ခေါင်းသာ အဆက်မပြတ် ညိတ်နေလိုက်သည်။

ဖုချင်းလျန်တွင် ထိုသို့သော နည်းလမ်းများ ရှိထားလိမ့်မည်ဟု သူ လုံးဝပင် တွေးမထားခဲ့မိပေ။

သူမက ပျောင်ပိုင်မြို့တစ်မြို့လုံးကို တစ်ယောက်တည်းအစွမ်းဖြင့် စနစ်တကျ စီမံခန့်ခွဲထားနိုင်ခဲ့ပေသည်။

ယခုဆိုလျှင် အခြားသော ထိပ်သီးအဖွဲ့အချို့ကို ဘေးဖယ်ထားပါက ပျောင်ပိုင်မြို့သည် ယဲ့ဖုန်းနိုင်ငံအတွင်း နံပါတ် ၁ အဆင့် အဖွဲ့တစ်ခု ဖြစ်လာခဲ့လေပြီ ။

သို့ဖြစ်ရာ ထိုအဖွဲ့ကို အုပ်ချုပ်နိုင်မည့် ခေါင်းဆောင်ကောင်းတစ်ယောက်သာ လိုပေတော့သည်။

" သိပ်ကောင်းတယ်ဗျာ ၊ အားလုံး လုပ်စရာရှိတာ ဆက်လုပ်ကြပါ "

လောထျန်းက စကားဆုံးသည်နှင့် ထိုနေရာမှ ထွက်လာပြီး ဘုရင်ကျင်းဖန်ဆီသို့ တည်နေရာရွှေ့ပြောင်းသွားလိုက်၏။

" သခင်လေး .. "

လောထျန်း ပေါ်လာသည်နှင့် ဘုရင်ကျင်းဖန်က သူ့အငွေ့အသက်ကို အာရုံခံမိသွားပြီး ချက်ချင်း အပြင်ထွက်လာသည်။

" အိုး .. ဒီနှစ်လကျော်အတွင်းမှာ မင်းက ကွေ့ရှအဆင့် ၈ ကိုတောင် ရောက်သွားပြီပဲ "

လောထျန်းက ဘုရင်ကျင်းဖန်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည်။

ပုံမှန်ဆိုလျှင် သာမာန်လူများအတွက် ထိုအဆင့်သို့ရောက်ရန် နှစ်ပေါင်း ရာချီ၍ပင် ကြာတတ်ပေသည်။

အချို့ဆိုလျှင် နှစ်ထောင်ချီပင် ကြာတတ်သေး၏။

ဘုရင်ကျင်းဖန်က အပြုံးဖြင့် ပြန်ဖြေသည်။

" ဒီမှတ်ဉာဏ်တွေနဲ့ဆိုတော့ ကျင့်ကြံရတာ အများကြီး ပိုမြန်တယ်ဗျ။ နောက်ထပ် ရက်နည်းနည်းသာ ထပ်ကျင့်ကြံလိုက်ရင် ကွေ့ရှအဆင့် ၉ ကို ရောက်သွားဖို့တောင် ယုံကြည်ချက် အပြည့်ရှိတယ်ဗျာ။ တုကျဲ့အဆင့်ကိုတောင် တစ်ခါတည်း ရောက်ရင် ရောက်သွားမှာ "

ထိုစကားကို ကြားပြီးနောက် လောထျန်းက ခေါင်းအသာအယာညိတ်ကာ ပြော၏။

" ဒါဆိုရင် ဒီတစ်ခါ မင်းကို ကျုပ်နဲ့အတူ ဆုမီတောင်ကို ခေါ်မသွားတော့ပါဘူး။ လောလောဆယ် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး တုကျဲ့အဆင့်ကို မြန်မြန်ရောက်အောင်သာ ကြိုးစားပါ "

" ဟုတ်ကဲ့ပါ သခင်လေး "

ဘုရင်ကျင်းဖန်က တလေးတစား ဦးညွှတ်အရိုအသေ ပေးလိုက်ပြီးနောက် တစ်ယောက်တည်း ပြန်ကျင့်ကြံရန် ထွက်သွားလိုက်သည်။

ထို့နောက် လောထျန်းက နျိုဝူဖုန်းနှင့် သူ့အမေဆီသို့ သွားလိုက်၏။

ပြီးခဲ့သည့် နှစ်လကျော်အတွင်း နျိုထျဲ့ချူသည် တုကျဲ့အဆင့် ၂ ထိပ်ဆုံးသို့ ရောက်သွားခဲ့ပြီး အဆင့် ၃ သို့ပင် ရောက်ခါနီးဆဲဆဲ ဖြစ်နေလေပြီ ။

နျိုဝူဖုန်းကမူ ဘုရင်ကျင်းဖန်၏ အခြေအနေနှင့် သိပ်မကွာလှပေ။ သူသည်လည်း တုကျဲ့အဆင့်သို့ ရောက်ရန် များစွာ မလိုတော့သည်ကို မြင်နိုင်ပေသည်။

သူတို့နှင့် စကားအနည်းငယ် ပြောပြီးနောက် လောထျန်းက လောမိသားစု ဘိုးဘေးအိမ်တော်ဆီသို့ ပြန်သွားလိုက်သည်။

ထို့နောက် သူက စိတ်ဝိဥာဥ်အစွမ်းကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ သူ့အဖေ လောဖုန်းနှင့် ပထမအကြီးအကဲတို့ နှစ်ယောက်လုံး ထုံရွှယ်အဆင့် ၉သို့ ရောက်နေကြပြီး ကွေ့ရှအဆင့် ရောက်ခါနီးဆဲဆဲ ဖြစ်နေကြသည်ကို မြင်လိုက်ရ၏။

စိတ်ဝိဥာဥ် ပုလဲလုံးထဲမှ မှတ်ဉာဏ်များက သူတို့အတွက် များစွာ အထောက်အကူပြုသည်မှာ သံသယ ဝင်စရာပင် မလိုချေ။

သို့သော် သူတို့၏ ပါရမီက အကန့်အသတ် ရှိနေသည့်အတွက် နတ်ဘုရားသားရဲများ ဖြစ်ကြသော ဘုရင်ကျင်းဖန်တို့လောက်မူ တိုးတက်နှုန်း မမြန်ကြပါ။

" ဟင် .. မင်းလဲ .. "

လောထျန်းက စိတ်ဝိဥာဥ်အစွမ်းဖြင့် ဆက်ကြည့်လိုက်ရာ လျှို့ဝှက်အခန်းတစ်ခုထဲတွင် ရှိနေသည့် လောရုံအား တွေ့သွားသည်။

ထိုလူငယ်လေးမှာ ကောင်းကင်ထိန်းချုပ် အဆင့် ၄ သို့ပင် ရောက်နေလေပြီ။

လောထျန်းက လောရုံကျင့်ကြံနေသည့် လျှို့ဝှက်အခန်းထဲသို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။

" ဟင် .. သခင်လေးပါလား "

လောရုံမှာ ရုတ်တရက် ပေါ်လာသည့် လောထျန်းကြောင့် အလန့်တကြား ဖြစ်သွား၏။

" မင်းက ကောင်းကင်ထိန်းချုပ်အဆင့် ၄ ကိုတောင် ရောက်သွားပြီပဲကွ။ ခုလို မြန်မြန်ကြီး အဆင့်တက်သွားတာ အားကျလိုက်တာကွာ "

လောထျန်းက ခေါင်းတဆတ်ဆတ် ညိတ်ကာ ပြောလိုက်သည်။

ထိုစကားကြောင့် လောရုံအနည်းငယ်ပင် မျက်ခုံးပင့်သွား၏။

သူ့ကို အားကျသည်တဲ့လား ။ အမှန်တွင်မူ သူ ကသာ လောထျန်းကို အားကျရမည့်သူ ဖြစ်ပါသည်။

သူသည် ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်ထားသည့်တိုင် လောထျန်းသာ ဆန္ဒရှိပါက သူ့ကို တစ်ချက်တည်းဖြင့် လွယ်လွယ်ကူကူ သတ်ပစ်နိုင်သည် မဟုတ်ပါလား ။

" ဒါနဲ့ .. သခင်လေး ၊ ကျုပ် သခင်လေးကို ပြချင်တဲ့ဟာ တစ်ခု ရှိတယ်ဗျ "

လောရုံက ထူးထူးဆန်းဆန်း ဆိုလိုက်သည်။

All Chapters