← Chapters

ထူးဆန်းသော စိတ်စွမ်းအင်ပင်လယ်

Vol. 10 Ch. 140

ထူးဆန်းသော စိတ်စွမ်းအင်ပင်လယ်

Vol. 10 Ch. 140

" ဟုတ်လား .. ဘာပြမလို့ထဲ "

လောထျန်းက စိတ်ဝင်တစား မေးလိုက်သည်။

လောရုံသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ဝီ ..

သူ့အနောက်ဘက်တွင် တောင်တစ်လုံး ပေါ်လာသည်။

" ဟင် .. ဒါက .. ထူးဆန်းတဲ့ စိတ်စွမ်းအင်ပင်လယ် လား .. "

လောထျန်း အံ့သြတကြီး မေးလိုက်သည်။

လောရုံက ခေါင်းညိတ်ကာ ပြန်ဖြေ၏။

" ဟုတ်တယ်ဗျ ၊ အဲ့ဒါ ထူးဆန်းတဲ့ စိတ်စွမ်းအင်ပင်လယ်ပဲ။တောင်တစ်လုံးလို တည်ငြိမ်ပြီး ခိုင်ခန့်တယ် "

လောထျန်းက ဆက်မေးလိုက်သည်။

" တောင်တစ်လုံးလို ခိုင်ခန့်တယ် ...  ဒီစိတ်စွမ်းအင်ပင်လယ်က ဘာတွေလုပ်နိုင်လဲ ပြောပါဦး "

လောရုံက သေချာရှင်းပြ၏။

" ဒီ စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက်တာနဲ့ ကျုပ်ရဲ့ အစွမ်းနဲ့ ခုခံနိုင်စွမ်းက ဆယ်ဆလောက် တိုးတက်လာတယ်ဗျ။ ပြီးတော့ ကျုပ်ရဲ့ အမြန်နှုန်းကလဲ အများကြီး ပိုတိုးလာတယ် "

လောထျန်းက အပြုံးဖြင့် ဆိုသည်။

" ဒီဟာက မင်းနဲ့ လိုက်တယ်ကွ "

လောရုံလည်း ပြုံးသွားသည်။

" ဟုတ်တယ်ဗျ ။ ဒီဟာက ကျုပ်လို ကာယအစွမ်းကို အဓိကကျင့်ကြံတဲ့ သိုင်းသမားအတွက် လုံးဝ ကွက်တိပဲ "

ထိုစဥ် လောထျန်းက ရုတ်တရက် မေး၏။

" အခုလက်ရှိ မိသားစုထဲက လူငယ်ဘယ်နှယောက်လောက် ထူးဆန်းတဲ့ စိတ်စွမ်းအင်ပင်လယ်တွေ ရှိထားကြပြီလဲ "

လောရုံက ခေတ္တမျှ စဥ်းစားပြီး ပြန်ဖြေသည်။

" လူငယ်တွေထဲက သုံးပုံတစ်ပုံနီးပါးလောက် ရှိထားကြပြီဗျ "

လောထျန်း အံ့အားသင့်သွားရ၏။

" အဲ့လောက်တောင် များတယ်လား။ မင်းတို့အားလုံးက အဲ့လိုတွေရှိပြီး ငါကျ ဘာလို့ မရှိရတာလဲ မသိဘူး "

လောထျန်းက ထိုသို့ပြောပြီးနောက် စိတ်ပျက်လက်ပျက် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

လောရုံက သူ့ကို အမြန်နှစ်သိမ့်၏။

" သခင်လေးရဲ့ အစွမ်းနဲ့ဆို အဲ့လိုရှိတာ မရှိတာက အရေးမကြီးပါဘူးဗျာ "

လောထျန်းက ရှင်းပြမနေတော့ဘဲ ခေါင်းသာယမ်းလိုက်သည်။ ထို့နောက် သူ ဆက်မေး၏။

" အခု လူငယ်မျိုးဆက်ထဲမှာ ဘယ်သူ့ရဲ့ စိတ်စွမ်းအင်ပင်လယ်က အစွမ်းအထက်ဆုံးလဲ "

လောရုံက စဥ်းစား၍ ပြန်ဖြေသည်။

" ကျုပ်အမြင်အရ ပြောရရင်တော့ ကျုပ်အပါအဝင် လူငယ် လေး၊ ငါးယောက်လောက်မှာ အစွမ်းထက်တဲ့ စိတ်စွမ်းအင်ပင်လယ်တွေ ရှိကြတယ်ဗျ။ ဒါပေမယ့် အစွမ်းအထက်ဆုံးကို ရွေးရမယ်ဆိုရင်တော့ လောရှောင်ရှောင်း ဖြစ်မယ်ထင်တယ်  "

ထိုနာမည်ကို ကြားသည်နှင့် လောထျန်း၏ ခေါင်းထဲတွင် မိန်းမငယ်လေး တစ်ယောက်၏ ပုံရိပ် ပေါ်လာသည်။

လောရှောင်ရှောင်း မှာ သူ့ ညီမ ဝမ်းကွဲပင် ။

သူမသည် ယခုမှ အသက် ဆယ့်လေးနှစ်သာ ရှိသေးပြီး သူမတစ်ကိုယ်တည်း တိတ်တဆိတ် နေတတ်သူလည်း ဖြစ်သည်။

ထင်မှတ်မထားစွာပင် သူမ၏ စိတ်စွမ်းအင်ပင်လယ်က အစွမ်းအထက်ဆုံး ဖြစ်နေသည်တဲ့လား ။

" သူ့ရဲ့ စိတ်စွမ်းအင်ပင်လယ်က ဘယ်လိုမျိုးလဲ "

လောထျန်း မေးလိုက်သည်။

လောရုံက ခေါင်းကုတ်ကာ ပြန်ဖြေ၏။

" ကျုပ်လဲ သေချာတော့ မသိဘူးဗျ ။ ကျုပ်တို့ သခင်ကြီး ယဲ့ထုံလင်းကို သွားမေးတော့တောင် သူလဲ ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောတယ်။ ဒါပေမယ့် သခင်ကြီးယဲ့ ပြောတာတော့ သူ အဲ့ဒါမျိုး တစ်ခါမှ မမြင်ဖူးပေမယ့် အဲ့ဒီ စိတ်စွမ်းအင်ပင်လယ်က ကျုပ်တို့ထဲမှာ အစွမ်းအထက်ဆုံးပဲလို့ ပြောတယ် "

လောထျန်း ပို၍စိတ်ဝင်စားသွားပြီး ဆက်မေးလိုက်သည်။

" ဟုတ်လား .. ဘယ်လိုစိတ်စွမ်းအင် ပင်လယ်မျိုးပါလိမ့် ။ သူ့ကို ဒီခေါ်လိုက်ပါဦး ၊ ငါ သေချာကြည့်ချင်လို့ "

လောရုံက ခေါင်းညိတ်ပြကာ ချက်ချင်း သွားခေါ်၏။

မကြာမီမှာပင် သူနှင့် လောရှောင်ရှောင်းတို့ ပြန်ရောက်လာကြသည်။

လောရှောင်ရှောင်းသည် အသက်ငယ်သေးသော်လည်း စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၆ သို့ပင် ရောက်နေလေပြီ။

ထိုအသက်အရွယ်နှင့် ယခုကဲ့သိူ့ အဆင့်မျိုး ရောက်နိုင်သူမှာ ပေါ့သေးသေးမဟုတ်ပါ။

" နှုတ်ဆက်ပါတယ် သခင်လေး "

လောရှောင်ရှောင်းသည်လောထျန်းကို တွေ့ရသည့်အတွက် စိတ်လှုပ်ရှားနေဟန် ရှိပြီး အသံပင် အနည်းငယ် တုန်နေသည်။

သူမ စိတ်လှုပ်ရှားနေသည်မှာလည်း ဖြစ်သင့်ပါသည်။ ယနေ့လောထျန်းမှာ ယခင် အတိတ်က လောထျန်း မဟုတ်တော့ပေ။

ယခု လောမိသားစု များစွာတိုးတက်လာရခြင်း အကြောင်းမှာလည်း လောထျန်းကြောင့် မဟုတ်ပါလား ။

သို့ဖြစ်ရာ ..လောမိသားစုတွင်သာမက ပျောင်ပိုင်မြို့ တစ်မြို့လုံးတွင်ပင် လောထျန်းက နတ်ဘုရားတစ်ပါးကဲ့သိူ့ ဖြစ်နေလေပြီ ။

ထိုသိူ့သော လူက သူမကို တွေ့ချင်သည်ဟု ပြောလာသဖြင့် သူမ စိတ်လှုပ်ရှားနေရခြင်းဖြစ်၏။

လောထျန်းက အခြေအနေကို ကြည့်ကာ အပြုံးဖြင့် ဆိုလိုက်သည်။

" ငါတို့အားလုံးက မိသားစုတွေပဲကွာ ။ အဲ့လောက်ကြီး တရိုတသေ လုပ်မနေပါနဲ့။မင်းတို့ နှစ်ယောက်လုံး ငါ့ကို အကိုထျန်းလို့ပဲ ခေါ်ကြပါ "

" ဟင်. .. ဟုတ်ကဲ့ အကိုထျန်း .. "

လောရှောင်ရှောင်း၏ အသံလေးမှာ ခြင်သံကဲ့သို့ ပိစိလေး ဖြစ်နေ၏။

" ငါ လောရုံဆီက ကြားတာတော့ မင်းရဲ့ ထူးဆန်းတဲ့ စိတ်စွမ်းအင်ပင်လယ်က အရမ်းအစွမ်းထက်တယ်ဆို။ ငါ ကြည့်ချင်လို့ ထုတ်ပြပေးလို့ ရမလား "

လောထျန်းက ပြောလိုက်သည်။

" ဟုတ်ကဲ့ ၊ ရတာပေါ့ "

ထိုအကြောင်းကို ပြောသည်နှင့် လောရှောင်ရှောင်း၏ မျက်နှာက ရုတ်ချည်း လေးနက်သွားသည်။

ထို့နောက် သူမက လက်တစ်ဖက်တည်းဖြင့် သိုင်းကွက်အချို့ ပြုလုပ်လိုက်၏။

ဝှစ် ...

သူမ၏ အနောက်ဘက်တွင် ထူးဆန်းသော သားရဲအရိပ်တစ်ခု ပေါ်လာသည်။

" ဒါက .."

လောထျန်းမှာ ထူးဆန်းသည့် သားရဲအရိပ်ကို ကြည့်ကာ အံ့သြမှင်သက်သွား၏။

ထိုထူးဆန်းသော သားရဲသည် ခေါင်းကိုးလုံး ရှိနေပြီး နဂါးတစ်ကောင်နှင့် တူသလို မြွေတစ်ကောင်နှင့်လည်း တူနေပြန်ရာ ၎င်းက မည်သို့သော သားရဲမျိုး ဖြစ်သည်ကိုပင် ပြော၍ မရပါချေ။

" အကိုထျန်း ၊ ကျွန်မရဲ့ စိတ်စွမ်းအင်ပင်လယ်က ဒီ ထူးဆန်းတဲ့ သားရဲအရိပ်ပဲ။ အကိုထျန်း မြင်တဲ့အတိုင်း ဒီသားရဲမှာ ခေါင်းကိုးလုံး ရှိပြီးတော့ ခေါင်းတစ်လုံးစီတိုင်းက မတူညီတဲ့ အစွမ်းတွေ ပေးနိုင်ကြတယ်။ ဆိုတော့ ကျွန်မ ဒီစိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက်တာနဲ့ အဲ့ဒီ အစွမ်း ကိုးမျိုးလုံးကို အသုံးပြုနိုင်တယ် "

လောရှောင်ရှောင်းက ရှင်းပြလိုက်သည်။

" အဲ့လိုလား .. အစွမ်းထက်လိုက်တာ "

လောထျန်း၏ မျက်လုံးများ အရောင်လက်နေ၏။

ထိုအစွမ်း ကိုးမျိုးလုံးကို အပြည့်အဝ အသုံးချနိုင်သည် ဆိုပါက ၎င်းစိတ်စွမ်းအင်ပင်လယ် တစ်ခုတည်းက လူကိုးယောက်၏ စိတ်စွမ်းအင်ပင်လယ် ကိုးခုနှင့် ညီနေသည်လာ.. ။

သူမ၏ စိတ်စွမ်းအင်ပင်လယ်က အစွမ်းအထက်ဆုံးဟု လောရုံ ပြောခဲ့သည်မှာ မထူးဆန်းတော့ပါချေ။

" ရှောင်ရှောင်း .. မင်း တခြားသူတွေနဲ့ တိုက်ခိုက်ဖူးလား။ ဒီကောင်ကြီးက တကယ် တိုက်ခိုက်တဲ့အခါ ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲ "

လောထျန်းက စိတ်ဝင်တစား မေးလိုက်သည်။

ထိုစကားကို ကြားသောအခါတွင်မူ လောရှောင်ရှောင်းက မည်သို့မှ ပြန်မပြောဘဲ အသံတိတ်သွား၏။

ဘေးမှ လောရုံက ဝင်ရှင်းပြသည်။

" အမ် ..အကိုထျန်း ၊ ရှောင်ရှောင်းက ဘယ်သူနဲ့မှ မတိုက်ခိုက်ဖူးသေးဘူးဗျ "

" ဟင် ..ဟုတ်လား .. ဘာဖြစ်လို့လဲ "

လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။

လောရုံက ပြောပြ၏။

" ဘာလို့လဲဆိုတော့ ဒီကလေးမလေးက အရမ်းကြောက်တတ်လို့ဗျ ။ သူ့ဟာသူ တစ်ယောက်တည်း ကျင့်ကြံရင်တော့ ဘာပြဿနာမှ မရှိပေမယ့် တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အခါကျရင် သူက ဘာမှ မသိတော့ဘဲ ကြောင်အအ ဖြစ်သွားရော "

လောထျန်း မျက်ခုံးပင့်သွားရသည်။

" ဟင် .. ကျင့်ကြံတဲ့နေရာမှာ တော်ပြီး လက်တွေ့အသုံးမချနိုင်ဘူးပေါ့ .. ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ "

လောရုံက ခေါင်းညိတ်၍ ပြန်ပြောသည်။

" အကြီးအကဲတွေလဲ အဲ့လိုပဲ ပြောတာဗျ ။ ဒါပေမယ့်အခု သူက ငယ်လွန်းသေးတော့ နောက်ထပ် နှစ်နည်းနည်းလောက်ကြာမှ သူ့ကို အတွေ့အကြုံရအောင် အပြင်သွားခိုင်းမယ်ဆိုပြီး တွေးထားကြတာ။ အဲ့ကျရင် ဘာပြဿနာမှ မရှိလောက်တော့ဘူး "

လောထျန်းက ခေါင်းယမ်းလိုက်သည်။

" နောက်နှစ်တွေကြာတဲ့အထိ စောင့်နေစရာ မလိုပါဘူးကွာ။ မင်းတို့နှစ်ယောက် အဆောင်ကို ပြန်ပြီး အထုတ်အပိုးတွေ သွားပြင်ကြ။ ပြီးရင် ငါနဲ့ လိုက်ခဲ့ "

" ဟင် ..ဘယ်ကို သွားမလို့လဲ "

လောရှောင်ရှောင်းက တအံ့တသြ ပြန်မေး၏။

" ဆုမီတောင်ကို "

လောထျန်းက ပြန်ဖြေသည်။

" ဘယ်လို .. ဆုမီတောင်ကို သွားမှာ .. "

သူတို့နှစ်ဦးလုံး အံ့အားသင့်ကာ ထခုန်မိမတတ်ပင် ဖြစ်သွားကြသည်။

ဆုမီတောင်သည် ထိပ်တန်းအဆင့်ရှိ လျှို့ဝှက်ဒေသတစ်ခုမှန်း သူတို့ သိထားပြီး ဖြစ်ပါသည်။

သာမာန်လူများမှာ ထိုနေရာသို့ ဝင်ခွင့် မရှိကြပေ။

ယခု ..လောထျန်းက သူတို့နှစ်ယောက်ကို ဆုမီတောင်သို့ သူနှင့်အတူ ခေါ်သွားမည်တဲ့လား ။

ဤသည်မှာ ရခဲလှသည့် အခွင့်အရေးကောင်းကြီး တစ်ခုပင် ။

" ကဲ .. အထုပ်တွေ မြန်မြန်သွားပြင်ကြတော့လေ။ ဒီနေ့ နေ့လည်မှာ သွားမှာကွ။ မင်းတို့ မသွားချင်ဘူးဆိုရင်တော့ ဘယ်တတ်နိုင်မလဲ။ ငါ တခြားသူပဲ ရှာရတော့မှာပေါ့ "

လောထျန်းက ဆက်ပြော၏။

" ကျုပ်တို့ လိုက်မှာ "

လောရုံတို့နှစ်ယောက်က ချက်ချင်း သံပြိုင် ပြန်ဖြေလိုက်ကြသည်။

" ကောင်းပြီ ၊ ဒါဆို မြန်မြန်သွားပြင်ကြတော့ "

လောထျန်းက လောလိုက်၏။

လောရုံတို့ နှစ်ယောက်သား ချက်ချင်းပင် ခုန်ပေါက်ပြေးသွားလိုက်ကြသည်။

ထိုနေ့ နေ့လည်ခင်းမှသာ သူတို့နှစ်ဦး လောထျန်းဆီသို့ ပြန်ရောက်လာကြ၏။ သူတို့၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုက အထင်းသား ပေါ်နေကြသည်။

လောထျန်းက သူတို့နှစ်ယောက်အား ပျောင်ပိုင်မြို့အတွင်းရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ ရှိရာသို့ ခေါ်လာ၏။

ထို့နောက်တွင်မူ .. ထျန်းရှန့်သိုင်းပြိုင်ပွဲမှ ရခဲ့သည့် တည်နေရာ အမှတ်အသားများအတိုင်း အစီအမံကို အသက်သွင်းလိုက်တော့သည်။

စိတ်စွမ်းအင်များ ရုတ်ချည်း စုဝေးလာပြီး လေထုတစ်ခုလုံး စတင်ပြောင်းလဲလာ၏။

ထို့နောက် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သူတို့အားလုံး နေရာစိမ်းတစ်ခုသို့ ရောက်သွားကြတော့သည်။

" ဟင် .. ဒီမှာ ဘာတွေ ဖြစ်နေတာလဲ "

ရောက်ရောက်ချင်းပင် သူတို့အားလုံး အံ့အားသင့်သွားကြသည်။

အဘယ့်ကြာင့်ဆိုသော် သူတို့ ရောက်နေသည့်နေရာမှာ မီးခိုးလုံးများနှင့် အပျက်အစီးများဖြင့် ပြည့်နေပြီး စစ်ပွဲတစ်ပွဲကို ကြုံထားခဲ့သည့်အလား ဖြစ်နေသောကြောင့်ပင်။

" တည်နေရာ အမှတ်အသားတွေက မှားနေလို့များလား။ ဒါလဲ မဖြစ်နိုင်ပါဘူး "

လောထျန်းက အချက်အလက်များကို ချက်ချင်း စစ်ဆေးကြည့်လိုက်ရာ အမှားအယွင်း မရှိကြောင်း တွေ့လိုက်ရသည်။

ထို့နောက် သူ ခေါင်းမော့ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းမှ မပျက်စီးဘဲ ကျန်နေသေးသည့် မြို့ရိုးနံရံပေါ်၌ ရေးထားသော " ကွေ့ယွမ် မြို့ " ဆိုသည့် စာလုံးများကို မြင်လိုက်ရသည်။

" ထျန်းယွမ် အင်ပါယာက ကွေ့ယွမ်မြို့ ၊ ဒါက တကယ်လဲ စုရပ်တွေထဲက တစ်ခုပဲလေ ။ ဘယ်လိုလုပ်ပြီး ခုလို ဖြစ်သွားရတာလဲ "

လောထျန်း နားမလည်နိုင် ဖြစ်သွား၏။

သူ စဥ်းစားနေစဥ်မှာပင် ခပ်လှမ်းလှမ်းမှ လေထုကို ဖြိုခွင်းလာသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

" ဟို သုံးယောက် ၊ မလှုပ်နဲ့ "

အော်သံတစ်သံလည်း ကြားလိုက်ရပြီး အသံနှင့် မရှေးမနှောင်းမှာပင် လူရိပ် ဆယ့်နှစ်ခု ပေါ်လာကြသည်။ ထိုလူများက မြေပြင်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကာ လောထျန်းတို့ သုံးယောက်အား ပတ်ပတ်လည် ဝိုင်းထားလိုက်ကြသည်။

ထိုလူဆယ့်နှစ်ယောက်၏ မျက်နှာတွင် ဒေါသငွေ့များလည်း တထောင်းထောင်းထနေပြီး လောထျန်းတို့ အုပ်စုကို အစိမ်းလိုက် ဝါးစားချင်နေကြပုံပင်။

" မင်းတို့ မိစ္ဆာနတ်ဆိုးတွေ က ဒီလိုရက်စက်ယုတ်မာတဲ့ လုပ်ရပ်မျိုး လုပ်ရဲတယ်ပေါ့လေ။ မင်းတို့အားလုံးကို သတ်ပစ်မယ် "

ထိုလူများထဲမှ အငယ်ဆုံး ဖြစ်ဟန်တူသည့် မျက်လုံးနီနီနှင့် အမျိုးသမီးတစ်ယောက်က ဘေးပတ်လည်မှ အပျက်အစီးများကို ဝေ့ဝဲကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ ထို့နောက် သူမက လောထျန်းတို့ လူအုပ်အား တိုက်ခိုက်ရန် ပြင်လိုက်သည်။

စာစဉ်ပြီး၏

All Chapters