အခန်း (၄၉၆)
Vol. 34 Ch. 496
အခန်းထဲကနေ ထွက်လာခဲ့ပြီးနောက် ကျန်းချန်သည် မကြာခင်မှာပင် ထိုက်ရှ နတ်မျှော်စင်၏ ပထမထပ်ရှိ ခန်းမဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုအခိုက်တွင် အကျွမ်းတဝင်ရှိသည့် အသံ နှစ်သံသည် ရုတ်တရက် ကျန်းချန်၏ နားထဲကို ရောက်ရှိလာခဲ့၏။
"ဂျူနီယာညီလေးရှ.. ဒီတစ်ကြိမ် မင်းရဲ့ စေတနာအတွက် ငါမှတ်သားထားပါ့မယ်"
"စီနီယာအကိုရှန်းက ယဉ်ကျေးနေပါပြီ.. အကိုရှန်းလဲ့ အကူအညီ မရှိရင် ကျွန်တော်လည်း ဒီတစ်ကြိမ် ဒီလို အမြတ်အစွန်း ရရှိမှာ မဟုတ်ပါဘူး"
ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့၏။
သူက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ ရှန်းလဲ့နဲ့ ရှယင်တို့သည် ပြုံးပန်းဝေဆာနေသော အမူအရာဖြင့် အပြင်ကနေ လျှောက်ဝင်လာသည်ကို တွေ့ရှိခဲ့သည်။
ကျန်းချန်က ခန်းမဆီသို့ လျှောက်လာသည့် ရှယင်ကို ကြည့်လိုက်၏။
ထို့နောက်တွင် သူ၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
ဆိုရလျှင် အတွင်းစည်း ဖလှယ်ပွဲတွင် ရှယင်သည် ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းကျော် သူ့ကို အကြွေးတင်ခဲ့၏။
သူက အဂ္ဂိရတ်ခန်းမရှိ ကျင့်ကြံခြင်း အရင်းအမြစ်များကိုလဲလှယ်ရန်အတွက် ဂုဏ်ကျက်သရေ အမှတ် အများအပြားကို လိုအပ်နေသည်။
ယခု သူက ရှယင်နှင့် တွေ့ဆုံနေသောကြောင့် ရှယင် သူ့အပေါ် အကြွေးတင်ထားသည့် ဂုဏ်ကျက်သရေ အမှတ်များကို ပြန်လည် ရယူရန် ဆုံးဖြတ်လိုက်၏။
ထိုအတွေးဖြင့် ကျန်းချန်သည် ရှယင်တို့ နှစ်ယောက်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားခဲ့သည်။
ထိုခဏတွင် ရှန်းလဲ့တို့ နှစ်ယောက်ကလည်း ကျန်းချန်ကို သတိပြုမိသွားခဲ့၏။
"ကောင်လေး.. မင်းကိုး"
ကျန်းချန် ရောက်ရှိလာသည်ကို မြင်လျှင် ရှန်းလဲ့၏ မျက်လုံးက ရုတ်တရက် အေးစက်သွားခဲ့သည်။
"ရှန်းလဲ့.. ငါ မင်းကို ပြဿနာရှာဖို့ ရောက်လာတာ မဟုတ်ဘူး..
ကျန်းချန်က ရှန်းလဲ့ကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။
ထို့နောက်တွင် သူက ရှယင်ကို တိုက်ရိုက် ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ရှယင်.. မင်းကို အချိန်ပေးထားတဲ့ သုံးရက်က ကုန်ဆုံးသွားခဲ့ပြီ.. မင်းငါ့ဆီမှာ အကြွေးတင်ထားတဲ့ ဂုဏ်ကျက်သရေ အမှတ်တွေကို ပေးတော့"
"ကျန်းချန်.. မင်းဘာတွေပြောနေတာလဲ.. ငါမင်းကို ဘယ်အချိန်က ဂုဏ်ကျက်သရေ အမှတ်တွေ အကြွေးတင်ခဲ့လို့လဲ"
ရှယင်က မထီတရီ ပြုံးလိုက်ပြီး ကျန်းချန်ကို အော်ဟစ်ခဲ့၏။
အတွင်းစည်း ဖလှယ်ပွဲတွင် သူက ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းကျော်ကို ကျန်းချန်ဆီ နှုတ်အားဖြင့်သာ အကြွေးတင်ခဲ့သည်။
ထို့အပြင် သက်သေ အထောက်အထားလည်း ဘာတစ်ခုမှ မကျန်ရစ်ခဲ့ပေ။
ယခု သူ့ကို အတွင်းစည်း၌ အဆင့်၂၈ နေရာတွင်ရှိသည့် ရှန်းလဲ့က အထောက်အပံ့ ပေးထား၏။
ထို့ကြောင့် ကျန်းချန်က သူ့ကို တစ်စုံတစ်ရာ ဒုက္ခပေးနိုင်မည်ဟု ရှယင် အမှန်တကယ် မယုံကြည်ခဲ့ချေ။
ရှယင်က သူ့အပေါ် တင်နေသည့် အကြွေးအား ငြင်းဆိုနေသည်ကို မြင်လျှင် ကျန်းချန် မျက်မှောင်ကြုတ်သွားခဲ့သည်။
"မင်းက ကလိမ်ကကျစ် လုပ်ဖို့ စီစဉ်ထားပုံပဲ"
"ဟွန့်.. ငါက မင်းကို ဂုဏ်ကျက်သရေ အမှတ်တွေ အကြွေးမတင်ဘဲ ဘာလို့ဆပ်ရမှာလဲ"
ရှယင်က အေးစက်စက် ပြောကာ ဗြောင်ငြင်းလိုက်သည်။
"ကျန်းချန်... ဘယ်ကိစ္စမဆို သက်သေ အထောက်အထားက အရေးကြီးဆုံးပဲ.. မင်းက ငါ့ကို ဂုဏ်ကျက်သရေ အမှတ်တွေ အကြွေးတင်တယ်လို့ ပြောခဲ့တယ်...မင်းမှာ အဲဒီအတွက် သက်သေ အထောက်အထား ရှိလား"
"သက်သေအထောက်အထား မရှိဘူး.. ဒါပေမယ့် မင်း ငါ့ကို ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်း လေးသောင်း အကြွေးတင်နေတာက ငြင်းလို့မရတဲ့အချက်ပဲ"
ကျန်းချန်က ရှယင်ကို စူးစိုက်ကြည့်လိုက်သည်။
"မင်းကို အခွင့်အရေးတစ်ခု ပေးမယ်.. မင်း အခု ဂုဏ်ကျက်သရေ အမှတ်တွေ ငါ့ကို ပေးမယ်ဆိုရင် အချိန်မနှောင်းသေးဘူး ရှယင်"
"ဟားဟား..."
"ကျန်းချန်.. မင်းက ငါ့ရှေ့မှာ ဟိတ်ဟန် လာထုတ်နေတာလား"
"ဒီနေ့ မင်းငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ရှယင်က မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။
ဤကောင်လေးက သူ့ထက် အမှန်တကယ် အင်အားကြီးမား၏။
သို့သော် ရှန်းလဲ့၏ ရှေ့တွင် ကျန်းချန်က သူ့ကို တစ်စုံတစ်ရာ ပြုလုပ်နိုင်မည်ဟု ရှယင် အမှန်တကယ် မယုံကြည်ခဲ့ပေ။
"ငါမင်းကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်.. မင်းက ဒီအခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး.. ဒါကြောင့် ငါ့ကို မယဥ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့တော့"
ကျန်းချန်က အေးစက်စက် မျက်လုံးများဖြင့် ရှယင်ကို စိုက်ကြည့်လိုက်၏။
ထို့နောက်တွင် သူ၏အသံသည် ရှယင်၏ နားထဲတွင် တိုက်ရိုက် မြည်လာခဲ့သည်။
"ငါ့အပေါ်တင်နေတဲ့ အကြွေးတွေကို ပြန်မဆပ်နိုင်တဲ့ အတွက် အတွင်းစည်းဖလှယ်ပွဲရဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး လက်တစ်ဖက် ဖြတ်ပေးပါ"
ကျန်းချန်၏ လေးနက်သောအသံက ထွက်ပေါ်လာ၏။
ထို့နောက်တွင် ဓားဆန္ဒက သူ၏ဦးခေါင်းထက်၌ ငွေရောင် ဓားရှည်တစ်ခု အဖြစ် ချက်ချင်းဆိုသလို စုစည်းသွားခဲ့သည်။
"ဖြတ်စမ်း"
ကျန်းချန်၏ ပြင်းထန်စွာ အော်ဟစ်ခြင်းအောက်မှာပင် ငွေရောင် ဓားရှည်သည် ရှယင်ကို လှုပ်မရအောင်ထိန်းချုပ်ရန် ငွေရောင် ဓားအလင်း အဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။
ယင်းနောက် လေထုကို ထိုးဖောက်ကာ ရှယင်ဆီသို့ ဦးတည်သွားခဲ့၏။
အခန်း(၄၉၆) ပြီး၏