အခန်း (၄၉၇)
Vol. 34 Ch. 497
"ရှန်း.. ညီနောင်ရှန်း.. ငါ့ကို ကယ်ပါဦး"
ကျန်းချန်၏ ဓားဆန္ဒက သူ့ကို လှုပ်မရအောင် ထိန်းချုပ်ထားမှန်းသိလျှင် ရှယင်က ရုတ်တရက် အကြောက်လန့်ကြီး ကြောက်လန့်ကာ ရှန်းလဲ့ ဆီကနေ အကူအညီကို အလျင်အမြန် တောင်းဆိုခဲ့သည်။
ရှန်းလဲ့က ကျန်းချန်ကို အေးစက်စက် ကြည့်လိုက်၏။
သူက သူ၏ ခါးပေါ်မှ သားရဲယဥ်ပါးခြင်း အိတ်ပေါ်သို့ လက်ဝါးဖြင့် ရိုက်ပုတ်လိုက်ရာ အနီရောင် ကျားတစ်ကောင်သည် သားရဲယဥ်ပါးခြင်း အိတ်ထဲကနေ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"ဝေါင်း"
မီးလျှံကျားက ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် အန္တရာယ်၏ အရိပ်အမြွက်ကို ခံစားမိခဲ့၏။
၎င်းက ကောင်းကင်ဆီသို့ မော့ကြည့်၍ အော်ဟစ်လိုက်ရာ သူ၏ ပုံရိပ်က မျက်တောင်တစ်ခတ်အတွင်း သုံးပေထိ မြင့်တက်သွားခဲ့သည်။
ယင်းနောက် ရှယင်ဆီ ရောက်ရှိလာသည့် ဓားအလင်းကို ဆန့်ကျင်ရန် မီးလုံးတစ်ခုကို သူ၏ ပါးစပ်ကနေ မှုတ်ထုတ်လိုက်၏။
"ဝုန်း"
ငွေရောင် ဓားအလင်းက လေထဲမှ မီးလုံးနှင့် တိုက်မိသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ လေလှိုင်းတစ်ခုသည် ချက်ချင်းပင် ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားခဲ့သည်။
ကျန်းချန်က အနည်းငယ် နောက်သို့ ဆုတ်လိုက်ရ၏။
သူက ရှယင်၏ ရှေ့မှာ ရပ်တည်နေသည့် ဧရာမ သားရဲကို စူးစိုက်ကြည့်ကာ အကဲခတ်လိုက်သည်။
စတုတ္ထ အဆင့် နှောင်းပိုင်း၊ မီးလျှံ ကျားဘုရင်။
အရွယ်ရောက်ပြီးသော မီးလျှံ ကျားဘုရင် တစ်ကောင်သည် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် အင်အားနီးပါး ရှိသည်။
ရှန်းလဲ့၏ လက်ထဲတွင် စတုတ္ထအဆင့် သားရဲ တစ်ကောင်ထက် ပိုပြီး ရှိသည်ဟု ဆိုကြ၏။
၎င်းက သားရဲသခင် တစ်ယောက်ဖြစ်ပြီး ထိုက်ရှဂိုဏ်း၏ အတွင်းစည်းတွင်အဆင့် ၂၈၌ ရှိနေသည်မှာ အံ့သြစရာ မဟုတ်ပေ။
"ကျန်းချန်.. ရှယင်က အခု ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်.. ဒါကြောင့် မင်း သူကို အနိုင်ကျင့်ရဲရင် ငါ့ကို ရိုင်းစိုင်းတယ် ဆိုပြီး အပြစ်မတင်နဲ့"
ကျန်းချန်၏ ရိုက်နှက်ခြင်းကို ပိတ်ဆို့ဖို့ ရှန်းလဲ့က မီးလျှံ ကျား ဘုရင်ကို သားရဲအိတ်ထဲမှ လွှတ်ပေးခဲ့သည်။
ထို့နောက်တွင် သူ၏အေးစက်စက် အသံသည် ကျန်းချန်၏ နားထဲကို တိုက်ရိုက် မြည်လာခဲ့၏။
"အတွင်းစည်းအဆင့်၂၈က ရှန်းလဲ့နဲ့.ထိပ်တိုက်တွေ့နေတဲ့ ကောင်လေးက ဘယ်သူလဲဟ"
"သူ့နာမည်က ကျန်းချန်.. မကြာသေးမီက အတွင်းစည်းမှာ အတော်လေး နာမည်ကြီးလာတဲ့ လူသစ်တစ်ယောက်ပဲ. သူက တိုက်ရိုက် တပည့် ကွမ်းချွမ်ကိုတောင် ဆယ်ကွက်အတွင်း ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်"
"ကျန်းချန်ဆိုတာ ဒီကောင်လား...ဒီကောင်က တကယ် အံ့သြဖို့ကောင်းတာပဲ.. သူက ရှန်းလဲ့နဲ့တောင် ပြဿနာတက်ရဲတယ်.. ဒါက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ မဟုတ်လား"
"............"
ကျန်းချန်နှင့် ရှန်းလဲ့တို့ကြား ရုတ်တရက် ထိပ်တိုက် တွေ့ဆုံခြင်းသည် ဖြတ်သွားဖြတ်လာ တပည့် အများအပြား၏ အာရုံစိုက်မှုကို အလျင်အမြန် ဆွဲဆောင်သွားခဲ့သည်။
သူတို့က ဆွေးနွေးနေရင်း ကျန်းချန်အတွက် ဝမ်းမနည်းဘဲ မနေနိုင်ခဲ့ကြပေ။
ကွမ်းချွမ်သည် တိုက်ရိုက် တပည့် ဖြစ်သော်လည်း အဆုံးသတ်တွင် ကျင့်ကြံခြင်းအဆင့် မကြာမြင့်သေးချေ။
အင်အားနှင့် ပတ်သက်ပြီးပြောရလျှင် ကွမ်းချွမ်သည် အတွင်း စည်း၌ အဆင့် ၅၀ ဝန်းကျင်သာ ရှိ၏။
ရှန်းလဲ့ကမူ သဘာဝစွမ်းအားဖွင့်ခြင်း နဝမ အဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် စတုတ္ထအဆင့် နှောင်းပိုင်း၊ သားရဲ နှစ်ကောင်ကို ပိုင်ဆိုင်ထားပြီး အတွင်းစည်းတွင် အဆင့် ၂၈ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ဤကဲ့သို့သော အင်အားကို ကွမ်းချွမ်က လုံးဝ မယှဉ်နိုင်ပေ။
သို့သော် ကျန်းချန်သည် ရှန်းလဲ့ကို ဂရုစိုက်ပုံမရချေ။
ယင်းမှာ သေမင်းခံတွင်းဝသို့ ကိုယ့်ဘာသာ လျှောက်ဝင်သွားသည်နှင့် မည်သို့ ကွာခြားပါမည်နည်း။
ပတ်ဝန်းကျင်မှ ဆူညံသော အသံများသည် ကျန်းချန်၏ အမူအရာကို အနည်းငယ်မျှပင် မပြောင်းလဲစေခဲ့ပေ။
သူက တည်ငြိမ်စွာဖြင့် ရှန်းလဲ့ကို ကြည့်ခဲ့သည်။
ထို့နောက်တွင် သူ၏ လေးနက်သောအသံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက် ဖြန့်ကျက်လာခဲ့၏။
"ရှန်းလဲ့...ဒီနေ့ ကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူးလို့ ငါက နောက်ဆုံးအကြိမ် သတိပေးချင်တယ်.. မင်းနဲ့မဆိုင်ရင် ဝင်မရှုပ်ပါနဲ့"
"ဒီကောင်.. ဦးနှောက်ပျက်နေတာလား"
ကျန်းချန်၏ မောက်မာသော စကားလုံးများကို ကြားလျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် ခဏမျှ မှင်တက်သွားကြသည်။
ဤကောင်လေးက တိုက်ရိုက် တပည့် ကွမ်းချွမ်ကို တိုက်ခိုက်နိုင်ရုံဖြင့် သူ့ကိုယ်သူ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဟု သွေးနားထင် ရောက်နေပါသလော။
သိထားရမည်မှာ ရှန်းလဲ့၏ အင်အားသည် ကွမ်းချွမ် ယှဥ်နိုင်သော အင်အားမဟုတ်ပေ။
ပဉ္စမအဆင့် သားရဲသခင် ဖြစ်သည့် ရှန်းလဲ့၏ လက်ထဲရှိ သားရဲ နှစ်ကောင်စလုံးသည် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်နှင့် နှိုင်းယှဉ်နိုင်တဲ့ တိုက်ခိုက်ရေး အင်အား ရှိသည်။
သို့တိုင် သူတို့ရှေ့မှကောင်လေးသည် ရှန်းလဲ့ကို အထက်စီးကနေပင် ပြောဆိုနေခဲ့၏။
ထိုသို့ပြောဆိုရန် မည်သူက သူ့ကို သတ္တိတွေ ပေးခဲ့ပါသနည်း။
"ကောင်းတယ်.. သိပ်ကောင်းတယ်"
"ငါ ရှန်းလဲ့.. ထိုက်ရှဂိုဏ်းထဲကို ဝင်ရောက်ကတည်းက မင်းက ငါ့ရှေ့မှာ ဒီလို ပြောဆိုရဲတဲ့ ပထမဆုံးလူပဲ"
ရှန်းလဲ့က မဲ့ပြုံးပြုံးလိုက်ပြီး ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်ခဲ့သည်။
"မင်း ဒီနေ့ ရှယင်ရဲ့ ဆံချည်တစ်မျှင်ကို ထိဝံ့ရင် မင်းက ငါ့ရှန်းလဲ့ရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်"
အခန်း(၄၉၇) ပြီး၏