အခန်း (၄၉၈)
Vol. 34 Ch. 498
ရှန်းလဲ့သည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူ့မျက်လုံးတွင် သတ်ဖြတ်လိုသော အရိပ်အယောင် ဖြတ်ပြေးသွား၏။
ထိုကောင်လေးသည် အတွင်းစည်း ဖလှယ်ပွဲတွင် လမ်ထျန်းဟန်ကို စည်းရုံး၍ သူ့ကို အရှက်ရစေခဲ့သည်။
သူက ထိုကိစ္စကို ရှင်းရန် ထိုကောင်လေးကို ရှာဖွေနေသော အချိန်တွင် ထိုကောင်လေးက သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် တံခါး လာခေါက်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ထိုကောင်လေးက ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ သူ့အနေဖြင့် ငြင်းဆန်ရန် အကြောင်းမရှိချေ။
ကျန်းချန်က အေးစက်စက် ကြည့်လိုက်သည်။
ထို့နောက် သူက ရှန်းလဲ့ကို ထီမထင်သော အမူအရာဖြင့် ကြည့်၍ သူ၏ သက်သေခံ တံဆိပ်ပြားကို ထုတ်လိုက်ကာ တံဆိပ်ပြား၏ နောက်၌ မက်ဆေ့ချ်တစ်ခုကို အလျင်အမြန် ရိုက်ထည့်လိုက်သည်။
{အတွင်းစည်း အဆင့် ၂၈ ၊ ရှန်းလဲ့ကို စိန်ခေါ်မယ်}
ကျန်းချန်၏ မက်ဆေ့ချ်ဝင်လာသည်နှင့် ရှန်းလဲ့၏ တံဆိပ်ပြားသည် ချက်ချင်းပင် တုန်ခါသွားခဲ့၏။
သူက သူ့တံဆိပ်ပြားကို ထုတ်ကြည့်လိုက်သည်။
တံဆိပ်ပြားပေါ်မှ မက်ဆေ့ချ်ကို တွေ့သောအခါ သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။
"မင်း... မင်း ငါ့ကို တကယ်ပဲ စိန်ခေါ်လိုက်တာလား"
"ဟုတ်တယ်... ငါ မင်းကို စိန်ခေါ်လိုက်တယ်"
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်းက ရှယင် ဘက်ကနေ ဝင်ပါခဲ့တဲ့အတွက် အတွင်းစည်း အဆင့် ၂၈ နေရာကို ဖယ်ပေးရမယ်"
ကျန်းချန်၏ စကားကို ကြားလျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် ချက်ချင်းပင် အံ့သြသွားကြသည်။
ကျန်းချန်သည် ရှန်းလဲ့ကို မျက်စိထဲပင် ထည့်မည်မဟုတ်ဟု သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
ယခု သူက ရှန်းလဲ့ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်နေခဲ့၏။
"အတွင်းစည်းကို သိပ်မကြာခင်ကမှ ဝင်လာတဲ့ လူသစ်တစ်ယောက်က အဆင့် ၂၈ကို စိန်ခေါ်နေတာတဲ့လား"
"ဒီကောင်လေးက အရမ်း စိတ်လောလွန်းတယ်"
"ဟားဟား... ဘာပြောရမှန်းတောင် မသိတော့ဘူး"
"မင်းက ငါ့ရဲ့ အတွင်းစည်း အဆင့် ၂၈ နေရာကို လိုချင်တယ်ပေါ့လေ.. မင်းမှာ အဲဒါနဲ့ ထိုက်တန်မှု ရှိရဲ့လား"
"ကောင်းပြီလေ... မင်း ဒီလောက်ထိ သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ရှန်းလဲ့က မထီမဲ့မြင် ပြုံးလိုက်သည်။
ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဒိုင်လူကြီး ရောက်လာသည့်အချိန်ထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
ထိုက်ရှဂိုဏ်း၏ အတွင်းစည်း၌ ဂိုဏ်းသားအချင်းချင်း စိန်ခေါ်မှုများသည် လွယ်ကူ လွတ်လပ်၏။
မိမိထက် အဆင့်မြင့်သော ဂိုဏ်းသားကို စိန်ခေါ်လိုသော မည်သည့် ဂိုဏ်းသားမဆို သက်သေခံတံဆိပ်ပြား ပေါ်တွင် စိန်ခေါ်သူ၏ အချက်အလက်ကို ရိုက်ထည့်ရုံသာ လိုအပ်သည်။
ထို့နောက်တွင် သင်က မည်သည့် နေရာကို ရောက်နေပါစေ၊ ဂိုဏ်းမှ ကြီးကြပ်ရေးမှူးသည် စိန်ခေါ်မှုကို ကြီးကြပ်ရန် အတွက် မကြာမီ ရောက်လာလိမ့်မည် ဖြစ်၏ါ
ထိုအကြောင်းကြောင့် ကျန်းချန်က စိန်ခေါ်သူ၏ အချက်အလက်ကို ရိုက်ထည့်ပြီး မကြာမီမှာပင် ထိုက်ရှနတ်မျှော်စင်၏ ပထမထပ် ခန်းမသို့ အနက်ရောင်ဝတ်စုံဝတ် ကြီးကြပ်ရေးမှူး တစ်ဦး ရောက်လာသည်။
အနက်ရောင်ဝတ်စုံဝတ် ကြီးကြပ်ရေးမှူးသည် ခန်းမထဲကို ရောက်သည်နှင့် မျက်လုံးဝေ့ကြည့်လိုက်၏။
ထို့နောက် သူ့ထံကနေ တိုးညင်းသော အသံက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။
"ရှန်းလဲ့နဲ့ကျန်းချန်က ဘယ်သူလဲ"
"တပည့်တို့ပါ"
ကျန်းချန်နှင့် ရှန်းလဲ့တို့ နှစ်ယောက်စလုံးက အနက်ရောင်ဝတ်စုံဝတ် ကြီးကြပ်ရေးမှူးကို ဦးညွှတ်လိုက်သည်။
"ငါအခုလေးတင် သတင်းရလို့ မင်းတို့နှစ်ယောက်ရဲ့ စိန်ခေါ်ပွဲကို ကြီးကြပ်ဖို့ ဒီကို ရောက်လာတာပဲ"
အနက်ရောင်ဝတ်စုံဝတ် ကြီးကြပ်ရေးမှူးက ကျန်းချန်တို့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
"မင်းတို့မှာ ကန့်ကွက်စရာ မရှိရင် စတိုက်လို့ရပြီ"
အနက်ရောင်ဝတ်စုံဝတ် ကြီးကြပ်ရေးမှူး၏ စကားဆုံးသည်နှင့် ရှန်းလဲ့က ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။
"ကျန်းချန်... မင်း ငါ့ကို စိန်ခေါ်တာ နောင်တရရင်မီသေးတယ်နော်"
"ဟားဟား.. မီးလျှံကျားတစ်ကောင်လောက်ကို ဖြေရှင်းဖို့ ငါ ဘာမှ အားထုတ်စရာ မလိုဘူး"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားသည်။
"မင်းမှာ စတုတ္ထအဆင့် နှောင်းပိုင်း သားရဲ နှစ်ကောင် ရှိတာ မဟုတ်လား... နောက်တစ်ကောင်ကိုပါ တစ်ခါတည်း ခေါ်ထုတ်လိုက်ပါ"
"မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလှချည်လား"
သူ၏ မီးလျှံကျားဘုရင်ကို ကျန်းချန်က မျက်လုံးထဲပင် မထည့်သည်ကို မြင်လျှင် ရှန်းလဲ့သည် အေးစက်စက် ကြည့်လိုက်သည်။
ထို့နောက် မီးလျှံကျားဘုရင်ကို ကျန်းချန်အား တိုက်ခိုက်ရန် တိုက်ရိုက် အမိန့်ပေးလိုက်၏။
"ဝေါင်း.."
မီးလျှံကျားဘုရင်က ကျန်းချန်၏ မထီမဲ့မြင်ပြုမှုကို ခံစားရပုံပေါ်သည်။
ပိုင်ရှင်၏ အမိန့်ရသည်နှင့် ပါးစပ်ကို ဖွင့်ကာ ကျန်းချန်ဆီသို့ မီးလျှံတစ်ခုကို မှုတ်ထုတ်လိုက်၏။
ကျန်းချန်က သူ့ဆီသို့ ဦးတည်လာနေသော မီးလျှံကို ဂရုမစိုက်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ထိုခဏတွင် သူသည် သူ၏ ခါးမှ သားရဲယဉ်ပါးခြင်း အိတ်ကို လက်ဝါးဖြင့် ရိုက်ပုတ်လိုက်ရာ မီးလျှံ အနီရောင် အရိပ်တစ်ခုသည် တခဏအတွင်း သူ့ရှေ့ရှိ လေထဲတွင် ပေါ်ထွက်လာခဲ့၏။
အခန်း(၄၉၈) ပြီး၏