အခန်း (၅၀၀)
Vol. 34 Ch. 500
သူတို့ရှေ့မှ မြင်ကွင်းသည် ထိုက်ရှ နတ်မျှော်စင်၏ ပထမထပ် ခန်းမကို တစပြင်နှယ် တိတ်ဆိတ်သွားစေသည်။
ခဏအကြာမှ လူတိုင်းက သတိပြန်ဝင်လာကြ၏။
ကျန်းချန်၏ သေးငယ်သော သားရဲလေးက အလွန် အင်အားကြီးမားလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ကြပေ။
မီးလျှံကျားဘုရင်ကဲ့သို့ စတုတ္ထအဆင့် နှောင်းပိုင်း အင်အားရှိသည့် သားရဲပင် အားကောင်းသော တိုက်ကွက် တစ်ကွက်တည်းဖြင့် မြေပြင်သို့ လုံးဝ အမှောက်သိပ်ခံခဲ့ရသည်။
"အင်အားကြီးလိုက်တာ"
ဒါ... ဒါက အရမ်း အင်အားကြီးလွန်းတယ်"
"ချီယန် မီးလျှံသားရဲ"
"မင်း... မင်း ချီယန် မီးလျှံသားရဲလိုမျိုး ထူးဆန်းတဲ့ သားရဲတစ်ကောင်ကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားတာလဲ"
ရှန်းလဲ့က မယုံကြည်နိုင်လောက်အောင် ထိတ်လန့် တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
သူက မီးလျှံကျားဘုရင်ကို ဒဏ်ရာ အပြင်းအထန် ရစေခဲ့သည့် မီးလျှံသားရဲကို စိုက်ကြည့်နေခဲ့၏။
"ချီယန် မီးလျှံသားရဲ... ဒါ...ဒါက ဒဏ္ဍာရီလာ ထူးဆန်းတဲ့ သားရဲပဲ"
"အရွယ်ရောက်ပြီ ဖြစ်တဲ့ ချီယန် မီးလျှံသားရဲတစ်ကောင်က ဆဌမ အဆင့် သားရဲအဆင့်ကို ရောက်ရှိနိုင်တယ်...ဒါ့အပြင် ချီယန်မီးလျှံသားရဲက ရှေးခေတ် နတ်သားရဲဘုရင် သွေးကို ပိုင်ဆိုင်ထားတာကြောင့် သူ့ရဲ့ အင်အားက ဆဋ္ဌမအဆင့် သားရဲတွေ ကြားမှာတောင် အထွတ်အထိပ်ပဲ"
သူ့ရှေ့မှ ချီယန် မီးလျှံသားရဲလေးသည် အရွယ် မရောက်သေးသော်လည်း စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် မီးလျှံသားရဲလေးသည် နတ်သားရဲဘုရင်၏သွေးစွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် သာမန် မီးလျှံ သားရဲဖြစ်သည့် မီးလျှံကျားဘုရင်ကို လုံးဝ ဖိနှိပ်ထားသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ရှန်းလဲ့၏ မျက်နှာသည် ရုတ်တရက် မနှစ်မြို့ဖွယ် ဖြစ်သွားခဲ့၏။
ဤမီးလျှံ သားရဲလေး၏ အင်အားသည် အလွန် ကြီးမားပြီး စတုတ္ထအဆင့် သားရဲများကြားတွင် လုံးဝ ပြိုင်ဘက်ကင်းသည်။
သူက သူ့ကိုယ်ပိုင် အခြားသားရဲကို ခေါ်ထုတ်လာလျှင်ပင် ဤမီးလျှံ သားရဲလေး၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။
"ငါ မီးလျှံ သားရဲကို ဘယ်လို ပိုင်ဆိုင်ထားလဲဆိုတာ မင်း သိစရာမလိုဘူး"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"မင်း နောက်ထပ် သားရဲတစ်ကောင်ကို ခေါ်ထုတ်ရင်လည်း ရှုံးမှာပဲဆိုတာ သိထားပါ"
ရှန်းလဲ့က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဒေါသထွက်နေခဲ့သည်။
သို့သော် သူ့အကြည့်သည် ခဏအကြာတွင် ပြောင်းလဲသွားခဲ့၏။
အဆုံးသတ်တွင် သူသည် စိတ်ထဲမှ ဒေါသကို မြိုသိပ်လိုက်သည်။
ကျန်းချန်၏ မီးလျှံသားရဲသည် အလွန် အင်အားကြီးမား၏။
သူ့တွင် အနိုင်ရရန် အခွင့်အရေး မရှိချေ။
ကျန်းချန်နှင့် အတင်းအကျပ် တိုက်ခိုက်ရန် အခြား သားရဲကို ခေါ်ထုတ်လိုက်လျှင်ပင် နောက်ဆုံးတွင် ရလဒ်က တစ်ခုသာ ရှိလိမ့်မည်။
ယင်းမှာ ချီယန်မီးလျှံသားရဲ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံရမည် ဟူသောအချက်ပင်။
သူ၏ အခြား သားရဲတစ်ကောင်သည် လက်ရှိတွင် တိုးတက်မှု ရှိနေခဲ့၏။
အောင်မြင်သွားသည်နှင့် ၎င်းက စတုတ္ထအဆင့် အထွတ်အထိပ် သားရဲ၏ အင်အားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူသည် ကောင်းကင်အဆင့်စာရင်း တိုက်ပွဲ၌ နေရာတစ်ခုကို သေချာပေါက် သိမ်းပိုက်နိုင်ပေလိမ့်မည် မဟုတ်လော။
ရှန်းလဲ့က ကောင်းကင်အဆင့် တိုက်ပွဲ၌ ပါဝင်ရန် အတွက် ယနေ့ ဖြစ်ပျက်ခဲ့သောအရာက သက်ရောက်မှု ရှိလာမည်ကို မလိုလားပေ။
"ကျန်းချန်... မင်းမှာ မီးလျှံသားရဲလို ထူးဆန်းတဲ့ သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားမယ်လို့ ငါ မထင်ခဲ့ဘူး"
"ဒီတိုက်ပွဲမှာ ငါ အရှုံးပေးတယ်"
ရှန်းလဲ့က ညှိုးငယ်သောအမူအရာဖြင့် ကျန်းချန်ကို ပြောလိုက်သည်။
ယင်းနောက် သူက ဒဏ်ရာ အပြင်းအထန် ရသော မီးလျှံကျားဘုရင်ကို သားရဲယဥ်ပါးအိတ်ထဲသို့ ထည့်လိုက်ပြီး ထိုက်ရှ နတ်မျှော်စင်၏ ပထမထပ် ခန်းမထဲကနေ အလျင်အမြန် ထွက်သွားခဲ့သည်။
"အတွင်းစည်းတပည့် ကျန်းချန်က အတွင်းစည်း အဆင့် ၂၈မှာ အဆင့်သတ်မှတ်ခံထားရတဲ့ ရှန်းလဲ့ကို စိန်ခေါ်ခဲ့တဲ့ ပြိုင်ပွဲမှာ ကျန်းချန် အနိုင်ရတယ်"
အနက်ရောင်ဝတ်စုံနှင့် ကြီးကြပ်ရေးမှူးက အံ့အားသင့်သော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်ပြီး စိန်ခေါ်မှု၏ ရလဒ်ကို ကြေညာလိုက်သည်။
"ဟားဟား... သိပ်ကောင်းတယ်"
"ကျန်းချန်က အတွင်းစည်း အဆင့် ၂၈ ရှိတဲ့ ရှန်းလဲ့ကို အမှန်တကယ် စိန်ခေါ်ပြီး အနိုင်ယူပြခဲ့တယ်"
"ဒီကောင်လေး... ဘယ်ဆိုးလို့လဲ"
"............."
အနက်ရောင်ဝတ်စုံနှင့် ကြီးကြပ်ရေးမှူး၏ ရလဒ် ကြေညာသံကို ကြားသည်နှင့် လူတိုင်းသည် မှင်တက်နေရာကနေ သက်သာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
အတွင်းစည်းသို့ သိပ်မကြာခင်ကမှ ဝင်ရောက်လာသော လူသစ်တစ်ယောက်သည် အတွင်းစည်း အဆင့် ၂၈ ၌ အဆင့်သတ်မှတ်ခံထားရသော ရှန်းလဲ့ကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့သည်။
သူတို့ကို အံ့အားအသင့်စေဆုံး အရာမှာ ကျန်းချန်သည် သားရဲပညာရပ်ဖြင့် ရှန်းလဲ့ကို စိန်ခေါ်ခဲ့ခြင်းပင်။
ထိုက်ရှဂိုဏ်း အတွင်းစည်းရှိ နံပါတ်တစ်သားရဲသခင်သည် ဤသို့နှယ် ကျန်းချန်ကို ရှုံးနိမ့်ခဲ့ရသည်။
"ဘယ်လိုတောင် မွန်းစတားဆန်လိုက်တဲ့ ကောင်လေးလဲ"
အခန်း(၅၀၀) ပြီး၏