အခန်း (၅၀၃)
Vol. 34 Ch. 503
"ကံကောင်းထောက်မပြီး ရှယင်ထံကနေ အရမ်း ရှားပါးတဲ့ နတ်ပင်လယ် ဝိညာဉ်အရည် တစ်စက်ကို ရရှိခဲ့တယ်.. ဒီအရာက သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်ကို လျင်မြန်စွာ တက်လှမ်းနိုင်ဖို့အတွက် အရင်းအမြစ် အများအပြားနဲ့ အချိန်တွေကို သက်သာစေခဲ့တယ်"
ကျန်းချန်က သူ့ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်လာသော အားအင်အသစ်အပေါ် ကျေနပ်မှုကြောင့် သူ၏ နှုတ်ခမ်းထောင့်သည် အလိုအလျောက် အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
ယခုအခါ သူသည် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သောကြောင့် သူနှင့် အတွင်းစည်းရှိ ထိပ်တန်း တပည့်များကြားမှ ကွာဟချက်သည် လုံးဝ လျစ်လျူရှုနိုင်လောက်သည်အထိ နည်းပါးသွားခဲ့ပြီ ဖြစ်၏။
သူက ကိုယ်ခံပညာဆန္ဒများနှင့် ထိုက်ရှစစ်ပွဲအရိပ် ကျင့်စဥ်ကဲ့သို့ အဆင့်ကျော် တိုက်ခိုက်နိုင်သည့် နည်းလမ်းအချို့ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် အတွင်းစည်း၌ ကျန်းချန်သည် မည်သည့်ပြိုင်ဘက်ကိုမျှ နောက်ထပ် ကြောက်ရွံ့နေစရာ မလိုတော့ပေ။
အတွင်းစည်းရှိ ထိပ်သန်းပါရမီရှင် ဆယ်ယောက်ကို တစ်ပြိုင်နက် ရင်ဆိုင်ရလျှင်ပင် သူသည် ၎င်းတို့ကို အသာစီးရကာ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်မှု အပြည့်ရှိနေခဲ့၏။
သို့သော် ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့် ငါးယောက်ကို ရင်ဆိုင်ဖို့အတွက်မူ မလုံလောက်သေးဟူ သူတွေးမိခဲ့သည်။
"အခု ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေပြီဆိုတော့ ဒဏ္ဍာရီလာ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို လေ့လာဖို့အတွက် ထျန်းဝူ ကျောင်းဆောင်ကို သွားရောက်ဖို့ အချိန်တန်ပြီ"
ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် တုံ့ဆိုင်းသွား၏။
ထို့နောက် သူ၏ စိတ်အာရုံတွင် နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်များ ပေါ်လာခဲ့သည်။
မှန်ပါသည်၊ ယခု သူသည် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သို့သော်လည်း ဆက်လက် လေ့ကျင့်၍ သူ၏ ကျင့်ကြံခြင်း အဆင့်ကို နဝမအဆင့်၏ အထွတ်အထိပ်သို့ မြှင့်တင်မည်ဆိုလျှင်ပင် သူ၏ တိုက်ခိုက်ရေး အင်အားသည် များစွာ တိုးတက်လာမည် မဟုတ်ပေ။
ထို့အပြင် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်မှ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်သို့ အချိန်တိုအတွင်း၌ တစ်ဟုန်ထိုး တက်လှမ်းရန်မှာ များပြားလှသော ကျင့်ကြံခြင်း အရင်းအမြစ်များ မရှိဘဲ လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် ကျန်းချန်သည် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို လေ့လာရန်အတွက် ထျန်းဝူ ကျောင်းဆောင်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုက်ရှဂိုဏ်း၏ တစ်ခုတည်းသော ကောင်းကင် ကျင့်စဥ် ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်သည် ထိုက်ရှစစ်ပွဲ အရိပ် ကျင့်စဥ်ထက် အဆပေါင်းများစွာ ပိုမို အင်အားကြီးမားသည်မှာ သေချာသည်။
ကောင်းကင် အဆင့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို အောင်မြင်စွာ နားလည် သဘောပေါက်နိုင်ခဲ့မည်ဆိုလျှင် ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့် ငါးယောက်ပင် သူ၏ ရှေ့မှောက်၌ အမှိုက်သဖွယ် အလွယ်တကူ ကျရှုံးသွားရလိမ့်မည်ဟု သူတွေးမိခဲ့၏။
ဤသို့ တွေးတောမိပြီးနောက်တွင် ကျန်းချန်သည် နောက်ထပ် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း ထရပ်ကာ အခန်းထဲကနေ ထွက်လာခဲ့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် ထျန်းဝူကျောင်းဆောင်၏ အတွင်းစည်းသို့ လျှောက်လာခဲ့၏။
ကျန်းချန်က ထျန်းဝူ ကျောင်းဆောင် ထဲသို့ ဝင်ရန် ပြင်လိုက်သောအခါ သူနှင့် ရင်းနှီးသော မိတ်ဆွေ ဖြစ်သည့် လဲ့ကွမ်းယန်သည် ထျန်းဝူ ကျောင်းဆောင် ထဲမှ ရုတ်တရက် လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ညီနောင် ကျန်းချန်.. ဘယ်လို အကြောင်းကိစ္စရှိလို့ ထျန်းဝူ ကျောင်းဆောင် ဘက်ကို ရောက်ရှိလာတာလဲ"
လဲ့ကွမ်းယန်က သူ့ဆီသို့ လျှောက်လာသော ကျန်းချန်ကို ကြည့်လိုက်၏။
သူ၏ မျက်လုံးတွင် အံ့အားသင့်သော အမူအရာတစ်ခု ထင်ဟပ်လာသည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ထို့နောက် "ငါက ဘာလို့ ထျန်းဝူကျောင်းဆောင်ကို မလာနိုင်ရမှာလဲ"ဟု ပြန်လည် မေးခွန်းထုတ်လိုက်၏။
"ညီနောင် ကျန်းချန်.. ရှယင် ဆီကနေ နတ်ပင်လယ် အရည်တစ်စက် မင်း ရရှိခဲ့တဲ့ အကြောင်းကို ရှယင်က အတွင်းစည်း တပည့်တွေကြားမှာ ဖြန့်ခဲ့တယ်"
လဲ့ကွမ်းယန်က ပြောကြားလိုက်သည်။
"အခုဆိုရင် အတွင်းစည်းရဲ့ ပါရမီရှင် အများအပြားက မင်းကို နေရာအနှံ့ လိုက်လံ ရှာဖွေနေကြတယ်.. သူတို့အားလုံးက မင်း လက်ထဲက အဖိုးတန် နတ်ပင်လယ် ဝိညာဥ် အရည်တစ်စက်ကို လုယူချင်နေကြတယ်"
ထိုစကားကိုပြောနေသည့် လဲ့ကွမ်းယန်၏ မျက်နှာထက်တွင် စိုးရိမ်မှုများ အထင်းသား ပေါ်လွင်နေ၏။
ထို့နောက် သူက ကျန်းချန်ကို တိုက်တွန်းလိုက်သည်။
"မင်းဆီကို အင်အားကြီးမားတဲ့ အတွင်းစည်းက ပါရမီရှင်တွေရောက်မလာသေးခင် ထိုက်ရှနတ်မျှော်စင်ကို အမြန်ဆုံး ပြန်သွားပြီး ခေတ္တ ရှောင်နေလိုက်ပါ.. နတ်ပင်လယ် ဝိညာဉ်အရည်ကို သန့်စင်ပြီးတဲ့အထိ တံခါးပိတ်ကျင့်ကြံနေရင်အကောင်းဆုံးပဲ"
လူတိုင်းသည် မည်မျှပင် အပြစ်ကင်းစင်စေကာမူ ထိုအရာနှင့် ပတ်သက်လာလျှင် အပြစ်ရှိသူတစ်ဦး ဖြစ်လာနိုင်သည်။
နတ်ပင်လယ်ဝိညာဥ် အရည်သည် အစစ်အမှန် တပည့် ငါးယောက်ပင် မရနိုင်သော အလွန် အဖိုးတန်သည့် ရတနာတစ်ပါး ဖြစ်သည်။
ထိုကဲ့သို့ အင်အားကြီးမားသူများ၏ ပစ်မှတ်ထားခြင်းကို ခံရမည်ဆိုလျှင် နောက်ဆက်တွဲ အကျိုးဆက်များသည် တကယ်ပင် မတွေးဝံ့စရာ ဖြစ်လာလိမ့်မည် မဟုတ်ပါလော။
"ကောင်လေး...ကျန်းချန်ဆိုတာ မင်း မဟုတ်လား"
ကျန်းချန်က သူ့ရှေ့ရှိ လဲ့ကွမ်းယန်နှင့် စကားပြောဆိုနေစဥ် သူ၏ နောက်ကျောဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
သူက ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။
ထိုအခါ ထျန်းဝူ ကျောင်းဆောင် ဆီသို့ တဖြည်းဖြည်း လျှောက်လာနေသော လူအုပ်စုတစ်စုကို တွေ့လိုက်ရသည်။
ထိုအုပ်စုတွင် ရှေ့ဆုံးမှ ဦးဆောင်နေသူမှာ အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များ အနီရောင်သန်းနေသော အသက်ငယ်ရွယ်သည့် လူငယ်တစ်ဦး ဖြစ်၏။
အနီရောင် ဆံပင်ရှိသော လူငယ်၏ မျက်လုံးများသည် မီးလျှံကဲ့သို့ တောက်လောင်ကာ နီရဲနေသည်။
ထို့ပြင် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းပြီး တော်ရုံလူများ စေ့စေ့ပင် မကြည့်ဝံ့သည့် အင်အားကြီးမားသော အရှိန်အဝါ တစ်ခု ထွက်ပေါ်နေခဲ့၏။
တစ်ချက်ကြည့်ရုံဖြင့်ပင် လူငယ်က သာမန်လူတစ်ဦး မဟုတ်ကြောင်း ထင်ရှားနေသည်။
"အတွင်းစည်း တတိယ တုံဖန့်ဟော်၊ ဆရာသခင် ဟော်ပါလား"
အနီရောင် ဆံပင်ရှိသော လူငယ်ကို မြင်လျှင် လဲ့ကွမ်းယန်သည် ချက်ချင်းပင် မျက်နှာပျက်သွားခဲ့သည်။
အခန်း(၅၀၃) ပြီး၏