← Chapters

အခန်း (၅၀၅)

Vol. 34 Ch. 505

အခန်း (၅၀၅)

Vol. 34 Ch. 505

"ဝိုး... ဓားဆန္ဒ ဒုတိယအဆင့်ပါလား"

ကျန်းချန်က သူ၏မီးဆန္ဒကိုချေမှုန်းရန် ဓားဆန္ဒအား ထုတ်ဖော်လိုက်သည်ကို မြင်လျှင် တုံဖန့်ဟော်၏ မျက်လုံးများသည် ရုတ်တရက် စူးရှလာခဲ့သည်။

"မင်းက အရည်အချင်းရှိသားပဲ..ဒါကြောင့်လည်း အတွင်းစည်းမှာ မောက်မာရဲတာ အံ့သြစရာ မရှိတော့ဘူး"

"ဒါပေမဲ့ ဒီအရည်အချင်း အနည်းငယ်လောက်က ငါ့ရှေ့မှာ ဘာမှအသုံးဝင်မှာ မဟုတ်ဘူး "

တုံဖန့်ဟော်၏ နှုတ်ခမ်းမှ အေးစက်စက် အပြုံးတစ်ခု ဖျက်ခနဲ ပေါ်ထွက်လာသည်။

"နတ်ပင်လယ် ဝိညာဥ်အရည်က မင်း ပိုင်ဆိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး.. ငါ့ကို လဲလှယ်ပေးလိုက်ပါ.. ဒါက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ"

"ငါက ဘာကို ရွေးချယ်ရမလဲဆိုတာ မင်းသင်ကြားပေးစရာ မလိုဘူး"

ကျန်းချန်က တည်ငြိမ်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။

"ငါ့မှာ နတ်ပင်လယ် ဝိညာဥ်အရည် မရှိတော့ဘူး.. အကယ်၍ ရှိနေရင်တောင် မင်းအတွက် လဲလှယ်ပေးမှာ မဟုတ်ဘူး"

"စီနီယာအကိုတုံဖန့် အနေနဲ့ ဘာမှ လုပ်စရာ မရှိဘူးဆိုရင် ထျန်းဝူ ကျောင်းဆောင်ကို သွားနေတဲ့ ငါ့ကို အနှောင့်အယှက် မပေးပါနဲ့"

ကျန်းချန်၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာ၏။

သူက တုံဖန့်ဟော်ကို လျစ်လျူရှုကာ ခပ်ယဲ့ယဲ့ ပြုံး၍ လဲ့ကွမ်းယန်ကို နှုတ်ဆက်လိုက်သည်။

ထို့နောက် ချာခနဲ လှည့်ထွက်ကာ ထျန်းဝူကျောင်းဆောင် ဆီသို့ သွားတော့မည့်ဟန် ပြုလိုက်၏။

"ရပ်လိုက်စမ်း.. ငါမင်းကို သွားခွင့်ပြုမယ်လို့ မင်းထင်လား"

ကျန်းချန်က သူ့ကို ဤမျှအထိ လျစ်လျူရှုသည်ကို မြင်လျှင် တုံဖန့်ဟော်၏ မျက်နှာသည် ရုတ်တရက် ဒေါသကြောင့် နီရဲသွားခဲ့သည်။

ထိုခဏတွင် မှော်ဆန်သော အနီရောင် အလင်းတစ်ခုသည် သူ၏ မျက်လုံးများတွင် ရုတ်တရက် တောက်ပလာသည်။

ထို့နောက်တွင် နီရဲသော အလင်းရောင်များ ဝန်းရံထားသော သူ၏ လက်သီးချက်သည် ကျန်းချန်၏ ဦးခေါင်းဆီသို့ လျင်မြန်စွာ ဦးတည်လာခဲ့သည်။

"ဒီကောင်လေးက စီနီယာအကို တုံဖန့်ကို ဒီလောက်တောင် ဒေါသထွက်စေခဲ့တာလား"

"လူသစ်တစ်ယောက်က အတွင်းစည်း သားတော် သုံးပါးထဲက တစ်ပါးကို ဆန့်ကျင်ဖို့ ဘယ်သူက သူ့ကို သတ္တိတွေပေးခဲ့တာများလဲ"

"သိပ်မကြာခင် ဒီကောင်လေး ဘဝတော့ အဆုံးသတ်ပြီ"

တုံဖန့်ဟော်၏ အနောက်ရှိ ရှယင်အပါအဝင် အတွင်းစည်း တပည့်အုပ်စု တစ်စုသည် တုံဖန့်ဟော်က ကျန်းချန်ကြောင့် လုံးဝ ဒေါသထွက်နေသည်ကို မြင်လျှင် ကျန်းချန်ကို သနားသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

အတွင်းစည်း သားတော် သုံးပါး။

ဤသည်က အစစ်အမှန် တပည့် ငါးယောက် ပြီးလျှင် ထိုက်ရှဂိုဏ်း၏ အတောက်ပဆုံး ပါရမီရှင်များ ဖြစ်ကြသည်။

ထိုက်ရှဂိုဏ်းတွင် နောက်ဆုံးနှစ် အနည်းငယ်အတွင်း အင်အား ဆုတ်ယုတ်ကာ အဆင့် ကျဆင်းသွားသော လမ်ထျန်းဟန်မှလွဲ၍ အတွင်းစည်း သားတော် သုံးပါး၏ အင်အားကို မည်သူမျှ စိန်ခေါ်နိုင်ခြင်း မရှိခဲ့ပေ။

ယခု သူတို့၏ ရှေ့မှ ကျန်းချန်သည် အတွင်းစည်းသို့ ယခုမှသာ ဝင်ရောက်လာသော လူသစ်သက်သက်သာ ဖြစ်သည်။

ဤကောင်လေးသည် မည်မျှပင် ပါရမီထူးချွန်သည် ဆိုစေကာမူ အတွင်းစည်းရှိ နာမည်ကျော်ကြားသော ပါရမီရှင် တစ်ဦးကို မည်ကဲ့သို့ ယှဥ်ဆိုင်နိုင်ပါမည်နည်း။

အတွင်းစည်း သားတော် သုံးပါးထဲတွင် အကောက်ကျစ်ဆုံး ဖြစ်သည့် ဆရာသခင်ဟော်၏ ရှေ့မှောက်၌ ဤမျှ ရိုင်းစိုင်းစွာ ပြုမူခြင်းသည် သေခြင်းနှင့် ဘာမျှ မခြားနားပေ။

လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ တိုးဝင်လာသော လက်သီးချက်ကို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးများတွင် ထက်မြက်သော အလင်းရောင်တစ်ခု တောက်ပလာသည်။

သူက သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်၏ စွမ်းအင် အားလုံးကို လက်သီးဆီသို့ ပို့လွှတ်ကာ အမြင့်ဆုံးအထိ တိုက်ရိုက် စီးဆင်းစေခဲ့သည်။

ထို့နောက် တုံဖန့်ဟော်၏ လက်သီးချက်ကို ရှောင်ရှားခြင်းမပြုဘဲ ပြင်းထန်သော လက်သီးချက်ဖြင့်ပင် ပြန်လည် တုံ့ပြန် တိုက်ခိုက်လိုက်သည်။

"ဝုန်း"

အင်အားကြီးမားသည့် လက်သီးချက်များသည် လေထုထဲ၌ ထိပ်တိုက်ဆုံမိသွားကြ၏။

ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းတစ်ခုသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပြင်းထန်စွာ တိုက်ခတ်သွားသဖြင့် နှစ်ဦးစလုံးသည် ခြေနှစ်လှမ်း သို့မဟုတ် သုံးလှမ်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။

"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အင်အားကြီးမားနေရတာလဲ"

မျက်စိ ရှေ့မှ မြင်ကွင်းသည် တုံဖန့်ဟော်၏ အနောက်ရှိ အတွင်းစည်း တပည့်အုပ်စုကို လုံးဝ အံ့အားသင့်စေခဲ့သည်။

မူလက သူတို့သည် တုံဖန့်ဟော်၏ ပြင်းထန်သော လက်သီးချက်ကနေ ကျန်းချန် အသက်ရှင်ရန် မ​ဖြစ်နိုင်ဟုပင် တွေးထင်ခဲ့ကြသည်။

မည်သူကမျှ ဤကဲ့သို့ အံ့အားသင့်ဖွယ် မြင်ကွင်းကို မြင်တွေ့ရလိမ့်မည်ဟု မထင်ခဲ့ကြပေ။

ကျန်းချန်က တုံဖန့်ဟော်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့ရုံသာမက နောက်သို့ပင် ဆုတ်သွားစေခဲ့၏။

ဤသည်မှာ အမှန်တကယ်ပင် မယုံနိုင်လောက်အောင် အံ့သြဖွယ်ကောင်းလှသည် မဟုတ်ပါလား။

"မင်းမှာ သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့် အင်အားရှိနေမယ်လို့ ငါထင်မထားခဲ့ဘူး.. ငါမင်းကို လျှော့တွက်မိသွားတယ်"

တုံဖန့်ဟော်သည် ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်၏။

သူ၏ မျက်လုံးတွင် မယုံကြည်နိုင်သော တုန်လှုပ်မှုတစ်ခုလည်း ရှိနေခဲ့သည်။

"ငါ့ကို လျှော့တွက်ခဲ့တာ မင်းက ပထမဆုံး မဟုတ်ပါဘူး "

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

ထို့နောက် သူ၏ မောက်မာသော အသံသည် တုံဖန့်ဟော်၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

"အတွင်းစည်း သားတော် သုံးပါးထဲက တစ်ပါး ဖြစ်တဲ့ ဆရာသခင်ဟော်ရဲ့ စွမ်းရည်က ဒီလောက်ပဲလား"

အခန်း(၅၀၅) ပြီး၏

All Chapters