← Chapters

အခန်း (၅၀၆)

Vol. 34 Ch. 506

အခန်း (၅၀၆)

Vol. 34 Ch. 506

ကျန်းချန်၏ စကားကိုကြားလျှင် လူတိုင်းသည် အသက်ရှူဖို့ပင် မေ့လျော့သွားကြသည်။

အတွင်းစည်း သားတော် သုံးပါးထဲမှ တစ်ပါးဖြစ်သော ဆရာသခင်ဟော်ကို ကျန်းချိန်က စူးစိုက်၍ ကြည့်လိုက်၏။

"ညီနောင် ကျန်းချန်က တကယ်ကို ထူးခြားတဲ့လူပဲ"

လဲ့ကွမ်းယန်သည် တုံဖန့်ဟော်ကို ရင်ဆိုင်နေသော ကျန်းချန်ကို ကြည့်ရင်း အံ့အားသင့်သွားသည်။

သူက ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေး၏။

ထိုအချိန်က ပြုလုပ်ခဲ့သော အတွင်းစည်း ဖလှယ်ပွဲ၌ ကျန်းချန်၏ ကျင့်ကြံခြင်းသည် သဘာဝစွမ်းအားဖွင့်ခြင်း ဆဋ္ဌမအဆင့်တွင် ရှိခဲ့သည်။

သို့သော် လဝက်အတွင်းမှာပင် ကျန်းချန်၏ အင်အားသည် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်သို့ အလျင်အမြန် တိုးတက်လာခဲ့သည်။

မူလက လဲ့ကွမ်းယန်သည် ကျန်းချန်က နတ်ပင်လယ် ဝိညာဥ်အရည်တစ်စက်ကို သန့်စင်၍ စုပ်ယူခဲ့သည်ဟု မယုံကြည်ခဲ့ပေ။

သို့သော်လည်း ယခုအခါ သူက ယုံကြည်ရပေတော့မည်။

ဒဏ္ဍာရီလာ နတ်ပင်လယ် ဝိညာဥ် အရည်မှလွဲ၍ မည်သည့်အရာက ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်ကို ဤမျှ တိုတောင်းသော အချိန်အတွင်း၌ နယ်ပယ် အဆင့်ငယ် သုံးခုအထိ မြှင့်တင်နိုင်ပါမည်နည်း။

ပုံမှန်အားဖြင့် နတ်ပင်လယ် ဝိညာဉ်အရည်ကို စုပ်ယူရန် သာမန် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်မှ ကျင့်ကြံသူ တစ်ဦးသည် နှစ်လ သို့မဟုတ် သုံးလ အတွင်း ပြီးစီးနိုင်မည် မဟုတ်ပေ။

သို့သော် ကျန်းချန်သည် လဝက်ကျော်အတွင်း ပြီးမြောက်ခဲ့၏။

ဆိုရလျှင် ကျန်းချန်သည် သာမန်အသိဉာဏ်ဖြင့် ဖော်ပြရန် ခက်ခဲသော လူထူးဆန်း တစ်ဦး ဖြစ်သည်။

"ဟမျ့..

"မင်းမှာ သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့် အင်အားရှိနေတာနဲ့ပဲ ငါ့ ရှေ့မှာ ရိုင်းစိုင်းလို့ရမယ် ထင်နေလား"

တုံဖန့်ဟော်၏ နီရဲသော မျက်လုံးများဖြင့် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။

ထိုခဏတွင် လေထုထဲ၌ မီးတောင် ပေါက်ကွဲသကဲ့သို့ ကြောက်မက်ဖွယ်ရာ ပူပြင်းသည့် အရှိန်အဝါ တစ်ခုသည် ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလို အချင်းဝက် ဆယ်ပေအတွင်းမှ လေထုသည် အနည်းငယ် ပူလာခဲ့သည်။

"ကျန်းချန်.. မင်းဒီလောက်တောင် သေချင်နေမှတော့ မင်းနဲ့ ငါ့ရဲ့ကြားမှာ ကွာဟချက် ဘယ်လောက်ထိ ကြီးမားတယ် ဆိုတာကို ပေးသိမယ်"

တုံဖန့်ဟော်သည် ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ တောက်ပနီရဲသော အလင်းရောင်သည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

တခဏအတွင်းမှာပင် တောက်ပနီရဲသော အလင်းသည် သူ၏လက်ဝါးထဲတွင် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ဆယ်ပေခန့်ရှည်လျားသည့် ဧရာမ မီးလျှံတစ်ခု အဖြစ်သို့ စုစည်းသွားခဲ့သည်။

"ကောင်းကင်ကို မီးရှို့ခြင်း"

တုံဖန့်ဟော်က အေးစက်စက် အသံဖြင့် အော်ဟစ်လိုက်သည်။

ထို့နောက် သူက ဧရာမ မီးလျှံကို ထိန်းချုပ်ထားသော ညာဘက်လက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်၏။

"ဝုန်း.."

ဧရာမ မီးလျှံသည် လေထုကိုပင် မီးရှို့နိုင်ပုံရသော တောက်လောင်သည့် အင်အားတစ်ခုကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့၏။

သူက ဧရာမမီးလျှံကို ဖျက်ဆီးရန် ပြင်လိုက်စဉ်မှာပင် အေးစိမ့်နေသော အအေးဓာတ်ကို ထုတ်လွှတ်နေသည့် ဧရာမ ရေခဲလက်ဝါးတစ်ခုသည် လေထုကို ထိုးခွင်း၍ ရောက်လာကာ ဧရာမ မီးလျှံကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

မကြာမီမှာပင် ဧရာမ ရေခဲ လက်ဝါးရိုက်ချက်ဖြင့် ဧရာမ မီးလျှံသည် ချက်ချင်းပင် ချေမှုန်းခံလိုက်ရ၏။

တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည် လေထုထဲ၌ ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

"တုံဖန့်ဟော်... အတွင်းစည်းတတိယ ဖြစ်ပြီး အတွင်းစည်းကို ဝင်ရောက်တာ မကြာသေးတဲ့ လူသစ်တစ်ယောက်ကို အနိုင်ကျင့်တာ မင်းမရှက်ဘူးလား"

"လွန်ခဲ့တဲ့ နှစ်နှစ်က မင်းရဲ့ ခွေးအသက်ကို ငါချမ်းသာပေးခဲ့တယ်.. မင်းက ဒီလိုမျိုး အသက်ရှင်နေတာတဲ့လား"

အေးစက်စက် ရေရွတ်သံ တိတ်ဆိတ်သွားသည်နှင့် ပုံရိပ်တစ်ခုသည် ကျန်းချန်၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့၏။

"လမ်ထျန်းဟန်... မင်းဖြစ်နေတာကိုး"

ရုတ်တရက် ပေါ်ထွက်လာသော အနက်ရောင်ဝတ် လူငယ်ကို ကြည့်ရင်း တုံဖန့်ဟော်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုက်ရှဂိုဏ်း၏ အတွင်းစည်းတွင် သိုသိုသိပ်သိပ် နေထိုင်သော လမ်ထျန်းဟန်သည် ဤအချိန်၌ သူ့ရှေ့မှောက်တွင် ပေါ်လာလိမ့်မည်ဟု မည်သို့မျှ မထင်ထားခဲ့ပေ။

လမ်ထျန်းဟန်သယက မည်သည့်အမူအရာကိုမျှ မပြဘဲ တုံဖန့်ဟော်ကို စိုက်ကြည့်နေခဲ့၏။

ထို့နောက်တွင် သူ၏ မထီမဲ့မြင် အသံသည် လူတိုင်း၏ နားထဲသို့ ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။

"တုံဖန့်ဟော်... ဒီနေရာကနေ ထွက်သွားစမ်း"

"ငါလမ်ထျန်းဟန်ရဲ့ သူငယ်ချင်းကို မင်းစိတ်တိုင်းကျ အနိုင်ကျင့်ခွင့် မရှိဘူး"

"အနာဂတ်မှာ သူ့ရဲ့ ဆံချည်တစ်မျှင်ကို ထိခိုက်ရဲရင် ဘယ်သူမဆို အသက်နဲ့ပေးဆပ်ရမယ်"

အခန်း(၅၀၆) ပြီး၏

All Chapters