အခန်း (၅၀၈)
Vol. 34 Ch. 508
"ကောင်းလိုက်တဲ့ အင်အားပါလား"
လဲ့ကွမ်းယန်က ထိုမြင်ကွင်းကို မိန်းမောစွာ စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးတွင် မယုံကြည်နိုင်လောက်အောင်ပင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေခဲ့၏။
အတွင်းစည်း သားတော် သုံးပါးထဲမှ တစ်ပါးဖြစ်သော မီးလျှံသားတော် တုံဖန့်ဟော်ကို လမ်ထျန်းဟန်သည် လွယ်လွယ်ကူကူပင် နှိပ်ကွပ်ခဲ့သည်။
ဤလမ်ထျန်းဟန်သည် အတွင်းစည်း အဆင့်သတ်မှတ်ချက်၌ တဖြည်းဖြည်း ကျဆင်းသွားခဲ့သော လမ်ထျန်းဟန်မှ ဟုတ်ပါလေစ။
"သူ့ရဲ့ရေခဲဆန္ဒက အရမ်းကို အင်အားကြီးမားလွန်းတယ်.. ရေခဲဆန္ဒက တတိယအဆင့်ကို ရောက်လုနီးပါးပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဒီအချက်ကြောင့် တုံဖန့်ဟော်က မယှဥ်နိုင်ခဲ့တာပဲ"
လဲ့ကွမ်းယန်သည် ကျန်းချန်၏ စကားများကို ကြားလျှင် အံ့သြသွားခဲ့သည်။
သို့ဆိုလျှင် လမ်ထျန်းဟန်က တုံဖန့်ဟော်ကို ရေခဲပန်းပုရုပ်အဖြစ် အေးခဲစေနိုင်သည်မှာ အံ့သြဖွယ်ရာ မဟုတ်တော့ပေ။
ယင်းမှာ ရေခဲဆန္ဒ ဒုတိယအဆင့်၏ ပြီးပြည့်စုံသောအဆင့်သို့ရောက်နေသည်မှာ ထင်ရှား၏။
"ဝုန်း"
လူတိုင်း အံ့သြ တုန်လှုပ်နေသော အချိန်မှာပင် လေထုထဲ၌ ရုတ်တရက် ဆူညံသံတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက်တွင် တုံဖန့်ဟော်၏ ခန္ဓာကိုယ်မှ ပူပြင်း နီရဲသော အလင်းရောင်များ ပေါက်ကွဲထွက်လာကာ သူ၏ တစ်ကိုယ်လုံး၌ ရှိနေခဲ့သော ရေခဲအလွှာကို ချိုးဖျက်လိုက်၏။
သို့သော် ရေခဲလွှာ ကွဲအက်သွားသော အခိုက်အတန့်တွင် လမ်ထျန်းဟန်၏ ပုံရိပ်သည် တုံဖန်းဟော်၏ ရှေ့မှောက်၌ တစ္ဆေ တစ်ကောင် ကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့သည်။
တုံဖန့်ဟော် မတုံ့ပြန်နိုင်မီမှာပင် လမ်ထျန်းဟန်၏ အလွန် အေးစက်သော လက်ဝါးရိုက်ချက်သည် တုံဖန့်ဟော်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွား၏။
"ဝုန်း"
လမ်ထျန်းဟန်၏ လက်သီးချက်ကို ခံလိုက်ရသော တုံဖန့်ဟော်၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သူ၏ ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေအတော်တော်များများ ဝေးကွာသော နေရာသို့ လွင့်စင်သွားခဲ့၏။
"မင်း... မင်း"
တုံဖန့်ဟော်က ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် လန်ထျန်းဟန်ကို ကြည့်လိုက်သည်။
ထို့နောက်တွင် သွေးတစ်လုတ်ကို အန်ထုတ်ကာ ချက်ချင်းပင် သတိလစ်သွားခဲ့၏။
"အရမ်းကို သန်မာလွန်းတာပဲ"
"လမ်ထျန်းဟန်ရဲ့ အင်အားက အတွင်းစည်း အဆင့် ၁၀ နေရာ အထိ ဆုတ်ယုတ်သွားခဲ့တာ မဟုတ်လား.. ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အင်အားကြီးမားလာတာလဲ"
"ကြည့်ရတာ လမ်ထျန်းဟန်က သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပုံပဲ.. အတွင်းစည်းရဲ့ နာမည်ကျော် ပါရမီရှင်ဟောင်းက မကြာမီ အစွမ်းတွေ ပြန်ပြတော့မယ် ထင်တယ်"
"........."
လမ်ထျန်းဟန်က တုံဖန့်ဟော်ကို လွယ်လွယ်ကူကူ အနိုင်ယူခဲ့သည်ကို မြင်လျှင် လူတိုင်းသည် အချိန် အတော်ကြာသည်အထိ အံ့သြ တုန်လှုပ်ခြင်းကနေ ပြန်လည် သက်သာလာရန် မစွမ်းနိုင်ခဲ့ကြပေ။
အတွင်းစည်း သားတော် သုံးပါးထဲမှ တစ်ပါးဖြစ်သော တုံဖန့်ဟော်သည် လမ်ထျန်းဟန်၏ ရှေ့မှောက်၌ ပြန်လည် တိုက်ခိုက်ရန်ပင် အင်အား မရှိခဲ့ပေ။
ဤမျှ ကြောက်မက်ဖွယ်ရာ အင်အားဖြင့်ဆိုလျှင် အစစ်အမှန် တပည့်ငါးယောက်ကို စိန်ခေါ်ရန် အတွက် အရည်အချင်း ပြည့်မီနေပြီဟုပင် ဆို၍ရ၏။
ဤအချိန်၌ လူတိုင်းနီးပါးသည် နားလည်သဘောပေါက်သွားကြသည်။
အတွင်းစည်း၌ နှစ်နှစ်ကြာ တိတ်ဆိတ်နေခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင် လမ်ထျန်းဟန်သည် နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့ချေပြီ။
"ကျန်းချန်.. မင်းရဲ့ကျေးဇူးတရားက ငါ့အတွက် ဆပ်မကုန်တဲ့အရာပဲ.. အနာဂတ်မှာ ဘာကိစ္စပဲရှိရှိ ငါ့အကူအညီ လိုအပ်ရင် အချိန်မရွေး ပြောပါ"
တုံဖန့်ဟော်ကို ပေါ့ပါးစွာ ဖြေရှင်းပြီးနောက်တွင် လမ်ထျန်းဟန်သည် ကျန်းချန်ကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
"ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်တဲ့ ကောင်လဲ"
လမ်ထျန်းဟန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကျန်းချန်သည် မျက်ခုံးပင့်လိုက်သည်။
ထို့နောက် သူက လဲ့ကွမ်းယန်ကို နှုတ်ဆက်ကာ ထျန်းဝူ ကျောင်းဆောင် ထဲသို့ လျှောက်ဝင်သွားခဲ့၏။
ထျန်းဝူကျောင်းဆောင်၌ အထပ် သုံးထပ် ရှိသည်။
ပထမထပ်၌ ထိုက်ရှဂိုဏ်း၏ အင်အားကြီးမားသော ကျင့်စဥ် အမြောက်အမြား ရှိ၏။
ဒုတိယထပ်ကမူ ကျင့်စဥ် အမျိုးမျိုး၏ အစစ်အမှန် အဓိပ္ပာယ်ကို လေ့လာရမည့် နေရာတစ်ခု ဖြစ်သည်။
တတိယထပ်တွင်မူ ကျင့်စဥ် တစ်ခုကိုသာ လေ့လာနိုင်မည် ဖြစ်၏။
ယင်းမှာ ထိုက်ရှဂိုဏ်း၏ တစ်ခုတည်းသော ကောင်းကင် ကျင့်စဥ် ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
သို့သော် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို နားလည်ရန် အတွက် ထျန်းဝူ ကျောင်းဆောင်၏ တတိယထပ်သို့ ဝင်ရောက်ရန် အခြေအနေများသည် အလွန်ပင် ခက်ခဲလှသည်။
ထျန်းဝူ ကျောင်းဆောင်၏ တတိယထပ်၌ တစ်နာရီကြာ အသုံးပြုခြင်းသည် ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ကုန်ကျမည် ဖြစ်သည့်အပြင် ထိုက်ရှ စစ်ပွဲအရိပ် ကျင့်စဥ်ကိုလည်း ပြီးပြည့်စုံသော အခြေအနေအထိ ကျင့်ကြံနိုင်ရမည်ဖြစ်၏။
ထိုလိုအပ်ချက်က ထိုက်ရှဂိုဏ်း၏ တပည့် ၉၉ ရာခိုင်နှုန်းကျော်ကို သက်ပြင်းချစေရန် လုံလောက်နေပြီ ဖြစ်သည်။
ကျန်းချန်သည် ထျန်းဝူ ကျောင်းဆောင် ထဲသို့ ဝင်ရောက်လာပြီး နောက်တွင် တတိယထပ် ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
အခန်း(၅၀၈) ပြီး၏