← Chapters

အခန်း (၅၀၉)

Vol. 34 Ch. 509

အခန်း (၅၀၉)

Vol. 34 Ch. 509

မကြာမီ ကျန်းချန်သည် ထျန်းဝူကျောင်းဆောင်၏ တတိယထပ် ဝင်ပေါက်သို့ ရောက်ရှိခဲ့သည်။

သို့သော် ဝင်ပေါက်၌ တောက်ပသော အလင်းကန့်လန့်ကာ တစ်ခုက တားဆီးထားခဲ့သည်။

ထိုအလင်း ကန့်လန့်ကာပေါ်၌ ထင်ရှားသော စာကြောင်းတစ်ခု ပေါ်လာခဲ့၏။

[ထိုက်ရှစစ်ပွဲ အရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံသည့် အဆင့်သို့ မရောက်ရှိသူများ ဝင်ရောက်ခွင့် မရှိ]

ကျန်းချန်က ချက်ချင်းပင် ထိုက်ရှ စစ်ပွဲပုံရိပ် ကျင့်စဥ်၏ ပြီး ပြည့်စုံသော ဗားရှင်းကို ပြသလိုက်သည်။

ထိုသို့ ပြသပြီးနောက်တွင် သူ၏ ပုံရိပ်သည် တောက်ပသော အလင်းကန့်လန့်ကာ ထဲသို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့၏။

ထျန်းဝူ ကျောင်းဆောင်၏ တတိယထပ်သို့ ရောက်လာသောအခါ ကျန်းချန်က ပတ်ဝန်းကျင်ကို အနည်းငယ်မျှ အကဲခတ် ကြည့်ရှုလိုက်သည်။

ထိုအခါ ထျန်းဝူ ကျောင်းဆောင်၏ တတိယထပ်သည် အလွန် ရိုးရှင်းသော ပုံစံရှိသည်ကို သူတွေ့ရှိခဲ့၏။

၎င်းက စတုရန်းမီတာ တစ်ရာခန့် ကျယ်ဝန်းသော ရှေးဟောင်း ခန်းမတစ်ခု ဖြစ်သည်။

ခန်းမ၏ ရှေ့၌ ကျန်းချန်သည် အလွန် ရင်းနှီးကျွမ်းဝင်သော ကျောက်သလင်း နံရံတစ်ခုကို တွေ့ရှိခဲ့သည်။

ဤကျောက်သလင်း နံရံသည် ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို ထိန်းသိမ်းထားသော နေရာဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ကျန်းချန်ကို အံ့အားသင့်စေသည့် တစ်ခုတည်းသော အရာမှာ ကျောက်သလင်း နံရံနှင့် သုံးပေအကွာတွင် ရွှေရောင်ဝတ်ရုံဝန် ခံ့ညားသော လူငယ်တစ်ဦး ရပ်နေခြင်းပင်။

"ဒီကောင်က ထိုက်ရှဂိုဏ်းရဲ့ အစစ်အမှန် တပည့်ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အောင်းထျန်းခွေ့ မဟုတ်လား"

ခံ့ညားသော လူငယ်ကို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အသွင်အပြင်တစ်ခု ပေါ်လာခဲ့သည်။

သူသိသလောက် ထိုက်ရှဂိုဏ်း၌ အောင်းထျန်းခွေ့ ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦးသာ ထိုက်ရှစစ်ပွဲအရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံသော အခြေအနေအထိ ကျင့်ကြံနိုင်ခဲ့၏။

၎င်းမှလွဲလျှင် ထိုက်ရှဂိုဏ်းတွင် ထျန်းဝူ ကျောင်းဆောင်၏ တတိယထပ်သို့ လာရောက်ရန် အရည်အချင်းရှိသည့် တပည့် နောက်တစ်ယောက် မရှိနိုင်ပေ။

"ကောင်လေး.. မင်း ဘယ်သူလဲ.. ဘယ်လိုလုပ်ပြီး ထျန်းဝူ ကျောင်းဆောင်ရဲ့ တတိယထပ်ကို ရောက်လာရတာလဲ"

ကျန်းချန်က အောင်းထျန်းခွေ့ကို ကြည့်နေသော အချိန်မှာပင် အောင်းထျန်းခွေ့ သည်လည်း ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို တွေ့ရှိသွားခဲ့သည်။

ထို့နောက်တွင် သူ၏ တင်းမာသော လေသံသည် ကျန်းချန်၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

ကျန်းချန်၏ နှုတ်ခမ်းထောင့်က ရုတ်တရက် အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

သူက ခပ်ယဲ့ယဲ့ ပြုံး၍ အောင်းထျန်းခွေ့ကို ကြည့်ကာ ပြောလိုက်သည်။

"ညီနောင်... ဒီနေရာက မင်းတစ်ယောက်တည်း ပိုင်တာမှ မဟုတ်တာ.. ငါက ဘာလို့ မလာနိုင်ရမှာလဲ"

"ဟမ့်.. ထျန်းဝူကျောင်းဆောင်ရဲ့ တတိယထပ်က မင်းလို နို့နံ့တောင် မစင်သေးတဲ့ကောင်လေး လာနိုင်တဲ့ နေရာ မှတ်နေလား"

အောင်းထျန်းခွေ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းကို ဆယ်စက္ကန့် အချိန်ပေးမယ်.. ဒီနေရာကနေ ချက်ချင်း ထွက်သွားပါ.. ငါ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ် လေ့လာနေတာကို အနှောင့်အယှက် မပေးပါနဲ့"

"ငါက ဒီကို ရောက်လာနိုင်မှတော့ ထျန်းဝူ ကျောင်းဆောင်ရဲ့ တတိယထပ်ကို ဝင်ရောက်ဖို့ အရည်အချင်း ရှိတယ်ဆိုတာ မင်းသိသင့်တယ်"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

"မင်းက ဘာကောင်မို့ ငါ့ကို အတင်း ထွက်သွားခိုင်းနေတာလဲ"

"ဟားဟား... ကောင်လေး.. မင်း စကားကြီး စကားကျယ် ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား"

"ထျန်းဝူ ကျောင်းဆောင်ရဲ့ တတိယထပ်ကို ဝင်ရောက်ဖို့အတွက် ထိုက်ရှစစ်ပွဲ အရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ ကျင့်ကြံရတယ်.. မင်းက ထိုက်ရှစစ်ပွဲ အရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ ကျင့်ကြံခဲ့တယ်လို့ ငါ့ကိုမပြောနဲ့နော်"

အောင်းထျန်းခွေ့က ခနဲ့၍ ပြောလိုက်သည်။

အောင်းထျန်းခွေ့သည် ထိုက်ရှ စစ်ပွဲအရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံရန် မည်မျှ ခက်ခဲသည်ကို မည်သူ့ထက်မဆို ပို၍ သိရှိထားခဲ့၏။

ဆိုရလျှင် ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့်ငါးယောက်ထဲတွင် သူတစ်ဦးတည်းသာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ရှေ့မှောက်၌ သူတစ်ခါမျှ မမြင်ဖူးသော ကောင်လေးတစ်ယောက်သည် ထိုက်ရှစစ်ပွဲအရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံနိုင်သည်မှာ လုံးဝ မဖြစ်နိုင်ပေ။

ဤကောင်လေးက မသင့်လျော်သော နည်းလမ်းတစ်ခုခုကို အသုံးပြု၍ ဝင်ရောက်လာခဲ့သည်မှာ ဖြစ်နိုင်ချေ အရမ်းများ၏။

"မင်းက အဓိပ္ပာယ်မရှိတာတွေ သိပ်ပြောတာပဲ.. ငါက ထိုက်ရှစစ်ပွဲ အရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံတဲ့ အဆင့် အထိ မကျင့်ကြံနိုင်ရင် ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ"

ကျန်းချန်က မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။

"မင်းသိထားရမှာက ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်းကပဲ ထိုက်ရှ စစ်ပွဲအရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံတဲ့ အခြေအနေအထိ ကျင့်ကြံနိုင်တာ မဟုတ်ဘူး"

"တကယ်လား"

"ဒါဆိုရင်လည်း ပါးစပ်ကနေ လေလုံးထွားနေမဲ့အစား ငါ့ကို လက်တွေ့ ပြသစမ်းပါဦး"

အောင်းထျန်းခွေ့၏ မျက်လုံးများက အေးစက်သွားသည်။

ထို့နောက်တွင် သူက ပြင်းထန်သော အင်အားကို ထုတ်လွှတ်ကာ ထိုက်ရှ စစ်ပွဲ အရိပ် ကိုးဆယ့်ကိုးခုကို ချက်ချင်း ထုတ်ဖော်လိုက်၏။

အခန်း(၅၀၉) ပြီး၏

All Chapters