အခန်း (၅၁၀)
Vol. 34 Ch. 510
အောင်းထျန်းခွေ့ ထိုက်ရှစစ်ပွဲအရိပ် ထုတ်ဖော်လိုက်သည်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူက ချက်ချင်းပင် ထိုက်ရှ စစ်ပွဲအရိပ် ကိုးဆယ့်ကိုးခုကို ဖော်ထုတ်လိုက်ပြီး အောင်းထျန်းခွေ့ကို ပြသလိုက်၏။
"ထိုက်ရှ စစ်ပွဲအရိပ် ကိုးဆယ့်ကိုးခုပါလား"
"ဒီကောင်လေးက ထိုက်ရှစစ်ပွဲအရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ အမှန်တကယ် ကျင့်ကြံနိုင့ခဲ့တာပဲ
သူကဲ့သို့ ထိုက်ရှစစ်ပွဲအရိပ်ကို ပြီးပြည့်စုံသော အခြေအနေအထိ ထုတ်ဖော်နေသော ကျန်းချန်ကို မြင်လျှင် အောင်းထျန်းခွေ့သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုက်ရှဂိုဏ်း၌ ထိုက်ရှစစ်ပွဲအရိပ်ကို ပြီးပြည့်စုံသော အခြေအနေအထိ ကျင့်ကြံနိုင်ခဲ့သော ဒုတိယ တပည့် တစ်ယောက် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူတစ်ခါမျှ တွေးထင်မထားခဲ့ပေ။
ယင်းအပြင် ထိုလူငယ်လေးသည် အသက်နှစ်ဆယ်ပင် မပြည့်သေးသော ကောင်လေး တစ်ဦးသာ ဖြစ်နေသေးသည်။
သို့ဆိုလျှင် ဤကောင်လေး၏ ပါရမီသည် သူ့ထက်ပင် ပို၍ပင် အင်အားကြီးမားနေပါသလော။
"ညီနောင်... အခု ငါက ထျန်းဝူ ကျောင်းဆောင်ရဲ့ တတိယထပ်ကို လာရောက်ဖို့ အရည်အချင်း ရှိတာ ယုံပြီလား"
အောင်းထျန်းခွေ့ အံ့သြတုန်လှုပ်နေသော အချိန်တွင် ကျန်းချန်၏ စကားသံက ထွက်ပေါ်လာခဲ့၏။
"မင်းမှာ ဒီကို ဝင်ရောက်ဖို့ အရည်အချင်း ရှိတယ်ဆိုတာကို ငါဝန်ခံတယ်"
"ဒါပေမဲ့... ငါက တစ်ယောက်တည်း လေ့လာရတာ အသားကျနေပြီ.. ငါ လေ့လာနေတဲ့အချိန် ငါ့ရဲ့ ဘေးမှာ အခြားသူတွေ ရှိနေတာကို ငါ မကြိုက်ဘူး"
"ဒါကြောင့် မင်းအနေနဲ့ အရင် ထွက်သွားတာ ပိုကောင်းလိမ့်မယ်.. ဒီထက်ပိုပြီး ပြောရရင် မင်းဒီကျင့်စဥ်ကို ကျင်ဖို့ အိပ်မက်မက်မနေတာ အကောင်းဆုံးပဲ"
အောင်းထျန်းခွေ့၏ မျက်လုံးတွင် အေးစက်သော အလင်းရောင်တစ်ခု တောက်ပသွားခဲ့သည်။
ထို့နောက် သူက မောက်မာစွာ ပြောလိုက်၏။
ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့်ငါးယောက်တွင် တစ်ဦးအပါအဝင်ဖြစ်သော သူသည် ထိုက်ရှ စစ်ပွဲအရိပ် ကျင့်စဥ်ကို ပြီးပြည့်စုံသော အဆင့် အထိ ကျင့်ကြံနိုင်ခဲ့သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။
ထို့ကြောင့် အောင်းထျန်းခွေ့သည့် ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို သူ၏ သီးသန့် ကျင့်စဥ် အဖြစ် မှတ်ယူထားခဲ့၏။
ထို့ကြောင့် ကျန်းချန်က ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို လေ့လာရန် ရုတ်တရက် ရောက်ရှိလာသောအခါ သူမကျေမနပ် ဖြစ်နေရခြင်းပင်။
"ညီနောင်.. တစ်ယောက်တည်း လေ့လာဖို့ အသားကျနေတာက မင်းရဲ့ ကိစ္စပဲ"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါဒီမှာ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို လေ့လာတာကို မင်းမှာ ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေး မရှိဘူးလို့ ငါထင်တယ်"
ထိုစကားကိုကြားလျှင် အောင်းထျန်းခွေ့၏ မျက်လုံးများ အေးစက်သွား၏။
"ကောင်လေး... မင်းမှာ ထွက်သွားဖို့ အစီအစဉ် မရှိဘူးထင်တယ်"
"ငါ မထွက်သွားရင် မင်းက ဘာလုပ်နိုင်မှာမို့လဲ"
ကျန်းချန်က အေးစက်စက် ခနဲ့လိုက်၏။
ထို့နောက် သူက အောင်းထျန်းခွေ့ကို လျစ်လျူရှုကာ ကျောက်သလင်း နံရံ ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
"ဒီကောင် သေချင်နေတာပဲ"
အောင်းထျန်းခွေ့၏ မျက်နှာက အေးစက်သွားသည်။
ထို့နောက်တွင် ဒေါသ အရိပ်အယောင်တစ်ခုသည် သူ၏ မျက်လုံးများ၌ တောက်ပသွားခဲ့၏။
သူက ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့်ငါးယောက် ထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။
ယင်းမှာ မည်မျှ မြင့်မြတ်သော တည်ရှိမှုနည်း။
ဤနှစ်ပိုင်းအတွင်း သူ၏ ရှေ့မှောက်၌ ဤကောင်လေးကဲ့သို့ အတင့်ရဲသူ မရှိခဲ့ပေ။
ထို့ကြောင့် သူက သူ့ကို စော်ကားခြင်း၏ တန်ဖိုးကို ဤကောင်လေးအား ပေးသိစေရပေမည်။
အောင်းထျန်းခွေ့က လက်သီးကို ရုတ်တရက် ဆုပ်လိုက်သည်။
သူသည် ကျန်းချန်ကို စတင် တိုက်ခိုက်တော့မည့် အချိန်မှာပင်အားကောင်းသော နေရာလွတ် အင်အားတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို ဝန်းရံသွားခဲ့သည်။
"ချီးပဲ... အချိန်ကုန်သွားခဲ့ပြီ"
အောင်းထျန်းခွေ့၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။
သူက ထျန်းဝူ ကျောင်းဆောင်၏ တတိယထပ်၌ ဆက်တိုက် နေထိုင်ခဲ့၍ သူ့တွင် ဂုဏ်ကျက်သရေ အမှတ် တစ်သောင်းအောက်သာ ကျန်ရှိတော့သည်။
ထို့ကြောင့် သူ့အနေဖြင့် ဤနေရာ၌ နောက်ထပ် နေထိုင်ရန် နည်းလမ်း မရှိတော့ပေ။
"ကောင်လေး... မင်းကံကောင်းသွားတယ်"
"ငါ့ကို နောက်တစ်ကြိမ် မတွေ့ဖို့ ဆုတောင်းရင် ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် နောက်တစ်ကြိမ် တွေ့တာနဲ့ ငါမင်းကို အရေခွံဆုတ်ပစ်မယ်"
အောင်းထျန်းခွေ့က ကျန်းချန်ကို စူးရှသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။
ထို့နောက် အလွန် စိတ်မသက်မသာ ဖြစ်သော အမူအရာ တစ်ခုသည် သူ၏ မျက်လုံးထဲ၌ ပေါ်လာခဲ့၏။
ထျန်းဝူ ကျောင်းဆောင်မှ နှင်ထုတ်ခံရတော့မည့် အောင်းထျန်းခွေ့ကို ကြည့်ရင်း ကျန်းချန်သည် သူ၏ နှုတ်ခမ်းကို ကွေးညွှတ်ကာ မဲ့ပြုံးပြုံးလိုက်သည်။
ထို့နောက် သူ၏ ခပ်ထေ့ထေ့ ရယ်သံသည် အောင်းထျန်းခွေ့၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
"ငါ့အထင် ဆုတောင်းသင့်တဲ့သူက မင်းပဲ"
"နောက်တစ်ကြိမ် မင်းကို တွေ့ရင် အစစ်အမှန် တပည့်ငါးယောက် စာရင်းကနေ မင်းကို ဖယ်ရှားပစ်မယ်လို့ ငါကတိပေးတယ်"
အခန်း(၅၁၀) ပြီး၏