အပိုင်း (၁၅၁)
Vol. 11 Ch. 151
“တကယ်လား”
လုချန်းဂီ၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ် ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်ပင် လုပ်မိနေ၏။ ပြီးနောက် ရပ်တန့်လိုက်ပြန်သည်။ သူသည် လက်ကို အသာဖြန့်ပြီးသည့်နောက် သူ၏ လက်ဝါးပေါ်တွင် ဆေးပုလင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် ထိုအရာကို လီယွင်ဆီသို့ လှမ်းကာ ကမ်းပေးလိုက်၏။
“နန်းဆောင်သခင်ကို ကျုပ်မေးချင်ပါတယ်။ ဖန်တီးခြင်းသော့ကို ကိုင်ဆောင်ထားသူသာလျှင် ဖန်တီးခြင်း လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရတာလား။ ဒါမှမဟုတ် အင်ပါရီယာ ရီကလန်က လူတွေကပဲ အထဲကို ဝင်ခွင့် ရတာလား”
ဤအရာသည် သေသေချာချာ ရှင်းရှင်းလင်းလင်း သိရှိရန် လိုအပ်၏။ တချို့သော တော်ဝင်သူတော်စင် များသည် သာမန်ထက် ထူးခြားလှသည့် နည်းလမ်းများ တည်ရှိနေ၏။ ၎င်းတို့ ချန်ခဲ့သည့် ပစ္စည်းများပေါ်တွင် ကန့်သတ်ချက်များ တည်ရှိနေမည်လား ဆိုသည်ကို မည်သူကမှ မသိနိုင်ချေ။
ပြောရမည်ဆိုရင် သွေးမျိုးဆက် ကန့်သတ်ခြင်း၊ ရီကလန်၏ သွေးမျိုးဆက်များသာလျှင် ဝင်ခွင့်ရမည်ဆိုလျှင် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေဆီမှ သတင်းအချက်အလက်များကို ဝယ်ယူလိုက်မည် ဆိုလျှင်တောင် ထိုအရာ သည် သဲထဲရေသွန် ဖြစ်ပွားပေလိမ့်မည်။
“စနစ်... ဖန်တီးခြင်းလျှို့ဝှက်နယ်မြေရဲ့ အခြေခံသတင်းအချက်အလက်တွေကို စုံစမ်းဖို့အတွက် ကောင်းကင် လျှို့ဝှက်အမှတ် ဘယ်လောက် လိုအပ်မလဲ” လီယွင်သည် စိတ်ထဲမှ မေးမြန်းလိုက်၏။
[ဒင်.. ဖန်တီးခြင်း လျှို့ဝှက်နယ်မြေ၏ အခြေခံ သတင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ငါးထောင်တိတိကို လိုအပ်သည်]
“ငါးထောင် ဟုတ်လား”
လီယွင်က တီးတိုးရေရွတ်လိုက်သည်။ ပြီးနောက် တွေးလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင်လည်း စစ်ဆေးလိုက်ကြတာပေါ့”
ဤသတင်းအချက်အလက်သည် တကယ်ပင် အကုန်အကျ များလွန်းလှ၏။ ယခု ပထမဦးဆုံး လုချန်းဂီ ရောက်ရှိလာခဲ့၏။ မကြာမီတွင် ဒုတိယလူတစ်ယောက် ပေါ်ပေါက်လာမှာ သေချာ၏။ သတင်းအချက်တစ်ခု သည် လူပေါင်းများစွာတို့ကို ရောင်းချနိုင်သည့်အရာ ဖြစ်လာခဲ့သည်။ သို့ပေမဲ့ တစ်ကြိမ်တည်းသာလျှင် ကုန်ခမ်းပေလိမ့်မည်။ တကယ့်ကို အကျိုးအမြတ်များသည့် ကိစ္စသာ ဖြစ်ပေလိမ့်မည်။
[ဒင်... ကောင်းကင်လျှို့ဝှက်အမှတ် ငါးထောင်ကို လျော့ချလိုက်သည်။ ဖန်တီးခြင်း လျှို့ဝှက်နယ်မြေ၏ အခြေခံ သတင်းအချက်အလက်များကို အောင်မြင်စွာ စုံစမ်းနိုင်ခဲ့၏]
[ဖန်တီးခြင်း လျှို့ဝှက်နယ်မြေ - လောကကြီး၏ အပြင်ဘက်တွင် ရှိနေသည့် နယ်မြေတစ်ခု၊ ဖန်တီးခြင်း တော်ဝင်အင်ပါယာ ဖန်တီးခဲ့သည့် အရာတစ်ခုဖြစ်ပြီး အင်ပါယာအဆင့် ဆေးလုံးများ တည်ရှိနေ၏။ သူတော်စင်အဆင့်နှင့်အထက် သို့မဟုတ် သူတော်စင်တစ်ယောက် အထဲသို့ ဝင်ရောက်လျှင် သေဆုံးသွား နိုင်စွမ်းရှိနေသည့် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုလည်း တည်ရှိနေ၏]
[နယ်မြေ၏ အတွင်းမှာတော့ အင်ပါယာကိုယ်ပိုင် မွေးမြူထားခဲ့သည် ကြမ်းတမ်းလွန်းလှသော သားရဲများ တည်ရှိပြီး ထိုအရာသည် နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် မှာတော့ များပြားလှသော သတ္တဝါများအဖြစ် တိုးတက်လာခဲ့ပြီဖြစ်၏။ ထိုအထဲတွင် နတ်အဆင့် ကြမ်းတမ်းလှသော သားရဲရိုင်းများပင် ပါဝင်လျက်ရှိသည်]
“ဒီလို အခြေခံလား။ အင်း...” လီယွင်သည် အမှတ်မထင်နှင့် မှတ်ချက်ချလိုက်မိ၏။ ကောင်းကင်လျှို့ဝှက် အမှတ် ငါးထောင်သည် သတင်းအချက်အလက် နှစ်ခုတည်းသာလျှင် ရရှိ၏။ တစ်ခုသည် ဆေးပင်များ ပေါက်ရောက်နေရာ တည်နေရာတစ်ခုဖြစ်ပြီး ထိုနေရာထဲတွင် အင်ပါယာအဆင့် သတ်ဖြတ်ခြင်း အစီအရင်တစ်ခု တည်ရှိနေ၏။ သို့ပေမဲ့ အဘယ်ကြောင့် သားရဲရိုင်းများကို မွေးမြူထားရသနည်း။ အစောင့်အရှောက်အဖြစ် ထားချင်လို့လား။
ခဏလောက် ကြာပြီးသည့်နောက် လီယွင်သည် ဖြစ်နိုင်ဖွယ်ရာ အစီအစဉ်တစ်ခုကို စဉ်းစားလိုက်မိတော့၏။ သူသည် လုချန်းဂီဆီမှ ဆေးလုံးကို ယူပြီးသည့်နောက် တစ်ဖက်လူအား ကျောက်စိမ်းပြားတစ်ခုကို လှမ်းပစ်ပေးကာ ပြောလိုက်၏။ “ဖန်တီးခြင်းသော့ မရှိဘဲနဲ့တောင်မှ ခင်ဗျားဝင်နိုင်တယ်။ စိတ်ချ”
ဤစကား ပြောဆိုပြီးသည့်နောက် လူချန်းဂီကို စာနာသနားသလို လှမ်းကြည့်လိုက်၏။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်သည် သူတော်စင်ဘုရင်ဖြစ်၏။ ထို့ကြောင့် ဝင်၍ မရနိုင်ချေ။ ဝင်သွားသည်ဆိုပါက မျက်စိ တစ်မှိတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားမှာ သေချာ၏။
“အရမ်းကောင်းတယ်”
လုချန်းဂီသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ နန်းဆောင်သခင်၏ အာမခံချက် ရရှိခဲ့ပြီ ဖြစ်သောကြောင့် သူတော်စင်အဆင့် ပစ္စည်းနှစ်ခုကို ပေးအပ်လိုက်ရသည်မှာ အလဟသ မဟုတ်ခဲ့ချေ။ သူသည် နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကာဖြင့် ကျောက်စိမ်းပြားထဲသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်သည်။
သူတော်စင်နှင့် သူတော်စင်အထက်လူများ ဝင်ခွင့်မရရန် ကန့်သတ်ထားသည့် အကြောင်းအရာကို မြင်ရသည့်အချိန်မှာတော့ သူ၏မျက်နှာအိုကြီးပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။
“လောကကြီးမှာ ဒီလောက်ကောင်းတဲ့ အခွင့်အရေး ရှိသေးတာလား” လုချန်းဂီ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်တည်လာခဲ့၏။ သူတို့ တော်ဝင်ဓားဂိုဏ်းထဲတွင် တော်ဝင်သူတော်စင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ လိုအပ်လျက်ရှိသည်။ ဤကန့်သတ်ချက်သာ မရှိဘူးဆိုပါက ဂိုဏ်းတိုင်း ဂိုဏ်းတိုင်း သူတို့၏ သူတော်စင်များကို စေလွှတ်လိုက်မှာဖြစ်၏။ ထိုသို့ဆိုလျှင် တော်ဝင်ဓားဂိုဏ်းအတွက် ဘာမှ ကျန်တော့မည် မဟုတ်ချေ။
ဤကဲ့သို့ ကန့်သတ်ချက် တည်ရှိနေသည် ဖြစ်သောကြောင့် တော်ဝင်ဓားဂိုဏ်းသည် တကယ့်ကို ကြီးမားလှသည့် အခွင့်အရေး ရရှိ၏။ ထို့အပြင် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ နည်းပါးနေလေသည် လား။ ၎င်းတို့အနေနှင့် ဂိုဏ်းထဲတွင် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများကို များများစားစား ရှာဖွေ ဖော်ထုတ်နိုင်စွမ်း ရှိနေ၏။
သို့ပေမဲ့ နောက်ထပ် သတင်းအချက်အလက် တစ်ခုကို မြင်ရသည့် အချိန်မှာတော့ သူ၏ ပျော်ရွှင်နေသည့် စိတ်ဆန္ဒတစ်ခုလုံးသည် ပျောက်ကွယ်သွားခဲ့သည်။
ကြမ်းတမ်းလှသည့် သားရဲများ - ကျင့်ကြံခြင်းလောကတွင် ရှိနေသည့် တကယ့်ကို ကြမ်းတမ်းလှသည့် သားရဲများသည် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲတွင် တည်ရှိနေ၏။ ထို့အပြင် သန်မာလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး မယုံကြည်နိုင်လောက်အောင် အားကောင်းလှသည့် သားရဲအုပ်ကြီးလည်း ဖြစ်လို့နေ၏။ ၎င်းတို့သည် အကာအကွယ်တွင် တကယ့်ကို အားကောင်းလှသည့် သတ္တဝါပင် ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့သော အဖွဲ့လိုက်ကြီး တည်ရှိနေသည်ဆိုလျှင် သူတို့အနေနှင့် ဘာလုပ်ရမည်နည်း။ အထဲသို့ ဝင်လိုက်သည့်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ပွဲကြီးကို တိုက်ခိုက်ပြီး ဖြေရှင်းရ မည် မဟုတ်ပါလား။
“ဒုက္ခပဲ”
လုချန်းဂီက မျက်မှောင်ကုတ်လိုက်၏။ သူသည် ဂိုဏ်းထဲရှိ သူတော်စင်အဆင့်နှင့်အောက်ရှိ တပည့် အများအပြားကို အထဲသို့ စေလွှတ်လိုက်မည် ဆိုလျှင်တောင်မှ ကြမ်းတမ်းလှသည့် သားရဲရိုင်းများနှင့် ရင်ဆိုင်တွေ့သည့် အချိန်တွင် ကျိန်းသေပေါက် သုတ်သင်ရှင်းလင်းပစ်နိုင်မည်ဟု အာမခံချက် မရှိပေ။
နတ်အဆင့်စွမ်းအားမြင့် ကျင့်ကြံသူ ဆိုသည်မှာ ဂိုဏ်းထဲတွင် အခြေခံများသာလျှင်ဖြစ်၏။ များပြားလှသည့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ သေဆုံးသွားမည်ဆိုပါက အနာဂတ်တွင် ဒုက္ခကောင်းကောင်း ရောက်သွားနိုင်၏။ သို့ပေမဲ့ အနည်းငယ်လောက်ကို ပေးပို့လိုက်မည် ဆိုလျှင်လည်း များပြားလွန်းလှသည့် သားရဲရိုင်းများကို သတ်ဖြတ်ပစ်ရန် လုံလောက်လိမ့်မည် မဟုတ်ချေ။
သူ တကယ်ပင် တွေဝေနေမိ၏။ သေသေချာချာ စဉ်းစားကြည့်ပြီးသည့်နောက် ဖန်တီးခြင်းတော်ဝင်အင်ပါယာ သည် လူပေါင်းများစွာတို့ကို သေဆုံးနိုင်ရန် ထောင်ချောက်ကြီးတစ်ခု ဖန်တီးပြုလုပ်ထားသည့်ပုံပင် ပေါ်နေ၏။ အားကောင်းသည့်လူများသည် အထဲသို့ ဝင်ရောက်ရန် ကြိုးစားချိန်တွင် သေဆုံးရပေလိမ့်မည်။ အားမကောင်းသည့် လူများသည်လည်း ကြမ်းတမ်းလှသည့် သားရဲရိုင်းများနှင့် ရင်ဆိုင်တွေ့ပြီး သေဆုံးရပေ လိမ့်မည်။
“နန်းဆောင်သခင်.. ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲကိုဝင်ဖို့ လုံခြုံတဲ့ လမ်းတစ်ခု ရှိလား” လုချန်းဂီသည် လေးလံလှသည့် အသံကြီးဖြင့် မေးမြန်းလိုက်မိ၏။
“ဟင်း”
လီယွင်သည် ခဏရပ်တန့်လိုက်ပြီးသည့်နောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ခင်ဗျားက လမ်း ဘယ်လောက်လောက်ကို လိုချင်တာလဲ”
လုချန်းဂီသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။
“တစ်ခုဆိုရင် လုံလောက်ပါပြီ။ အတွင်းတည်နေရာကို ရောက်နိုင်တဲ့ လမ်းမျိုးပေါ့။ တော်ဝင်သူတော်စင်အဆင့် ဆေးလုံးကို ရရှိနိုင်တဲ့လမ်းဖြစ်ရင် ရပြီ”
လုချန်းဂီက ထပ်ပြောလိုက်၏။ ပြီးနောက် သူသည် အသေးစိတ် ထပ်မံကာ ပြောဆိုလိုက်သည်။ “သူတော်စင်ဘုရင် အဆင့်ကနေ တော်ဝင်သူတော်စင်အဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ ကူညီပေးနိုင်တဲ့ ဆေးလုံးမျိုးပေါ့။”
“ပြဿနာမရှိဘူး”
လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ခဏလောက် တွေးလိုက်၏။ “စနစ်... ခုဏက လုချန်းဂီ ပြောတဲ့အရာအတွက် လုံခြုံတဲ့လမ်းကြောင်းရဖို့ ကောင်းကင်လျှို့ဝှက်အမှတ် ဘယ်လောက်လိုမလဲ”
[ဒင်.. တော်ဝင်သူတော်စင်အဆင့် ဆေးလုံးရှိရာ လမ်းကြောင်းသည် ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်းတိတိ လိုအပ်၏]
“အမ်” လီယွင်သည် အံ့အားသင့်သွား၏။ အဘယ်ကြောင့် ဤမျှ ဈေးပေါနေရသနည်း။ စနစ်သည်ပင်လျှင် သနားသွားလေသည်လား။
[တော်ဝင်သူတော်စင်ဆေးလုံးဆီသို့ သွားရာလမ်းသည် အလုံးစုံ လုံခြုံသည့် အရာမျိုး မဟုတ်ချေ။ ကြမ်းတမ်း လှသည့် သားရဲရိုင်းများသည် မည်သည့်နေရာမှမဆို ပေါ်ပေါက်လာနိုင်၏။ ထိုနေရာသို့ သွားနေသည့် လမ်းကြောင်းအတွင်း မထင်မှတ်ထားနိုင်သည့် အရာများ ဖြစ်ပေါ်လာနိုင်စွမ်းရှိသည်။ ထို့ကြောင့် ကောင်းကင် လျှို့ဝှက်အမှတ် တစ်သောင်းတိတိကိုသာလျှင် တောင်းဆိုခြင်းဖြစ်သည်]
လီယွင်က နားလည်သွားမိ၏။ ခရီးလမ်းစဉ်တွင် မထင်မှတ်ထားသည့် အခြေအနေမျိုးကို ကြုံဆုံနိုင်သည် ဖြစ်သောကြောင့် တန်ဖိုးသည် လျော့ကျသွားခြင်းသာ ဖြစ်၏။ ထို့ကြောင့် လမ်းစဉ်ကို ပြောပြလိုက်မည် ဆိုလျှင်တောင်မှ အထဲသို့ သွားလာနိုင်စွမ်း ရှိမလားဆိုသည်မှာ တစ်ဖက်လူ၏ စွမ်းရည်ပေါ်တွင် မူတည်လျက် ရှိ၏။ ကျရှုံးဖို့ အခွင့်အရေးကလည်း များပြားလို့ နေလေသည်။ ထို့ကြောင့် စနစ်သည် အမှုမဲ့ အမှတ်မဲ့ သနားကာဖြင့် လျော့ပေးခဲ့ခြင်း မဟုတ်ပေ။
ယခင်က ပေးခဲ့သည့် အစီအရင် ကျော်ဖြတ်သည့် နည်းလမ်းများသည် အလုံးစုံ လုံခြုံ၏။ မထင်မှတ်ထား သည့် ကိစ္စရပ်မျိုး မဖြစ်ပေါ်လာနိုင်ချေ။ ထို့ကြောင့်ပင်လျှင် ဈေးနှုန်းကြီးကြီး သတ်မှတ်ခဲ့ခြင်းသာ ဖြစ်လေတော့သည်။