အပိုင်း (၁၅၂)
Vol. 11 Ch. 152
“ရော့.. ဒီမှာ ခင်ဗျားလိုချင်တဲ့လမ်းပဲ”
လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ဖော်ကာဖြင့် အသာ ပြောလိုက်၏။ “ပြီးတော့ ဒါက သူတော်စင်အဆင့် ပစ္စည်းနှစ်မျိုးကျတယ်”
“ကောင်းပါပြီ” လုချန်းဂီသည် တွန့်ဆုတ်မနေခဲ့ချေ။ ချက်ချင်းဆိုသလိုပဲ ဆေးပုလင်းနှစ်ခုကို ထုတ်ယူလိုက်၏။ လီယွင်၏ ရှေ့ဆီသို့ ထားလိုက်၏။ ပြီးနောက် ကျောက်စိမ်းပြားကို လှမ်းယူလိုက်သည်။
လီယွင်သည် ဆေးလုံးများကို သိမ်းဆည်းပြီး ထပ်မံကာ ပြောဆိုလိုက်၏။ “ဒီလမ်းအတိုင်း သွားမယ်ဆိုရင် တော်ဝင်သူတော်စင်အဆင့် ဆေးပင်ကို ခင်ဗျား ရှာတွေ့လိမ့်မယ်။ ဒါပေမဲ့ လမ်းကတော့ အလုံးစုံ လုံခြုံနေမှာ မဟုတ်ဘူး”
“ဟမ်”
လုချန်းဂီသည် ခေါင်းကို ရုတ်တရက်မော့ကာဖြင့် ဇဝေဇဝါ ဖြစ်သွားမိသည်။ “ဘာဖြစ်လို့လဲ”
“ဘာလို့ရမှာလဲ”
လီယွင်သည် ရေနွေးခွက်ကို အသာကောက်ယူပြီးသည့်နောက် တစ်ငုံ ငုံလိုက်သည်။ ပြီးနောက် စိတ်အေးလက်အေးဖြင့် ရှင်းပြလိုက်၏။ “သူတော်စင်အဆင့် ပစ္စည်းနှစ်ခုက တော်ဝင်သူတော်စင်ဆေးလုံးကို ရဖို့အတွက် လဲလှယ်နိုင်တဲ့အရာ ဖြစ်တယ်လို့ ထင်နေတာလား”
“ဒါက”
လုချန်းဂီ၏ အမူအရာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ စောဏတုန်းက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ပြောဆိုခဲ့သည့် ဈေးနှုန်းကို သူ သံသယဝင်ခဲ့မိ၏။ ကြည့်ရသည်မှာ ဤသတင်းအချက်အလက်၏ တန်ဖိုးသည် အနည်းငယ် ဈေးပေါနေသည်ကို ထင်ရခဲ့၏။ အဓိက အကြောင်းအရင်းမှာ မလုံခြုံသောကြောင့်ပင်။
သူသည်ပြုံးလိုက်မိ၏။ ပြီးသည့်နောက် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်မိသည်။ “နန်းဆောင်သခင်... ဈေးနှုန်းကိုသာ ပြောပါ။ ကျုပ် လုံခြုံတဲ့ လမ်းကိုပဲ လိုချင်ပါတယ်”
ထို့အပြင် လုံခြုံသည့် လမ်းမဟုတ်ဘူးဆိုပါက အထဲသို့ ဝင်ရောက်ခြင်းသည် သေလမ်းရှာခြင်းနှင့် ဆင်တူနေပေလိမ့်မည်။ ဆေးလုံးရရှိလိုခြင်းသည် သူ၏ အိမ်မက်တစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ သူ၏ တပည့်များ ပြန်ထွက်လာနိုင်သည့် အာမခံချက် မရှိဘူးဆိုလျှင် ဘာတစ်ခုမှ အကျိုးမရှိလှချေ။ သေပွဲဝင်မည့် လမ်းတစ်ခုကို သူ မည်သို့မှ တိုးဝင်ခိုင်းလိမ့်မည် မဟုတ်ချေ။
လီယွင်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ သူသည် ရေနွေးခွက်ကို အသာချကာဖြင့် ပြောလိုက်၏။ “ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ အကြောင်းအရာတွေကို ခင်ဗျား နားလည်သင့်တယ်လေ။ အထဲမှာ တကယ့်ကို များပြားပြီး ကြမ်းတမ်းတဲ့ သားရဲရိုင်းတွေလည်းရှိတယ်။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ တစ်ကြိမ်ပွင့် သွားပြီဆိုတာနဲ့ လူဘယ်လောက်များများဝင်လာမလဲဆိုတာကလည်း မသေချာသေးဘူး။ အန္တရာယ်တွေ ကြုံဆိုရဖို့ဆိုတာ ရှောင်လွှဲလို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ အန္တရာယ်တွေကို ကျိန်းသေပေါက် တွေ့လိမ့်မယ်။ ခင်ဗျားမှာ ရှိတဲ့လမ်းက ဖန်တီးခြင်းလျှို့ဝှက်နယ်မြေတစ်ခုလုံး သွားလို့ရတဲ့ လမ်းစဉ်ပဲလေ။ လမ်းတလျှောက်မှာ အမှတ်မထင်တွေကလည်း ကြုံဆုံလာလိမ့်မယ်။ ခင်ဗျားဘာသာ ခင်ဗျား သေသေချာချာ ဂရုစိုက်ပြီး သွားဖို့လိုအပ်တယ်။ ပြီးတော့”
လီယွင်က ဆက်ပြောလိုက်သည်။ “ဖန်တီးခြင်းလျှို့ဝှက်နယ်မြေက အခု မပွင့်သေးဘူး။ အထဲမှာရှိတဲ့ အန္တရာယ်တွေကို ရှောင်ရှားချင်တယ်ဆိုရင် အနာဂတ်ကို သေသေချာချာ လှမ်းမျှော်ကြည့်ဖို့ လိုအပ်တယ်”
“အင်း”
လုချန်းဂီ၏ အမူအရာသည် မသက်မသာ ဖြစ်သွားမိ၏။ သူသည် ပိုမိုလုံခြုံသည့်လမ်း ရှိမလား ဆိုသည်ကို စုံစမ်းမေးမြန်းချင်ခြင်းသာဖြစ်၏။ နားလည်သွားမိ၏။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေသည် နတ်ဘုံနတ်နန်းလေး တစ်ခုကဲ့သို့သာ ဖြစ်၏။ အရွယ်အစားအရ ပြောရမည်ဆိုလျှင် နယ်မြေတစ်ခု၏ တစ်ဝက်လောက် ရှိပေလိမ့်မည်။
လက်ရှိ နယ်မြေပေါင်း သုံးသောင်းရှိသည့် ကောင်းကင်မူလ လောကကြီးထဲတွင် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူဆိုသည်မှာ ရေတွက်လို့မရအောင် များပြားလွန်းလှ၏။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲသို့ ဝင်လိုက်သည် ဆိုသည်နှင့် အထဲတွင် များပြားလှသည့် အန္တရာယ်များနှင့် ရင်ဆိုင်ကြုံဆုံပြီး တိုက်ခိုက်ရပေလိမ့်မည်။ အမှတ်မထင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ရင်ဆိုင်ရနိုင်သလို လူသားအချင်းချင်း တိုက်ခိုက်မှုများလည်း ဖြစ်သွားနိုင်၏။
“အင်း.. နန်းဆောင်သခင်က ဘာကို ဆိုလိုချင်တာလဲ” လုချန်းဂီသည် လက်ရှိအခြေအနေမှာတော့ မသေချာ၊ မရေရာသလို စတင်ခံစားလာမိသည်။
“ကျုပ်ဆိုလိုတာ ခင်ဗျားထပ်ပြီး ပေးဖို့” လီယွင်သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။
“ဘယ်လောက်လဲ” လုချန်းဂီသည် အလျင်အမြန်ဖြင့် ပြန်လည်ကာ မေးမြန်းလိုက်သည်။
“တော်ဝင်သူတော်စင်အဆင့် ပစ္စည်းနှစ်ခု” လီယွင်သည် လက်နှစ်ချောင်းကို ထောင်ပြလိုက်၏။
“ဘယ်လောက်များလိုက်သလဲ”
လုချန်းဂီသည် နားကြားလွဲသွားသလားဟုပင် ထင်မှတ်မှားရ၏။ သူသည် တော်ဝင်သူတော်စင်အဆင့် ဆေးလုံးကို ရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အလဲအလှယ်သည် တော်ဝင် သူတော်စင်အဆင့် ပစ္စည်းနှစ်ခု ဖြစ်လို့နေခဲ့၏။ တန်ဖိုးထက် လက်ခက ကြီးမားနေသည် မဟုတ်ပါလား။
“ကြည့်ရတာ ခင်ဗျားက ဒီသတင်းအချက်အလက်ရဲ့ တန်ဖိုးကို နားမလည်သေးတဲ့ပုံပဲ”
လီယွင်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် လုချန်းဂီ၏ အရှေ့တွင် မတ်တပ်ရပ်လိုက်၏။ ပြီးနောက် မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်ကာ တစ်ခုချင်းစီ ရှင်းပြလိုက်၏။ “သတင်းအချက်အလက်တွေကို ခင်ဗျား ဝယ်ယူခဲ့တယ်ဆိုတာ အနာဂတ်အတွက်ပဲ။ အနာဂတ်ဆိုတဲ့ အဓိပ္ပာယ်ကို ခင်ဗျားနားလည်လား။ ဖြစ်ပေါ်မလာသေးတဲ့ အရာတွေကို အနာဂတ်လို့ ဆိုလိုတယ်။ အဲဒီ ဖြစ်ပေါ်မလာနိုင်တဲ့ အရာတွေကို ခင်ဗျား ကြိုပြီးသိနေပြီဆိုမှတော့ အဲတာကို မပြောင်းလဲချင်ဘူးလား”
“အရင်တုန်းက ကိုယ်မပိုင်တဲ့ အရာတစ်ခုကို ကိုယ့်အပိုင်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိတဲ့ အရာကို အနာဂတ်ကို ကြိုတင်သိမြင်ခြင်းလို့ ခေါ်တယ်။ ပြီးတော့”
လီယွင်က ဆက်ပြောလိုက်သည်။ “တော်ဝင်သူတော်စင် ဆေးလုံး ပေါက်ရောက်ရာ တည်နေရာမှာ ဆေးလုံးတစ်ခုတည်း ရှိလိမ့်မယ်လို့ ခင်ဗျားက ထင်နေတာလား။ ဒီတော့ တော်ဝင်သူတော်စင်အဆင့် ပစ္စည်းနှစ်ခု ဆိုတာက ကြီးမားတဲ့ ဈေးနှုန်း မဟုတ်ဘူး”
“စီနီယာ”
လုချန်းဂီသည် ဆွံ့အသွားမိ၏။ နှစ်ပေါင်းများစွာ သူတော်စင်ဘုရင် ဖြစ်ခဲ့ပြီးနောက် သူသည် အနာဂတ်သို့ လှမ်းမျှော်ကြည့်ရှုခြင်းဆိုသည့် အကြောင်းအရာကို သေသေချာချာ နာမလည်ခဲ့ချေ။ ကြည့်ရသည်မှာ သူနားလည်သည်ထက် ပိုမိုကာ လေးနက်သည့် အကြောင်းအရာများ ရှိသည့်ပုံပင်။
“စီနီယာ ခုဏက ပြောတာတွေက အမှန်တွေလား”
“ကျုပ်က ဘယ်တုန်းက အမှားတွေ ပြောခဲ့ဖူးလို့လဲ” လီယွင်သည် ခွန်းတုံ့ပြန်ကာ မေးလိုက်၏။
“ကောင်းပါပြီ”
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာကို ပြန်လည်စဉ်းစားပြီးသည့်နောက် လုချန်းဂီသည် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် အံကိုကြိတ်ကာ ပြောလိုက်သည်။ “ကျုပ် ဝယ်မယ်”
ပြောပြီးသည့်နောက် သူ၏လက်ထဲတွင် သိုင်းကျမ်းနှစ်ခု ပေါ်ပေါက်လာခဲ့၏။ တော်ဝင်သူတော်စင်အဆင့် ဆိုသည်မှာ ဆေးလုံး၊ လက်နက်၊ ဘာမဆို တန်ဖိုးကြီးမားလွန်းလှ၏။ တခြားတစ်ဖက်တွင်တော့ သိုင်းနည်းစနစ် လည်း ပါဝင်လျက်ရှိသည်။ သိုင်းနည်းစနစ်သည် သာမန်ထက် ပိုမိုကာ တန်ဖိုးကြီးမားလွန်းလှ၏။ ရေတွက်လို့ မရအောင် များပြားသော လူများသည် တော်ဝင်သူတော်စင်အဆင့် သိုင်းကျမ်းဆိုသည်နှင့် ကျိန်းသေပေါက် လိုချင်ကြမှာ သေချာ၏။
တော်ဝင်ဓားဂိုဏ်းအနေနှင့် တော်ဝင်သူတော်စင်အဆင့် ပစ္စည်းများကို ထုတ်ဖော် အသုံးပြုသည့်နေရာတွင် နည်းစနစ်ကိုသာ ထုတ်ဖော်အသုံးပြုနိုင်စွမ်းရှိ၏။ ၎င်းတို့တွင် တော်ဝင်သူတော်စင်အဆင့် လက်နက် အနည်းငယ်သာ ရှိ၏။ သို့ပေမဲ့ ထိုအရာကိုသာ ပေးအပ်လိုက်မည်ဆိုပါက ဂိုဏ်းသည် အန္တရာယ်အတွင်းသို့ သက်ရောက်သွားနိုင်၏။ ဂိုဏ်းထဲတွင် တော်ဝင်သူတော်စင်အဆင့် ဆေးလုံးများ တည်ရှိနေသေး၏။ သို့ပေမဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများသာ ဖြစ်တော့၏။ အဆင့်ချိုးဖြတ်သည့် နေရာတွင် အသုံးပြုရသည့် ဆေးလုံးများ မဟုတ်ချေ။
လက်ရှိ အခြေအနေမှာတော့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများသည် တစ်စုံတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်သည် ဖြစ်သောကြောင့် ကျင့်ကြံခြင်းလောကတွင် အဆင့်ချိုးဖြတ်သည့်ဆေးလုံးထက် ပိုမိုကာ တန်ဖိုးကြီးမားလွန်းလှ၏။ မည်သို့ပင် ဆိုစေကာမူ ဆေးလုံးများကို အသုံးပြုရန် ဆိုသည်မှာ ခက်ခဲ လှ၏။ ထို့ကြောင့် သိုင်းကျမ်းနှစ်ခုကိုသာလျှင် အသုံးပြုရတော့မည်။ တော်ဝင်ဓားဂိုဏ်း၏ တကယ့် အခြေခံ သိုင်းကျမ်းနှစ်ခု အပြင်ဘက်သို့ ရောက်ရှိသွားသည်ဆိုပါက ဂိုဏ်း၏ အခြေခံကို ထိခိုက်သွားမှာကို မစိုးရိမ်ရပေ ဘူးလား။
“တကယ့်ကို ပညာရှိတဲ့ ရွေးချယ်မှုပဲ” လီယွင်က ချီးကျူးလိုက်၏။
လက်ရှိ အခြေအနေမှာတော့ တော်ဝင်ဓားဂိုဏ်းသည် တကယ့်ကို ဂုဏ်သိက္ခာ ကြီးမားလှသည့် ဒေါက်တိုင် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် လိုအပ်နေ၏။ ထိုသူမရှိဘဲနှင့် များပြားလှသည့် သိုင်းနည်းစနစ်များကို ကိုင်ဆောင်ထားလျှင်လည်း အသုံးမဝင်လှချေ။
တစ်နေ့ တစ်စုံတစ်ယောက်သည် တံခါးပေါက်ဝကို တံခါး လာခေါက်ပြီး တော်ဝင်သူတော်စင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူမရှိသည့် တည်နေရာထဲ၌ ရှိသောအရာများ အားလုံးကို သိမ်းဆည်းသွားမည်ဆိုပါက ဘာလုပ်၍ ရမည်နည်း။
သိုင်းကျမ်းနှစ်ခုကို လက်ခံပြီးသည့်နောက် လီယွင်သည် ဖြစ်ပေါ်လာနိုင်သည့် အနာဂတ် အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ခုချင်းစီ ပါဝင်သော ကျောက်စိမ်းပြားကို လုချန်းဂီဆီ လှမ်းကာ ပစ်ပေးလိုက်၏။
“ဒါက ခင်ဗျား လိုချင်တဲ့အရာပဲ”