အပိုင်း (၁၅၃)
Vol. 11 Ch. 153
“ဒါ အနာဂတ်မှာ ဖြစ်လာမယ့် အကြောင်းအရာတွေလား” လုချန်းဂီသည် အထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။
ကျောက်စိမ်းပြား၏ အတွင်းမှာတော့ သတင်းအချက်အလက် အများအပြား တည်ရှိနေ၏။ ဖန်းနီရှန်နှင့် ရမ်ချင်းရှောင်တို့၏ အတွေးအမြင်များပင် အကျဉ်းချုပ် ပါဝင်လျက် ရှိနေလေ၏။ ထိပ်မှ အောက်ထိ မြန်မြန်ဆန်ဆန် ကြည့်ရှုပြီးသည့်နောက် လုချန်းဂီ၏ ယုံကြည်မှုသည် ပိုမိုကာ တိုးတက်လာခဲ့သည်။
ဤကျောက်စိမ်းပြားတွင် ပါဝင်သည့် အကြောင်းအရာများသည် သေချာလား၊ မသေချာလားကို မသိချေ။ သို့ပေမဲ့ သူ၏ အတွေးထဲမှာတော့ ဖန်းနီရှန်နှင့် ရမ်ချင်းရှောင်တို့ကို ထိုနေရာဆီသို့ စေလွှတ်မည်ဟူသော အတွေးများ ဖြစ်တည်လာခဲ့၏။
လက်ရှိအချိန်မှာတော့ ဂိုဏ်းထဲတွင်ရှိနေသည့် ပါရမီရှင်နှစ်ယောက်ကို လျှို့ဝှက်နယ်မြေထဲသို့ ဝင်ခွင့်ပေးရန် စဉ်းစားလျက် ရှိနေမိ၏။ ထိုသူတို့သည် အတွေ့အကြုံ များများစားစား မရှိဘူးဆိုလျှင်တောင်မှ အကန့်အသတ်ကို ကျော်လွန်၍ ပြုလုပ်နိုင်သူများဖြစ်ကြောင်း သူ ယုံကြည်နေမိသည်။
ကျောက်စိမ်းပြားတွင် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် သူ၏အတွေးအမြင်များ သည် ပြောင်းလဲသွားခဲ့၏။ သူသည် ဤပါရမီ ထူးချွန်လှသည့် နှစ်ယောက်အား အထင်အမြင် မသေးတော့ချေ။ ကျိန်းသေပေါက် ကြီးမားသည့်အရာများကို ပြုလုပ်နိုင်သည့်လူများဖြစ်ကြောင်း သူက သိသွားခဲ့လေ၏။
“စီနီယာ.. သွားလိုက်ပါအုံးမယ်”
ကျောက်စိမ်းပြားကို သိမ်းဆည်းပြီးသည့်နောက် လုချန်းဂီသည် ငြိမ်သက် မနေခဲ့ချေ။ ချက်ချင်းဆိုသလိုပဲ စီစဉ်စရာ ရှိသည်များကို စီစဉ်ရန် လိုအပ်နေသည် ဖြစ်သောကြောင့် သူသည် ချက်ချင်း ထွက်ခွာသွားရပေလိမ့်မည်။ ပိုက်ဆံများ သုံးဖြုန်းခဲ့ပြီ ဖြစ်သောကြောင့် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ မည်သည့်အချိန်တွင် ဖွင့်မည်ဆိုသည်ကို စုံစမ်းစစ်ဆေးရပေဦးမည်။
“နှုတ်ဆက်ဖို့ မလိုအပ်ပါဘူး” လီယွင်သည် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် လုချန်းဂီ ထွက်ခွာသွားပြီးပြီးချင်းမှာပဲ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်နှင့် ဝင်တိုက်လုမတတ် ဖြစ်ခဲ့ရ၏။ တစ်ယောက်နှင့်တစ်ယောက် မြင်ရပြီး သည့်နောက် နှစ်ယောက်လုံး၏ မျက်နှာသွင်ပြင်များသည် မဲမှောင်သွားခဲ့၏။ အချင်းချင်း နှာခေါင်းရှုံ့ပြီးသည့် နောက် မည်သည့်စကားမှ မဆိုချေ။ လမ်းခွဲကာဖြင့် မိမိသွားလိုရာကို ဆက်လက်ကာ သွားလိုက်ကြသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ မဝင်ခင်မှာပဲ ခရမ်းရောင်ဝတ်စုံနှင့်လူသည် ရုတ်တရက် ရပ်တန့်လိုက်၏။ လုချန်းဂီ ထွက်ခွာသွားသည့် တည်နေရာကို လှမ်းကြည့်ပြီးသည့်နောက် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ တစ်လှမ်းချင်း လှမ်းဝင်ခဲ့၏။
“ပိုင်ချမ်းဖန် ... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို လာတွေ့ပါတယ်” ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ပြီးသည့်နောက် ခရမ်းရောင်ဝတ်စုံနှင့်လူသည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်သည်။
ပိုင်ချမ်းဖန် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီး မကြာခင်မှာပဲ တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်၌ ကြက်သွေးရောင်မီးတောက်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် လေဟာနယ်ထဲမှ ဆင်းသက်လာ၏။ ထိုသူသည် မြို့၏ ဂိတ်တံခါးဆီသို့ လှမ်းလျှောက်လာပြီးသည့်နောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ဦးတည်လာခဲ့၏။
နန်းဆောင်ဆီသို့ ရောက်ခါနီးမှာပဲ သူသည် ရှေ့တွင်ရှိနေသည့် ဆိုင်းဘုတ်ကို လှမ်းကာကြည့်လိုက်၏။ သူသည် တိုက်ရိုက်ဆိုသလိုပဲ ဝင်သွားရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ခြေထောက်ကိုကြွကာ ဝင်ရန်ပြင်လိုက်သည့် အချိန်မှာပဲ သူသည် ဝင်၍ မရနိုင်ချေ။ နန်းဆောင်၏ တံခါးသည် ဖွင့်ထားလျက် ရှိနေသည်ဆိုသော်လည်း သူအထဲသို့ ဝင်၍ မရနိုင်ချေ။
“ဘာတွေဖြစ်နေတာလဲ”
ရှစ်ရှန်းနန်သည် သူ၏ ခြေထောက်ကို အသာရုတ်သိမ်းလိုက်၏။ ဇဝေဇဝါလည်း ဖြစ်လို့ နေသည်။ သူသည် လက်ကို အသာမြှောက်ပြီးသည့်နောက် ရှေ့တွင် ရှိနေသော လေဟာနယ်ကြီးကို ကိုင်ကြည့် လိုက်၏။ မမြင်ရသည့် နံရံကြီးတစ်ခု သူ့လမ်းကို တားဆီးလာသကဲ့သို့ပင် သူ အထဲသို့ ဝင်၍ မရနိုင်ချေ။
“စီနီယာက ငါ့ကို အထဲကို မဝင်ဖို့အတွက် ကာဆီးထားတာလား”
ရှစ်ရှန်းနန်သည် တွေးတောလိုက်၏။ “ဒီလို မဟုတ်နိုင်ဘူး။ နောက်ဆုံးအကြိမ် ငါသတင်းအချက်အလက် လာဝယ်တုန်းက ဒီလိုမဟုတ်ပါဘူး။ အထဲမှာ ဧည့်သည့် တစ်ယောက်ယောက် ရှိနေလို့များလား”
ရှစ်ရှန်းနန်သည် အလွန်လေးနက်သွားခဲ့တော့၏။ သူသည် အထဲတွင် ရှိနေသည့် အရာကို လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ အလုံးစုံ မဲမှောင်နေသည်ကိုသာ မြင်ရပြီး သူ၏ နတ်ဘုရားအာရုံများ အားလုံးသည် တွင်းနက်ကြီးထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။ ဘာတစ်ခုကိုမှ မမြင်နိုင်ခဲ့ချေ။
“ကိစ္စမရှိဘူး”
ရှစ်ရှန်းနန်သည် သက်ပြင်းအသာချလိုက်၏။ နောက်သို့ ခြေနှစ်လမ်း ဆုတ်ပြီးသည့်နောက် တံခါး၏ ရှေ့တွင် အသာမတ်တပ်ရပ်လိုက်၏။ သူက တွေးလိုက်မိသည်။ “ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာရုံပဲ ရှိသေးတယ်။ ဒီဟာကြီးက ပွင့်အုံးမှာ မဟုတ်ဘူးလေ။ နည်းနည်းလောက် စောင့်လိုက်လို့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး”
သူ စောင့်လျက် ရှိနေတုန်းမှာပဲ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် အသာလှမ်းလျှောက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားပြီး ဂုဏ်သိက္ခာ ကြီးမားလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေလေ၏။ သူသည် နန်းဆောင်ရှေ့သို့ ရောက်ရှိချိန်မှာပဲ ရှစ်ရှန်းနန် တည်ရှိနေသည်ကို သတိပြုလိုက်မိ၏။ မနေနိုင်ဘဲ ပြုံးလိုက်မိ၏။
“အင်း... ကြက်သွေးရောင်မီးတောက်နတ်နယ်မြေက တာအိုရောင်းရင်းရှစ် ဘာလုပ်နေတာလဲ”
အမဲရောင် ဝတ်စုံနှင့်လူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းကြည့်လိုက်၏။ ပြီးနောက် ရှစ်ရှန်းနန်ကို လှမ်းကြည့်ကာ ဇဝေဇဝါဖြင့် ပြောလိုက်မိသည်။ “ဂုဏ်သိက္ခာကြီးမားတဲ့ နန်းဆောင်သခင်က ခင်ဗျားကို ဝင်ခွင့်ပိတ်ထားတာလား”
“ယန်ရှို”
ရှစ်ရှန်းနန်၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ သူသည် အသစ်ရောက်ရှိလာသည့် လူကို ကောင်းကောင်းသိရှိ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ရောင်စဉ်အလင်းနတ်နယ်မြေကို ဖျက်ဆီးခဲ့ကြောင်း သူ ကောင်းကောင်းသိရှိပြီးဖြစ်၏။ ဤကိစ္စနှင့်ပတ်သက်လျှင် သူတို့ကြား၌ အစိုင်အခဲကြီးများအဖြစ် ဖြစ်တည်လျက် ရှိနေ၏။
ကြက်သွေးရောင်မီးတောက်နတ်နယ်မြေမှ အဖွဲ့ဝင်များ အားလုံးတို့သည် ရှက်ရွံ့မှုကိုပင် ခံစားနေမိသည်။ သူတို့လက်ထဲမှ တစ်ဖက်လူကို ဝင်ရောက် သတ်ဖြတ်ကာဖြင့် အမွေအနှစ် အားလုံးကို ယူဆောင်သွားခဲ့သည် မဟုတ်ပါလား။
ပြောနေစရာပင် မလိုချေ။ လင်းရှောင် သည် အသက်ရှင်လျက် ရှိနေသေး၏။ အချိန်မရွေး ပြန်လည်ရောက်ရှိလာ၏။ မနှေးနှင့် မမြန်ဆိုသလို ရန်ကြွေးကို ဖြေရှင်းရမှာဖြစ်ပြီး ကြက်သွေးရောင်မီးတောက်နတ်နယ်မြေ၊ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင် နတ်ဆိုးနန်းတော်တို့သည် ထိုအရာဆီမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
“အမှန်ပါပဲ”
ယန်ရှိုသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူ၏ အသံသည် လှောင်ချင်ပြောင်ချင်သည့် အရိပ်အယောင်များ ပြည့်နှက်လျက်ရှိနေ၏။ “ကျုပ် တော်ဝင်သဲကန္တာရမြို့ကို လာတာက ဂုဏ်သိက္ခာကြီးမားတဲ့ နန်းဆောင်သခင်ကို အရေးကြီးကိစ္စနဲ့ လာတွေ့တာပဲလေ။ ခင်ဗျားနဲ့ အချိန်တွေ ဖြုန်းမနေချင်တော့ဘူး။ နန်းဆောင်သခင်နဲ့ တွေ့တဲ့အချိန်ကျရင် ခင်ဗျားအတွက် နည်းနည်းပါးပါး ပြောပေး၊ ဆိုပေးပါ့မယ်”
ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းလျှောက်လိုက်သည်။
သူ၏ နောက်ကွယ်တွင် ရှိနေသည့် ရှစ်ရှန်းနန်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။ ယန်ရှို၏ နောက်ကျောကို လှမ်းကြည့်လိုက်ပြီး လှောင်ပြောင်လို့သည့် အရိပ်အယောင်များ ပြည့်နှက်လျက်ရှိ၏။
မကြာခင် မှာပဲ ဘုန်းဆိုသည့် အသံကြီး ထွက်ပေါ်လာပြီး ယန်ရှိုသည် အနောက်ဘက်သို့ လွင့်စင်လာခဲ့၏။ ၎င်းသည် နဖူးကို အသာပွတ်သပ်ကာဖြင့် ကြောင်အအ အမူအရာဖြစ်လို့နေခဲ့သည်။
ဘာတွေဖြစ်နေသနည်း။ အဘယ်ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ခွင့်မရ ရသနည်း။ နန်းဆောင်သခင် အပြင်ထွက်သွား၍လား။
“တာအိုရောင်းရင်းယန်.. ဘာလို့ အထဲမဝင်ရတာလဲ” ရှစ်ရှန်းနန်သည် ဘေးမှ ရုတ်တရက် လှောင်ပြောင်လိုက်၏။
“ခင်ဗျား”
ယန်ရှို၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မဲမှောင်သွား၏။ လက်ရှိအခြေအနေမှာတော့ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သည် တစ်ဖက်လူအား ဝင်ခွင့် မပေးခြင်း မဟုတ်ဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကြီး တစ်ခုလုံးသည် ဧည့်သည်ဝင်ခွင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သူက သိရှိနားလည်သွားမိသည်။
“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဖန်တီးခြင်းလျှို့ဝှက်နယ်မြေအတွက် လာခဲ့တာလား” ရှစ်ရှန်းချန်သည် ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်၏။
“ခင်ဗျားလည်း တူတူပဲ မဟုတ်လား”
ယန်ရှိုသည် ဂိုဏ်းချုပ်တစ်ယောက်ဟူသည် သူ၏ ဟန်ပန် အမူအရာများကို ပြန်လည်ကာ ထိန်းသိမ်းလိုက်၏။ သူသည် မျက်လုံးထောင့်မှတဆင့် ရှစ်ရှန်းနန်ကို လှမ်းကြည့်ကာ တစ်စုံတစ်ခုကို စဉ်စားတွေးတောနေမိ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ သူ ဝင်ခွင့်မရခဲ့ချေ။ ဖြစ်နိုင်ဖွယ်ရာ တစ်ခုမှာ တစ်စုံတစ်ယောက်သည် အထဲသို့ ဝင်ရောက်ကာ သတင်းအချက်အလက်များကို ဝယ်ယူနေခြင်းသာ ဖြစ်ပေလိမ့်မည်။
လက်ရှိ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ၎င်းတို့နှစ်ယောက်စလုံး လာခဲ့ပြီဖြစ်သောကြောင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်သည် သူတို့နှင့် တူညီသည့်အရာသာ ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် သူသာ နန်းဆောင်ထဲသို့ အရင်ဝင်ခွင့်ရသည် ဖြစ်ပါက နန်းဆောင်သခင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူသည့် နေရာတွင် ပိုမိုကာ တစ်ပန်းသာလာပေလိမ့်မည်။ တခြားသောသူများထက် ခြေတစ်လှမ်းသာအောင် ကြိုတင်ကာ တွက်ချက်နိုင်စွမ်းလည်း ရှိပေလိမ့်မည်။
ယန်ရှိုသည် ရှစ်ရှန်းနန်ဆီသို့ အထင်အမြင်သေးသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ ပြီးနောက် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။
“ဟမ်”
ရှစ်ရှန်းနန်သည် ဇဝေဇဝါ ဖြစ်သွားခဲ့မိ၏။ ယန်ရှို ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် သူသည် အခြေအနေကို ကောင်းကောင်းနားမလည်နိုင်သလိုပင် ဖြစ်မိနေသည်။ ယန်ရှိုသည် စောဏကလေးတင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့် ထွက်ခွာသွားရသနည်း။ ကြည့်ရသည်မှာ လျှို့ဝှက်နယ်မြေသည် ၎င်းအတွက် အရေးမကြီးဘူးလား။ ထိုကဲ့သို့လည်း မဖြစ်နိုင်ချေ။