အပိုင်း (၁၅၄)
Vol. 11 Ch. 154
အင်ပါရီယာ ရီကလန်နှင့် မိုင်သန်းနှင့်ချီ အကွာအဝေးရှိ လေဟာနယ်တစ်ခုတွင် ကြေးရောင် ဂိတ်တံခါးကြီး တစ်ခုသည် မားမားကြီး တည်ရှိလျက် ရှိနေ၏။ ၎င်း၏ မျက်နှာပြင်၌ ဆန်းကြယ်လွန်းလှသည့် ကြယ်ရောင်များသည် တလက်လက်နှင့် တောက်ပလျက် ရှိနေပြီး အလွန်ထူးဆန်းပြီး နက်နဲလွန်းလှသည့် နိယာမများ၏ သင်္ကေတများသည် တဖျတ်ဖျတ် လင်းလက်နေသည်။ မိုးကောင်းကင် နတ်နန်းတော်ပေါ်တွင် တည်ရှိနေသည့် ကြယ်တာရာ အစုအဝေးကဲ့သို့ပင်။ တော်ဝင်တာအို၏ အော်ရာများသည်လည်း ထွက်ပေါ်လျက် ရှိနေသည်။
ကြေးတံခါးကြီး၏ အနီးအနားပတ်ဝန်းကျင်ရှိ လေဟာနယ်ထဲတွင် လာရောက်စပ်စုလျက် ရှိနေသည့် ပြင်ပလူ များရှိနေကြ၏။ မတူညီသည့် နောက်ခံအသီးသီးကို ပိုင်ဆိုင်သည့် လူများအားလုံး ဖြစ်ကြ၏။ တစ်ကိုယ်တော်ကျင့်ကြံသူများ၊ မွန်းစတားကလန်မှ အဖွဲ့ဝင်များ၊ အဓိကဂိုဏ်းများ၏ ကိုယ်စားပြုသူများ အားလုံးသည် အားတက်သရောဖြင့် စုဝေးလျက် ရှိနေကြ၏။
“ဒီဂိတ်တံခါးကြီးက ဘာလဲ။ တခြားလောကဆီကို ဦးတည်သွားနိုင်တဲ့ အရာမျိုးလား”
“မသေချာဘူးလေ။ ခုဏတုန်းက ကောင်းကင်ကြီးကနေ ရောင်စဉ်တန်းကြီးလေးခု ကျဆင်းလာခဲ့တယ်။ အဲဒီအလင်း ပျောက်သွားတဲ့အချိန်မှာ ဒီကြေးရောင်ဂိတ်တံခါးကြီး ပေါ်လာတာပဲ”
“ဒီဂိတ်တံခါးကြီးရဲ့ မူလအရင်းအမြစ်က တကယ်ကို ဆန်းကြယ်တာပဲ ဖြစ်ရမယ်။ မင်းတို့ မြင်တယ်မလား။ အခု မွန်းစတားကလန်က အဖွဲ့ဝင်တွေ ရောက်လာကြပြီ”
“ဟိုမှာ အစစ်အမှန် နဂါးကလန်က အဖွဲ့ဝင်တစ်ယောက် မဟုတ်လား”
“အင်း... အဲထဲက တစ်ယောက်က အောင်းကန့်ပဲ ဖြစ်ရမယ်။ သူက မွန်းစတားကလန်ရဲ့ ကောင်းကင်ပါရမီရှင် စာရင်းမှာ နံပါတ်ခြောက် ပါရမီရှင်တစ်ယောက်ပဲ”
“ဖြစ်နိုင်တယ်လေ။ ကျုပ် ရထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ဒီဂိတ်တံခါးကြီးက ဖန်တီးခြင်း တော်ဝင်အင်ပါယာ ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေဆီကို ဝင်တဲ့ ဂိတ်တံခါးကြီးတဲ့။ မွန်းစတားကလန်က လူတွေက တော်ဝင်အင်ပါယာ ချန်ခဲ့တဲ့ အရာကို ရယူဖို့အတွက် စိတ်ပါဝင်စားနေတာပဲဖြစ်မယ်”
“ဖန်တီးခြင်းတော်ဝင်အင်ပါယာ ဟုတ်လား။ ဒါဆိုရင် ဘာလို့ အင်ပါရီယာရီကလန်ကလူတွေ ရောက်မလာ သေးတာလဲ”
“သူတို့က လက်ရှိအချိန်မှာ တိုင်ချူးနတ်နယ်မြေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ ကျုပ်ကြားတယ်လေ”
အဝေးတစ်နေရာတွင်တော့ ကောင်ကင်ဆန်းကြယ် နတ်အရှင် နှင့် ခရမ်းရောင်နတ်အရှင်တို့သည် ဘေးချင်းကပ်ကာ မတ်မတ်ရပ်လျက် ရှိနေကြပြီး အဝေးတစ်နေရာတွင် ရှိနေသည့် ကြေးရောင်ဂိတ် တံခါးကြီးကို လှမ်းကာကြည့်ရှုနေ၏။
“ဒီတစ်ကြိမ် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာတာက သေချာ စဉ်းစားစရာ ဖြစ်လာပြီ” ခရမ်းရောင်နတ်အရှင်သည် မှတ်ချက်ပြုလိုက်၏။ ၎င်း၏ အသံသည် ရေကဲ့သို့ပင် တည်ငြိမ်လျက် ရှိနေသည်။
ဤကြေးဂိတ်တံခါးကြီးသည် ခရမ်းရောင်နတ်နယ်မြေ၏ ပိုင်နက်ထဲတွင် ပေါ်ပေါက်လာသည် ဖြစ်သောကြောင့် များပြားလှသည့် ကျင့်ကြံသူများကို ဆွဲဆောင်သလို ဖြစ်ခဲ့၏။ ထို့ကြောင့် ခရမ်းရောင်နတ်နယ်မြေ၏ ပိုင်နက်ထဲ၌ မထင်မှတ်ထားသည့် ပြဿနာများ ဖြစ်ပွားလာနိုင်၏။ ထို့အပြင် ဤလူများ အားလုံးကို မောင်းထုတ်ရန်လည်း သူ မရဲလှချေ။
ထိုသူများထဲတွင် သူတို့ ခရမ်းရောင်နယ်မြေထက် မည်သို့မှ အားမနည်းလှသည့် နောက်ခံကို ပိုင်ဆိုင်သူများ လည်း ပါဝင်လျက်ရှိ၏။ တချို့ဆိုလျှင် ပိုမိုကာ အားကောင်းလှ၏။ ဥပမာအားဖြင့် အစစ်အမှန်နဂါးကလန်မှ အဖွဲ့ဝင်များပင်။
“အစစ်အမှန်နဂါးကလန်၊ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က အဖွဲ့ဝင်တွေတောင်မှ ရောက်နေကြတယ်လေ။ လောကကြီးတစ်ခုလုံးကတော့ ရှုပ်ထွေးကုန်တော့မယ့်ပုံပဲ။ အင်း.. ဘာပဲဖြစ်ဖြစ် ဒါက တော်ဝင်အင်ပါယာ တစ်ယောက်ရဲ့ အခွင့်အရေးလို့ ပြောဆိုသုံးသပ်လို့ ရတာပဲ”
ဓားရှည်တစ်ချောင်းကို လွယ်ပိုးထားသည့် ခရမ်းရောင်နတ်အရှင်သည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးလျက် ရှိနေသည့် မျက်နှာပေါ်တွင် ရှိနေသော မုတ်ဆိတ်မွှေးများကို အသာပွတ်သပ်လျက်ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ အလွန်ခန့်ညားလွန်းသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ ဓားကျင့်ကြံသည့်ဂိုဏ်းတစ်ခုမှ ဖြစ်သည်ဆိုသော်လည်း ၎င်း၏ ခန္ဓာကိုယ်ဆီမှ စူးရှလှသည့် အရိပ်အယောင် အော်ရာမျိုး ထွက်ပေါ်မနေခဲ့ချေ။ ကျောင်းတော်သား တစ်ယောက်ကဲ့သို့ပင် ခံစားမိစေ၏။
“ရှေးရောင်စဉ်နန်းတော်၊ စစ်နတ်ဘုရားနန်းတော်၊ တော်ဝင်ချောင်နိုင်ငံ၊ တော်ဝင်ကျိုးနိုင်ငံ၊ ကျောက်စိမ်းသီလ နတ်နယ်မြေ... အင်အားစုတွေ အားလုံး ရောက်ရှိလာခဲ့တာပဲ။ ဒါပေမဲ့ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေအတွက် သော့ကို ကိုင်ထားတဲ့သူတွေ ရောက်မလာကြသေးဘူး”
ခရမ်းရောင်နတ်အရှင်သည် စိုးရိမ်ထိတ်လန့်မှုများနှင့် ပြောဆိုလိုက်မိသည်။ “သူတို့ ဘာကို စောင့်နေကြတာလဲ”
အခွင့်အရေးကို တည်ရှိနေသည်ဆိုလျှင် လူပေါင်းများစွာတို့သည် အထဲသို့ ဝင်ရောက်သွားရမည် မဟုတ်ပါလား။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ခရမ်းရောင်နတ်နယ်မြေသည် ၎င်းတို့၏ နတ်နယ်မြေ ပိုင်နက် တစ်ခုလုံးကိုပင် ဆုံးရှုံးသွားနိုင်၏။
ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပွင့်ရန်အတွက် သော့တစ်ချောင်း လိုအပ်လျက် ရှိနေ၏။ အကယ်၍ ခရမ်းရောင် နတ်နယ်မြေအနေနှင့် ထိုအရာကို ဖွင့်ရန် သော့ရှိသည်ဆိုပါက ကျိန်းသေပေါက် သူတို့အနေနှင့် ဤနေရာကို ဖွင့်ပေးလိုက်မှာဖြစ်သည်။
“အတိတ်တုန်းက ခရမ်းရောင်နတ်နယ်မြေရဲ့ ဘိုးဘေးကြီးက ဒီလိုအခြေအနေမျိုး ကြုံလာလိမ့်မယ်လို့ စိတ်ကူးမိမှာတောင် မဟုတ်ဘူး” ကောင်းကင်ဆန်းကြယ်နတ်အရှင်သည် တီးတိုးပြောလိုက်မိ၏။
ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ခရမ်းရောင်နတ်နယ်မြေ၏ တည်နေရာ ပိုင်နက်ထဲတွင် ပေါ်ပေါက်လာသည် ဆိုခြင်းမှာ မည်သူက စဉ်းစားတွေးတော၍ ရသည့်အရာမျိုး ဖြစ်နေမည်နည်း။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ၏ တည်နေရာသည် ၎င်းတို့၏ ဌာနေအတွင်းသို့ ရောက်ရှိနေခဲ့သည်။
“အင်း”
ကောင်းကင်ဆန်းကြယ်နတ်အရှင်သည် တစ်စုံတစ်ခုကို အာရုံခံမိပုံပေါ်သည်။ ဖြည်းညှင်းစွာ ပြောလိုက်သည်။ “လက်ရှိ အခြေအနေကို သုံးသပ်ရမယ်ဆိုရင် အင်ပါရီယာ ရီကလန်နဲ့ တိုင်ချူး နတ်နယ်မြေတို့က ရောက်လာမယ့်ပုံ မရှိသေးဘူး။”
“ကျုပ် ဒီကိုမလာခင်တုန်းက ဒီဂိုဏ်းနှစ်ခုက လှုပ်ရှားနေကြပြီလို့ ကြားခဲ့တယ်။ ဖန်တီးခြင်းသော့အတွက် အပြင်းအထန် တိုက်ခိုက်ဖို့ ပြင်နေကြတာဖြစ်မယ်”
“ဟမ့်”
ခရမ်းရောင်နတ်အရှင်သည် နှာခေါင်းကို ရှုံ့လိုက်၏။ “သူတို့က သော့ကို အပိုင်သိမ်းဖို့ များတယ်။ ဒါပေမဲ့ သူတို့ အဲလို လုပ်မယ်ဆိုရင် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲမှာ တည်ရှိနေတဲ့ အခွင့်အရေးကို ဘယ်သူရမယ်ဆိုတာ သေသေချာချာ မသိရှိနိုင်ဘူး။ အားလုံးက ဖြစ်နိုင်ရင် ဝင်ကြမှာပဲ”
သူသည် လေဟာနယ်ထဲကို လှမ်းမျှော်ကာ ကြည့်ရှုလိုက်သည်။ တခြားသော သူများအားလုံးသည် တည်နေရာထဲတွင် ပြည့်နှက်လျက် ရှိနေကြ၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေသည်သာ ပွင့်သွားသည်ဆိုပါက ခရမ်းရောင်နတ်နယ်မြေသည်လည်း ကျိန်းသေပေါက် ဝင်ရောက်ကာ လှုပ်ရှားကြမှာဖြစ်၏။ ဖန်တီးခြင်းသော့ မရှိဘူးဆိုလျှင်တောင်မှ ၎င်းတို့သည် အမွေအနှစ်များ၏ အစိတ်အပိုင်း တချို့ကိုတော့ လိုချင်နေသေး၏။ မည်သူမှသည် ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွှတ်လိမ့်မည် မဟုတ်ချေ။
“ရွှေကျီးကန်းကလန်နဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက အဖွဲ့ဝင်တွေ ရောက်လာရင် တိုင်ချုးနတ်နယ်မြေက စပြီး လှုပ်ရှားမှာပဲ” ကောင်းကင်ဆန်းကြယ်နတ်အရှင် က တည်ငြိမ်စွာ ပြောလိုက်၏။
“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဟုတ်လား”
ခရမ်းရောင်နတ်အရှင်သည် မျက်လုံးများ မှေးကျဉ်းကာဖြင့် ဇဝေဇဝါ ဖြစ်မိနေခဲ့၏။ “ရွှေကျီးကန်းကလန်က မွန်းစတားကလန်တွေရဲ့ အစွန်း တော်တော်ဝေးဝေးမှာ တည်ရှိတာလေ။ သူတို့ ဒီကိုရောက်ဖို့အတွက် အချိန်အတော်ကြာလိမ့်အုံးမယ်။ ကျုပ် ဒါကို နားလည်တယ်။ ဒါပေမဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဘာလို့ အချိန်အတော်ကြာ တိတ်ဆိတ်နေရတာလဲ။ ပြီးတော့ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပွင့်သွားတဲ့အချိန်မှာ သူတို့က ဖန်တီးခြင်းသော့ကို ကိုင်ထားတယ် မဟုတ်လား။ ဒီတော့ အခြေအနေဆိုးသွားအောင် စောင့်မျှော်နေလို့ မဖြစ်ဘူးမို့လား”
တစ်ဖက်လူ ပေါ်ပေါက်မလာသည်ကို တွေးတောစဉ်းစားပြီးသည့်နောက် တစ်ဖက်လူသည် ဖန်တီးခြင်းသော့ ကိုများ မပိုင်ဆိုင်ထားလေဘူးလား။ သို့ပေမဲ့ ထိုကဲ့သို့သာ မပိုင်ဆိုင်ထားဘူးဆိုပါက အလင်းထောက်တိုင်ကြီး လေးခုသည် အဘယ်ကြောင့် ပေါ်ပေါက်လာရသနည်း။
“ခင်ဗျားပြောမှပဲ ကျုပ် သတိရသွားတော့တယ်။ တော်ဝင်သဲကန္တာရမြို့က သူလျှိုတွေဆီက သတင်းစကား အရဆိုရင် ကြက်သွေးရောင်မီးတောက်နတ်နယ်မြေရဲ့ တတိယအကြီးအကဲ ရှစ်ရှန်းနန်နဲ့ ယန်ရှိုတို့က ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အရှေ့မှာ ပေါ်လာကြသေးတယ်တဲ့” ကောင်းကင်ဆန်းကြယ်နတ်အရှင် သည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”
ခရမ်းရောင်နတ်အရှင်၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ သူသည် အရှေ့တွင်ရှိနေသည့် ကြေးဂိတ်တံခါးကြီးကို လှမ်းကာကြည့်ရှုပြီး ရုတ်တရက် တစ်မျိုးတစ်ဖုံ ခံစားနေမိ၏။ ဤနေရာထဲတွင် လျှို့ဝှက်ချက်များ တည်ရှိနေလေသည်လား။
များပြားလှသော ဂိုဏ်းအသီးသီး တို့သည် အကြီးအကဲများနှင့် တပည့်များကို စေလွှတ်ခဲ့သည်ဆိုသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ သူတို့၏ သူတော်စင်များသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်၍ သတင်းအချက်အလက်များကို စုစည်းလျက် ရှိနေသောကြောင့်ပင်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားမယ်” ခရမ်းရောင်နတ်အရှင်က ကျယ်လောင်စွာ ပြောလိုက်တော့သည်။ နတ်ဘုရားသင်္ဘောတစ်ခုသည် သူ၏ ခြေထောက်အောက်တွင် ပေါ်ပေါက်လာခဲ့၏။ ပြီးသည့် အလင်းတန်းတစ်ခု အသွင်ပြောင်းကာဖြင့် ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။ လေဟာနယ်ကို ထိုးခွင်းပြီးသည့်နောက် ၎င်းသည် တော်ဝင်သဲကန္တာရမြို့ တည်ရှိရာ နေရာဆီသို့ ဦးတည်သွားနေသည်။
“အင်း... ကြည့်ရတာ ငါ ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ အလိုက်သင့် စီးမျောရတော့မယ်” ကောင်းကင်ဆန်းကြယ်နတ်အရှင်သည် ရယ်မောကာ ပြောဆိုလိုက်၏။