အပိုင်း (၁၅၅)
Vol. 11 Ch. 155
တော်ဝင်သဲကန္တာရမြို့၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏အရှေ့
ခရမ်းရောင်နတ်အရှင်နှင့် ကောင်းကင်ဆန်းကြယ်နတ်အရှင်တို့သည် အတူတကွ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့ အဝင်ဝဆီသို့ ချဉ်းကပ်လိုက်သည့် အချိန်မှာပဲ ရွှေရောင်တိုက်ပွဲဝင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အပြင်ဘက်ဆီသို့ လျှောက်ထွက်လာခဲ့၏။ ၎င်း၏ ရှည်လျားလှသည့် ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက်ရှိနေပြီး မွန်းစတားအော်ရာများသည် ထွက်ပေါ်လျက်ရှိ၏။ ခန္ဓာကိုယ်တစ်ခုလုံး သည် ရွှေရောင်အလင်းတန်းများ တောက်ပလျက် ရှိနေပြီး ခြစ်ခြစ်တောက် ပူလောင်လွန်းလှသည့် နေလုံးကြီး တစ်ခုကဲ့သို့ပင်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အပူဓာတ်သည် ပတ်ဝန်းကျင် တစ်ခုလုံးကိုပင် သက်ရောက်စေခဲ့၏။
“ရွှေကျီးကန်းကလန်လား” ခရမ်းရောင်နတ်အရှင်၏ မျက်စိသူငယ်အိမ်များသည် ကြုံ့ဝင်သွား၏။ သူသည် ဘေးတစ်ဖက်တွင်ရှိနေသော ကောင်းကင်ဆန်းကြယ်နတ်အရှင်နှင့် အကြည့်ချင်း ဖလှယ်လိုက်မိသည်။
၎င်းတို့သည် ထင်မှတ်ထား သည်ထက် စောစွာဖြင့် ရွှေကျီးကန်းကလန်မှ လူသည် ဤနေရာသို့ ရောက်ရှိနေလေ၏။ ကြည့်ရှုရသည်မှာ ဤလူသည် တကယ့်ကို ကောင်းမွန်လှသည့် ပါရမီကို ပိုင်ဆိုင်သူ တစ်ယောက်ပင် ဖြစ်ရပေမည်။ သို့ပေမဲ့ မည်သူဖြစ်သည်ကို သူတို့ မသိရှိခဲ့ချေ။ ထွက်ပေါ်လျက် ရှိနေသည့် အော်ရာများကို သုံးသပ်ရမည်ဆိုလျှင် ငယ်ရွယ်စဉ်ကတည်းက တကယ့်ကို ကြီးမြတ်စွာ နေထိုင်ခဲ့သည့် လူတစ်ယောက် ဖြစ်ပုံပေါ်၏။ ဒုတိယ သို့မဟုတ် တတိယမင်းသားသာလျှင် ဖြစ်နိုင်ကောင်း၏။
“မွန်းစတားကလန်က လူတွေတောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို လာနေတာလား” ခရမ်းရောင် နတ်အရှင်၏ နှလုံးသားများသည် စိုးရိမ်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။
ဤကဲ့သို့သော အခြေအနေသာဆိုလျှင် အားလုံးသော သူများသည် လက်ရှိအခြေအနေ၌ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ၏ သတင်းအချက်အလက်နှင့် ပတ်သက်၍ သတိအပြည့်နှင့် ဖြစ်နေမှာ သေချာ၏။ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေသည် အလှည့်အပြောင်းများ အလွန် များပြားပေလိမ့်မည်။ ဖန်တီးခြင်း လျှို့ဝှက်နယ်မြေ၏ အကြောင်းအရာကို နားမလည်သည့်လူများသည် အမှတ်မထင်ဖြင့် ဝင်သွားသည် ဆိုသည်နှင့် တစ်စုံတစ်ယောက်၏ လှည့်ကွက်ထဲသို့ ကျဆင်းပြီး အကုန်ဒုက္ခများကုန်နိုင်၏။
ရွှေကျီးကန်းကလန်၏ အဖွဲ့ဝင်များသည် နတ်အရှင်နှစ်ယောက်ကို ဖြတ်ကျော်သွားခဲ့၏။ ကောင်းကင် ဆန်းကြယ်နတ်အရှင်သည် ထွက်ခွာသွားသည့် လူများကို လှမ်းကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို လာလည်မိတာ ကံကောင်းခြင်းတရားပဲ”
“ဒါကတော့ အမှန်ပဲ”
ခရမ်းရောင်နတ်အရှင်သည် အသာခေါင်းညိတ်လိုက်၏။ ပြီးနောက် အဝေးတစ်နေရာသို့ ထွက်ခွာသွားခဲ့သည့် ရွှေကျီးကန်းကလန်မှ အဖွဲ့ဝင်များကို လှမ်းမျှော်ကြည့်ရှုလိုက်၏။ ၎င်းတို့ နှစ်ယောက် သည် အကြည့်ပြန်ရုတ်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ခြေလှမ်းဝင်လိုက်၏။
ဤအတောအတွင်း လီယွင်သည် ခုံတန်းရှည်ရှည်တွင် သက်တောင့်သက်သာဖြင့် လှဲလျက်ရှိနေ၏။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာသည်နှင့်အတူ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲသို့ လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြ၏။ အားလုံးသော သူတို့သည် ကြီးမားလှသည့် နောက်ခံကို ပိုင်ဆိုင်ထားကြသူများဖြစ်ပြီး အလွန်လည်း ရက်ရောလွန်းလှ၏။ ထို့ကြောင့် လီယွင်အနေနှင့် ကြီးမားလှသည့် အကျိုးအမြတ်ကို ရရှိခဲ့သည်ဟု ဆိုရမည်။
သူ့အနေနှင့် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေမှ သတင်းအချက်အလက်များကို ဝယ်ယူနိုင်သည်သာမက အသားတင် အမြတ် အနေနှင့် ကောင်းကင်လျှို့ဝှက်အမှတ် ခုနှစ်သိန်းနီးပါးခန့်ကိုပင် ရရှိခဲ့၏။ တကယ့်ကို လုံလောက်သည့် ပမာဏဟု ပြောဆိုရပေမည်။ ထပ်တိုးရောက်ရှိလာသည့် ကောင်းကင်လျှို့ဝှက် အမှတ်များနှင့် ပေါင်းပြီးသည့်နောက် လက်ရှိအခြေအနေ၌ သူ၏ ကောင်းကင်လျှို့ဝှက်အမှတ် သည် တစ်သန်းနီးပါးခန့်ပင် တည်ရှိနေပြီဖြစ်၏။
ဤကဲ့သို့သော ရှုပ်ရှုပ်ထွေးထွေး အခြေအနေမျိုးတွင် ကောင်းကင်လျှို့ဝှက်အမှတ် တစ်သန်းကို ရှာဖွေဖို့ ဆိုသည်မှာ မခက်ခဲလှချေ။ ကောင်းကင်လျှို့ဝှက်အမှတ် တစ်သန်းကျော် ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ သူသည် တော်ဝင်အင်ပါယာဆိုသည့် ဘွဲ့ဂုဏ်ထူးကို ရယူရန် မရဲသေးချေ။ သို့ပေမဲ့ ကွာစီအင်ပါယာတော့ ဖြစ်နိုင်လောက်၏။ နတ်ဘုရားနည်းစနစ်များကို မကျင့်ကြံဘဲ ကွာစီအင်ပါယာ ဖြစ်လာမည် ဆိုလျှင်တောင်မှ ကွာစီအင်ပါယာသည် ကွာစီအင်ပါယာသာ ဖြစ်ပေလိမ့်မည်။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကျင့်ကြံခြင်း အဆင့်ပင်။
ထိုအခြေအနေသို့ရောက်ပါက အတွေးတစ်ချက်နှင့်ပင် မိုင်သန်းချီ အကွာအဝေးကို လွှမ်းခြုံကာ ကြည့်ရှုနိုင်ပေလိမ့်မည်။ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ထွက်ခွာနိုင်ခြင်းမရှိလျှင်တောင်မှ မိုင်သန်းချီ အကွာအဝေး အတွင်းရှိ အရာအကုန်လုံးသည် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ တော်ဝင်သူတော်စင် တစ်ယောက်၊ နှစ်ယောက်လောက်ကို သတ်ဖြတ်ခြင်းဆိုသည်မှာ ပန်းခြံထဲတွင် လမ်းလျှောက်ရသလို လွယ်ကူပေလိမ့်မည်။
လီယွင်သည် သက်ပြင်းချကာဖြင့် တွေးတောလိုက်မိ၏။ “တကယ်ကို ဖန်တီးခြင်းလျှို့ဝှက်နယ်မြေက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကသာ ထွက်ပေါ်လာခဲ့မယ်ဆိုရင်”
လက်ရှိအချိန်မှာတော့ သူသည် ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ လာသည့်လူများကို တွက်ချက်လျက် ရှိနေလေ၏။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပွင့်သွားသည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာသည့် လူများသည် လျော့ကျသွားပေလိမ့်မည်။
ဖန်တီးခြင်းလျှို့ဝှက်နယ်မြေသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် နှင့် အလွန်ဝေးကွာသည့် နေရာတွင် တည်ရှိလျက် ရှိနေ၏။ အားလုံးသောသူတို့သည် တည်နေရာ ရွေ့ပြောင်းခြင်း အဆောင်များကို အသုံးပြုကာဖြင့် အကန့်အသတ်မဲ့ ခရီးသွားလာခြင်းကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ တစ်စုံတစ်ယောက် အနေဖြင့် သတင်းအချက်အလက်ကို ဝယ်ယူချင်သည် ဆိုလျှင်တောင်မှ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပွင့်သွားမည်ဆိုလျှင် ထိုအခွင့်အရေးကို ဝယ်ယူနိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လှည့် စဉ်းစားရမည် ဆိုလျှင် ဤအရာမှာ သူ့အတွက် ဆုံးရှုံးမှုပင်။
“ပြောရမယ်ဆိုရင် ယန်ရှိုက ဒီကိုလာပြီး ဘယ်လိုဖြစ်ပြီး အစောကြီး ပြန်ထွက်သွားရတာလဲ” လီယွင်သည် မျက်မှောင်ကုတ်ကာ တွေးတောနေမိ၏။
ကြက်သွေးရောင်မီးတောက်နတ်နယ်မြေမှလူများ ရောက်ရှိမလာခင် ယန်ရှို ရောက်ရှိလာသည်ကို သူက အာရုံခံမိ၏။ သို့ပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ယန်ရှိုသည် ပြန်လည်ထွက်ခွာသွားခဲ့၏။ ဤအရာသည် သူ့အား အမှန်ပင် ကြောင်အအဖြစ်စေခဲ့သည်။ သူသည် ရောင်စဉ်အလင်းနတ်နယ်မြေမှ အခြေခံအရင်းအမြစ်များ အားလုံးကို သိမ်းဆည်းရယူခဲ့သည့် ယန်ရှို ဆီမှ အကျိုးအမြတ်များ ရယူရန် စဉ်းစား ထားသောကြောင့်ပင်။
“စီနီယာ...”
ထိုအချိန်မှာပဲ လူနှစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာခဲ့ပြီး လီယွင်၏ အတွေးများကို ပြတ်တောက်စေခဲ့၏။
“အင်း...”
လီယွင်သည် ခေါင်းကို အသာလှည့်ကြည့်လိုက်တော့ လူနှစ်ယောက်ကို မြင်လိုက်၏။ သူ၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ ယန်ရှို မရောက်ရှိလာသည်ဆိုသော်လည်း တခြားသော နတ်အရှင် နှစ်ယောက် ရောက်ရှိလာခဲ့၏။ ကောင်းမွန်နေသေးသည်။
ခရမ်းရောင်နတ်နယ်မြေနှင့် ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းတို့သည် ၎င်းတို့နည်း ၎င်းတို့ဟန်နှင့် အားကောင်းလှသူများဖြစ်သည်။ ဤဂိုဏ်းနှစ်ခု၏ ပူးပေါင်းမှုသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းထက် ပိုမိုကာ သာလွန်၏။
ထို့ကြောင့် လီယွင်သည် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေမှ သတင်းအချက်အလက်များကို အမြတ်အစွန်း များများနှင့် ရောင်းချနိုင်စွမ်းရှိသလို တစ်ဖက်လူများမှာလည်း ဝယ်ယူနိုင်စွမ်း ရှိသည့်လူများဖြစ်လို့နေသည်။
“ကျေးဇူးပြုပြီး ထိုင်ပါအုံး”
လီယွင်သည် လက်ကို အသာယမ်းခါလိုက်၏။ ထိုင်ခုံနှစ်ခုသည် သူ၏ရှေ့တွင် ပေါ်ပေါက်လာ၏။
ပုံမှန်အားဖြင့် မတူညီသည့် ဂိုဏ်းအသီးသီးမှ အဖွဲ့ဝင်နှစ်ယောက်တို့သည် အကွာအဝေးတချို့ ထိန်းသိမ်းထား ရမည်ဖြစ်၏။ ကြည့်ရသည်မှာ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် တွက်ကပ်တတ်သည့် လူများ ဖြစ်ပုံမပေါ်ချေ။ မဟုတ်ပါက တူတူလှမ်းလျှောက်ဝင်လာလိမ့်မည် မဟုတ်ချေ။
“ကျေးဇူးပါပဲ စီနီယာ”
ခရမ်းရောင်နတ်အရှင်နှင့် ကောင်းကင်ဆန်းကြယ်နတ်အရှင်တို့သည် ကျေးဇူးတင်စကားကို ပြောဆိုပြီးသည့်နောက် အသီးသီး ထိုင်ခုံတွင် ဝင်ရောက်ကာ ထိုင်လိုက်ကြသည်။
“ခင်ဗျားတို့နှစ်ယောက်က ဖန်တီးခြင်းလျှို့ဝှက်နယ်မြေအတွက် ရောက်ရှိလာတာလား” လီယွင်က အမှတ်မထင် မေးမြန်းလိုက်၏။
“ဟုတ်ပါတယ်” နှစ်ယောက်သားသည် ခေါင်းညိတ်လိုက်ကြသည်။
“ဖန်တီးခြင်းလျှို့ဝှက်နယ်မြေရဲ့ အခြေခံအချက်နဲ့ ပတ်သက်ပြီးတော့ သူတော်စင်အဆင့် ပစ္စည်းတစ်ခု ကုန်ကျလိမ့်မယ်။ ဒါကို ဝယ်ပြီးသွားရင် တစ်ယောက်တည်းကသာ ကြည့်လို့ရမယ်။ တခြားသူတွေကို ထုတ်ဖော်ပြောလို့ မဖြစ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ စည်းမျဉ်းစည်းကမ်းပဲ” လီယွင်သည် အချက်အလက်များကို တိကျသေချာစွာဖြင့် ပြောဆိုလိုက်၏။
တခြားသောသူများသာ ဆိုပါက ဤစည်းမျဉ်းကို ထုတ်ဖော်ပြောဆိုမိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ သတင်းရောင်းချခဲ့ဖူးသူများသည် သူတို့ရရှိခဲ့သည့် အချက်အလက်များကို တစ်ဖက်လူများကို ပြောဆိုလိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ ခရမ်းရောင်နတ်နယ်မြေနှင့် ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းမှာတော့ ခြားနားလွန်းလှ၏။ ၎င်းတို့၏ ဆက်ဆံရေးသည် အမှန်ပင် နီးကပ်လွန်းလှ၏။ လီယွင်အနေနှင့် သတင်းအချက်အလက်များကို မျှဝေကာ သုံးစွဲသွားမည်ကို စိုးရွံ့နေမိ၏။ ထို့ကြောင့် သူသည် ဤစည်းမျဉ်းကို ထပ်မံထည့်သွင်းခဲ့ခြင်းပင်။
ခရမ်းရောင်နတ်အရှင်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။ လီယွင် တွေးတောသည့် အရာများအားလုံးကို ပြုလုပ်ရန် စိတ်ထဲ၌ ကြိုတင် စီစဉ်ထားခဲ့ပြီးသား ဖြစ်၏။ မလာခင်ကပင် သေသေချာချာ ဆွေးနွေးခဲ့သေး၏။ သတင်းအချက်အလက်များကို ဝယ်ယူသည့် နေရာတွင် တစ်ယောက်တစ်ဝက် စိုက်ထုတ်မည်ဆိုသည့် သဘောပင်။
ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် အကြောင်းအရာများကို နားလည်ရန်အတွက် ပိုက်ဆံ တစ်ဝက်လောက် အသုံးပြုရခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် အရာပင်ဖြစ်၏။ လျှို့ဝှက်နယ်မြေ၏ အတွင်းဘက်တွင် ခရမ်းရောင်နတ်နယ်မြေနှင့် ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းတို့သည် ပြိုင်တူဆိုသလို လှုပ်ရှားမည်ဆိုပါက တခြားသော ဂိုဏ်းအသီးသီးတို့အား စိုးရိမ်စရာမရှိတော့ချေ။
အင်ပါရီယာရီကလန်နှင့် ရွှေကျီးကန်းကလန်တို့နှင့် ရင်ဆိုင်တွေ့ရမည် ဆိုလျှင်တောင်မှ ၎င်းတို့သည် ၎င်းတို့၏ အားအင်အဆင့်ကို လိုလိုချင်ချင်နှင့် စမ်းသပ်ရန် စိတ်ဆန္ဒရှိလို့နေခဲ့သည်။