အပိုင်း (၁၅၆)
Vol. 11 Ch. 156
ခရမ်းရောင် နတ်အရှင်နှင့် ကောင်းကင်ဆန်းကြယ်နတ်အရှင်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ခြင်း ဖလှယ်လိုက်၏။ ပြီးနောက် ၎င်းတို့သည် လီယွင်၏ရှေ့သို့ သူတော်စင်အဆင့် ပစ္စည်းများကို တစ်ခါတည်း ချပေးလိုက်ကြ၏။
“အင်း”
လီယွင်သည် ခေါင်းညိတ်လိုက်၏။ ကျောက်စိမ်ပြားတစ်ခုသည် သူ၏လက်ထဲတွင် ပေါ်ပေါက်လာခဲ့ပြီး ခရမ်းရောင် နတ်အရှင်၏ လက်ထဲသို့ ရောက်ရှိသွား၏ ။ သူသည် ထပ်မံကာ ပြောလိုက်သည်။
"တော်ဝင် သူတော်စင်အဆင့် စိတ်ဝိညာဉ် ဆေးလုံးနှစ်ခုဖြစ်တဲ့ ခရမ်းရောင် တိမ်သူတော်စင် ဆေးပင် နဲ့ ဗောဓိ ဓားစိတ်ဝိညာဉ်သစ်သီး တို့ရဲ့ အကြမ်းဖျင်း မြေပုံတစ်ခုကို သူတော်စင်အဆင့် ပစ္စည်းသုံးခုနဲ့ လိုချင်လို့လား။ ကွမ်စီအင်ပါယာ စိတ်ဝိညာဉ်ဆေးပင်တွေအတွက်တော့ မေ့လိုက်တော့။ ခင်ဗျားတို့နှစ်ယောက် ချမ်းသာသမျှ အကုန်ပေါင်းရင်တောင်မှ တတ်နိုင်မှာ မဟုတ်ဘူး"
“ဟမ် ….”
ခရမ်းရောင် နတ်အရှင်နှင့် ကောင်းကင်ဆန်းကြယ် နတ်အရှင်တို့သည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားများကို ကိုင်ကြည့်လိုက်၏။ ၎င်းတို့သည် အထဲသို့ ကြည့်ရှုရန် အခွင့်အရေး မရခဲ့ချေ။ လီယွင်ပြောဆိုသည့် ထပ်ပြောလိုက်သည့် စကားကို ကြားရပြီးသည့်နောက် တွန့်ခနဲပင် ဖြစ်သွားကြ၏။ ဘာတွေဖြစ်နေသနည်း။ ကောင်းကင်လျို့ဝှက် နန်းဆောင်အရှင်သည် အစောကြီးကတည်းက အရာအားလုံးကို ပြောပြနေသလိုပင်။
"စီနီယာ …. စီနီယာပြောချင်တာက ဖန်တီးခြင်းလျို့ဝှက် နယ်မြေထဲမှာ ကွမ်စီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်တွေ ရှိနေတယ်လို့ ဆိုလိုချင်တာလား။ " ကောင်းကင်ဆန်းကြယ် နတ်အရှင်သည် သေသေချာချာ အာရုံစူးစိုက်ကာဖြင့် မေးမြန်းလိုက်၏။
"ဟုတ်တယ်"
လီယွင်သည် တစ်ချက်ကလေးမှ မငြင်းပဲ ခေါင်းညိတ်လိုက်၏။ သူ ဘာမှ မပြောလျှင်တောင်မှ ဤအရာနှင့် ပတ်သက်ပြီး အားလုံးက ခန့်မှန်းပြီး ဖြစ်ပေလိမ့်မည်။ သူက ဆက်လက်ကာ ပြောဆိုလိုက်သည်။
"ဒါပေမဲ့ အစီအရင်တစ်ခု ရှိနေသေးတယ်။ အစီအရင်ကို မချိုးဖျက်နိင်ရင် သူတော်စင်တစ်ယောက် ဆိုရင်တောင်မှ အထဲကို ဝင်တာနဲ့ သေလိမ့်မယ်။ သူတော်စင်အဆင့်အောက် ဆိုရင် စဉ်းစားနေစရာတောင် မလိုဘူး"
“အင်း ….”
ကောင်းကင်ဆန်းကြယ် နတ်အရှင်၏ မျက်နှာတစ်ခုလုံးသည် လေးနက်သွားခဲ့၏။ ဖန်တီးခြင်း လျို့ဝှက် နယ်မြေထဲတွင် များပြားလွန်းလှသော အခွင့်အရေးများ တည်ရှိနေသည်။ သို့ပေမဲ့ မည်သူမှ မထိတွေ့နိုင်ပုံပင်။
သို့ပေမဲ့ ထိုအရာသည် အလုံးစုံ တိကျသည့် အရာတော့ မဟုတ်ပေ။ ဉပမာအားဖြင့် အရင်းအမြစ်များများကို ပေးအပ်ကာ သတင်းအချက်အလက်များ ဝယ်ယူထားသော တစ်စုံတစ်ယောက်အတွက်ပင်။
၎င်းတို့သည် ကျောက်စိမ်းပြားတွင် တည်ရှိနေသည့် အကြောင်းအရာများကို ကြည့်ရှုပြီးသည့်နောက် သိုလှောင်လက်စွပ်များကို စစ်ဆေးလိုက်၏။ သူတို့၌ သူတော်စင်အဆင့် ပစ္စည်းများ များများစားစား မရှိလှချေ။ ထို့အပြင် နတ်အဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်သောကြောင့် သူတော်စင်အဆင့် ပစ္စည်းများ ရှိသည်ဆိုလျှင်တောင်မှ အရေအတွက်အရ မများနိုင်ပေ။ ဤမျှအထိ ထုတ်ပေးနိုင်သည်ကပင် အံ့အားသင့်၊ ချီးကျူးစရာ ဖြစ်နေလောက်သည်။ သာမာန် နတ်အရှင်တစ်ယောက်သာ ဆိုလျှင် သူတော်စင် အဆင့် ဆေးပုလင်းကိုပင် ထုတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအရာများသည် စျေးကြီးလွန်းလှသည့် အရာများ ဖြစ်နေသည် မဟုတ်ပါလား။
"စီနီယာ "
ခရမ်းရောင် နတ်အရှင်သည် ကျောက်စိမ်းပြားကို သိမ်းဆည်းပြီးနောက် အသက်ကို ပြင်းပြင်ရှုကာ လေးလေးနက်နက် ပြောလိုက်၏။ "စီနီယာကို မေးချင်တာက ခရမ်းရောင်တိမ် သူတော်စင် ဆေးပင်အကြောင်းကို မေးချင်ပါတယ်။ တခြားသူတွေက အဲဒီသတင်းကို ဝယ်ပြီးသွားပြီလား"
"နတ်အဆင့် ပစ္စည်းတစ်ခု" လီယွင်သည် လက်တစ်ချောင်း ထောင်ပြလိုက်သည်။
"နတ်အဆင့် ပစ္စည်းတစ်ခု ဟုတ်လား" ခရမ်းရောင် နတ်အရှင်၏ မျက်နှာတစ်ခုလုံး၌ စိတ်သက်သာရာ ရသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူသည် လက်ဝါးကို အသာလှန်ပြီးသည့်နောက် နတ်အဆင့် ဆေးလုံးတစ်ပုလင်းကို ထုတ်ကာ လီယွင်ဆီသို့ အသာ ကမ်းပေးလိုက်၏။
"အင်း …. ဝယ်ပြီးပြီ" လီယွင်သည် စကားတစ်ခွန်းကို ပြောပြီသည့်နောက် ဆေးလုံးကို လက်ခံလိုက်သည်။
တခြားတစ်ဖက်တွင် ရှိနေသော ခရမ်းရောင် နတ်အရှင်သည် မျက်လုံးများ ချာချာလည်လျက် ရှိနေ၏။ အရင်းအမြစ်များကို သိမ်းဆည်းသွားသည့် အမြန်နှုန်းသည် အလွန်မြန်ဆန်မနေပေဘူးလား။ ထို့အပြင် ဝယ်ပြီးပြီဆိုလျှင် မည်သူက ဝယ်သွားသည်၊ မည်သည့် အချိန်က ဝယ်သွားသည် ဆိုသော အကြောင်းအရင်းလောက်ကိုတော့ ဆက်လက်ကာ ပြောပြသင့်သည် မဟုတ်ပါလား။ ထိုမှသာ သူတို့ ကြိုတင်ကာ စီစဉ်စရာ ရှိသည်များကို စီစဉ်နိုင်ပေလိမ့်မည်။
"မေးပါရစေ နန်းဆောင်သခင်"
ခရမ်းရောင် နတ်အရှင်သည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူသည် နတ်အဆင့် ပစ္စည်းတစ်ခုကို လီယွင်၏ ရှေ့သို့ ထုတ်ယူကာဖြင့် မေးလိုက်သည်။ "အစီအရင်ကို ဝယ်ယူခဲ့တာ ဘယ်သူလဲ၊ ဘယ်ဂိုဏ်းကလဲ။ "
"တန်ဖိုးက မလုံလောက်သေးဘူး" လီယွင်သည် တစ်ချက်လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။
နတ်အဆင့် ပစ္စည်းတစ်ခုသည် အဓိကဂိုဏ်းတစ်ခု၏ နာမည်ကို ပြောပြရန် လုံလောက်သည့် ပစ္စည်းမျိုး မဟုတ်ချေ။ ထို့ပြင် ဤသတင်းကို ဝယ်သွားသူသည် အဓိက ဖောက်သည်ကြီးလည်း ဖြစ်လို့နေ၏။
နန်းဆောင်သခင်အနေဖြင့် မည်သည့် စည်းကမ်းမှ မရှိပေဘူးလား။ မရှိပေ။ အကယ်၍ ပိုက်ဆံများများသာ ထပ်ပေးသည် ဆိုပါက သိချင်သည်ကို သိခွင့် ရပေလိမ့်မည်။
“အင်း….”
ခရမ်းရောင် နတ်အရှင်၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွားလေ၏။ သူသည် လက်ထဲတွင် ရှိနေသော နတ်အဆင့် ပစ္စည်းတစ်ခုကို ငုံ့ကြည့်လိုက်၏။ မျက်ရည်များ မထွက်သည် ဆိုလျှင်တောင်မှ ငိုချင်စိတ်ပင် ပေါက်မိနေ၏။ ဤအရာသည် လုံလောက်သည် တန်ဖိုး မရှိဘူးဆိုပါက ဘာဖြစ်မည်နည်း။ သူတော်စင်အဆင့် ပစ္စည်းများလား။ သူ့၌ ထိုအရာသည် သုံးခုသာရှိ၏။
ခရမ်းရောင် တိမ်ပင်လယ် ဆေးပင်သည် မည်သည့်နေရာတွင် ရှိသည်နှင့် ဘယ်သူဝယ်ယူသွားသည်ကို သိရှိရန်အတွက် ဤမျှ ခက်ခဲလှသည်လား။ သို့ပေမဲ့ ပြိုင်ဖက်ကိုသာ သိရှိသည် ဆိုပါက သူ့အနေဖြင့် ပြုလုပ်စရာများကို ပြုလုပ်နိုင်စွမ်း ရှိသည်။
"စီနီယာ …. ဗောဓိဓား စိတ်ဝိညာဉ်သစ်သီးကို တစ်စုံတစ်ယောက် ဝယ်ယူသွားခဲ့ပြီလား။ " ကောင်းကင်ဆန်းကြယ် နတ်အရှင်သည် ခဏလောက် တိတ်ဆိတ် ငြိမ်သက်ပြီးနောက် မေးမြန်းလိုက်၏။
လီယွင်သည် မည်သည့် စကားကိုမှ မဆိုချေ။ ထိုအစား လက်ဝါးကိုသာ ဖြန့်ပြလိုက်သည်။
ကောင်းကင်ဆန်းကြယ် နတ်အရှင်သည် နတ်အဆင့် ပစ္စည်းတစ်ခုကို လီယွင်လက်ထဲသို့ တင်ပေးလိုက်၏။
လီယွင်သည် ထိုအရာကို ချက်ချင်း လက်ခံလိုက်၏။ ပြီးနောက် ခေါင်းညိတ်ကာဖြင့် တစ်လုံးတည်းသော စကားကို ပြောဆိုလိုက် သည်။ "အင်း"
ချက်ချင်းဆိုသလိုပင် နှစ်ယောက်သားသည် စာခြောက်ရုပ်များကဲ့သို့ တွေတွေကြီး မတ်မတ်ရပ်နေမိသည်။ ကြည့်ရသည်မှာ ၎င်းတို့နှစ်ယောက်သည် နောက်ကျသွားခဲ့ပုံပင်။ တစ်စုံတစ်ယောက်သည် သတင်းအချက်အလက်များ အားလုံးကို ဝယ်ယူသွားခဲ့သည် ပုံပင်။ သူတော်စင်အဆင့် စိတ်ဝိညာဉ် ဆေးပင်မျာ မည်သည့်နေရာတွင် ရှိကြောင်း သူတို့ ဆက်လက် ဝယ်ယူသင့်သလား။ ဒုတိယတန်းစား အချက်အလက်များ ဖြစ်သောကြောင့် သူတို့အနေဖြင့် အကျိုးကျေးဇူး သိပ်မရှိလှချေ။
နှစ်ယောက်လုံးကို ကြည့်ရှုပြီးနောက် လီယွင်သည် ခဏလောက် တုန့်ဆိုင်းသွား၏။ ပြီးနောက် ပြောလိုက်သည်။ "အင်း …. သတင်းအချက်အလက်တစ်ခုကို အလကားပေးလိုက်မယ်"
သူ့အနေဖြင့် ဤနှစ်ယောက်ကို ဤအတိုင်း ထွက်ခွာစေ၍ မဖြစ်ချေ။
"ဘာလဲ" နှစ်ယောက်သားသည် ချက်ချင်းပဲ သတိပြန်ဝင်လာကြ၏။ ပြီးတောက် အားတက်တရောဖြင့် မေးမြန်းလိုက်၏။
လီယွင်သည် ထိုနှစ်ယောက်ကို ကြည့်ရှုပြီး အသာပြောလိုက်သည် "ဒီသတင်းအချက်အလက်ကို ဝယ်ယူသွားတဲ့ လူက သူတော်စင်အဆင့် ဆေးပင်တွေ ဘယ်မှာရှိလဲဆိုတာ မသိဘူး"
ဟမ်
ထိုအရာကို ကြားသည့် အချိန်မှာတော့ နှစ်ယောက်သား၏ မျက်လုံးများသည် ဝင်းလက်သွား၏။ ထိုသို့ဆိုလျှင် သူတို့အတွက် လုပ်နိုင်စွမ်းရှိပေလိမ့်မည်။ ထိုသတင်းကိုသာ ပထမဆုံးရပါက ပထမဆုံး ပိုင်ဆိုင်သူများ ဖြစ်လာမှာ သေချာ၏။
နှစ်ယောက်သားသည် အကြည့်ချင်းဖလှယ်ပြီးနောက် လက်ကို အသီးသီး ယမ်းခါလိုက်ကြသည်။ သူတော်စင်အဆင့် ပစ္စည်း ခြောက်ခုသည် လီယွင်၏ ရှေ့တွင် ပေါ်ပေါက်လာသည်။
ထိုအရာကို မြင်တော့ လီယွင်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။ သူသည် ကျောက်စိမ်းပြားနှစ်ခုကို အသာပစ်ပေးကာ ထိုနှစ်ယောက်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ "ဒါခင်ဗျားတို့လိုချင်တဲ့ သတင်းအချက်အလက်တွေပဲ"
"ကျေးဇူးပါ စီနီယာ" နှစ်ယောက်သားသည် ကျောက်စိမ်းပြားများကို သိမ်းဆည်းပြီးသည့်နောက် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် ဦးညွှတ်ကာ အရိုသေပေးကာ တစ်ခါတည်း ထွက်ခွာသွားကြသည်။