အပိုင်း (၁၆၁)
Vol. 11 Ch. 161
“သေလမ်းရှာတယ်ဆို တာလည်း စွမ်းဆောင်ရည် တစ်ခုပဲ”
ရွှေကျီးကန်းကလန်မှ အကြီးဆုံးမင်းသား၏ အသံက ထွက်ပေါ်လာခဲ့၏။ ရွှေရောင်အလင်းတန်းများသည် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေ၏။ သူသည် အပြင်ဘက်တွင် ရှိနေသည့် လူများကို လှမ်းကာကြည့်ရှုရင်း ထူးမခြားနားသလို ပြောလိုက်၏။ “အထဲသို့ ဝင်ကြစို့”
သူ၏အသံ ထွက်ပေါ်လာလာချင်းမှာပဲ မိုးခြိမ်းသံသည် ထွက်ပေါ်လာ၏။ ရွှေရောင်ရထားလုံးကြီးသည် ကောင်းကင်ကို ဖြတ်သန်းကာဖြင့် အရှေ့ဆီသို့ တိုးလာလေ၏။ များပြားလှသည့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများကို သယ်ဆောင်ပြီး ကြေးဂိတ်တံခါးထဲသို့ လှမ်းဝင်လိုက်၏။ ဤတစ်ကြိမ် မှာတော့ ကြေးဂိတ်တံခါးကြီး သည် ငြိမ်ငြိမ်သက်သက် တည်ရှိနေပြီး မည်သည့် လှိုင်းနှင့် အသံမှ ထွက်ပေါ် မလာခဲ့ချေ။
“ဘာတွေ ဖြစ်နေတာလဲ။ ဘယ်လို ဖြစ်နိုင်မှာလဲ”
“ဝမ်ဟွာနတ်နယ်မြေက အကြီးအကဲ ခုဏကလေးတင် ဝင်သွားပြီးတော့ မိုးကြိုးနဲ့ ပြဿနာတက်ခဲ့တယ်လေ။ အခု ရွှေကျီးကန်းကလန်ကလူတွေ ဝင်သွားတဲ့အခါကျတော့ ဘာမှ မဖြစ်ပါလား”
“ကြေးဂိတ်တံခါးကြီးက ဖန်တီးခြင်းသော့ ပိုင်ဆိုင်တဲ့လူတွေကိုပဲ အထဲ ဝင်ခွင့်ပေးတာလား” များပြားလှသော လူများသည် အပူတပြင်း ဆွေးနွေးလိုက်ကြ၏။
၎င်းတို့သည် မျက်စိရှေ့တွင် ဖြစ်နေသည့် အဖြစ်အပျက်များကို လက်မခံနိုင်သလို ဖြစ်နေ၏။ သူတို့၏ လူသားအင်ပါယာ ချန်ခဲ့သည့် လျှို့ဝှက်နယ်မြေသည် လူသားကလန်များသာ ဝင်ခွင့်ရသည့် အရာဖြစ်သင့်၏။ သို့ပေမဲ့ အဘယ်ကြောင့် မွန်းစတားကလန်မှ လူအားလုံးကို တုံ့ပြန်မှု မရှိဘဲ ဝင်ခွင့်ပေးနေရသနည်း။ တကယ်ပင် ဆန်းကြယ်လွန်းလှချေသည်။
“ချန်အာ... အရှေ့က လမ်းကို ဦးဆောင်သွား။ မင်းအဖေ ပြောခဲ့တဲ့ဟာတွေကို မှတ်ထားနော်။ ဖန်တီးခြင်းလျှို့ဝှက် နယ်မြေထဲမှာရှိတဲ့ အရာတွေက ငါတို့ဘိုးဘေး ချန်ထားခဲ့တာ ဆိုပေမဲ့ တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေတွေ ရှိနေသေးတယ်။ သတိထားတော့” ရီချင်းမင်သည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။
“ကောင်းပါပြီအဖေ”
ရီချန်သည် ခေါင်းညိတ်လိုက်၏။ ဤအတောအတွင်း အင်ပါရီယာ ရီကလန်အနေနှင့် များပြား လွန်းလှသည့် စိတ်ဝိညာဉ်ဆေးပင်နှင့် ဆေးလုံးများကို ရင်းနှီးမြှုပ်နှံ့ခဲ့၏။ ရီချန်၏ ဒဏ်ရာများသည် မြန်မြန်ဆန်ဆန်ဖြင့် ပြန်လည်ကာ ကောင်းမွန်ခဲ့ပြီး ၎င်း၏ အားအင်အဆင့်သည်လည်း အနည်းငယ် ပိုမိုကာ တိုးတက်ခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိသည့် အော်ရာများသည် အချိန်မရွေး အဆင့်ချိုးဖြတ်တော့မည့် အရိပ်အယောင်မျိုး ထွက်ပေါ်လျက် ရှိနေသည်။
ရီချန်သည် လေဟာနယ်ထဲသို့ လှမ်းတက်လိုက်ပြီးသည့်နောက် များပြားလှသည့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ အကြီးအကဲများသည် နောက်သို့ လိုက်ပါသွားခဲ့၏။ တစ်လှမ်းပြီး တစ်လှမ်း လှမ်းလျှောက်ပြီး သည့်နောက် သူသည် ကြေးဂိတ်တံခါးကြီးဆီသို့ ဝင်ရောက်လိုက်၏။
အချိန်တိုအတွင်းမှာပဲ ခရမ်းရောင်နတ်နယ်မြေမှ နတ်သားတော်သည် ၎င်း၏ အဖွဲ့နှင့်အတူ ကောင်းကင်ယံဆီသို့ ပျံတက်လာပြီး ကြေးဂိတ်တံခါးထဲသို့ ဝင်ရောက်လိုက်သည်။
“အမ်.. ခရမ်းရောင်နတ်နယ်မြေက လူတွေလည်း ဝင်သွားတာလား”
“အင်း.. သူတို့ဆီမှ ဖန်တီးခြင်းသော့မှ မရှိတာ။ ဘယ်လိုဝင်သွားတာလဲ”
“ခင်ဗျား သတိမပြုမိဘူးလား။ အခု အထဲကို ဝင်သွားတဲ့ လူတွေအကုန်လုံးကို ကြည့်လိုက်။ နတ်အရှင်အဆင့်ထက် ပိုပြီး အဆင့်မြင့်တဲ့လူ တစ်ယောက်မှ မပါဘူး။ ဒါက အကန့်အသတ်တစ်ခု ဖြစ်နေနိုင်တယ်”
“ဒါကတော့ ဟုတ်တယ်”
ရှိနေကြသည့် လူများအားလုံးသည် အရူးများ မဟုတ်ကြချေ။ မျက်စိရှေ့တွင် မြင်နေရသည့် မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် အစစ်အမှန်တရားကို အချိန်အတိုင်းအတာတိုအတွင်း ခန့်မှန်း တွေးတောနိုင်ခဲ့ပြီ ဖြစ်၏။ အနည်းဆုံးအနေနှင့် ဤကြေးဂိတ်တံခါးကြီး တားဆီးထားသည့် စည်းမျဉ်းဥပဒေသကို ၎င်းတို့က နားလည်သွားခဲ့ကြ၏။
ရလဒ်အနေဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူများ အားလုံးတို့သည် အဓိကဂိုဏ်းများ၏ နောက်မှကပ်ကာ လိုက်ပါသွားခဲ့ကြ၏။ ၎င်းတို့သည် အတူတကွဆိုသလိုပဲ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လိုက်ကြ သည်။
“ဒီတော့ ဒါက ဖန်တီးခြင်းလျှို့ဝှက်နယ်မြေရဲ့ စည်းမျဉ်းဥပဒေသ တစ်ခုပေါ့”
တော်ဝင်ချင်နိုင်ငံတော်၏ မိုးကောင်းကင်နတ်မြင်းကို စီးနင်းထားသည့် လူငယ်တစ်ယောက်သည် ကြေးဂိတ်တံခါးကြီးကို လှမ်းကာ ကြည့်ရှုလျက် ရှိ၏။ ၎င်း၏ မျက်နှာပေါ်တွင်တော့ ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို သူဝယ်ယူခဲ့သည် မဟုတ်သော်လည်း သူ့အနေနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို သေသေချာချာ လေ့လာအကဲဖြတ် သုံးသပ်နိုင်သည်ဟု တိတိကျကျ ယုံကြည်လျက် ရှိ၏။ သူသည် တခြားသူများ မတွေး၊ မမြင်နိုင်သည့် အရာများအားလုံးကို တွေးတောမြင်နိုင်စွမ်း ရှိသည်။
သတိအပြည့်သာ တည်ရှိသည်ဆိုပါက ဖန်တီးခြင်းလျှို့ဝှက်နယ်မြေအတွင်းတွင် ရှိနေသည့် အန္တရာယ်များသည် သူ့အတွက် အန္တရာယ် မဟုတ်နိုင်ချေ။ တော်ဝင်ချင်နိုင်ငံ တတိယမင်းသား၏ စိတ်ထဲတွင်တော့ ရှင်းလင်းသည့် အကြံအစည်များ တည်ရှိနေ၏။
သူသည် အနောက်မှ လိုက်ပါလာသည့် လူများကို တစ်ချက်လှမ်းကြည့်ကာ ထူးမခြားနားသလို ပြောလိုက်သည်။ “ဝင်ကြစို့။ ကျုပ်တို့အားအင်အဆင့်က သူတော်စင်ထက် မပိုသ၍ ကျုပ်တို့က လုံခြုံတယ်လေ”
ပြီးသည့်နောက် တော်ဝင်ချင်နိုင်ငံတော်မှ အင်အားစုများသည် ဖန်တီးခြင်း လျှို့ဝှက်နယ်မြေထဲသို့ အလျင်အမြန် ဝင်ရောက်လိုက်၏။ သို့ပေမဲ့ သူတို့ အထဲသို့ ဝင်ပြီး ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပဲ မိုးခြိမ်းသံကြီး တစ်ခုက ပေါ်လာ၏။
ဝုန်း
နားကွဲလောက်အောင် ကျယ်လောင်သည့် မိုးကြိုးသံကြီးသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွား၏။ တောင်ကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ပြီး ကျောက်စိုင် ကျောက်မွှားများသည် တိမ်များဆီသို့ပင် လွင့်စင်သွားခဲ့လေ၏။ အငွေ့များ တထောင်းထောင်း ထလျက်ရှိပြီး ကြက်သွေးရောင် မျက်လုံးကြီးတစ်စုံသည် ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်ယံထက်တွင် နေလုံးနှစ်စင်း ထွန်းထားသကဲ့သို့ပင် မျက်လုံးများမှာ စူးရှလွန်း၏။ ထိုမျက်လုံးဆီမှ သွေးအော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ဤအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် သားရဲကြီးဖြစ်ပြီး ပုံပန်းသွင်ပြင်တစ်ခုနှင့်ပင် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။ ခန္ဓာကိုယ်ကြီးသည် ပေထောင်ပေါင်းများစွာ ကြီးမားလွန်းလှပြီး ရှေးနတ်ဆိုးတောင်တန်းကြီး တစ်ခုကဲ့သို့ပင် ထင်ရှားနေ၏။ ၎င်း လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံကြီးများ ထွက်ပေါ်စေ၏။
ကောင်းကင်၏ အထက် လေထုတစ်ခုလုံးသည် ကွဲကြေသွားသကဲ့သို့ပင်။ အပေါ်တွင် ရှိနေသည့် တိမ်များပင်လျှင် အချိန်မရွေး ပြုတ်ကျလာတော့မည်ဟန်ပန်မျိုး ဖြစ်နေသည်။
“ဒါဘာကြီးလဲ”
တော်ဝင်ချင်နိုင်ငံတော် တတိယမင်းသား၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့၏။ မျက်လုံးများသည် ကြီးမားလှသည့် သတ္တဝါသားရဲကြီးကို ကြောက်လန့်တကြားဖြင့် ကြည့်ရှုလိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ ဤကဲ့သို့သော သားရဲမျိုးသည် အပြင်ဘက်လောကတွင် မြင်လေ့မြင်ထရှိသည့်အရာမျိုး မဟုတ်ပေ။
မွန်းစတားကလန်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ကြသည် ဆိုသော်လည်း သွေးချီစွမ်းအင်များကို ကြည့်ရှုမည်ဆိုလျှင် ဤအကောင်ကြီးသည် ပိုမိုကာ ကြမ်းတမ်းလွန်း၏။
ဘုန်း
ကောင်းကင်ယံဆီသို့ ကြမ်းတမ်းလှသည့် အော်ရာများ ထိုးတက်သွားခဲ့ပြီး ကြီးမားလွန်းလှသည့် သားရဲကြီး၏ အော်ဟစ်သံနှင့်အတူ သွေးချီများသည် ကောင်းကင်ယံတစ်ခုလုံးကို ပြည့်နှက်သွား၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ခြေလက်လေးဖက်တို့သည် လှုပ်ရှားသွား၏။ ၎င်းသည် ချက်ချင်းဆိုသလိုပဲ လေဟာနယ်ထဲသို့ ရောက်ရှိသွားသည်။
ဒုန်း ...။
ကျယ်လောင်လှသော အသံကြီးနှင့်အတူ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် ကွဲကြေသွားခဲ့၏။ များပြား လှသည့် သွေးကဲ့သို့သော မြူများသည် မြေပြင်ပေါ်တွင် ပျံ့နှံ့သွားခဲ့၏။
တော်ဝင်ချင်နိုင်ငံတော်၏ တတိယမင်းသား သည် ဝင်ဝင်ချင်းမှာပဲ ဖိနှိပ်ကာ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ အတူတူ ဝင်ရောက်လာခဲ့သည့် တခြားသော ဂိုဏ်းဂဏ အသီးသီးမှ လူများသည်လည်း တူညီသည့် ကံကြမ္မာကို ခံစားလိုက်ရ၏။ နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ အစောင့် အနည်းငယ်သာလျှင် မြန်မြန်ဆန်ဆန်ဖြင့် အနောက်သို့ ဆုတ်ခွာရင်း အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
“ဒီထဲမှာ ကြမ်းတမ်းလှတဲ့ သားရဲရိုင်းတွေ ရှိနေသေးတာလား” လူပေါင်းများစွာတို့သည် ဆွံ့အသွားကြ၏။
ဤသားရဲကြီးသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည့် သားရဲကြီးတစ်ကောင်ဖြစ်ပြီး မထင်မှတ်ထား လောက်အောင်ပဲ ဖန်တီးခြင်းလျှို့ ဝှက်နယ်မြေထဲတွင် ပေါ်ပေါက်လာခဲ့၏။ ကြည့်ရသည်မှာ ဆာလောင်မွတ်သိပ်နေပုံလည်း ပေါ်သည်။
တစ်ယောက်ချင်းစီသည် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ပြီး တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်မည် ဆိုပါက အသက်ရှင်ကျန်ရစ်ခဲ့ဖို့ ဆိုသည်မှာ လုံးဝလွယ်ကူလှသည့်အရာမျိုး မဟုတ်ချေ။ ဤသားရဲရိုင်းကြီးများသည် တွေးခေါ်နိုင်စွမ်း နိမ့်ပါးသည်ကလွဲလျှင် ၎င်းတို့၏ ခန္ဓာကိုယ်မှာတော့ အဆင့်တူခြင်း တွင် ပြိုင်ဘက်ကင်း၏။
မွန်းစတားကလန်ထဲတွင် ရှိနေသည့် တကယ့် ထိပ်တန်း တော်ဝင်မျိုးဆက်ကို ပိုင်ဆိုင်သည့်လူများသာလျှင် ၎င်းတို့နှင့် ခန္ဓာကိုယ်ချင်း ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။ လူသားကလန်မှ လူသားများ ပိုင်ဆိုင် ကြသည့် ခန္ဓာကိုယ်စွမ်းအင်နှင့်ဆိုလျှင် ဘယ်လိုမှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့် အရာမျိုး မဟုတ်ချေ။
“တပည့်.. မင်း အထဲကို သွားသင့်ပြီ”
ယန်ရှိုသည် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ အထဲကို လှမ်းကြည့်ကာဖြင့် လှည့်ကာ ပြောလိုက်၏။
“ဟမ်” ကျန်းပိုင်ချွမ်းသည် ဆွံ့အသွားမိခဲ့၏။
ဆရာ... ကျုပ်တို့ကြားမှာ ဘာရန်ငြိုး ရှိလို့လဲ။ အထဲမှာ ခုဏကလေးတင် တကယ့်ကို ကြမ်းတမ်းတဲ့ သားရဲကြီးပေါ်လာတာ လှမ်းမြင်လိုက်တယ်လေ။ ဘယ်လိုဖြစ်ပြီး ဒီအချိန်ကြမှ တပည့်ကို သွားဖို့ပြောနေရတာလဲ။ မြန်မြန် သွားသေစေချင်နေတာလား။
၎င်း၏ လက်ထဲတွင် သူတော်စင်တစ်ယောက်၏ တိုက်ခိုက်ချက် ခြောက်ချက်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသည့် ကျောက်စိမ်းပြား တည်ရှိနေသည်ဆိုသော်လည်း ကြမ်းတမ်းလှသည့် သားရဲရိုင်းများနှင့်တော့ ရင်ဆိုင်တွေ့ရမည့် အခြေအနေမျိုးပင်။ တိုက်ခိုက်ချက် မည်မျှများများကို ခုခံရမည်ဆိုသည်ကို သူ မသိရှိနိုင်ချေ။
သားရဲများသည် စိတ်တစ်ခုတည်းသာလျှင်ရှိ၏။ ၎င်းတို့သည် တစ်စုံတစ်ခုကို ပစ်မှတ်ထားသည် ဆိုပါက အဆင်ခြင်မဲ့ ကြမ်းကြမ်းတမ်းတမ်းနှင့် လိုက်ပါ တိုက်ခိုက်တတ်ကြ၏။ သူတို့၏ ပစ်မှတ် သေဆုံးပြီးမှသာလျှင် ၎င်းတို့၏ စိတ်သည် တခြားဘက်ကို ပြောင်း၏။
သာမန် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး နိဗ္ဗာနအဆင့်၏ ထိပ်ဆုံးတွင် ရှိသော သူသည် ကောင်းကင်ပါရမီရှင် စာရင်းထဲသို့ပင် ဝင်ရောက်နိုင်ခြင်း မရှိချေ။ ထိုကဲ့သို့သောသူအတွက် သားရဲရိုင်းကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ဆိုသည်မှာ တခါတည်း သေဆုံးသွားခြင်း အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။
“စိတ်မပူနဲ့။ မင်း သေမှာမဟုတ်ဘူး”
ယန်ရှိုသည် အသာလှမ်းပြီးသည့်နောက် ကျန်းပိုင်ချွမ်း၏ ကုပ်ကို လှမ်းဆွဲလိုက်၏။ ပြီးနောက် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲသို့ တိုက်ရိုက်ဆိုသလိုပဲ ပစ်ထည့်လိုက်တော့သည်။
“ဆရာ......”
လေဟာနယ်ထဲတွင် ဆရာဟု အော်ခေါ်သော အသံကြီးသည် ပဲ့တင်ထပ်သွား၏။ ကြားရသည့်သူများ အားလုံးတို့သည် စိတ်ထဲတွင် နှလုံးကွဲလုမတတ်ပင် ခံစားလိုက်မိကြ၏။