အပိုင်း (၁၆၂)
Vol. 11 Ch. 162
ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ အထဲတွင်တော့ များပြားလှသည့် ကျင့်ကြံသူများသည် လေဟာနယ်ကို ဖြတ်သန်းကာဖြင့် တလက်လက် တောက်ပသော အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ ပျံသန်း သွားခဲ့ကြ၏။
နတ်အဆင့် ကြမ်းတမ်းလှသည့် သားရဲရိုင်းကြီးသည် ကြောက်မက်ဖွယ်ရာ တကယ်ပင် ကောင်းလှ၏။ သို့ပေမဲ့ ၎င်းထွက်လာပြီး မကြာခင်မှာပဲ နတ်အဆင့်စွမ်းအားမြင့် ကျင့်ကြံသူ တော်တော်များများတို့သည် ရှောင်တိမ်းကာဖြင့် အဝေးတစ်နေရာသို့ သွားနှင့်နေပြီဖြစ်သည်။
တော်ဝင်ချင်နိုင်ငံတော်ဆီမှ ကံဆိုးလှသည့် လူများမှာတော့ ဝင်ဝင်ချင်းပင် ထိုကဲ့သို့သော သားရဲကြီးနှင့် ရင်ဆိုင်တွေ့ခဲ့ရသည်။ ကံဆိုးသည်ဟုပင် သုံးသပ်ရမှာဖြစ်၏။ ရှောင်ရှားကာ သွားနိုင်ကြပြီဖြစ်သော လူများကို ကံကောင်းသည်ဟု သုံးသပ်ရမည်လား။ ထိုသို့ပြောဆိုရန် စောလွန်းနေသေး၏။
ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့်အန္တရာယ်များကို ရင်ဆိုင်ရန်တော့ ကြိုတင်ကာ ပြင်ဆင် ထားနိုင်လျှင်တော့ အဆင်ပြေကောင်း ပြေနိုင်လောက်၏။ အန္တရာယ်နှင့်ပတ်သက်၍ မည်သည့် အသိပညာ ဗဟုသုတမှ မရှိဘူးဆိုပါက ကျိန်းသေပေါက် သေခြင်းတရား၏ တံခါးပေါက်ဆီသို့ လှမ်းဝင်သွားရမှာပင်။
“ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ”
ယန်ရှိုသည် ကြက်သွေးရောင်ဂိတ်တံခါးကြီးကို လှမ်းကြည့်ကာဖြင့် ၎င်း၏မျက်လုံးများသည် တလက်လက် တောက်ပနေ၏။ တီးတိုးရေရွတ်ပြီးသည့်နောက် သူ၏ ပုံပန်းသွင်ပြင်သည် ချက်ခြင်းဆိုသလိုပဲ ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပဲ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေကြီးအတွင်းမှာတော့ ကျန်းပိုင်ချွမ်းသည် တောင်စောင်း၏ရှေ့ တစ်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းသည် တုန်ယင်လျက်ရှိနေသည့် နှလုံးသားကို တည်ငြိမ်အောင် ကြိုးစားလျက် ရှိနေ၏။ ၎င်းသည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးကို လေ့လာသုံးသပ်နေမိသည်။
သူ၏ရှေ့တွင် ရှိနေသော ချောက်ကမ်းပါးကြီးသည် အလွန်များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်လျက်ရှိနေပြီး အထဲတွင် စိတ်ဝိညာဉ်ဆေးပင်များလည်း များများစားစား ပေါက်ရောက်လျက် ရှိနေသည့် ရှေးယခင် ခေတ်ကာလတစ်ခုစီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်။ ရှားပါးလှသည့် ဆေးပင် များသည် တည်နေရာအနှံ့တွင် ရှိလို့နေ၏။ စိတ်ဝိညာဉ်ဆေးပင် တော်တော်များများတို့သည် ပြင်ပလောက တွင် ရှာဖွေတွေ့ရှိနိုင်စွမ်းရှိသည့်အရာမျိုး မဟုတ်ပေ။
ဂလု
ကျန်းပိုင်ချွမ်းသည် တံတွေးကို မျိုချလိုက်မိ၏။ သူသည် ကောင်းကင်ကို မော့ကာ ကြည့်ရှုသည့်အချိန်မှာတော့ တိမ်များကို ဖြတ်သန်းကာဖြင့် ပျံသန်းလာခဲ့သည့် အလင်းတန်းများကို မြင်နေရ၏။
ရေတွက်၍ မရအောင် များပြားလှသည့် လူများတို့သည် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းဆီသို့ ဦးတည်ကာ ပျံသန်းသွားခဲ့ ကြ၏။ အဝင်ဝ၌ နေခဲ့သည့် လူအနည်းငယ်သည် တစ်ကိုယ်တော် ကျင့်ကြံသူများသာလျှင် ဖြစ်၏။ ဆယ်မိုင်ပတ်ဝန်းကျင်အထိ လှည့်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် လူတစ်ယောက်ကို တွေ့ဆုံရန်ပင် အလွန် ခက်ခဲလွန်းလှသည်။
“အင်း... တစ်ကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတာတွေ ဖြစ်လာတော့မှာပဲ”
ကျန်းပိုင်ချွမ်း သည် သူ၏ နှလုံးသားထဲတွင်ရှိနေသည့် ကြောက်ရွံ့မှုများ အားလုံးကို ဖိနှိပ်ကာဖြင့် တီးတိုးရေရွတ်လိုက်၏။ သူသည် စိတ်ဝိညာဉ်ဆေးပင်တစ်ခုကို အသာခူးယူကာဖြင့် သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်၏။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ နတ်သားတော်ဖြစ်သော်လည်း သူသည် တစ်ခြားသော ပါရမီရှင်များနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း မရှိပေ။ သို့ပေမဲ့ တစ်ကိုယ်တော်ကျင့်ကြံသူများကို တိုက်ခိုက်အနိုင်ယူရန် ဆိုသည်မှာတော့ ပြဿနာ မဟုတ်ပေ။
သူ၏ ဆရာသည် သူ့အား အထဲသို့ဝင်ရန် စေခိုင်းခဲ့သည် မဟုတ်ပါလား။ အထဲသို့ ရောက်ရှိပြီဆိုသည်နှင့် သူ၏ တာဝန် ပြည့်စုံပြီဖြစ်သည်။ ထို့ကြောင့် အဝင်ဝတွင် လှည့်လည်ကာ လျှောက်သွားရင်း တချို့သော စိတ်ဝိညာဉ်ဆေးပင်များကို သိမ်းဆည်းကာ ပြန်လည် ထွက်ခွာသွားရန် သူက စဉ်းစားထား၏။
ထို့ပြင် တခြားသော နတ်သားတော်များ အားလုံးသည် ရေတွက်၍ မရအောင် များပြားလှသည့် နတ်အရှင် များ၏ ထောက်ပံ့ကူညီစောင့်ရှောက်မှုကို ခံနေရပြီး ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်ဆီသို့ ဦးတည်ကာ သွားနေကြသည်။
သို့ပေမဲ့ သူ .....ကျန်းပိုင်ချွမ်းမှာတော့ အဖော်ဟူ၍ တစ်ယောက်မှ မရှိချေ။ သူ၏ လက်ရှိ နိဗ္ဗာနအဆင့် ကျင့်ကြံခြင်းဖြင့် နတ်အဆင့်သားရဲများကို ရင်ဆိုင်ရသည်ဆိုလျှင် ကျိန်းသေပေါက် သေဆုံးသွားမှာ သေချာ၏။
ကျန်းပိုင်ချွမ်းသည် အနီးအနား တည်နေရာတစ်ခုဆီ လှမ်းကာကြည့်ရှုလိုက်တော့ အရည်အဖြစ်သို့ ပြောင်းလဲနေသော စိတ်ဝိညာဉ်စွမ်းအင်များကို တွေ့လိုက်ရသည်။
လက်ကို အသာမြှောက်လိုက်တော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စုပ်ယူခြင်းစွမ်းအင် တစ်ခု ပေါ်ပေါက်လာသည်။ သူသည် ထိုစိတ်ဝိညာဉ်အရည်များကို စတင်ကာ သိမ်းဆည်းလိုက်၏။ ပြီးနောက် ခြေထောက်တစ်ချက်ဆောင့်ပြီး ကောင်းကင်ယံပေါ်သို့ ပျံတက်လိုက်၏။
တောင်စောင်း၏ ထိပ်တည်နေရာဆီသို့ ပျံသန်းလိုက်သည်။ ထိုတည်နေရာသည် ဝင်ပေါက်ဝနှင့် မနီးမဝေး တည်ရှိနေသောကြောင့် မည်သည့် အန္တရာယ်မှ မရှိလှချေ။ ထို့ပြင် အန္တရာယ်တစ်ခုခုရှိသည်ဆိုရင်လည်း ပေါ်လာနှင့်ပြီး ဖြစ်ပေလိမ့်မည်။
စောဏကတွေ့ခဲ့သည့် သားရဲကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိနေပြီး ပတ်ဝန်းကျင်တောင်တန်းများကိုပင် ပျက်စီးသွားစေခဲ့၏။ ထို့ကြောင့် ဒုတိယသားရဲ တစ်ကောင်ကောင် တည်ရှိနေမည့် အရိပ်သင်္ကေတမျိုး မရှိချေ။
ဤတည်နေရာတွင် နေထိုင်ခြင်းဖြင့် လုံခြုံပေလိမ့်မည်။ သို့ပေမဲ့ သူ့အနေနှင့် ထိုအတွေးကို အပြည့်အစုံ အကောင်အထည် မဖော်ရသေးခင်မှာဘဲ တောင်စောင်းပေါ်သို့ နင်းတက်ထားသည့် သူ၏ ညာဘက် ခြေထောက်သည် တစ်ခါတည်း မြင့်တက်သွား၏။ သူသည် ကြောက်လန့်တကြား ဖြစ်သွားခဲ့၏။ ချက်ချင်းဆိုသလိုပဲ မိုင်ဒါဇင်တော်တော် ဝေးဝေးဆီသို့ ခုန်လိုက်မိသည်။
ကျန်းပိုင်ချွမ်း ထွက်ခွာပြီး မကြာခင်မှာပဲ အမဲရောင်တိမ်မြူများသည် တည်နေရာတွင် ဖြစ်တည်လာခဲ့ပြီး ပေထောင်နှင့်ချီ တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ထိုတည်နေရာတွင်တည်နေသည့် သက်ရှိသတ္တဝါ များအားလုံးတို့သည် အရိုးဖြူအပုံလိုက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။
“ချီးထဲမှ... ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ နတ်သားတော်ကတော့ သွေးမြူခြင်တွေကို သွားနှိုးလိုက်တာကိုး။ ဒီခွေးသူတောင်းစားကတော့ လုပ်လိုက်ပြီ။ ဒီလောက်များတဲ့ သွေးမြူခြင်တွေကို နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်တောင်မှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
ကြောက်မက်ဖွယ်ရာကောင်းလှတဲ့ သွေးမြူခြင်များ၏ အရေအတွက်ကို မြင်ရသည့်အချိန်မှာတော့ စိတ်ဝိညာဉ်ဆေးပင်များကို ခူးဆွတ်လျက်ရှိနေကြသည့် လူတော်တော်များများတို့၏ မျက်နှာများသည် ပြောင်းလဲသွား၏။
သူတို့သည် ကျန်းပိုင်ချွမ်းနှင့် တူညီသည့်အကြံအစည် တည်ရှိကြသူများ ဖြစ်သည်။ သူတို့သည် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ၏ အတွင်းဘက်ကို ဝင်ရန် အစီအစဉ် မရှိကြချေ။ ထို့ပြင် ၎င်းတို့၏ အားအင်အဆင့်အနေနှင့် ကောင်းမွန်သည့်အရာများကို ရင်ဆိုင်တွေ့ရသည်ဆိုလျှင်တောင်မှ နတ်သားတော် တချို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်ချေ။ ကြမ်းတမ်းလှသည့် သားရဲရိုင်းများ၏ တိုက်ခိုက်ချက် ကိုလည်း ခုခံနိုင်လိမ့်မည် မဟုတ်သည်မှာသေချာသည်။
ထို့ကြောင့် ကြေးဂိတ်တံခါး၏ မနီးမဝေး တည်နေရာတွင် နေထိုင်ခြင်းကသာ ၎င်းတို့အတွက် အလုံခြုံဆုံး ဖြစ်ပေမည်။ သို့ပေမဲ့ သူတို့ မထင်မှတ်ထားလောက်အောင်ဘဲ ကြမ်းတမ်းလှသည့် သားရဲရိုင်းကြီး တစ်ကောင်သည် အဝေးတည်နေရာဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သော်လည်း ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ နတ်သားတော်သည် သွေးမြူခြင်အဖွဲ့လိုက်ကြီးကို သွားရောက်ကာ ခေါ်ဆောင်လာ၏။
တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် ဘာအခွင့်အရေးမှ မရှိတော့လေသည်လား။
မိုင်တစ်ထောင် အကွာအဝေးတွင် အလင်းတန်းတစ်ခုက ဆင်းသက်လာခဲ့၏။ ကျန်းပိုင်ချွမ်း သည် စိတ်သက်သာရာရသလို သက်ပြင်းကို ချလိုက်မိသည်ဆိုသော်လည်း သူ၏မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဖြူလျော်လျက်တော့ ရှိနေသေး၏။ ဤတည်နေရာသည် အမှန်ပင် အန္တရာယ်များလွန်းလှ၏။ ခြေချရာ တည်နေရာတိုင်းတွင် ကြမ်းတမ်းလှသည့် သားရဲကြီးများလည်း ပုန်းအောင်းနေသည်။
အစတုန်းက တောင်ထွတ်အရွယ်အစားရှိသည့် ကြမ်းတမ်းလှသော သားရဲရိုင်းကြီး တစ်ကောင် ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် သွေးမြူခြင်များပင် ပေါ်လာခဲ့သည်။ ထိုကဲ့သို့သော အကောင်သေးသေးလေးများသည် အဖွဲ့လိုက်ကြီး ပေါင်းစုနေသည့်အချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေမျိုးဖြစ်တည်လာခဲ့၏။ နောက်ထပ် ဘာတွေ့ရမည်နည်း။
သူ၏ ခြေထောက်အောက်တွင်ရှိသည့် တည်နေရာကြီးကပင် ကြမ်းတမ်းလှသော သားရဲကြီးများပင် ဖြစ်နေနိုင်၏။ ထိုအရာကို တွေးကြည့်သည့်အချိန်မှာတော့ ကျန်းပိုင်ချွမ်းသည် ကြောက်လန့် တုန်လှုပ်စွာဖြင့် အသက်ကိုပင် ရဲရဲ မရှူရဲသလိုဖြစ်မိနေ၏။
တွေးနေတုန်းမှာပဲ သူ၏ခြေထောက်အောက်တွင် ရှိနေသည့် မြေပြင်တစ်ခုလုံးသည် ကွဲအက်သွားပြီး ပဲ့တင်သံကြီး တစ်ခု ထွက်ပေါ်လာ၏။ ကျောက်တုံးများသည် အဝေးတစ်နေရာစီသို့ လွင့်စင်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် သွေးအော်ရာများသည် ကောင်းကင်ယံဆီသို့ ဆူတက်လာသည်။
သူသည် တစ်ချက်ကလေးမှ မခုခံနိုင်ခဲ့တော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ အနောက်ဖက်သို့ လွင့်စင်သွားလေ၏။
ဘန်း
ကျန်းပိုင်ချွမ်းသည် တောင်တစ်ခုနှင့်သွားရောက်ကာ ရိုက်နှက်ပြီး သူ၏မျက်နှာတစ်ခုလုံးသည် စိုးရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက်သွား၏။ မျက်နှာပေါ်တွင် သွေးရောင်ပင်မရှိတော့ချေ။ ကွဲအက်သွားခဲ့သည့် တောင်ကြီး တစ်ခုကို လှမ်းကာကြည့်ရှုလိုက်သည့် အချိန်မှာတော့ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ထကာ အော်ဟစ်လိုက်မိသည် “နတ်အရှင်အဆင့် .... အမလေး .... သွားပြီပဲ”
တကယ်ပင် သူမဖြစ်စေချင်သည့်အရာကြီးပဲ ဖြစ်လာခဲ့၏။ သူ၏နှလုံးသားတစ်ခုလုံးသည် အေးခဲသွား၏။ သူတစ်ယောက်ပဲ ရှိသည်။ နတ်အဆင့်အကြီးအကဲများသည် သူနှင့်အတူလိုက်ပါမလာခဲ့ချေ။ နတ်အဆင့် သားရဲရိုင်းကြီးနှင့် ရင်ဆိုင်တွေ့ရခြင်း ဆိုသည်မှာ သေဆုံးရန် ထိုင်စောင့်နေခြင်းနှင့် ဘာမှမကွာခြားလိမ့်မည် မဟုတ်ချေ။ တစ်ခြားသော ရွေးချယ်ခွင့်များကိုလည်း သူသည် တွေးတော၍ မနိုင်ခဲ့ချေ။
မျှော်လင့်ချက် အားလုံးကို လက်လျော့အရှုံးပေးပြီးသည့်နောက် ကျန်းပိုင်ချွမ်း၏ လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားသည် ချက်ခြင်း ဆိုသလိုပဲ လင်းလက်လာခဲ့၏။ ထိုအချိန်မှာပဲ ယန်ရှို၏ အလောတကြီး အော်ဟစ်သံသည် ထိုအထဲမှ ထွက်ပေါ်လာခဲ့၏။
“တပည့် မြန်မြန်ပြေးတော့။ မင်းရဲ့အရှေ့ မိုင်သုံးဆယ်မှာ သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် တစ်ခုရှိတယ်။ ဖန်တီးခြင်းရှေးတော်ဝင်အင်ပါယာ ဖန်တီးခဲ့တဲ့ အတားအဆီးအစီအရင်တစ်ခုက အဲ့မှာ ရှိနေတယ်။ မင်းအထဲမှာ ပုန်းလိုက်မယ်ဆိုရင် အသက်ရှင်နိုင်လိမ့်မယ်၊ ကန့်သတ်ချက်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းက ဒါပဲ။ မြန်မြန်မှတ်ထားတော့။ မင်းအနေနဲ့ အချိန် အသက်ဆယ်ရှိုက်စာ ရလိမ့်မယ်။
“ဟမ်”
စိတ်ပျက်လျက် ရှိနေတုန်းမှာပဲ ကျန်းပိုင်ချွမ်းသည် သူ၏ဆရာအသံကို ကြားလိုက်ရ၏။ သူ၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ မယုံကြည်နိုင်သလိုပင်ဖြစ်မိနေ၏။ ကြည့်ရသည်မှာ မထင်မှတ်ထားသည့် အရာမျိုး တကယ်ပင် ဖြစ်လို့လာခဲ့သည်။
မတ်တပ်ထရပ်ပြီး အနားပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ သူ့ဆရာ အနီးအနားတွင် မရှိကြောင်း သေချာသွားခဲ့သည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ သတင်း ပြန်ပို့လိုက်၏။ “ဆရာ... တပည့် အန္တရာယ် ကျရောက်နေတာကို ဘယ်လိုလုပ်သိတာလဲ၊ ပြီးတော့ ဒီသတင်းအချက်က ဘယ်နေရာကနေ ရောက်လာတာလဲ။ တပည့်ကို မညာပါနဲ့”
“ဆရာက ကောင်းကင်လျှို့ဝှက်နန်းဆောင်မှာပဲ” နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ယန်ရှိုသည် အသံပို့လွှတ် လိုက်တော့၏။ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သို့ ရောက်ရှိနေခြင်းပင် ဖြစ်လေသည်။