လီဟွမ်းယန်
Vol. 80 Ch. 1187
"အသင်္ချေနတ်ဆိုးအရိပ်ဟုတ်လား.."
"ဒါက တစ်စုံတစ်ယောက်ရဲ့ စိတ်ထဲကို အရိပ်စွမ်းအားထည့်သွင်းနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိုင်တဲ့ စွမ်းရည်တစ်ခုပဲ"
ကျန်းယင်ယွဲ့က ပြန်ဖြေလိုက်သည်။
သူမက လီဟွမ်းယန်နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူး၍ ဤစွမ်း ရည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ရှင်း လင်းစွာ နားလည်ခဲ့သည်။
ထိုစွမ်းအား၏ သက်ရောက်မှုကိုခံရလျှင် ပတ်၀န်းကျင်အပေါ် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေသည်။
၎င်းသည် အားကောင်းသော စိတ်ပိုင်းဆိုင်ရာ အနှောင့်အ ယှက်ပေးသည့် အမျိုးအစား စွမ်းရည်တစ်ခု ဖြစ်သည်။
အရိပ်တာအိုစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုမျိုးသည် နှလုံးသားထဲတွင် နက်ရှိုင်းစွာ စိမ့်၀င်နေသောကြောင့် တခဏအတွင်း လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။
စိတ်တည်ငြိမ်စေသည့် ကောင်းကင်တာအိုစွမ်းရည်ကို အသုံးပြုခဲ့လျှင်ပင် အသုံး၀င်မည် မဟုတ်ပေ။
"ဒါဆို ဒီစွမ်းရည်က စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု အမျိုးအစားစွမ်းရည်ပေါ့"
ကျန်းယင်ယွဲ့၏ ပြောပြချက်ကို နားထောင်ပြီးနောက်တွင် ထွင်ထျန်းဟာသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
ဤကဲ့သို့ အရိပ်ရုပ်သွင်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ သူ၏ ကြိုတင်စုံစမ်းမှုသည် အလွန်ပင် တန်ဖိုးရှိခဲ့သည်။
ဤတစ်ခေါက် မစ်ရှင်တွင် သူတို့သုံးယောက်ကို ဆရာလေး လင်းသည် နောက်ကွယ်မှ ကြိုးကိုင်သူနှင့် ပတ်သက်၍ ဂရုတစိုက် အလေးအနက်ထားရန် ညွှန်ကြားထားခဲ့သည်။
သို့သော်လည်း မစ်ရှင်ဆောင်ရွက်နေသည့် လုပ်ငန်းစဥ်တွင် သူတို့သည် အရိပ်တာအိုနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ပိုမို၍ စုဆောင်းလာနိုင်ခဲ့၏။
ထိုအချိန်မှာပင် ကျောက်စက်ပန်းဆွဲလှိုဏ်ဂူ၏ မှောင်မိုက်သော နေရာကနေ ခြေသံများ ထွက်ပေါ်လာပြီး အနက်ရောင်ဆံပင်ရှည်ရှိသည့် လူငယ်တစ်ယောက်သည် သူတို့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
လူငယ်က အနက်ရောင် ကိုယ်ကျပ်၀တ်စုံကို ၀တ်ဆင်ထားပြီး ခါးတွင်ပတ်ထားသည့် အနက်ရောင်ခါးပတ်သည် လူငယ်၏ ပိန်ပါးပါးခန္ဓာကိုယ်ကို ပေါ်လွင်စေခဲ့သည်။
ထွင်ထျန်းဟာက လီဟွမ်းယန် ဟူသည့်နာမည်ကို အနည်းငယ်ရင်းနှီးသလို ခံစားခဲ့ရသည်။
"ဒီနာမည်ကို ငါအရင်က ဘယ်နေရာမှာ ကြားဖူးပါလိမ့်.."
"သူက ကွယ်လွန်သွားပြီဖြစ်တဲ့ လက်သီးဆရာသခင် လီရှောင်ကိုင်ရဲ့သားပါ"
ထွင်ထျန်းဟာက ပြောလိုက်သည်။
ရှင်သန်ထမြောက်လာသူများထဲတွင် အမှောင်နက်ဝေါ့ခ်မှ ရာဇ၀တ်ကောင်များအပြင် တခြားသော သူများလည်းရှိ၏။
၎င်းတို့မှာ အတိတ်ကာလတွင် မမျှော်လင့်ဘဲ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ရသည့် ဖြောင့်မတ်သော ကျင့်ကြံသူများ ဖြစ်သည်။
ထိုအထဲတွင် လီရှောင်ကိုင်၏သား ဖြစ်သည့် လီဟွမ်းယန်လည်း ပါ၀င်၏။
နာမည်ကျော် ကိုယ်ခံပညာရှင် လီရှောင်ကိုင်သည် သူ၏ မွေးနေ့ပွဲတွင် ဟင်းလင်းပြင်တံခါးကို ဖျက်ဆီးပြီး အထဲသို့၀င်သွားခဲ့သည်။
ထိုအချိန်မှစ၍ သူ၏သား လီဟွမ်းယန်သည် သူ၏ အဖေကို ရှာဖွေရန်အတွက် နည်းလမ်းကို ရှာဖွေနေရင်း အဆုံးသတ်တွင် အသက်ဆုံးရှုံးခဲ့ရသည်။
"လီဟွမ်းယန်က သူ့အဖေ မသေဆုံးသေးဘူးလို့ အမြဲယုံကြည်ခဲ့ပြီး ဟင်းလင်းပြင်တံခါးမှာ ပိတ်မိနေလို့ ပြန်မလာနိုင်တာလို့ တရားသေ မှတ်ထားခဲ့တယ်.. ဒါကြောင့်ပဲ သူ့အဖေကို ကယ်တင်ဖို့အတွက် ဟင်းလင်းပြင်တံခါးကို ထပ်မံဖွင့်ဖို့ အစွ မ်းကုန် ကြိုးစားခဲ့တာပဲ"
ငွေရောင်လေးသည် ထိုအချိန်က သမိုင်းကြောင်းကို လေ့လာခဲ့ဖူးသည်။
သူက ၀တ္ထုရေးရန်အတွက် ဖေဖေ၀မ်၏ ၀တ္ထုများနှင့် တခြားသော ၀တ္ထုအမျိုးမျိုးကို လေ့လာနေခဲ့ပြီး ဗဟုသုတမှန်သမျှကို သူ၏ မှတ်ဥာဏ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။
ဆိုရလျှင် သူ၏ဦးနှောက်ထဲတွင် ၀တ္ထုရေးသားရန် အတွက် ကုန်ကြမ်းများသည် အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။
ယင်းမှာ ယနေ့ခေတ်တွင် ကုန်ကြမ်းရရှိရန်အတွက် အပြင်သို့ထွက်မည်ဟု အကြောင်းပြချက်ပေး၍ အပြာ၀တ္ထုများရေးသားနေသည့် စာရေးဆရာများထက် ပို၍ သာလွန်သည်။
"ဒါဆို လီဟွမ်းယန်က ဟင်းလင်းပြင်ဂိတ်တံခါး ဖွင့်တာ ကျရှုံးခဲ့ပုံပဲ"
"ဟုတ်တယ်.. လီဟွမ်းယန်က ဟင်းလင်းပြင်ဂိတ်တံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးခဲ့ရတယ်.. အဲဒီနောက်မှာ သူ့ရဲ့ ခန္ဓာကိုယ်ကို ဟင်းလင်းပြင် စိတ်၀ိညာဥ်စွမ်းရည်က တိုက်စားသွားခဲ့တယ်.. သူ့အလောင်းကို ရှာတွေ့တဲ့အချိန်မှာ လက်၀ါးတစ်၀က်စာလောက်ပဲ ကျန်တော့တယ်လို့ ပြောကြတယ်"
ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့ ဆွေးနွေးနေကြသောအချိန်တွင် ၀မ်ကျန်းသည် အခြေအနေကို သုံးသပ်နေခဲ့သည်။
နောက်ကွယ်မှကြိုးကိုင်သူ၏ အစီအစဥ်များက ခန့်မှန်းရခက်သည်ဟု သူခံစားမိသည်။
၎င်းက ဆိုးသွမ်းသည့် ရာဇ၀တ်ကောင်များကို ပြန်လည်ရှင်သန်စေခဲ့ရုံသာမက ဖြောင့်မတ်သည့် ကျင့်ကြံသူ အချို့ကိုပါ ပြန်လည်ရှင်သန်စေခဲ့သည်။
"လီဟွမ်းယန်က လက်သီးဆရာသခင် လီရှောင်ကိုင်ရဲ့သားပဲ.. သူက တစ်သက်လုံး တရားမျှတမှုကိုပဲ မြတ်နိုးခဲ့တဲ့ လူတစ်ယောက်ပဲဖြစ်တယ်.. ဒါပေမဲ့ သူ့မျက်လုံးထဲက အကြည့်ကို မင်းမြင်လား အခုအချိန်မှာ သူက ထိန်းချုပ်မှု လွတ်ကင်းနေခဲ့ပြီ"
ငွေရောင်လေးသည် အဝေးကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည့် လီဟွမ်းယန်ကို ကြည့်နေခဲ့သည်။
လီဟွမ်းယန်၏ မျက်လုံးများသည် အသိစိတ်ကင်းမဲ့သလို ဖြစ်နေခဲ့၏။
သူ့ကိုကြည့်ရသည်မှာ ထိန်းချုပ်ခံထားရသည့် အခြေအနေတွင်ရှိနေပြီး မျက်ဆံများသည်လည်း တောက်ပမှုမရှိပေ။
နာမည်ကျော် ကိုယ်ခံပညာရှင် လီရှောင်ကိုင်၏ သားသည် ယခုအခါတွင် ပြန်လည်ရှင်သန်လာခဲ့ပြီး ပိုမို အားကောင်းသည့် အရိပ်တာအို စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့၏။
ဤကဲ့သို့ အရေးကြီးသောအချိန်တွင် လီဟွမ်းယန်သည် တစ်ချိန်က ဖြောင့်မတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့လျှင်ပင် မစ်ရှင် ဆောင်ရွက်နေသည့် အချိန်အတွင်း ၀မ်ကျန်း၏ အလုပ်မှာ တားဆီးသူ မှန်သမျှကို တိုက်ခိုက်ရန် ဖြစ်သည်။
လီဟွမ်းယန်က သူ၏ကိုယ်ပိုင် ဆုံးဖြတ်ချက်အရ ပစ်မှတ်တစ်ခုကို ရွေးချယ်ခဲ့သည်။
သူ၏ပစ်မှတ်မှာ ၀မ်ကျန်းပင် ဖြစ်၏။
"မင်းက ငါ့ကို မင်းရဲ့ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်တာလား"
၀မ်ကျန်းက ရှေ့ကို ခြေလှမ်းလှမ်းလိုက်သည်။
သူက လီဟွမ်းယန်၏ မျက်လုံးထဲကနေ ရန်လိုမှုနှင့် သတ်ဖြတ်လိုစိတ်ကို ခံစားခဲ့ရ၏။
၀မ်ကျန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ၏ ပြိုင်ဘက်ကင်းရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြင့်သာ ယှဥ်ပြိုင်လျှင် လီဟွမ်းယန်သည် သူ၏ ပြိုင်ဘက်မဖြစ်နိုင်ဟု သူခံစားခဲ့ရသည်။
တကယ်တမ်းတွင် သူသည် နတ်ဘုရားနယ်မြေတွင် ကူ မိသားစု၏ သခင်လေး ကူချန်နှင့် မကြာခဏ တိုက်ခိုက်ခဲ့ဖူးသည်။
သူက အကြိမ်တိုင်းတွင် ရှုံးနိမ့်ခဲ့သော်လည်း အတွေ့အကြုံအများအပြားကို စုဆောင်းနိုင်ခဲ့သည်။
လီဟွမ်းယန်က ထိန်းချုပ်ခံထားရသည့် အခြေအနေတွင် ရှိနေသော်လည်း နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့် အလေ့အကျင့်များအရ ၀မ်ကျန်းကို မြင်လိုက်သည်နှင့် လှုပ်ရှားမှုများသည် သူ့အလိုလို ဖြစ်ပေါ်လာခဲ့သည်။
သူက သူ၏ခန္ဓာကိုယ်ကို အရိုးမရှိသကဲ့သို့ ပေါ့ပါးစွာ လှုပ်ရှားလိုက်သည်။
ထို့နောက် လက်ငါးချောင်းကို ဖြန့်လိုက်ရာ ချီစွမ်းအားသည် သူ၏ လက်ချောင်းထိပ်များတွင် လည်ပတ်နေပြီး နဂါးဟိန်းသံကိုပင် အမှန်တကယ် ထုတ်လွှတ်နေခဲ့သည်။
"ဒါက အတိတ်တုန်းက ဆရာလီရှောင်ကိုင်ကို နာမည်ကြီးစေခဲ့တဲ့ နဂါးလက်သီးပဲ"
ထွင်ထျန်းဟာက နံဘေးကနေ ရှင်းပြလိုက်သည်။
"နဂါးလက်သီးဟုတ်လား.."
၀မ်ကျန်း၏ အမူအရာက အထူးပင် လေးနက်သွားခဲ့သည်။
လီဟွမ်းယန်နှင့် လက်သီးချင်းယှဥ်ပြိုင်လျှင် မည်မျှ အားသာချက်ရှိမှန်း သူ မသိပေ။
သို့သော်လည်း သူ၏ အရိပ်ရုပ်သွင် စွမ်းရည်အရ လီဟွမ်းယန်၏ အရိပ်ရုပ်သွင် စွမ်းရည်နှင့် ယှဥ်ပြိုင်မည့်အစား လက်သီးချင်း ယှဥ်ပြိုင်၍ အနိုင်အရှုံးကို ဆုံးဖြတ်သည်က ပိုကောင်း၏။
ဤသည်မှာ ၀မ်ကျန်း၏ တိုက်ခိုက်ရေးဗျူဟာ ဖြစ်သည်။
သူက လက်သီးချင်းယှဥ်ပြိုင်ရင်း လီဟွမ်းယန်၏ အားနည်းချက်ကို ရှာဖွေရန် တွေးထားခဲ့သည်။
နောက်ထပ်တခဏမှာပင် လီဟွမ်းယန်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ၀မ်ကျန်း၏ အရှေ့တွင် ပြန်ပေါ်လာခဲ့သည်။
"အရမ်းမြန်တာပဲ"
၀မ်ကျန်းက သူ့ခန္ဓာကိုယ််ထဲရှိ ကြွက်သားအားလုံးကို
ထိန်းချုပ်ကာ သူ၏ ရုပ်ပိုင်းဆိုင်ရာအင်အားကို အသုံးပြု ၍ လီဟွမ်းယန်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကြိုးစားခဲ့သည်။
သို့သော်လည်း လီဟွမ်းယန်၏ ရွေ့လျားမှုများသည် အလွန်ပင် မြန်ဆန်မှုရှိ၏။
ထို့နောက်တွင် လီဟွမ်းယန်သည် လက်သီးကနေ လက်ငါးချောင်း အသွင်ပြောင်းလိုက်ပြီး ၀မ်ကျန်း၏ နောက်ကျောကို ကုတ်ဆွဲလိုက်သည်။
ထိုအခါ ၀မ်ကျန်း၏ အမှတ်၆၀ အထက်တန်းကျောင်း ယူနီဖောင်းနှင့်အတူ ၀မ်ကျန်း၏ ကျောပြင်မှ အရေပြားတစ်လွှာသည် တိုက်ရိုက်ပင် စုတ်ဖြဲခံလိုက်ရ၏။
ဤသည်က နဂါးလက်သီးကနေ အသွင်ပြောင်းလဲထားသည့် နဂါးခြေသည်း နည်းစနစ် ဖြစ်သည်။
နဂါးခြေသည်းတိုက်ကွက်၏ အင်အားက အလွန်ပင် အံ့သြစရာကောင်း၏။
၀မ်ကျန်းသည် ငယ်စဥ်ကတည်းကပင် ရိုက်နှက်မှု ပေါင်းမျိုးစုံကို ခံစားခဲ့ရသဖြင့် ဤခြေသည်းကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာသည် သူ့ကို သိပ်မနာကျင်စေခဲ့ပေ။
သူက လီဟွမ်းယန်၏ တိုက်ခိုက်မှုကို သူ၏ ရုပ်ပိုင်းဆိုင်ရာအင်အားကို အသုံးပြု၍ ပိတ်ဆို့ခဲ့သည်မှာ လီဟွမ်းယန်တွင် အင်အားမည်မျှ ရှိသလဲဆိုသည်ကို စောင့်ကြည့်ရန်ဖြစ်၏။
အဆုံးသတ်တွင် လီဟွမ်းယန်သည် လီရှောင်ကိုင်၏သား အဖြစ် ထိုက်တန်မှုရှိပေသည်။
သူ၏ တိုက်ခိုက်မှုသည် အလွန် လျင်မြန်ရုံသာမက အလွန်လည်း ပြင်းထန်မှုရှိ၏။
ဟုတ်ပါသည်..အရေးကြီးဆုံးအချက်မှာ ၀မ်ကျန်းသည် လီဟွမ်းယန်၏ ထိုးထွင်းသိမြင်နိုင်စွမ်းက အလွန်အားကောင်းသည်ကို တွေ့ရှိခဲ့သည်။
သူက နဂါးလက်သီးကို ပိတ်ဆို့ရန် စီစဥ်နေသည်ကို သတိထားမိသည်နှင့် လီဟွမ်းယန်သည် နဂါးခြေသည်း နည်းစနစ်ကို ပြောင်းလဲလိုက်သည် မဟုတ်ပါလော။
"လီရှောင်ကိုင်ရဲ့သားလို့ မပြောရဘူး.. တကယ် အစွမ်းထက်ပါပေတယ်"
၀မ်ကျန်းက သူ၏ နှုတ်ခမ်းထောင့်ကနေ စီးကျနေသော သွေးများကို သုတ်လိုက်သည်။
နဂါးခြေသည်း တိုက်ခိုက်မှုသည် သူ၏ အရည်ပြားကို စုတ်ပြဲ စေရုံသာမက ခန္ဓာကိုယ်ထဲကို ချီစွမ်းအင် အနည်းငယ်သက်ရောက်သွားပြီး အတွင်းအင်္ဂါများကိုပင် တုန်ယင်စေခဲ့သည်။
သို့သော်လည်း ဤအဆင့် အတွင်းဒဏ်ရာသည် ၀မ်ကျန်းအတွက် ကိစ္စကြီးကြီးမားမား မဟုတ်ပေ။
သူ၏ ထူးခြားသော ခန္ဓာကိုယ်ကြောင့် ၀မ်ကျန်းသည် အတွင်းဒဏ်ရာရရှိခဲ့လျှင် သွေးအများအပြား အန်ထုတ်မည် ဖြစ်ပြီး သွေးအန်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်သည် အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် သူ့ဘာသာသူ ပြန်လည် ကောင်းမွန်လာနိုင်မည် ဖြစ်၏။
သူ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်တွင် သွေးအသစ်ကိုဖန်တီးခြင်း၊ အတွင်းပိုင်းဒဏ်ရာနှင့် အပြင်ပိုင်း ဒဏ်ရာများကို ပြုပြင်ခြင်း၊ ဆဲလ်များကို ပြန်လည်ပုံဖော်ခြင်း၊ အတွင်းအင်အားများကို ပြုပြင်ခြင်းနှင့် အရိုးကျိုးခြင်း အမျိုးမျိုးပါ၀င်သည်။
တစ်နည်းအားဖြင့် အတွင်းဒဏ်ရာများသည် ၀မ်ကျန်းအတွက် ပြဿနာတစ်ခု မဟုတ်ပေ။
တိကျစွာပြောရလျှင် သွေးကို အန်ထုတ်နိုင်သ၍ သူ့အတွက် ပြဿနာ မဟုတ်ချေ။
တစ်ခါတုန်းက ကူချန်နှင့် ယှဥ်ပြိုင်သောအခါတွင် သူသည် သွေးလီတာခန့် အန်ထုတ်ခဲ့ရ၏။
လီဟွမ်းယန်၏ တိုက်ခိုက်မှုသည် အားကောင်းသည်ဟု ဆိုနိုင်သာ်လည်း ကူချန်၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဥ်လျှင် အတော်လေး အလှမ်းဝေးနေသည်ဟု ဆိုရပေမည်။
အပိုင်း(၁၁၈၇) ပြီး၏