← Chapters

စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသော လက်ဝါးရိုက်ချက်

Vol. 80 Ch. 1188

စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသော လက်ဝါးရိုက်ချက်

Vol. 80 Ch. 1188

သွေးအန်ပြီးသည်နှင့် ပြန်လည်ကောင်းမွန်လာခြင်းသည် ၀မ်ကျန်း၏ အကြီးမားဆုံး အားသာချက်ချက်များထဲမှ တစ်ချက်ဖြစ်သည်။

ထိုစွမ်းရည်ကို ရန်သူ၏အင်အားကို တိုင်းတာရာတွင် အသုံးပြုနိုင်၏။

အဘယ်ကြောင့်ဆိုသော် သူအန်ထုတ်လိုက်သည့် သွေးပမာဏပေါ် မူတည်၍ ရန်သူက မည်မျှအားကောင်းသလဲ ဆိုသည်ကို ဆုံးဖြတ်နိုင်၍ ဖြစ်သည်။

ဤတိုက်ခိုက်မှုတွင် လီဟွမ်းယန်သည် အင်အား၂၀ရာခိုင်နှုန်း အထက်ကို အသုံးပြုခဲ့လျှင်ပင် ကူချန် သူ့ကို ထိုးခဲ့သည့်အချိန်က အင်အားထက် အများကြီး ပို၍ အားနည်း၏။

(ကူချမ်=ကူရွှင်းကျစ်အဖေ)

၀မ်ကျန်းသည် သူ့မိဘများ၏ ရိုက်နှက်ချက်က လီဟွမ်းယန်ထက် ပိုသာသည်ဟုပင် ခံစားခဲ့ရသည်။

လီဟွမ်းယန်၏ အင်အားက လိုအပ်နေသေးသော်လည်း နာမည်ကျော် ကျင့်ကြံသူ လီရှောင်ကိုင်၏သား ဖြစ်၍ နည်းစနစ်များသည် လျှော့တွက်၍မရပေ။

၀မ်ကျန်းက လီဟွမ်းယန်ကို အကဲစမ်းနေသလို လီဟွမ်ယန်ကလည်း သူ့ကို အကဲစမ်းနေမှန်း ကောင်းစွာသိ၏။

တစ်ခါတစ်ရံတွင် လူနှစ်ယောက်ကြားရှိ ကွာခြားချက်သည် ပထမအချီမှာပင် တွေ့မြင်နိုင်၏။

သူနှင့်ဝမ်ကျန်း တို့ကြားတွင် ကွာဟချက် ရှိနေသည်ကို သိနေသော်လည်း လီဟွမ်းယန်၏ အမူအရာသည်လုံး၀ ပြောင်းလဲခြင်းမရှိပေ။

ဤသည်က ၀မ်ကျန်း စိုးရိမ်နေသည့်အချက်ပင် ဖြစ်၏။

"ဒီကောင့်ဆီမှာ လျှို့၀ှက်စွမ်းရည် တစ်ခုခုများ ကျန်ရှိနေသေးတာများလား"

၀မ်ကျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထိုခဏတွင် လီဟွမ်းယန်သည် ခန္ဓာကိုယ်ထဲမှ ချီများအား စုစည်းနေသည်ကို သူတွေ့လိုက်ရ၏။

ထူးချွန်သည့် ကိုယ်ခံပညာရှင် တစ်ယောက် ဖြစ်သည့် လီဟွမ်းယန်သည် ခန္ဓာကိုယ်ထဲရှိ ချီနှင့်သွေးကို ၀ိညာဥ်စွမ်းအင်နှင့် ရောနှောကာ သွေးလည်ပတ်မှုကို လှုံ့ဆော်၍ သွေးကြောအမှတ်များအား ဖွင့်နိုင်စွမ်း ရှိသည်။

၀မ်ကျန်းသည် ထိုကဲ့သို့သော စွမ်းရည်ကို နတ်ဘုရားနယ်မြေတွင် တွေ့ဖူးခဲ့၏။

ထိုစွမ်းရည်သည် သွေးကြောမှတ်များကို လှုံ့ဆော်ခြင်းဖြင့် ခွန်အားကို တိုးမြှင့်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်သည်။

သို့သော်လည်း သွေးကြောမှတ်များကို လှုံ့ဆော်ခြင်းဖြင့် တိုက်ခိုက်ရေးအင်အားကို တိုးမြှင့်စေသည့် နည်းလမ်းသည် ခန္ဓာကိုယ်ကို ကြီးမားသော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

"ဒါက အစွန်းရောက်လက်သီး လမ်းစဥ်ပဲ"

ထိုအချိန်တွင် ငွေရောင်လေးက ပြောလိုက်သည်။

သူရရှိထားသော အချက်အလက်များအရ လီဟွမ်းယန်သည် ဟင်းလင်းပြင်တံခါးကို ဖွင့်ပြီး သူ့အဖေကို ရှာဖွေရန် အတွက် ဤနည်းစနစ်ကို အသုံးပြုကာ တိုက်ခိုက်ရေး အင်အားကို တိုးမြှင့်ခဲ့၏။

"အဲဒီအချိန်က ဟင်းလင်းပြင်တံခါးကို ဖွင့်ဖို့ လီဟွမ်းယန်က အစွန်းရောက်လက်သီး လမ်းစဥ်ရဲ့ အမြင့်ဆုံးအဆင့်ကို လှုံ့ဆော်ခဲ့တယ်.. ဒီအချက်ကပဲ လီဟွမ်းယန်အနေနဲ့ ဟင်းလင်းပြင် တံခါးကို ဖွင့်ရာမှာ အောင်မြင်ခဲ့ရင်တောင် အသက်မရှင်နိုင်ခဲ့ရတဲ့ အကြောင်းအရင်း တစ်ခုပဲ"

ငွေရောင်လေးက ပြောလိုက်သည်။

အစွန်းရောက် လက်သီးလမ်းစဥ်၏ အမြင့်ဆုံးအဆင့် ဖြစ်သည့် ၁၂ဆင့်မြောက်သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမှတ်များနှင့် အကြောပေါင်းစုံကို လှုံ့ဆော်ကာ တိုက်ခိုက်ရေး အင်အားကို အချိန်အတိုအတွင်း မြှင့်တင်နိုင်သော စွမ်းရည် ဖြစ်သည်။

တစ်နည်းအားဖြင့် ထိုသို့လုပ်ဆောင်ခြင်းသည် ခန္ဓာကိုယ်ကို မီးရှို့ခြင်းနှင့် အတူတူပင်ဖြစ်၏။

ထိုစွမ်းရည်ကို ထုတ်သုံးခဲ့လျှင် စက္ကန့်မလပ် အချိန်နှင့်အမျှ ကြီးမားသော ပူလောင်ဒဏ်ကို ခံစားရမည် ဖြစ်သည်။

လက်ရှိအချိန်တွင် လီဟွမ်းယန်သည် သူ၏ ချီကို စုဆောင်းခဲ့ပြီ ဖြစ်၏။

ပုံမှန်အားဖြင့် ဤသို့ လုပ်ဆောင်ခြင်းသည် အလွန်အမင်း ကြာမြင့်တတ်သော်လည်း လီဟွမ်းယန်သည် မျက်တောင်တစ်ခတ်အတွင်း အရှိန်အ၀ါ အားကောင်းလာသည်ကို ၀မ်ကျန်းက ရှင်းရှင်းလင်းလင်းပင် ခံစားမိခဲ့သည်။

တခဏအတွင်းမှာပင် လီဟွမ်းဟန်၏ မျက်နှာပေါ်တွင် သင်္ကေတသုံးခု ပေါ်လာခဲ့သည်။

ဤသည်မှာ အစွန်းရောက်လက်သီးနည်းစနစ်ကို အသုံးပြုလိုက်ခြင်း၏ လက္ခဏာရပ် ဖြစ်သည်။

ထိုသို့ အသုံးပြုလိုက်သည်နှင့် ၀ိညာဥ်သင်္ကေတများသည် မျက်နှာပေါ်တွင် တိုက်ရိုက် ပေါ်လာမည်ဖြစ်၏။

၀ိညာဥ်သင်္ကေတ သုံးခုသည် အစွန်းရောက်လက်သီးနည်းစနစ်၏ တတိယအဆင့် ဖြစ်သည်။

ဤသည်က လီဟွမ်းယန်၏ ခွန်အားအပြည့်အ၀ မဟုတ်သောကြောင့် လီဟွမ်းယန်၏ အသက်အန္တရာယ်ကို ထိခိုက်စေမည် မဟုတ်ပေ။

အဆင့်၁၀ကို ရောက်မှသာ သူ၏ခန္ဓာကိုယ်က နာကျင်မှုကို စတင် ခံစားရမည် ဖြစ်သည်။

အဆင့်၁၁ ဆိုလျှင် ပူလောင်မှုဒဏ်သည် ပို၍ များပြားလာမည် ဖြစ်၏။

သို့သော်လည်း အချိန်အတော်ကြာ အသုံးပြုခဲ့လျှင် သေဆုံးသွားနိုင်ပေသည်။

အဆင့်၁၂ကမူ တိုက်ခိုက်ရေးအင်အားကို အပြည့်အ၀ ထုတ်လွှတ်နိုင်သည့် အခြေအနေ ဖြစ်သည်။

သို့သော်လည်း ငါးမိနစ်အတွင်း သေဆုံးရန် အလားအလာ အလွန်များ၏။

"ငါ့ကို ရင်ဆိုင်ဖို့ သုံးဆင့်ပဲ အသုံးပြုခဲ့တယ်လား"

လီဟွမ်းယန်က သူ့ကို လျှော့တွက်နေသည်ဟု ၀မ်ကျန်း ခံစားခဲ့ရသည်။

လီဟွမ်းယန်သည် သူ့ကို မျက်လုံးထဲတွင် ထည့်ထားပုံပင် မရပေ။

"သူ့မှာအရိပ်တာအိုရဲ့ စွမ်းအားရှိနေလို့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်နေတာများလား"

၀မ်ကျန်းသည် လီဟွမ်းယန်၏ မျက်လုံးထဲကနေ မာန်တတ်နေသည့် အရိပ်အယောင်ကို မြင်နေရသည်။

ဤသည်မှာ သူ ၀မ်လင်းနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်စဥ်က အကြည့်နှင့် ဆင်တူ၏။

ထို့အကြည့်တွင် ယုံကြည်မှုနှင့် မာနများ ပြည့်နှက်နေခဲ့သည် မဟုတ်ပါလော။

ကျင့်ကြံခြင်းသည် လူအများ၏ ရည်မှန်းချက် ဖြစ်လာရသည့် အဓိက အကြောင်းအရင်းမှာ မသိသေးသည့် အရာများကြောင့် ဖြစ်သည်။

မသိသေးသည့် အရာအမျိုးမျိုးနှင့် ပြည့်နှက်နေသည့် ကျင့်ကြံခြင်းလမ်းစဥ်သည် ကျင့်ကြံသူ အများအပြား အားမလျော့ဘဲ ဆက်လက် လျှောက်လမ်းနေရသည့် အဓိက အကြောင်းအရင်းလည်း ဖြစ်သည်။

"ငါ့ကိုလျှော့တွက်ရင် ကြီးကြီးမားမား ခံစားရလိမ့်မယ်"

၀မ်ကျန်းက လီဟွမ်းယန်ကို သတိပေးလိုက်သော်လည်း ကံဆိုးစွာဖြင့် လီဟွမ်းယန်သည် ၀မ်ကျန်း၏ စကားကို နားမထောင်ခဲ့ပေ။

လီဟွမ်းယန်က သူ၏လက်ကို ဆုပ်ချည်ဖြန့်ချည် လုပ်လိုက်သောအခါ မရေတွက်နိုင်သော အနက်ရောင် အရိပ်များသည် လီဟွမ်းယန်၏ လက်သီးထဲ စီး၀င်သွားသည်ကို မြင်လိုက်ရသည်။

"နောက်ဆုံးတော့ မင်းက အရိပ်တာအို စွမ်းအားကို အသုံးပြုနေပြီပေါ့"

ထိုခဏတွင် ထွင်ထျန်းဟာသည် လီဟွမ်းယန်၏ နောက်ကျောဘက်၌ မကောင်းဆိုး၀ါး အရိပ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။

၎င်းက အနောက်တိုင်း မကောင်းဆိုး၀ါးနှင့်တူပြီး ရှည်လျား ချွန်ထက်သော လက်သီးများလည်း ရှိသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ကျန်းယင်ယွဲ့သည် အနည်းငယ်သက်ပြင်းချလိုက်သည်။

သူမ ကိုယ်တိုင်က ထိုအရိပ်တာအိုစွမ်းအားကို ကိုယ်တိုင်မြင်တွေ့ဖူးခဲ့၏။

လီဟွမ်းယန် ထိုးလွှတ်လိုက်သည့် လက်သီးတစ်ချက်စီသည် စိတ်၀ိညာဥ်ကို လွှမ်းမိုးနိုင်စွမ်းရှိပြီး လူတစ်ယောက်၏ ခုခံနိုင်စွမ်းကို လုံး၀ ဆုံးရှုံးသွားစေမည် ဖြစ်၏။

ဤကဲ့သို့သော အချိန်တွင် အနီးကပ် တိုက်ခိုက်မှုကို အသုံးပြုမည် ဆိုလျှင် လီဟွမ်းယန်၏ ထောင်ချောက်ထဲကို သက်ဆင်းသွားပေလိမ့်မည်။

သို့သော်လည်း ကျန်းယင်ယွဲ့ အံ့သြသွားသည်မှာ ၀မ်ကျန်း သည် လီဟွမ်းယန်ကို ရဲရဲ၀ံ့၀ံ့တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းပင်ဖြစ်သည်။

"သူရူးနေပြီလား"

ကျန်းယင်ယွဲ့သည် ထွင်ထျန်းဟာ၏ စိတ်၀ိညာဥ်မျှဝေခြင်း စွမ်းရည်ကနေ တဆင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကို အတိုင်းသား မြင်နေခဲ့ရသည်။

၀မ်ကျန်းက ရှောင်တိမ်းဖို့ မရွေးချယ်ရုံသာမက ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းသည် ကျန်းယင်ယွဲ့၏ အမြင်တွင် သေခြင်းတရားကို ဖိတ်ခေါ်နေသည်နှင့် မခြားပေ။

"မကောင်းဆိုး၀ါးအရိပ်ရဲ့ စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုက ဟာသတစ်ခု မဟုတ်ဘူး"

ကျန်းယင်ယွဲ့သည် ၀မ်ကျန်း၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ခဲ့ပေ။

စက္ကန့်အနည်းငယ် အကြာတွင် လီဟွမ်းယန်နှင့် ၀မ်ကျန်း၏ လက်သီးသည် ထိပ်တိုက်ညဆုံမိသွားကြသည်။

လက်သီးချက်များက အလွန်ပင် မြန်ဆန် ပြင်းထန်သောကြောင့် မျက်လုံးနှင့် ဖမ်းယူဖို့ပင် မဖြစ်နိုင်ပေ။

ပြင်းထန်သည့် ထိပ်တိုက် ဆုံတွေ့မှုကြောင့် ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူတစ်ခုလုံးသည် တုန်ခါသွားပြီး လှိုဏ်ဂူထိပ်ကနေ ကျောက်တုံးအများအပြား ပြိုကျလာခဲ့သည်။

"ငါတို့ရှုံးနိမ့်သွားပြီ"

ကျန်းယင်ယွဲ့က ခေါင်းကိို ခါယမ်းလိုက်သည်။

နှစ်ယောက်သားသည် တစ်စက္ကန့်အတွင်း လက်သီးရာပေါင်းများစွာကို ထိုးနှက်ခဲ့ကြ၍ ၀မ်ကျန်းသည် မကောင်းဆိုး၀ါး အရိပ်ကနေ လက်သီးပေါင်းများစွာ ခံစားခဲ့ရပြီ ဖြစ်၏။

ယင်းမှာ ကျင့်ကြံသူတစ်ယောက်၏ အကန့်အသတ်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

လူတစ်ယောက်၏ နှလုံးသားသည် မည်မျှပင် အင်အားကြီးမားပါစေ ဤမျှ အားကောင်းသည့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှု အင်အားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် အဆုံးသတ်တွင် မထင်မှတ်သည့်အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။

လီဟွမ်းယန်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ၀မ်ကျန်းသည် ကြောက်ရွံ့မှု အနည်းငယ်မျှပင် မပြသခဲ့ပေ။

သူက လီဟွမ်းယန်၏ လက်သီးချက်များကို တည်တည်ငြိမ်ငြိမ်ပင် ရင်ဆိုင်နေခဲ့သည်။

သူက စည်းချက်ကျနစွာ လှုပ်ရှားပြီး အသက်ရှုနှုန်း တည်ငြိမ်သောကြောင့် ကြောက်ရွံ့မှု တစ်စုံတစ်ရာ ရှိနေပုံလည်း မရပေ။

"မဖြစ်နိုင်ဘူး.. မကောင်းဆိုး၀ါးအရိပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုအောက်မှာ ဘယ်သူကမှ စိတ်အခြေအနေတွေကို မထိန်းသိမ်းနိုင်ဘူး"

ကျန်းယင်ယွဲ့သည် ယခင်က လီဟွမ်းယန်နှင့် တိုက်ခိုက်သည့်အချိန်ကို ပြန်သတိရလိုက်သည်။

ထိုအချိန်က သူမသည် လက်သီး အနည်းငယ်သာ အထိုးခံခဲ့ရသော်လည်း စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကို ခံခဲ့ရပြီး သေချင်စိတ်ပင် ပေါက်ခဲ့သည်။

"တကယ်တမ်းပြောရရင် ငါတို့ သုံးယောက်ထဲက ဘယ်သူပဲဖြစ်ဖြစ် လီဟွမ်းယန်နဲ့ တိုက်ခိုက်ရင် ကြောက်ရွံ့မှုကို ခံစားရမှာ မဟုတ်ဘူး"

ထွင်ထျန်းဟာက ပြောလိုက်သည်။

"ဘာလို့လဲ..."

ကျန်းယင်ယွဲ့က နားမလည်နိုင်ခဲ့ပေ။

"ဒါက လျှို့၀ှက်ချက်ပဲ"

ထွင်ထျန်းဟာက ကျန်းယင်ယွဲ့ကို တိကျသောအဖြေ ပြန်မပေးခဲ့ပေ။

စင်စစ် သူတို့သုံးယောက်၏ နောက်ကွယ်တွင် ရှိနေသောလူမှာ ၀မ်လင်း ဖြစ်သည်။

အင်အားအရ ဤစကြာ၀ဋ္ဌာတွင် ၀မ်လင်းထက် မည်သူက အားကောင်းနိုင်ဦးမည်နည်း။

၀မ်လင်းနှင့် တိုက်ခိုက်ဖူးသူတိုင်း သိနိုင်သောအချက်မှာ ၀မ်လင်း၏ လက်၀ါးရိုက်ချက်သည် အကြီးမားဆုံး စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကြီး ဖြစ်သည်။

၀မ်လင်း၏ စွမ်းရည်နှင့် နှိုင်းယှဥ်လျှင် လီဟွမ်းယန်

၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိုင်သော စွမ်းအားသည် ဘာမှမဟုတ်တော့ပေ။

အပိုင်း(၁၁၈၈) ပြီး၏

All Chapters