အဖေကျွန်တော့်ကို နောက်တစ်ခါထပ်ရိုက်ပါ
Vol. 80 Ch. 1190
အရိပ်တာအိုကို နားလည်ပြီးနောက် လူတစ်ဦးချင်းစီတွင် ၎င်းတို့ကိုယ်ပိုင် ထူးခြားသောစွမ်းရည်များ ရှိကြသည်။
သို့သော်လည်း ၀မ်ကျန်း၏ အရိပ်တာအိုမှာ ၀မ်လင်းကိုယ်တိုင်က သင်ကြားပြသပေးခဲ့ခြင်း ဖြစ်၍ အလွန်အား ကောင်းမှန်း သံသယဖြစ်စရာမရှိပေ။
ထို့ကြောင့် လီဟွမ်းယန်၏ မှော်အရိပ်သည် ချည်နှောင်ခံထားသည့်လူ၏ အကြိမ်ကြိမ် ထိုးနှက်ခြင်းကို ခံရသည့်အခါတွင် ၀မ်ကျန်းသည် လီဟွမ်းယန်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်းပင် ခံစားနိုင််ခဲ့သည်။
သူက လီဟွမ်းယန်၏ စိတ်လွှမ်းမိုးခြင်း အကျိုးသက်ရောက်မှုကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်၏။
လီဟွမ်းယန်၏ မူလက မှုန်၀ါးပြီး အသက်ကင်းမဲ့နေသော မျက်လုံးများသည် တဖြည်းဖြည်း အာရုံစူးစိုက်လာခဲ့ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါမှပင် ၀မ်ကျန်းသည် အဆုံး သတ်တွင် စိတ်သက်သာရာ ရသွားခဲ့ပြီး ချည်နှောင်ခံထားရသည့်လူ၏ ဖိနှပ်မှုကို လွှတ်ပေးလိုက်သည်။
အချက်အလက်များသည် ထွင်ထျန်းဟာ၏ ခန့်မှန်းချက် လုံး၀ မှန်ကန်ကြောင်း သက်သေပြနေခဲ့၏။
သတိ ပြန်လည်ရရှိပြီးနောက်တွင် လီဟွမ်းယန်သည် ထိန်းချုပ်မှု လွတ်ကင်းသွားသောအချိန်၌ ဖြစ်ပျက်ခဲ့သည့် လုပ်ဆောင်ချက်များ အားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
ထို့ကြောင့် သူ၏မျက်နှာတွင် ရှက်ရွံ့သော အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့၏။
"တောင်းပန်ပါတယ်.."
"ဒါ မင်းရဲ့အမှားမဟုတ်ပါဘူး.. ရာဇ၀တ်ကောင်က မင်းရဲ့စိတ်ကို ထိန်းချုပ်ထားလို့ပါ"
၀မ်ကျန်းက နှစ်သိမ့်လိုက်သော်လည်း လီဟွမ်းယန်၏ မျက်နှာပေါ်ရှိ အမူအရာသည် ပြောင်းလဲမသွားခဲ့ပေ။
သူက ၀မ်ကျန်းတို့ လူစုကို ဆက်လက်၍ တောင်းပန်နေခဲ့သည်။
"တကယ်တောင်းပန်ပါတယ်..ငါလုံး၀ တောင်းပန်ပါတယ်.."
ထိုခံစားချက်ကို ထွင်ထျန်းဟာသည် ကောင်းကောင်းကြီး နားလည်ခဲ့၏။
အဆုံးသတ်တွင် လီဟွမ်းယန်သည် နာမည်ကျော် မိသားစု၏ မျိုးဆက်ဖြစ်ပြီး ထိုအချိန်က ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ကိုယ်ခံပညာရှင် ဖြစ်သည့် လီရှောင်ကိုင်၏ သားအရင်းလည်း ဖြစ်သည်။
သူက သူ့ဖခင်၏ ခြေရာကို နင်းနိုင်ရန် တစ်ဘ၀လုံး ကြိုးစား အားထုတ်ခဲ့သည်။
ယခုအခါတွင် တရားမျှတမှုကို ပိုမို ကောင်းမွန်အောင် ထိန်းသိမ်းရန် သူကြိုးစားအားထုတ်ခဲ့သည့် ခွန်အားသည် တရားမ၀င်အင်အားစု တစ်ခု၏ အသုံးချခြင်းကို ခံနေခဲ့ရသည်။
ယင်းမှာ လီဟွမ်းယန် အတွက် လုံး၀ အရှက်ရစရာပင် ဖြစ်၏။
"ငါတို့နဲ့ ပူးပေါင်းပြီး မင်းရဲ့အရှက်တရားကို ဖယ်ရှားလိုက်စမ်းပါ.."
ထိုအချိန်တွင် ငွေရောင်လေးသည်လည်း နံဘေးကနေ လီဟွမ်းယန်ကို အားပေးနေခဲ့သည်။
လီဟွမ်းယန်၏ မှော်အရိပ်အမြောက်အများသည် သူတို့အပေါ် အကျိုးသက်ရောက်မှု မရှိပေ။
သို့သော်လည်း ဤအရိပ်ရုပ်သွင်သည် အလွန်အား ကောင်းသည်မှာ ထင်ရှားနေ၏။
လီဟွမ်းယန်သာ သူတို့နှင့် ပူးပေါင်းခဲ့လျှင် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် ပို၍ ကြီးမားလာလိမ့်မည် ဖြစ်သည်။
"တောင်းပန်ပါတယ်..တကယ်တော့ ငါ့မှာ တောင်းဆိုချက် တစ်ခုရှိပါတယ်.."
တခဏအကြာတွင် လီဟွမ်းယန်က ပြောလိုက်သည်။
"ပြောပါ.."
"ခင်ဗျားအနေနဲ့ အသွင်ပြောင်းမန္တန်နဲ့ ကျွန်တော့်အဖေ ပုံစံကိုအသွင်ပြောင်းပြီး ကျွန်တော့်ကို ရိုက်နှက်ပေးနိုင်မလား.."
လီဟွမ်းယန်၏ မျက်နှာထက်တွင် အရိုက်ခံရရန် မျှော်လင့်နေသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ထွင်ထျန်းဟာ နှင့် ငွေရောင်လေးတို့သည် အံ့အားသင့်သွားကြသည်။
"ချည်နှောင်ခံထားရတဲ့လူရဲ့ အကျိုးသက်ရောက်မှုကို ဖယ်ရှားပြီးပြီ မဟုတ်လား ဒါက ဘယ်လိုဖြစ်ရတာလဲ"
သူတို့နှစ်ယောက်က အလွန်ထိတ်လန့်သော အမူအရာဖြင့် ၀မ်ကျန်းကိုကြည့်လိုက်သည်။
"မင်းတို့တွေ ငါ့ကို အဲ့လိုမကြည့်ပါနဲ့ ငါတကယ် ငါ့အရိပ်ရုပ်သွင်ရဲ့ ခွန်အားကို ဖယ်ရှားပြီးပါပြီး"
၀မ်ကျန်းက ကပျာကယာ ရှင်းပြလိုက်သည်။
ယုတ္တိကျစွာ ပြောရလျှင် လီဟွမ်းယန်သည် ချည်နှောင်ခံချင်သည့်လူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။
ထို့ကြောင့် ယင်းမှာ ချည်နှောင်ခံချင်သည့်လူ၏ နောက်ဆက်တွဲ ဆိုးကျိုး မဟုတ်သည်မှာ သေချာသည်။
ယင်းအတွက် တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်မှာ လီဟွမ်းယန် ကိုယ်တိုင်ပင် ဖြစ်နေလောက်၏။
"ညီနောင်လီ..မင်းက ပုံမှန်ဆိုရင် အရိုက်ခံနေကြလား"
ထွင်ထျန်းဟာက လီဟွမ်းယန်၏ မျက်နှာကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
ထိုမေးခွန်းကိုကြားလျှင် လီဟွမ်းယန်၏ မျက်နှာသည် အ နည်းငယ် နီရဲသွားခဲ့၏။
သူက ဤအကြောင်းနှင့် ပတ်သက်၍ အပြင်လူကို တစ်ခါမှ မပြောပြဖူးခဲ့ပေ။
သို့သော်လည်း ယခုအခါတွင် လီဟွမ်းယန်သည် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
"အရင်တုန်းက စိတ်ဓာတ်ကျတဲ့ အချိန်တိုင်းမှာ ငါ့အဖေကို ပါးရိုက်ပေးဖို့ ငါတောင်းဆိုလေ့ရှိတယ်"
၎င်း၏ အဖြေကြောင့် လူတိုင်းသည် အေးစက်သော လေထုကို ရှုရှိုက်လိုက်ရသည်။
"တကယ်ပဲ ဒီလိုကိစ္စမျိုး ရှိနေတယ်လား..ဒါက ဒဏ္ဍာရီလာ ဖေဖေ ကျွန်တော့်ကို ပါးရိုက်ပေးပါလား ဆိုတာများ ဖြစ်နေမလား"
၀မ်ကျန်းက လီဟွမ်းယန်၏ ပုခုံးကိုပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"ညီနောင်လီ..စိတ်မပူပါနဲ့ ဒီကိစ္စကို ငါ့ဆီသာ လွှဲထားလိုက်ပါ..ငါက မင်းထက် နှစ်အနည်းငယ် ပိုကြီးတာကြောင့် မင်းရဲ့ ခံစားချက်ကို တကယ် နားလည်ပါတယ်.."
"မင်းလည်း ငါ့လိုပဲ မင်းအဖေရဲ့ ပါးရိုက်တာကို ခံနေကြလား.."
"မဟုတ်ဘူး.. ငါ့အဖေက ငါ့ကို ပါးရိုက်တာတင် မဟုတ်ဘူး တကိုယ်လုံးကို ရိုက်တယ်..တစ်ခါတရံမှာ အမေကလည်း အားပါးတရ ဆွမ်းကြီးဝိုင်းလောင်းလေ့ရှိတယ်"
ထို့နောက်တွင် ၀မ်ကျန်းသည် လီရှောင်ကိုင်နှင့် ဆက်လက် ဆွေးနွေးရန် အစီအစဥ်မရှိတော့ပေ။
သူက လီရှောင်ကိုင်၏ ပုံစံကို အမြန်ပြောင်းလိုက်ပြီး လီဟွမ်းယန်၏ မျက်နှာကို မဆိုင်းမတွပင် ပါးရိုက်လိုက်သည်။
ထိအခါ လီဟွမ်းယန်က လွင့်ထွက်သွားပြီး ပတ်၀န်းကျင်ရှိကျောက်နံရံထဲကို နစ်၀င်ကာ ကျောက်နံရံတွင် လူပုံစံတစ်ခုပင် ထွင်းထုပြီးသား ဖြစ်သွားခဲ့၏။
စက္ကန့်အနည်းငယ်အကြာတွင် လီဟွမ်းယန်သည် နီရဲ ရောင်ကိုင်းနေသော မျက်နှာနှင့် ဖြည်းဖြည်းချင်း နံရံကနေ ထွက်လာခဲ့သည်။
သူ့မျက်နှာပေါ်တွင် လက်ရာငါးခု ထင်ကျန်နေခဲ့၏။
၀မ်ကျန်း၏ ပါးရိုက်ခြင်းကို ခံရပြီးသည့် နောက်တွင် လီဟွမ်းယန်သည် အမှန်တကယ်ပင် ပိုမို စိတ်ဓာတ် တက်ကြွလာခဲ့သည်။
ဤပါးရိုက်ချက်က အရမ်း ပြင်းထန်ပုံရသော်လည်း ၀မ်ကျန်းသည် သူ၏ အင်အားကို ထိန်းသိမ်းထားခဲ့၏။
ထို့ကြောင့် လီဟွမ်းယန်သည် အပေါ်ယံ ဒဏ်ရာများသာ ရရှိခဲ့သည်။
"ကျေးဇူးတင်ပါတယ် ညီနောင်၀မ်ကျန်း.."
ပါးရိုက်ခံရပြီးနောက်တွင် လီဟွမ်းယန်သည် ၀မ်ကျန်းနှင့် ရင်းနှီးသွားခဲ့သည်။
၀မ်ကျန်းနှင့် လီဟွမ်းယန်က ခံစားချက်ခြင်း တူညီကြသည့်သူများ ဖြစ်နိုင်သည်ဟု ထွင်ထျန်းဟာနှင့် ငွေရောင်လေး ခံစားခဲ့ရသည်။
အရိုက်ခံချင်သူနှစ်ဦး တွေ့ဆုံသောအခါတွင် ပတ်၀န်းကျင်မှ လူများ အနေဖြင့် စွန့်အသလို ဖြစ်နေသည်မှာ အမှန်ပင်။
လီဟွမ်းယန်ကို စိတ်ပိုင်းဆိုင်ရာ နေရာလွတ်နယ်ပယ် ထဲသို့ ဆွဲခေါ်ပြီးနောက်တွင် ၀မ်ကျန်းသည် သူ၏ စိတ်၀ိညာဥ်ပို့ဆောင်နိုင်စွမ်းကို အသုံးပြု၍ လက်ရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို အကျဥ်းချုံး ရှင်းပြလိုက်သည်။
သူတို့က တတိယဇုန်ထဲသို့ နက်ရှိုင်းစွာ ပိုမို၀င်ရောက်လာသည့်နှင့်အမျှ ဖြစ်ပျက်နေသည်များနှင့် ပတ်သက်၍ သူတို့၏ အမြင်များကို အချင်းချင်း ဖလှယ်လိုက်ကြသည်။
"ဒီလောက် ကြီးမားတဲ့ ကိစ္စကြီး ဖြစ်ပျက်နေလိမ့်မယ်လို့ ငါတကယ်ထင်မထားမိဘူး"
လီဟွမ်းယန်ပင် သူသေဆုံးနေချိန်အတွင်း တစ်စုံတစ် ယောက်သည် ဤမျှကြီးမားသောရာဇ၀တ်မှုများကို စီစဥ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
စကြာ၀ဠာသန့်စင်ခြင်းအစီအရင်နှင့်နေစကြာ၀ဠာထဲရှိဂြိုလ်များကို အသုံးပြုပြီးအစီအရင်တည်ဆောက်ခြင်း..
သူ့ကို ပြန်လည်ရှင်သန်စေသည့် နောက်ကွယ်မှ ကြိုးကိုင်သူ၏ ရည်ရွယ်ချက်သည် မှန်းဆထားသည့်အတိုင်း အမှန်တကယ် ဖြစ်နေခဲ့လျှင် ပြိုင်ဘက်၏အင်အားသည် ပကတိအင်မော်တယ် အထက်တွင် ရှိနိုင်သည်မှာ တစ်ရာ ရာခိုင်နှုန်းဖြစ်သည်။
စကြာ၀ဠာထဲရှိ လေဟာနယ်ထဲတွင် ပကတိအင်မော်တယ် တစ်ယောက်သည် အများဆုံး ငါးမိနစ်သာ နေနိုင်၏။
ငါးမိနစ်ကြာပြီးသည်နှင့် ပကတိအင်မော်တယ်၏ ခန္ဓာကိုယ်ထဲရှိ သွေးများသည် တဖြည်းဖြည်း ခဲပျစ်လာပြီး အဆုံးသတ်တွင် လူသားရေခဲတုံး အဖြစ် ပြောင်းလဲကာ စကြာ၀ဠာထဲတွင် ထာ၀ရ လွင့်မျောနေလိမ့်မည် ဖြစ်သည်။
"မင်းဘာတွေမှတ်မိသေးလဲ"
၀မ်ကျန်းက စိတ်၀ိညာဥ်နေရာလွတ် ချာနယ်တွင် ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
လီဟွမ်းယန်က သူတို့အဖွဲ့ထဲကို ၀င်လာသည်မှာ မကြာသေးသော်လည်း သူတို့၏ တိုက်ခိုက်ရေးခွန်အားကို တိုးတက်စေရုံသာမက သဲလွန်စ အသစ်တွေကိုပါ ပေးခဲ့၏။
၀မ်ကျန်းက လီဟွမ်းယန်ထံမှ သတင်း အချက်အလက်များကို သိရှိရန် စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သည်။
"ငါအချိန်အတော်ကြာ အိပ်မက်မက်ခဲ့ပုံရတယ်.. ငါက ပန်းတစ်ပွင့်ကနေ မွေးဖွားလာပြီး သန္ဓေသားဘ၀ကနေ လျင်မြန်စွာ ကြီးထွားလာတာကို အိပ်မက်မက်ခဲ့တယ်.. ငါပန်းပွင့်ကနေ ဆင်းသက်လာတဲ့အချိန်မှာ အဖြူရောင်ဆံပင်နဲ့ လူငယ်တစ်ယောက်ကို မြင်တွေ့ခဲ့ရတယ်.. ဒါပေမဲ့ သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး"
"သူ မင်းကို တစ်ခုခုပြောခဲ့သေးလား.."
ထွင်ထျန်းဟာက မေးခွန်းထုတ်လိုက်သည်။
"သူဘာမှမပြောခဲ့ဘူး သူ့ရဲ့ လက်ချောင်းလေး တစ်ချောင်းနဲ့ ငါ့ကို ထိလိုက်ရုံနဲ့ ငါသတိလစ်သွားခဲ့တယ်"
လူငယ်၏ လက်ချောင်းဖြင့် ထိလိုက်သည့်အချိန်ကစပြီး သူသည် အားကောင်းသော စိတ်ထိန်းချုပ်မှုမန္တန်ဖြင့် ထိန်းချုပ်ခံထားရမှန်း သိလိုက်သည်။
ငွေရောင်လေး"ဒါဆိုမင်းက ဒီကိစ္စတွေ အားလုံးရဲ့နောက်ကွယ်က ကြိုးကိုင်သူနဲ့ မျက်နှာချင်းဆိုင် တွေ့ခဲ့တာပေါ့"
၀မ်ကျန်းက ခေါင်းခါရမ်းလိုက်သည်။..
"ညီနောင်လီတင် မကဘူး ပြန်လည်ရှင်သန်လာတဲ့ လူတွေအားလုံး ဒီအဓိကကြိုးကိုင်သူနဲ့ တိုက်ရိုက် ထိတွေ့ခဲ့မှာကို ငါစိုးရိမ်မိတယ်"
လီဟွမ်းယန်က ခေါင်းညိမ့်လိုက်သည်။
"အဲဒီနေရာက စွန့်ပစ် စက်ရုံတစ်ရုံဖြစ်ပြီး မြေပြင်ပေါ်မှာ ဆီးနှင်းလို ဖြူဖွေးနေတဲ့ပန်းတွေ အများကြီး ပေါက်နေတာကို ငါမှတ်မိတယ်"
"အဲဒီပန်းကို အသေးစိတ် ဖော်ပြပေးနိုင်မလား"
"ပန်းရဲ့အမြစ်တွေက တုပ်ပြီး ရှည်လျားတယ်.. ပန်း၀တ်ဆံအသေးလေးတွေကတောင် အာလူးလောက် ကြီးမားပြီး ၀တ်ဆံအကြီးဆိုရင် ဘတ်စကတ်ဘောလောက် ကြီးမားတယ်.. ပန်း၀တ်ဆံရဲ့ အလည်မှာ လူပုံသဏ္ဍာန် သန္ဓေသားတစ်ယောက် ရှိပြီး အပြာရောင်ပွင့်ချပ်တွေနဲ့ ၀ိုင်းရံထားတယ်.. စိတ်၀ိညာဥ်စွမ်းရည် ထည့်သွင်းလိုက်တာနဲ့ ဒီပန်းက လျင်လျင်မြန်မြန် ပွင့်လာပြီး အတွင်းထဲက သန္ဓေသားကိုတောင် မြန်မြန်ဆန်ဆန် ကြီးထွားလာစေနိုင်တယ်"
"စိတ်၀ိညာဥ်စွမ်းအင် ထည့်သွင်းလိုက်တာနဲ့ ပြန်လည်ရှင်သန်စေခဲ့တယ်လား"
၀မ်ကျန်း အံ့အားသင့်သွားခဲ့သည်။
သူက ဤကဲ့သို့ ပြန်လည်ရှင်သန်ခြင်း နည်းလမ်းမျိုးကို တစ်ခါမှမကြားဖူးပေ။
အပိုင်း(၁၁၉၀) ပြီး၏