← Chapters

တောရိုင်းအဆိပ်ဘုရင်

Vol. 80 Ch. 1191

တောရိုင်းအဆိပ်ဘုရင်

Vol. 80 Ch. 1191

၀မ်ကျန်းသည် ယခင်က တစ်ခါမှ မကြားဖူးသည့် ထူးဆန်းသည့် လှုပ်ရှားမှုများကို တွေ့ခဲ့ရသည်။

ဤသည်မှာ နောက်ကွယ်မှလူ၏ ထူးခြားချက်များ ဖြစ်သည်။

တစ်ဖက်လူ၏ မှော်အတတ်သည် သာမန်ထက် အနည်းငယ် ထူးခြားနေ၏။

ယင်းက ကောင်းကင်တာအို မဟုတ်သလို နတ်ဘုရားနယ်မြေရှိ မှော်အတတ်များနှင့်လည်း မတူပေ။

"ကံကြမ္မာတာအို ဒါမှမဟုတ်ရင် နတ်တာအိုကနေ ဆင်းသက်လာတာများလား"

၀မ်ကျန်းက မည်သို့ပင် စဥ်းစားစေကာမူ နားမလည်နိုင်ခဲ့ပေ။

တစ်ဖက်တွင်လည်း သူသည် နတ်ဘုရားနယ်မြေရှိ စာအုပ်များထဲတွင် တားမြစ်မှော်အတတ်များ ဖြစ်သည့် စကြာ၀ဠာကို သန့်စင်သည့် အစီအရင်များအား တွေ့မြင်ဖူး၏။

သို့သော်လည်း သူမြင်ဖူးသည့် စာအုပ်များတွင် ဤတားမြစ်မှော်အတတ်၏ သီအိုရီများကိုသာ ဖော်ပြထားခဲ့သည်။

ထိုသီအိုရီကို မည်သူကမှ အမှန်တကယ် အကောင်အထည် ဖော်ခဲ့ခြင်းမျိုးမရှိခဲ့ပေ။

"ဒီလိုဆိုးညစ်တဲ့ အစီအရင်မှာ ယဇ်ပူဇော်မှုတွေ ပါ၀င်နေဖို့များတယ်"

ထိုအချိန်မှာပင် ၀မ်ကျန်းသည် ယဇ်ပူဇော်မှုကို တွေးမိပြီးနောက် အဖိုးအိုဟွမ်ဖုန်း လဲလှယ်ခံရသည့် ကိစ္စနှင့် ဆက်စပ်ကာ အတွေးတစ်ခု ၀င်လာခဲ့သည်။

တစ်ဖက်လူက အဖိုးအို ဟွမ်ဖုန်းကို လဲလှယ်ရသည့် အကြောင်းအရင်းသည် ဟွာရှို့မဟာမိတ်အဖွဲ့၏ အမိန့်ပေးနည်းစနစ်ကို ထိုးဖောက်ရုံတင် မဟုတ်လောက်ပေ။

၀မ်ကျန်းက အကြောင်းအရင်း အများစုသည် ယဇ်ပူဇော်မှုနှင့် ဆက်စပ်နေသည်ဟု ခံစားခဲ့ရသည်။

ဆိုရလျှင် အဖိုးအိုဟွမ်ဖုန်း ကဲ့သို့ အင်အားကြီးမားသော သူတစ်ယောက်သည် ယဇ်ပူဇော်မှုအဖြစ် လုပ်ဆောင်ရန် မျက်စိကျခြင်းခံရနိုင်သည် မဟုတ်ပါလော။

ထို့အပြင် တစ်ဖက်လူသည် ဤဆိုးညစ်သည့် စကြာ၀ဠာ အဆင့်အစီအရင်ကို တည်ဆောက်ရန်အတွက် အဖိုးအိုဟွမ်ဖုန်းတစ်ယောက်တည်းကို ပစ်မှတ်ထားခြင်း မဟုတ်သည်မှာ ထင်ရှားနေသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ၀မ်ကျန်းသည် ခန့်မှန်းချက် အသစ်တစ်ခုကို ရရှိခဲ့သည်။

"နောက်ကွယ်ကလူက ရှင်သန်ထမြောက်လာတဲ့ သူတွေထဲက အင်အားကြီးမားတဲ့သူတွေကို အချိန်ဆွဲဖို့အတွက် အသုံးပြုခဲ့တယ်.. ဒီအထဲက အားနည်းတဲ့ သူတွေကိုတော့ ယဇ်ပူဇော်မှုအဖြစ် ပြန်စတေးပစ်ဖို့များတယ်"

"မင်းရဲ့ခန့်မှန်းချက်က လုံး၀ ယုတ္တိရှိတယ်လို့ ငါထင်တယ်"

လီဟွမ်းယန်ကလည်း ၀မ်ကျန်း၏ အဖြေကို လုံး၀ ယုတ္တိရှိသည်ဟု ခံစားခဲ့ရသည်။

လက်ရှိတွင် သူတို့အတွက် အချိန်သိပ်မကျန်တော့ပေ။

စကြာ၀ဠာသန့်စင်သည့် အစီအရင် စတင်သည်နှင့် ယဇ်ပူဇော်မည့် ယစ်ပုလ္လင်သည် အရေးပါသောနေရာ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ယဇ်ပုလ္လင်ကို ဖျက်ဆီးခြင်းသည် စကြာ၀ဠာသန့်စင်ခြင်း အစီအရင်၏ အရှိန်အဟုန်ကို အတိုင်းအတာ တစ်ခုအထိ သက်ရောက်စေလိမ့်မည် ဖြစ်၏။

တစ်နည်းအားဖြင့် ယဇ်ပုလ္လင်ကို ဖျက်ဆီးနိုင်မှသာ သူတို့သည် နောက်ကွယ်ကလူကို ကိုင်တွယ်ရန် အချိန်ရရှိလာမည် ဖြစ်သည်။

"ဇုန်၅ မှာရှိနိုင်တယ်.."

ထိုအချိန်တွင် လီဟွမ်းယန်သည် သူ၏ မှတ်ဥာဏ် အပိုင်းအစများ ပြန်ပေါ်လာသလို ခံစားလိုက်ရပြီး အရေးပါသော အချက်အလက် တစ်ချို့ကို တွေးမိလိုက်သည်။

သူက စိတ်ပိုင်းဆိုင်ရာ နေရာလွတ် ချာနယ်ကနေ ၀မ်ကျန်းနှင့်တခြားသူများကို သတင်းအချက်အလက်အား ချက်ခြင်းမျှဝေလိုက်သည်။

"ဇုန်၅ ရဲ့အလယ်ပိုင်းဧရိယာက ကောင်းကင်သွေးပြန်ကြောရဲ့ဘားခလုတ်နဲ့ အနီးဆုံးနေရာပဲ ယစ်ပလ္လင် တည်ဆောက်ဖို့ဆိုရင် အဲဒီထက် သင့်တော်တဲ့နေရာမရှိဘူး.. ငါ့ရဲ့မှတ်ဥာဏ်ထဲမှာတော့ အဲဒီနေရာမှာ ပြန်လည်ရှင်သန်လာတဲ့သူတွေ အများအပြား ရှိနေပုံရတယ်"

"အရေအတွက် ဘယ်လောက်များလဲ.. မင်းမှတ်မိသေးလား.."

"ရာဂဏန်းထက် မနည်းလောက်ဘူး.. ဒါပေမဲ့ သူတို့တွေအားလုံးက မပြီးပြတ်သေးတဲ့ အခြေအနေမှာ ရှိနေပြီး အပြည့်အ၀ မဖွံ့ဖြိုးသေးဘူး"

လီဟွမ်းယန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

သူ့မှတ်ဥာဏ်ထဲတွင် အဖြူရောင် နှင်းပန်းများသည် ဇုန်၅၏ နက်နဲသောအပိုင်းတွင် ရှိပြီး မြေပြင်ပေါ်တွင် အထူး တောက်ပနေခဲ့သည်။

အခြေအနေက ၀မ်ကျန်း ထင်ထားသည်ထက်ပင် ပိုမိုဆိုးရွားနေ၏။

ယင်းအတွက်ကြောင့် ၀မ်ကျန်းသည် ဤတစ်ခေါက် မစ်ရှင်၏ အစီအစဥ်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။

ယခုအချိန်တွင် သူတို့အတွက် ဦးစားပေးရမည့်အရာမှာ ယဇ်ပုလ္လင်ကို ဖျက်ဆီးရန်ဖြစ်သည်။

ထို့အပြင် နောက်ကွယ်မှလူကို ကိုင်တွယ်ရန်အတွက် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခိုင်းရပေမည်။

"နောက်ဆုံးတော့လည်း ဆရာလေးလင်းဆီက အကူအညီတောင်းရတော့မှာပဲ"

နောက်ကွယ်မှလူ၏ လိမ္မာပါးနပ်မှုသည် သူတို့ထင်မှတ်ထားသည်ထက် အဆများစွာ ကျော်လွန်နေခဲ့သည်။

ထို့အပြင် သူတို့ ရှေ့ဆက်ကြုံတွေ့ရမည့် အခက်အခဲများသည် ယခုထက် ပိုမို များပြားလာလိမ့်မည် ဖြစ်သည်။

ယဇ်ပုလ္လင်ကို သွားရာလမ်းတွင် သူတို့သည် ပြန်လည် ရှင်သန်ထမြောက်လာသည့် လူအများအပြားနှင့် တွေ့ကြုံရပေဦးမည်။

လီဟွမ်းယန်ကဲ့သို့ အဆင့်သည်ပင် ဒုတိယဇုန်၌သာ ရှိနေသေးသည်။

နောက်ထပ် တွေ့ကြုံရမည့်ဇုန်များမှ အစောင့်များသည် ယခုထက် ပို၍အင်အားကြီးလိမ့်မည် ဖြစ်သည်။

တကယ်လည်း သူတို့တွေးထားသည့် အတိုင်းပင်၊ တတိယဇုန်၏ အစောင့်သည် သားရေ၀တ်စုံနှင့် ဖိနပ်ကို စီးထားသည့် လူလတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်သည်။

ထိုလူက အနည်းငယ်၀ပြီး မျက်မှန်ကို မျက်စိတစ်ဖက်တည်းသာ တပ်ထားသည်။

၎င်းက ခေါင်းကနေ ခြေဖျားအထိ အထက်တန်းလွှာ တစ်ယောက်၏ အရှိန်အ၀ါကို ထုတ်လွှတ်နေခဲ့၏။

"ငါသူ့ကိုသိတယ်"

လီဟွမ်းယန်သည် ထိုလူ၏ နောက်ခံအကြောင်းအရာကို ချက်ခြင်းပင် မှတ်မိလိုက်သည်။

"ဒီလူက ဘယ်သူလဲ"

ထွင်ထျန်းဟာက ပြန်မေးလိုက်၏။

"သူ့နာမည်က ၀ူရှောင်လန်.. သူ့ကို တောရိုင်းမိစ္ဆာစားဖိုမှုးလို့လည်း ခေါ်ကြတယ်"

"တောရိုင်းမိစ္ဆာစားဖိုမှုး ဟုတ်လား.."

"သူက တောရိုင်းတိရစ္ဆာန်တွေကို အဓိကချက်ပြုတ်တဲ့ စားဖိုမှုးတစ်ယောက်ပဲ.. တစ်ချိန်ကဆိုရင် ၀ူရှောင်လန်က လင်းနို့ဆာရှိမိကို ပြုလုပ်ခဲ့ပြီး ဆာရှိမိ စားသုံးသူတွေနဲ့ သူကိုယ်တိုင် လင်းနို့ဗိုင်းရပ်စ် ကူးစက်ခြင်းကို ခံခဲ့ရတယ်.. အဲဒီအချိန်က အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ် ရာဂဏန်းထက် မနည်း ပါ၀င်တဲ့ ဧရာမတောင်ပံ လင်းနို့ဘုရင်ကို ဝူရှောင်လန် ချက်ပြုတ်ခဲ့တယ်.. ဒီဗိုင်းရပ်စ်တွေက ဆက်လက် ပျံ့နှံ့ပြီး မြို့အများအပြားကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့ရတယ်"

လီဟွမ်းယန်က အတိတ်အကြောင်းကို ပြောပြလိုက်သည်။

"ပြောရရင် ၀ူရှောင်လန်က လင်းနို့ဆာရှိမိကို စားသုံးပြီးသေဆုံးခဲ့ရတာပဲ.. သူက ကောင်းမွန်တဲ့ အစားအစာတွေ မစားပဲ တောရိုင်းတိရစ္ဆာန်တွေကို စားသောက်တတ်တာကပဲ သူ့ကိုယ်သူ ဒုက္ခပေးလိုက်သလို ဖြစ်သွားခဲ့တယ်"

၀မ်ကျန်းက သက်ပြင်းချလိုက်သည်။

ကမ္ဘာပေါ်တွင် ၀ိညာဥ်သားရဲအများအပြား ရှိသည်။

တချို့ကို လူသားများစားသုံးရန် အထူးမွေးမြူထားသော်လည်း တချို့ တောရိုင်း သားရဲ၀ိညာဥ်များတွင်မူ သဘာ၀ ဗိုင်းရပ်စ်များ ပါ၀င်နေ၏။

ထို့ကြောင့် ငတ်မွတ်မှုကို ဖြည့်ဆည်းရန်အတွက် တောရိုင်း ဝိညာဥ်သားရဲများကို ချက်စား၍ သေဆုံးခြင်းသည် သနားစရာမဟုတ်ပေ။

"သူ့ရဲ့ အရိပ်ရုပ်သွင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မင်းမှာရှိလား"

ထွင်ထျန်းဟာက မေးလိုက်သည်။

"ရှိတယ်"

ထိုအချိန်တွင် သူ၏ နေရာလွတ်ထဲရှိ ကျန်းယင်ယွဲ့က အမြန် ပြန်ဖြေလိုက်သည်။

"သူ့ရဲ့အရိပ်ရုပ်သွင်ကို တောရိုင်းအဆိပ်ဘုရင်လို့ ခေါ်တယ် သူက သူ့ရဲ့အရိပ်ကို အသုံးပြုပြီး လူတွေကို အသက်ရှုလို့မရအောင် လုပ်ဆောင်နိုင်တဲ့ အင်အားကြီး ဗိုင်းရပ်စ်ကို ဖြန့်နိုင်တယ်.. အဆိပ်သင့်တဲ့လူက တဖြည်းဖြည်း အားနည်းလာပြီး အအေးဒဏ်ကို ကြောက်ရွံ့လာမယ်.. နောက်ဆုံးမှာတော့ ၀ိညာဥ်စွမ်းရည် ထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ အသက်ရှင်နိုင်စွမ်း ဆုံးရှုံးသွားလိမ့်မယ်"

ကျန်းယင်ယွဲ့ထံမှ ထိုစကားကိုကြားလျှင် လူတိုင်း၏ အကြည့်များ၌ သတိကြီးကြီးထားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

တစ်ဖက်တွင်လည်း ၀မ်လင်းသည် ထွင်ထျန်းဟာ ဆီကနေ သတင်း အချက်အလက်ကို ရရှိခဲ့၏။

၀မ်ကျန်း၊ ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့သည် ၀မ်လင်း၏ ထောက်လှမ်းရေးနှင့် ရှေ့ပြေးတပ်သားများ ဖြစ်ကြသည်။

အဆုံးသတ်တွင် သူတို့ ပေးပို့ခဲ့သော သတင်း အချက်အလက်များအရ အခြေအနေသည် သူတွေးထားသည်ထက်ပင် အများကြီး ပိုမို ဆိုးရွားနေခဲ့၏။

လက်ရှိတွင် ဥက္ကဌချီ၏ဆရာဖြစ်သည့် အဖိုးအိုဟွမ်ဖုန်းသည် လဲလှယ်ခံရသည်ဟု သူတို့သံသယရှိနေခဲ့သည်။

ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသည့် စကြာ၀ဠာအဆင့် သန့်စင်ခြင်းအစီအရင်..

ဤအရာများအားလုံးသည် ၀မ်ကျန်း ယခုအချိန်ထိ တွေ့ ရှိထားသော သတင်းအချက်အလက်များ ဖြစ်သည်။

သတင်းက အများကြီး မဟုတ်သော်လည်း ရရှိထားသောအချက်အလက်များသည် တန်ဖိုးအလွန်ရှိ၏။

နောက်ကွယ်မှလူက သဲလွန်စများကို ရှာဖွေ၍ မရစေရန် မည်သည့်နည်းလမ်းကို အသုံးပြုထားမှန်း ၀မ်လင်းမသိပေ။

သို့သော်လည်း ယခုအခါတွင် သတင်းအချက်အလက် အချို့ ရရှိထားပြီဖြစ်၍ အခြေအနေကို ပြောင်းပြန်လှန်ရန် သိပ်မခက်ခဲဟု ၀မ်လင်း ခံစားခဲ့ရသည်။

တစ်ဖက်လူ၏ ရည်ရွယ်ချက်က စကြာ၀ဠာအဆင့် သန့်စင်ခြင်း အစီအရင်ကို တည်ဆောက်ဖို့ ဖြစ်နိုင်သောကြောင့် ကမ္ဘာပေါ်ရှိ ကောင်းကင်သွေးပြန်ကြော ဘားခလုတ် ဖွင့်လှစ်သောအခါတွင် တခြားဂြိုလ်များတွင်လည်း တစ်ချိန်တည်း အတူတကွ လုပ်ဆောင်နိုင်ဖို့ လိုအပ်သည်။

ထို့ကြောင့် တခြားသော ဂြိုလ်များအပေါ်တွင်လည်း ကောင်းကင်သွေးပြန်ကြောများကို ထိန်းသိမ်းရန် အတွက် လူများ စေလွှတ်ထားမည်မှာ သေချာ၏။

တစ်နည်းအားဖြင့် နောက်ကွယ်မှ ကြိုးကိုင်သူသည် အစီအရင်၏ အလယ်ဗဟိုတွင် ရှိနေရပေမည်။

သူ၏ အတွေးသာ မမှားခဲ့လျှင် အစီအရင်၏ ဗဟိုချက်သည် နေပေါ်တွင် ရှိနေဖို့များ၏။

၀မ်လင်းက ခေါင်းမော့လိုက်ပြီး သူ၏ ဘုရင်မျက်လုံးဖြင့် ကောင်းကင်ကို စူးစိုက်ကြည့်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကစပြီး ရာသီဥတုကြောင့် နဂါးကိုးကောင်တောင်၏ မြူများနှင့် ထူထဲသည့် တိမ်များသည် နေကို ပိတ်ဆို့ထားခဲ့သည်။

ထို့ကြောင့် တစ်ဖက်လူက နေပေါ်တွင် ပုန်းနေမှန်း ၀မ်လင်းမသိခဲ့ခြင်းပင်။

ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် သူ၏ ပြိုင်ဘက်သည် အတိတ်က သူတွေ့ဖူးသည့် မည်သည့် ပြိုင်ဘက်ထက်မဆို ပို၍ လိမ္မာပါးနပ်သည်မှာ ထင်ရှားနေ၏။

သူ့အနေဖြင့် ဤကိစ္စကို အချိန်ဆက်ဆွဲထား၍ မဖြစ်တော့ပေ။

၀မ်လင်းက နေကို စူးစိုက်ကြည့်လိုက်ပြီးနောက် အရာအားလုံးကို အမြန်ဆုံး ဖြေရှင်းရန် ပြင်ဆင်လိုက်သည်။

"၀မ်လင်း.. နင်နေလှုံချင်လို့ ကောင်းကင်ကို စိုက်ကြည့်နေတာလား"

ထိုအချိန်တွင် စွန်းရုံက ရုတ်တရက် စိုးရိမ်တကြီးလေသံဖြင့် ၀မ်လင်းကို မေးလိုက်သည်။

ရာသီဥတုကြောင့် နောက်ရက်အနည်းငယ်အတွင်း နေထွက်ရန် ခဲယဥ်းမည်မှန်း သူမ သိသည်။

သို့သော်လည်း ၀မ်လင်းသည် သူတို့အဖွဲ့၏ လာဘ်ကောင်လေး ဖြစ်သည် မဟုတ်ပါလော။

ထို့အပြင် သူမသည် အမှတ်၆၀ အထက်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည်။

ခေါင်းဆောင်တစ်ယောက် အနေဖြင့် သူမသည် နေလှုံချင်သည့် အဖွဲ့၀င်တစ်ယောက်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်မှာ သဘာ၀ကျပေသည်။

ထို့နောက်တွင် စွန်းရုံသည် ဝေါ်ကီတော်ကီကို ထုတ်ယူ၍ နဂါးကိုးကောင်တောင်၏ ပတ်၀န်းကျင်တွင် ရှိနေသည့် ဟွာကော ရေတံခွန်လုပ်ငန်းစု၏ လုံခြုံရေးအဖွဲ့ကို အမိန့်ပေးလိုက်သည်။

"ဟွာကောရေတံခွန် လုပ်ငန်းစုရဲ့ ဒုံးကျည်အဖွဲ့...ငါ့ရဲ့အမိန့်ကိုနားထောင်..တိမ်တွေကို ဖောက်ခွဲနိုင်တဲ့ နေ့အလင်းရောင်လက်ပစ်ဗုံးကို ချက်ခြင်းပစ်လွှတ်ပါ.. ငါဒီနေ့ နေထွက်တာကို မြင်ချင်တယ်"

၀မ်လင်း"........"

အပိုင်း(၁၁၉၁) ပြီး၏

All Chapters