ဝမ်လင်းရယ်လိုက်တာလား
Vol. 80 Ch. 1192
ဟွာကော ရေတံခွန်လုပ်ငန်းစုသည် အလွန်အားကောင်းသည့် ဒုံးကျည်များကို ပစ်လွှတ်နိုင်သော အထူးတပ်ဖွဲ့ကို အမြဲတစေ ပြင်ဆင်ထားခဲ့ကြသည်။
သူတို့က ဆေးဝါးများကို အဓိကထုတ်လုပ်သော လုပ်ငန်းစုဖြစ်၍ ကုန်ကြမ်းများ အမြဲလိုအပ်လေ့ရှိသည်။
ကုန်ကြမ်းအဖြစ် လိုအပ်သည့် စိတ်၀ိညာဥ်အပင်များကို အခြေစိုက်စခန်းများဖြင့် စနစ်တကျစိုက်ပျိုးကာ ကုန်ကြမ်း ကုန်ကျစရိတ်ကို အနည်းဆုံး ဖြစ်အောင် စီမံခဲ့ကြသည်။
ဒုံးကျည်တပ်ဖွဲ့ တည်ရှိနေရသည့် ရည်ရွယ်ချက်မှာ စိတ်၀ိညာဥ် အပင်များ၏ ကြီးထွားမှုပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဖြစ်သည်။
စိတ်၀ိညာဥ်အပင်အချို့သည် မိုးရွာသည်ကို နှစ်သက်သလို တချို့သည် နေရောင်ခြည်ကို ကြိုက်နှစ်သက်ကြသည်။
တချို့ကမူ မြူများကို နှစ်သက်ကြပြီး တချို့က PM2.5 ကိုပင် စုပ်ယူ၍ အသက်ရှင်ကြသည်။
[PM2.5 = လေထဲရှိ အလွန်သေးငယ်သော ဖုန်မှုန့် ]
တိမ်တိုက်ဖောက်ခွဲ နေရောင်ခြည်ဗုံးသည် ဒုံးကျည်တပ်ဖွဲ့အသုံးပြုလေ့ရှိသည့် ရာသီဥတု ဗုံးအမျိုးအစား တစ်ခုသာ ဖြစ်၏။
နာမည်အတိုင်းပင် ထိုဗုံး၏ အဓိက လုပ်ဆောင်ချက်မှာ မိုးရွာသည့်နေ့များ သို့မဟုတ် တိမ်ထူသည့် နေ့များတွင် တိမ်များနှင့်မြူများကို ဖယ်ရှားပေးပြီး နေရောင်ခြည်ကို ထွန်းလင်းစေရန် ဖြစ်၏။
ထို့အပြင် မိုးရွာသောနေ့များတွင် မိုးရွာစေရန်အတွက် အသုံးပြုနိုင်သည့် အပြာရောင်သမုဒ္ဒရာလှိုင်း အသက်၀င်ဗုံး၊မြူထူသည့် နေ့များအတွက် အသုံးပြုသည့် ရေထဲမှလမင်းဗုံး၊ မိုးသီးကျသောနေ့များ အတွက် အသုံးပြုသည့် ဝမ်ဝမ် ရေခဲဖျက်ဆီးဗုံး စသည့် ဗုံးများလည်း ရှိပါသေးသည်။
"ဟွာကော ရေတံခွန်လုပ်ငန်းစုက တကယ်ကို ချမ်းသာပြီး အင်အားကြီးမားတာပဲ"
အဆုံးသတ်တွင် ချန်းချောင်နှင့် ကော်ဟောက်တို့သည် မအံ့သြပဲ မနေနိုင်ကြတော့ပေ။
စွန်းရုံက ဤကဲ့သို့ ခမ်းနားသောနည်းလမ်းဖြင့် သူမ၏ ချမ်းသာကြွယ်၀မှုကို ပြသခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူတို့က အံ့သြနေဆဲပင်။
စင်စစ် ဤကဲ့သို့ ရာသီဥတု ဗုံးအမျိုးအစားသည် စျေးပေါသော ဗုံးများ မဟုတ်ကြပေ။
သို့သော် ယခုအချိန်တွင် အမှတ် ၆၀ အထက်တန်း ကျောင်း၏ စခန်းသည် နေရောင်ခြည် အနည်းငယ်ကို လိုအပ်နေခဲ့၏။
လေထုက စိုထိုင်းလွန်းနေသောကြောင့် အဆောင်လက်ဖွဲ့ထုတ်လုပ်ရေးအဖွဲ့မှ ယာယီ ထုတ်လွှတ်ထားသည့် အဆောင်လက်ဖွဲ့စာရွက်များပင် စိုထိုင်းဆ ပြုနေကြသည်။
ယင်းက အဆောင်လက်ဖွဲ့ ရေးဆွဲရာတွင် အောင်မြင်မှုနှုန်းကို လျော့ကျစေပြီး တစ်ချိန်တည်းမှာပင် အဆောင်လက်ဖွဲ့ကို အသက်သွင်းသောအခါ၌ အာနိသင်များကို ထိခိုက်စေမည် ဖြစ်၏။
ထို့အပြင် ဤနေရာတွင်ရှိနေသော လူတိုင်း၏ အခြေအနေသည် စိုစွတ်သော အခြေအနေတွင် ရှိနေခဲ့သည်။
အကယ်၍ နေရောင်ခြည်သာ ထွန်းလင်းလာခဲ့လျှင် စိုထိုင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အရေးပေါ် ကိစ္စများကို ဖြေရှင်းဖို့ လုံလောက်သွားလိမ့်မည် ဖြစ်၏။
ထို့ကြောင့် စွန်းရုံက တိမ်တောက်ဖောက်ခွဲ နေရောင်ခြည်ဗုံးကို အချိန်ကိုက် ပစ်လွှတ်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်၏။
ထိုဗုံးက နေရောင်ခြည် လိုအပ်မှုကို နာရီ၀က်အကြာ ဖြည့်ဆည်းပေးနိုင်သောကြောင့် နေ့လယ် ၁၁ နာရီလောက် ဆိုလျှင် ဗုံး၏ အာနိသင်များက လျော့ပါးသွားလိမ့်မည် ဖြစ်၏။
မီးတောင်ထွတ်၏ အပူချိန်သည် နေ့ရောညပါ အလွန်ပင် မြင့်မား၏။
ထို့ကြောင့် စွန်းရုံက ဤအခြေအနေတွင် ပစ်လွှတ်ဖို့ ရွေးချယ်ခြင်းသည် လူတိုင်း၏ ခန္ဓာကိုယ်ပေါ်မှ စိုထိုင်းမှုများကို ဖယ်ရှားပေးရန် ဖြစ်သည်။
ဟုတ်ပါသည်။ စွန်းရုံ၏ ရည်ရွယ်ချက်အားလုံးသည် အဖွဲ့၏ အချစ်တော် လာဘ်ကောင်လေး ဖြစ်သည့် ကျောင်းသား ၀မ်လင်း အတွက်မှန်း လူတိုင်း ကောင်းစွာသိကြသည်။
တစ်ဖက်တွင်လည်း ၀မ်လင်းသည် နေရှိရာသို့သွားပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ရှာဖွေရန် အတွက် ရိုးရှင်းသော ပြင်ဆင်မှုများကို ပြုလုပ်နေခဲ့သည်။
တစ်ဖက်တွင်လည်း ၀မ်ကျန်းက အချိန်ဆွဲရန် အတတ်နိုင်ဆုံးကြိုးစားနေ၍ သူက ဤတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရပေမည်။
အမြန်ဆုံး အဆုံးသတ်ရမည်ဟုသာ ပြောသော်လည်း ဤတစ်ကြိမ် မည်မျှ ကြာမြင့်နိုင်သည်ကို ၀မ်လင်း အမှန်တကယ် သေချာမသိပေ။
သူသိထားသော အချက်အလက်များအရ ဆိုလျှင် ဤ တစ်ခေါက် ရန်သူသည် သူကြုံတွေ့ဖူးသော ရန်သူများ ထဲတွင် အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်လောက်သည်။
သူ့တွင် အချက်အလက်များက အကန့်အသတ်ဖြင့်သာ ရှိနေပြီး နောက်ကွယ်မှလူ၏ နောက်ခံ အကြောင်းတရားကိုပင် အတိအကျ မသိသေးပေ။
ဤကဲ့သို့ အဖြစ်မျိုးသည် ယခင်က တစ်ခါမျှ မဖြစ်ဖူးသော အရာ ဖြစ်သည်။
ထို့အပြင် ၀မ်လင်း၏ နက္ခတ်ဗေဒင် မှော်စွမ်းရည်များကလည်း ဤလျှို့၀ှက်ဆန်းကြယ် နောက်ကွယ်မှ ကြိုးကိုင်သည့်လူအပေါ်တွင် မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။
၀မ်လင်းသည် အမှောင်ထဲကနေ စောင့်ကြည့်ခံရသည့် ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားနေခဲ့ရသည်။
တစ်ဖက်လူ၏ နောက်ခံက မရှင်းလင်းသည့် အတွက် ၀မ်လင်းသည် ပို၍ သတိထားပြီး ပြင်ဆင်မှုများ ပြုလုပ်သင့်သည်ဟု ခံစားခဲ့ရသည်။
သူ၏ ဘုရင့်ဘဏ္ဍာတိုက်ထဲတွင် မှော်ရတနာမျိုးစုံ ရှိသော်လည်း ယခင်က ၀မ်လင်းသည် တိုက်ပွဲများတွင် အသုံးမပြုခဲ့ပေ။
အကြောင်းအရင်းမှာ မည်မျှအားကောင်းသည့် ရန်သူ ဖြစ်ပါစေ၊ သူ၏ လက်၀ါးရိုက်ချက်ကို မခံနိုင်၍ ဖြစ်သည်။
သို့သော် ဤတစ်ခေါက်တွင်မူ သူ၏ ဘုရင့်ဘဏ္ဍာတိုက်ကို အသုံးပြုရမည့်အချိန် ကျရောက်လာပြီဟု ၀မ်လင်း ခံစားခဲ့ရသည်။
၀မ်လင်းသည် အိမ်သာသွားမည် ဟူသော အကြောင်းပြချက်ဖြင့် သူ၏ကိုယ်ပွားဖြစ်သည့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်နှင့် နေရာချင်း လဲလှယ်ခဲ့သည်။
၎င်းက မဟာဗျူဟာ လှည့်ဖြားမှုရုံးတွင် ၀မ်လင်း ချန်ထားခဲ့သည့် ပကတိကိုယ်ပွား ဖြစ်ပြီး ကိုယ်ပိုင်အသိဥာဏ်လည်း ရှိသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကို ၀မ်လင်း၏ကိုယ်ပွားဟု သတ်မှတ်ပြီး ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။
ယခုအခါ ၀မ်လင်းသည် အပြင် ခဏမျှ ထွက်သွားရမည် ဖြစ်ရာ အကြိမ်ကြိမ် စဥ်းစားပြီးနောက်တွင် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ဖြင့် လူစားထိုးထားရန် ဆုံးဖြတ်လိုက်သည်။
သာမန်ကိုယ်ပွား တစ်ခုသည် အချိန်ကြာမြှင့်လာသည်နှင့်အမျှ တိုက်ရိုက် ပြိုကွဲသွားမည် ဖြစ်သော်လည်း သူ၏ ပကတိကိုယ်ပွားကမူ ထိုသို့ ဖြစ်ပွားမည် မဟုတ်ပေ။
ထို့အပြင် သူ၏ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် အလုံအလောက် အင်အားကောင်းမွန်သောကြောင့် မမျှော်လင့်သည့်ကိစ္စများ ဖြစ်ပျက်လာခဲ့လျှင်လည်း ဤနေရာမှာရှိသည့်လူတိုင်းကို ကာကွယ်ရန် လုံလောက်မည် ဖြစ်သည်။
ခေါက်ဆွဲခြောက် တာအိုဧကရာဇ်နှင့် မျက်နှာချင်းဆိုင် ရပ်နေသောအခါတွင် ၀မ်လင်းသည် သူ့ကိုယ်သူ မှန်ထဲ၌ ပြန်ကြည့်နေရသကဲ့သို့ ခံစားနေရသည်။
အထူးသဖြင့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က သူ၏ ကျောင်း၀တ်စုံကို ပြောင်းလဲ ၀တ်ဆင်လိုက်သောအခါတွင် သူတို့ကြား၌ ကွာခြားချက် လုံး၀ မရှိသလောက်ပင်။
"မင်းကိုပဲ အားကိုးတော့မယ်"
၀မ်လင်းက ခေါက်ဆွဲခြောက် တာအိုဧကရာဇ်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
နောက်ထပ် ခဏမှာပင် သူ၏ပုံရိပ်သည် ချက်ခြင်းဆိုသလို ပျောက်ကွယ်သွားခဲ့၏။
ဤကဲ့သို့ အစားထိုးလဲလှယ်မှုသည် အပြစ်ကင်းစင်ပြီး မည်သည့် ချို့ယွင်းချက်မှ မကျန်ရစ်ခဲ့ပေ။
သို့သော်လည်း ၀မ်လင်းသည် လူတချို့၏ နားလည်မှုကို လျော့တွက်မိခဲ့သည်။
ဆိုရလျှင် ၀မ်လင်း၏ ပကတိကိုယ်ပွား ဖြစ်သည့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် မဟာဗျူဟာ လှည့်ဖြားမှုရုံးတွင် စီးပွားရေး စီမံခန့်ခွဲ့မှု နှင့် ပတ်သက်သည့် ဗဟုသုတ အမျိုးမျိုးကို စိတ်ရှည်လက်ရှည် သင်ယူနေခဲ့သည်။
သူက ၀မ်လင်း၏ ကိုယ်ပွားဖြစ်သောကြောင့် အထောက်အထားကို အလွယ်တကူ ဖော်ထုတ်၍ မရခဲ့ပေ။
ထို့ကြောင့် သူ့မျက်နှာကို ဖုံးကွယ်ရန်အတွက် အထူး မျက်နှာဖုံးကို ၀တ်ဆင်ထားခဲ့သည်။
သူက ၀မ်လင်းနှင့် အတိအကျတူပြီး အမွှာမောင်နှမဟုပင် ပြော၍ရသည်။
သူသာ အလွန်အမင်း နာခံမှု မရှိလျှင် ဗုံးပစ်စီနီယာအင်မော်တယ်ကပင် ၀မ်လင်းနှင့် မကြာခဏ မှားယွင်းတတ်သည်။
၀မ်လင်းက သူ၏ပကတိကိုယ်ပွားကို မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးတွင် ချန်ထားရစ်ခဲ့သည့် အကြောင်းရင်းမှာ ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပတ်၀န်းကျင်တွင် ယုံကြည်စိတ်ချရသည့် တိုက်ခိုက်ရေးအင်အား တိုးမြင့်လာစေရန် ဖြစ်သည်။
အသစ် တည်ထောင်ထားသော ဂိုဏ်းတစ်ဂိုဏ်း အတွက် လူရိုသေ ရှင်ရိုသေ အစွမ်းထက်သည့် ကျင့်ကြံသူ အနည်းငယ် အမြဲတစေ လိုအပ်သည် မဟုတ်ပါလော။
ထို့ပြင် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် အလွန်ပင် နာခံမှု ရှိသည်။
ဆိုရလျှင် ၎င်းသည် အပိုခံစားချက်များ မရှိသည့် ကိုယ်ပွားတစ်ခုသာ ဖြစ်၏။
သူက ၀မ်လင်း၏ ညွှန်ကြားချက်အရ ဗုံးပစ်စီနီယာအင်မော်တယ် ပေးအပ်သည့် လုပ်ငန်းတာ၀န် အားလုံးကို နားထောင်ခဲ့သည်။
ဤသို့ဖြင့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် လုပ်ငန်း စီမံခန့်ခွဲရေး၊ ၀န်ထမ်းလေ့ကျင့်ရေးများ အထိ တက်တက်ကြွကြွ ပါ၀င် လုပ်ကိုင်ခဲ့သည်။
ယခုအခါတွင် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည်ဂိုဏ်းထဲကို ၀င်ရောက်လာသည့် အဖွဲ့၀င် အသစ်များအတွက် မရှိမဖြစ် HR တစ်ယောက်ပင် ဖြစ်လာခဲ့လေပြီ။
[HR = ကုမ္ပဏီတစ်ခုအတွက် လူ့စွမ်းအား အရင်းအမြစ်များစီမံခန့်ခွဲသူ]
ဤတစ်ခေါက်တွင်မူ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် မစ်ရှင်အသစ် တစ်မျိုးကို လက်ခံရရှိခဲ့ပြီ ဖြစ်၏။
လဲလှယ်မှုပြီးသွားပြီးနောက်တွင် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်သည် ၀မ်လင်း၏ မှတ်ဥာဏ်များနှင့် ယခင်အပြုအမူများ အတိုင်း စခန်းသို့ပြန်လာခဲ့သည်။
အိမ်သာကနေ ထွက်လာပြီးနောက်တွင် ဟွာကောရေတံခွန် လုပ်ငန်းစုက တိမ်တိုက်ဖောက်ခွဲ နေရောင်ခြည်ဗုံးကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်ကို အဝေးကနေ သူ မြင်တွေ့လိုက်ရသည်။
ဒုံးကျည်က မြေပြင်ကနေ လွှတ်တင်ပြီးနောက် တိမ်တိုက်များနှင့် မြူများကို အလွှာလိုက် ဖောက်ထွင်းသွားခဲ့ပြီး အဆုံးသတ်တွင် နဂါးကိုးကောင်တောင် ပတ်၀န်းကျင်ရှိ တိမ်တိုက်များနှင့် မြူများကို ဖယ်ရှားကာ နေရောင်ခြည်ကို ထွန်းလင်းစေခဲ့သည်။
ထိုအခိုက် နေရောင်ခြည်က သူ၏ မျက်နှာပေါ်ကို ပက်ဖြန်းလာသောအခါ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် ပျော်ရွှင်သလို ခံစားလိုက်ရပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"၀မ်လင်း.. နင်.."
တိုက်တိုက်ဆိုင်ဆိုင်ပင် စွန်းရုံက အဝေးကနေ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
သူမအနေဖြင့် ၀မ်လင်း၏ ခံစားချက်မဲ့သော မျက်နှာတွင် ဤကဲ့သို့ အမူအရာကို ပထမဆုံးအကြိမ် မြင်လိုက်ရခြင်း ဆိုလည်းမမှားပေ။
"နင်အခုလေးတင် ရယ်လိုက်တာလား ၀မ်လင်း"
၀မ်လင်းက နေကို မြင်ပြီးနောက် ဤမျှအထိ ပျော်ရွှင်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဤသည်က သူမ အနေဖြင့် ယခင်က တစ်ခါမှပင် သတိမထားမိခဲ့သည့်အရာ ဖြစ်သည်။
စွန်းရုံက သူမ၏ မှတ်စုစာအုပ်လေးထဲတွင် ၀မ်လင်းက နေကိုနှစ်သက်သည်ဟု ရေးမှတ်လိုက်သည်။
အဆုံးသတ်တွင် စွန်းရုံသည် ၀မ်လင်းက အဘယ်ကြောင့် ပြတင်းပေါက်ဘေးတွင် ထိုင်နေရသည်ကို နားလည်သွားခဲ့ပြီ ဖြစ်၏။
ယင်းက နေနှင့် ပိုမို နီးစပ်ဖို့ ဖြစ်သည် မဟုတ်ပါလား။
အပိုင်း(၁၁၉၂) ပြီး၏