← Chapters

ဒဏ္ဍာရီလာ အကောင့်အရှင်သခင်

Vol. 80 Ch. 1196

ဒဏ္ဍာရီလာ အကောင့်အရှင်သခင်

Vol. 80 Ch. 1196

ကောင်းကင်တာအိုကျားကွက်၊ ကြယ်အနေအထား ပြောင်းလဲခြင်း မှော်စက်ကွင်းနှင့် အင်္သချေဖုန်မှုန့် အစီအရင် စသည့် မန္တန်သုံးမျိုးကို ပေါင်းစပ်၍ ၀မ်လင်းသည် ကြယ်အနေအထား ပြောင်းလဲခြင်း ကျားကွက်ဟု ခေါ်သည့် အသစ် စက်စက် အဆင့် ၁၄ မှော်အစီအရင် တစ်ခုကို ဖန်တီးခဲ့သည်။

၎င်း၏ယင်နှင့်ယန် တံဆိပ်ခတ်ခြင်းစွမ်းအားသည် နေအဖွဲ့အစည်းအတွင်းရှိ မည်သည့်သက်ရှိကိုမဆို ကြေမွသွားစေရန် လုံလောက်၏။

သို့သော်လည်း ဤအစီအရင်သည် ၀မ်ယင်အပေါ်တွင် အလုပ်မဖြစ်သည်မှာ ထင်ရှားနေသည်။

သူ့ပြိုင်ဘက်၏ တွက်ချက်မှုအမြန်နှုန်းသည် ၀မ်လင်း ထင်ထားသည်ထက်ပင် အလွန်ပင် မြန်ဆန်နေ၏။

သို့သော်လည်း တိုက်ပွဲသည် ယခုမှ စတင်ရုံသာရှိသေး၍ ၀မ်လင်းသည် ထိတ်လန့်မသွားခဲ့ပေ။

မဟာတာအိုများစွာ၏ စွမ်းအားကို ရရှိထားသော ၀မ်လင်းသည် မည်သည့် တိုက်ပွဲတွင်မဆို ယုံကြည်မှုရှိသည်။

အရေးကြီးဆုံးအချက်မှာ ၀မ်ယင်နှင့်တိုက်ပွဲသည် အာကာသထဲတွင် ဖြစ်၏။

သူတို့၏တိုက်ပွဲသည် ကမ္ဘာမြေနှင့်အလွန်ပင် အလှမ်းကွာဝေးလွန်း၍ သူ၏ စည်းတံဆိပ်များကို ဖယ်ထုတ်လိုက်လျှင်ပင် အပြစ်မဲ့သူများကို ထိခိုက်စေမည် မဟုတ်ပေ။

ထို့ကြောင့်လည်း ၀မ်လင်းသည် စိတ်အေးလက်အေးပင် ဖြစ်နေခဲ့သည်။

၀မ်လင်းသည် ဤတိုက်ပွဲမှ တဆင့် ၀မ်ယင် ဖြစ်ပေါ်လာသည့် အကြောင်းအရင်းကို စုံစမ်းရန် လိုအပ်သည်ဟု အမှန်တကယ် ခံစားခဲ့ရသည်။

၀မ်လင်းသည် သူ၏အရိပ်ကို အမြဲလိုလို လျစ်လျူရှုခဲ့မိသည်။

သူ့အရိပ်က သူနှင့်အတူ အမှန်တကယ် ကြီးထွားလာလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။

ယခုအခါတွင် သူ၏ အရိပ်သည် ကိုယ်ပိုင် ဥာဏ်ရည်ဥာဏ်သွေးကို တဖြည်းဖြည်း ရရှိလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ခွဲထွက်ရန် စိတ်ကူးပင် ရှိလာခဲ့ပြီ ဖြစ်၏။

"၀မ်လင်း.. မင်းငါ့ရဲ့ တွက်ချက်နိုင်စွမ်းကို လျှော့မတွက်တာ ပိုကောင်းမယ်.. မင်းနဲ့ငါ့ကြားမှာ သိသာထင်ရှားတဲ့ ကွာခြားချက်တွေ မရှိပေမဲ့ ငါ့ရဲ့ သင်္ချာ တွက်ချက်မှုနှုန်းကတော့ မင်းထက် သေချာပေါက် ပိုကောင်းတယ်"

ထိုစကားကိုကြားလျှင် ၀မ်လင်း၏ အမူအရာသည် အနည်းငယ် တောင့်တင်းသွားခဲ့သည်။

သူက သူနှင့် ၀မ်ယင်တို့ကြားတွင် ဆံပင်အရောင်က လွဲ၍ မည်သည့်အရာ ကွာခြားသလဲ ဆိုသည်ကို တွေးနေမိသည်။

"ဒီကောင်က ငါ့ထက် သင်္ချာစွမ်းရည် ပိုကောင်းတယ်တဲ့လား"

၀မ်လင်းသည် သူ၏ သင်္ချာစွမ်းရည်ကို ညံ့ဖျင်းသည်ဟု မထင်ခဲ့ပေ။

အနည်းဆုံးတော့ သူ၏မှတ်ဥာဏ်သည် တစ်စက္ကန့်အတွင်း မတူညီသည့် အဖြေဒါဇင်ပေါင်း များစွာကို ထုတ်ပေးနိုင်စွမ်း ရှိ၏။

၀မ်လင်းအတွက် တစ်ခုတည်းသောအခက်အခဲမှာ မေးခွန်းများကို ဖြေဆိုသည့်အခါတွင် သိသာထင်ရှားသော အမှားများကို မလုပ်မိစေရန်ပင် ဖြစ်သည်။

၀မ်ယင်၏ စကားကိုကြားပြီးနောက်တွင် ၀မ်လင်းသည် အကြောင်းရင်းကို အသေးစိတ် နားထောင်လိုသော အမူအရာမျိုးပြုလုပ်ခဲ့သည်။

နောက်ထပ် တစ်စက္ကန့်မှာပင် ၀မ်ယင်သည် ၀မ်လင်းကို မေးခွန်းထုတ်လိုက်သည်။

"၀မ်လင်း မင်းကိုငါမေးမယ်.. မင်းမွေးလာကတည်းကနေ ဒီနေ့အထိ ခေါက်ဆွဲခြောက် ဘယ်နှစ်ထုပ်လောက် စားခဲ့ပြီးပြီလဲ ဆိုတာ မင်းသိလား"

၀မ်လင်းသည် ထိုမေးခွန်းကို ကြားပြီးနောက်တွင် အံ့အားသင့်သွားခဲ့သည်။

အကြောင်းရင်းမှာ မည်သူမှ ခေါက်ဆွဲခြောက်ထုပ် စားသည်ကို တကူးတက တွက်ချက်နေမည် မဟုတ်သောကြောင့်ပင်။

"မင်းက ငါ့ကို ကိုင်တွယ်ဖို့ ဒီလို မန္တန်တွေကို ပေါင်းစပ်ဖန်တီးပြီး အသုံးပြုမယ် ဆိုတာကို ငါကြိုတင် မျှော်လင့်ထားခဲ့ပြီးသားပဲ.. ဒါကြောင့် ငါက ဂဏန်းသင်္ချာ တွက်ချက်နိုင်စွမ်းကို အသေအချာ လေ့ကျင့်ထားခဲ့တယ်.. မင်းစားခဲ့တဲ့ ခေါက်ဆွဲခြောက်ထုပ် အရေအတွက်ကို ငါရှင်း ရှင်းလင်းလင်း မှတ်မိတယ်...၀မ်လင်း မင်းဒီနှစ်မှာ အသက် ၁၆နှစ်ရှိပြီ.. မင်းကခေါက်ဆွဲခြောက်ထုပ်ပေါင်း သုံးသောင်း ခြောက်ထောင် ရှစ်ရာ ခုနစ်ဆယ့်နှစ်ထုပ် စားခဲ့ပြီးပြီ.. ပျမ်းမျှအားဖြင့် မင်းက တစ်ရက်ကို ခြောက်ထုပ်စားတယ်.. တချို့ရက်တွေမှာတော့ မင်းက တစ်ရက်ကို အထုပ်နှစ်ဆယ် စားတယ်"

၀မ်လင်း"......."

"မင်းနားလည်လား ၀မ်လင်း.. ငါက မင်းထက်တောင် မင်း အကြောင်းကို ပိုသိသေးတယ်"

၀မ်ယင်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

ထိုစကားကြောင့် ၀မ်လင်းက ပြောစရာစကားမဲ့ကာ တိတ်ဆိတ်သွားခဲ့သည်။

သူ၏အရိပ်က သူသိထားသည့် စွမ်းရည်အားလုံးကို ပိုင်ဆိုင်ထားပြီး သူ၏စွမ်းရည်များကို တသွေမတိမ်း လုပ်နိုင်သူ တစ်ယောက်ဟုသာ ၀မ်လင်းထင်ခဲ့သည်။

သို့သော်လည်း ၀မ်ယင်သည် တသွေမတိမ်း လုပ်နိုင်သူတင်မကဘဲ ဒဏ္ဍာရီလာ ဂဏန်းသင်္ချာ အရှင်သခင်ပင် ဖြစ်နေလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။

သို့သော်လည်း ၀မ်ယင်ကြောင့် ၀မ်လင်းသည် သူခေါက်ဆွဲခြောက်ထုပ် ဘယ်နှစ်ထုပ် စားသုံးခဲ့သည်ကို အဆုံးသတ်တွင် သိရှိခဲ့ရသည်။

များသောအားဖြင့် သူ့ပြိုင်ဘက်များသည် စကားအပြောများလွန်း၍ သေသွားကြလေ့ ရှိသည်။

၀မ်ယင် ရှင်းပြနေသည့် အချိန်မှာပင် ၀မ်လင်းသည် တိုက် ခိုက်ရန်အတွက် နည်းလမ်းသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

၀မ်ယင်က သူ့ရှေ့တွင် အဆက်မပြတ် ပြောဆိုနေရသည့် အဓိကရည်ရွယ်ချက်မှာ နေ၀ိညာဥ်၏ စွမ်းရည်ကို ယူထုတ်ရန်အတွက် လုံလောက်သော အချိန်ကို ရရှိစေရန် အချိန်ဆွဲဖို့ဖြစ်ကြောင်း သူကောင်းစွာသိသည်။

သို့သော်လည်း ၀မ်ယင်ထံတွင် နောက်ထပ် အခွင့်အရေးမရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ထပ် လှုပ်ရှားမှုသည် အနိုင်အရှုံးကို သေချာပေါက် အဆုံးအဖြတ်ပေးမည် ဖြစ်သောကြောင့်ပင်။

ကျင့်ကြံသူ အများအပြားသည် မဟာတာအို၏ စွမ်းအားကို ရှာဖွေနေခဲ့ကြသည်။

စင်စစ် မဟာတာအိုသည် ကောင်းကင်နှ င့်မြေကြီး၏ စွမ်းအားများကို လှုံ့ဆော်နိုင်သည့် အမြင့်မြတ်ဆုံး မှော်စွမ်းရည် တစ်မျိုး ဖြစ်သည်။

စကြာ၀ဠာတွင် ကောင်းကင်တာအိုပေါင်း ၃၀၀၀ရှိပြီး ကမ္ဘာပေါ်ရှိ ကျင့်ကြံသူ အများအပြားသည် နှစ်ပေါင်း ၁၀၀ သို့မဟုတ် ၁၀၀၀ အပင်ပန်းခံ၍ ကျင့်ကြံလျှင်ပင် ကောင်းကင်တာအိုထဲမှ တစ်ခုကိုသာ နားလည်နိုင်ကြသည်။

ထိုသို့​ကောင်းကင်တာအို၏ စွမ်းအားကို နားလည်ရ ခက်ခဲနေရသည့် အကြောင်းအရင်းမှာ ကောင်းကင်တာအိုတွင် အစဥ် ပြောင်းလဲနေသော စွမ်းအား ရှိနေခြင်းကြောင့် ဖြစ်သည်။

၎င်းက ဇီ၀ ဆင့်ကဲဖြစ်စဥ်နှင့် ဆင်တူ၏။

အထပ်ထပ်အခါခါ လေ့လာ၍ ကံကောင်းမှု အနည်းငယ်မျှ ရှိမှသာ ကောင်းကင်တာအိုကို နားလည်နိုင်မည် ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးသည် ထိုသို့ နားလည်ရန်အတွက် အလွန် ကြာမြင့်သော အချိန်ကို ယူရနိုင်၏။

နောက်ထပ် တခဏမှာပင် ၀မ်လင်းသည် ထပ်မံ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

သူက ယခင်က ကဲ့သို့ပင် လက်ဟန် အမူအရာများ မပြုလုပ်ခဲ့သလို ခန္ဓာကိုယ်ကိုလည်း အလွန်အကျွံ မလှုပ်ရှားခဲ့ပေ။

ယင်းက လက်ဟန် စည်းတံဆိပ်မပြုလုပ်ဘဲ ထုတ်ဖော်ခဲ့သော မှော်စွမ်းရည် ဖြစ်သည်။

ထိုကဲ့သို့သော မှော်စွမ်းအားသည် အကျိုးသက်ရောက်မှု အတော်လေး ကောင်းမွန်၏။

အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်သည် လက်ဟန် အမူအရာများကို မမြင်ရသဖြင့် မည်သည့်အချိန်တွင် တိုက်ခိုက်မည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

၀မ်ယင်သည် ၀မ်လင်း၏ လှုပ်ရှားမှုများကို ခွဲခြားသိမြင်နိုင်ရန် အတွက် မျက်မှောင်ကြုတ်ကာ အစွမ်းကုန် ကြိုးစားနေခဲ့သည်။

သူက ၀မ်လင်း၏ သေးငယ်သော အမူအရာများကအစ စောင့်ကြည့်ကာ ၀မ်လင်းအပေါ် နားလည်မှုကို အသုံးချ၍ ထပ်မံ တိုက်ခိုက်လာမည့် လှုပ်ရှားမှုကို ခန့်မှန်းနေခဲ့သည်။

၀မ်လင်းက အေးစက်စက် မျက်နှာထားရှိသော်လည်း စေ့ စေ့စပ်စပ် အကဲခတ်တတ်လျှင်မူ လှုပ်ရှားမှုများကို တွေ့မြင်ရမည် ဖြစ်၏။

တစ်ခါတရံ မျက်တောင်လေး တစ်ချက် ခတ်ခြင်းကပင် ကြီးမားသော သတင်း အချက်အလက်များကို ဖုံးကွယ်ထားနိုင်ပေသည်။

၀မ်လင်း၏ လှုပ်ရှားမှုကြောင့် စကြာ၀ဠာရှိ ကြယ်များသည် လှုံ့ဆော်မှုကို ခံနေရဆဲ ဖြစ်သည်။

ဤတစ်ကြိမ်တွင် ၀မ်လင်းသည် ပထမအကြိမ်ကထက် အဆပေါင်းများစွာ ပိုမိုများပြားသော မန္တန်များကို ပေါင်းစပ်ခဲ့သည်။

ပထမအကြိမ်တွင် သူက မန္တန်သုံးခုကိုသာ ပေါင်းစပ်ခဲ့သော်လည်း ၀မ်ယင်သည် ရလဒ်ကို လျင်မြန်စွာပင် ကော်ပီကူးနိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ၀မ်လင်းသည် မန္တန်သုံးဆယ်ကို ပေါင်းစပ်ထား၍ ၀မ်ယင်အနေဖြင့် မြန်ဆန်စွာ တွက်ချက်နိုင်လိမ့်မည်ဟု မယုံကြည်ခဲ့ပေ။

ထိုခဏတွင် ၀မ်ယင်သည် ထောင်ပေါင်းများစွာသော ဥက္ကာပျံများဖြင့် ၀ိုင်းရံခံထားရပြီး သူ၏ခန္ဓာကိုယ်တွင် ဆွဲငင်အား ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ကောင်းကင်ပေါ်ရှိ ဥက္ကာပျံတစ်ခုစီသည် သံလိုက်ကိုပြေးကပ်သည့်နှယ် သူ့ဆီသို့ အဆုံးမဲ့ စီးဆင်းမှု အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့ကြသည်။

၀မ်ယင်က ဥက္ကာပျံများ၏ တိုက်ခိုက်ခံရခြင်းမှ လွတ်မြောက်ရန် အတွက် အစွမ်းကုန် ကြိုးစားနေခဲ့ပြီး တစ်ချိန်တည်းမှာပင် ၀မ်လင်းက မည်သည့်မန္တန်များ ပေါင်းစပ် အသုံးပြုခဲ့သည်ကို တွေးတောနေခဲ့သည်။

စက္ကန့်အနည်းငယ်အတွင်း ၀မ်ယင်သည် သူ၏ခန္ဓာကိုယ်က ပို၍ လေးလံလာသလို ခံစားလိုက်ရသည်။

ဤအတိုင်းသာ ဆက်သွားနေလျှင် သူသည် ဤတိုက်ပွဲကို သေချာပေါက် ရှုံးနိမ့်လိမ့်မည် ဖြစ်၏။

ထောင်ပေါင်းများစွာသော ဥက္ကာပျံများသည် သံလိုက်တွင် ပြေးကပ်သကဲ့သို့ သူ၏ ပတ်၀န်းကျင်သို့ ဆင်းသက်လာကြပြီး အဆုံးသတ်တွင် ၀မ်ယင်သည် ဥက္ကာပျံများကြားတွင် လုံးလုံးလျားလျားကြီး နစ်မြုပ်သွားခဲ့သည်။

'အလုပ်ဖြစ်သွားတာလား"

၀မ်လင်းက သူရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေခဲ့၏။

၀မ်ယင်က ဥက္ကာပျံများကြားတွင် လုံး၀ နစ်မြုပ်ခံလိုက်ရပြီး ဖြစ်ကြောင်း သူမြင်တွေ့ခဲ့ရသည်။

၎င်းမှာ သူအသစ် တီထွင်ထားသည့် အဆင့် ၁၅ မှော်စွမ်းရည် တစ်ခု ဖြစ်၏။

ထိုမှော်စွမ်းရည်သည် မည်သည့်သက်ရှိကိုမဆို ကြယ်အူတိုင်အဖြစ်သို့ ပြောင်းလဲနိုင်သည်။

ဆိုရလျှင် တစ်စုံတစ်ယောက်သည် ကြယ်အူတိုင် အဖြစ်သို့ ပြောင်းလဲခံလိုက်ရသည်နှင့် စကြာ၀ဠာရှိ ဥက္ကာပျံများကို အလိုအလျောက် ဆွဲငင်မိမည် ဖြစ်သည်။

ဥက္ကာပျံများသည် ကြယ်အူတိုင်ဆီသို့ အစုလိုက်အပြုံလိုက် ချဥ်းကပ်ကာ အဆုံးသတ်တွင် ဘောလုံးတစ်လုံး ကဲ့သို့ စုစည်းသွားကြလိမ့်မည် ဖြစ်သည်။

ဆွဲငင်အား၏ သက်ရောက်မှုဖြင့် ထိုကြယ်အူတိုင်များ အဖြစ် ဖွဲ့စည်းထားသော အလုံးအဝန်းကြီးသည် တဖြည်းဖြည်း ပို၍ ကြီးမားလာလိမ့်မည် ဖြစ်၏။

အရေးကြီးဆုံးအချက်မှာ ဥက္ကာပျံများ တဖြည်းဖြည်း စုစည်းလာပြီး အရွယ်အစား ကြီးထွားလာသည်နှင့် အမျှ ကြယ်အူတိုင်အဖြစ် ပြောင်းလဲခံထားရသောသူသည် ကြီးမားသော ဖိအားကို ခံစားလာရမည် ဖြစ်၏။

အဆုံးသတ်တွင် ကြယ်အူတိုင်များဖြင့် ဖွဲ့စည်းထားသောအရာသည် အသစ်စက်စက် ဂြိုလ်တစ်လုံးအဖြစ်သို့ လုံး၀ ပြောင်းလဲသွားမည် ဖြစ်ပြီး ကြယ်အူတိုင် အဖြစ် ပြောင်းလဲခံရသူသည် ထိုနေရာတွင် ထာ၀ရ ပိတ်မိသွားလိမ့်မည် ဖြစ်၏။

၀မ်ယင်က ယခုအခါတွင် အတွင်းထဲ၌ ပိတ်မိနေခဲ့ပြီဖြစ်သည်။

၀မ်လင်းက သူ့ရှေ့မှ အဆုံးမဲ့ဥက္ကာပျံများဖြင့် ဖွဲ့စည်းထားသော အသစ်စက်စက် ဂြိုလ်ကြီးကို စူးစိုက်ကြည့်ကာ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သို့သော်လည်း နောက်ထပ် တခဏမှာပင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြယ်များဖြင့် ဖွဲ့စည်းထားသည့် ဧရာမ အလုံးကြီးသည် ရုတ်တရက် ကွဲအက်သွားခဲ့သည်။

"၀မ်လင်း မင်းရဲ့ စွန့်ပစ်တာကို ငါနောက်တစ်ကြိမ်ခံမှာ မဟုတ်ဘူး"

၀မ်ယင်၏ အသံသည် ထိုအက်ကွဲကြောင်းကနေ ထွက်ပေါ်လာခဲ့သည်။

"ငါက မင်းရဲ့အရိပ်အဖြစ် အချိန်အတော်ကြာ ရှိနေခဲ့ရတယ်.. ဒီတစ်ကြိမ်မှာတော့ မင်းကို ငါ့ရဲ့အရိပ်အဖြစ် ထာ၀ရပြောင်းလဲပစ်မယ်"

အပိုင်း(၁၁၉၆) ပြီး၏

All Chapters