ရာနှုန်းပြည့်ဓားတာအို
Vol. 80 Ch. 1197
၀မ်ယင်၏ စွမ်းအားက အံ့သြစရာကောင်းပြီး အနည်းဆုံးတော့ ၀မ်လင်းထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်။
၎င်းက ကြယ်အူတိုင် အဖြစ်ကနေ သူ့ဘာသာသူ လွတ်မြောက်ခဲ့ပြီး ဥက္ကာပျံများ၏ ၀န်းရံခံခြင်းကနေ ကြမ်းတမ်းစွာ ဖောက်ထွက်နိုင်ခဲ့ပြီး သူ့အတွက် အသက်ရှင်မည့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့သည်။
စင်စစ် ၀မ်ယင်သည် ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကိုအသုံးပြု၍ လွတ်မြောက်လာခဲ့ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် နည်းစနစ်နှင့် ပတ်သက်သည့်အ ကြောင်းအရာ ဘာတစ်ခုမှ မပါ၀င်၍ ဖြစ်သည်။
၀မ်လင်းက မလှုပ်ရှားခဲ့ပေ။
ထိုအစား ပြိုင်ဘက်၏ နောက်ထပ် လှုပ်ရှားမှုကိုသာ စောင့်နေခဲ့သည်။
တိုက်ပွဲအခြေအနေက တဖြည်းဖြည်း ပြင်းထန်လာပုံရ၏။
တစ်ဖက်တွင်လည်း ရုပ်ပိုင်းဆိုင်ရာ အားသာချက်ဖြင့် အကျပ်အတည်းကနေ လွတ်မြောက်ခဲ့သည့် ၀မ်ယင်၏ ခန္ဓာကိုယ်တွင် အားပျော့သော အနက်ရောင် အလင်းလွှာတစ်ခု ဖုံးလွှမ်းနေခဲ့သည်။
ယင်းမှာ သူတော်စင်ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် သူတော်စင် အလင်းရောင်ပင်ဖြစ်၏။
၀မ်လင်း၏အလင်းရောင်က အဖြူရောင်ဖြစ်ပြီး ၀မ်ယင်၏ အလင်းရောင်ကမူ လုံး၀ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
သူတောင်စင် အလင်းရောင်ကြောင့် ၀မ်ယင်ကို ၀န်းရံထားသည့် ဥက္ကာပျံများသည် အပိုင်းပိုင်း ကွဲထွက်ကာ လုံး၀ ပျက်စီးသွားခဲ့၏။
ဤသည်မှာ သူတော်စင်အလင်းရောင်၏ မှော်စက်ကွင်းစွမ်းအားပင် ဖြစ်သည်။
၎င်းနှင့် ပေတစ်ထောင်အတွင်း ပျံသန်းနေသည့် လက်နက်၊ အစီအရင် စသည့် အရာမှန်သမျှကို အလိုအလျောက် ရှင်းလင်းပေးနိုင်စွမ်း ရှိ၏။
၀မ်လင်းသည် သူ၏ သူတော်စင်အလင်းရောင် မထွက်ပေါ်လာစေရန်အတွက် အများအားဖြင့် ထိန်းချုပ်ထားလေ့ ရှိသည်။
အကယ်၍ သူသာ သူတောင်စင် အလင်းရောင်ကို မထိန်း ချုပ်ထားခဲ့လျှင် ပျံသန်းနေသည့် အရာမှန်သမျှကို ရှင်းလင်းရုံသာမက ပတ်၀န်းကျင်အာကာသထဲရှိ သက်ရှိအားလုံးကိုပါ ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။
လက်ရှိတွင် ၀မ်ယင်သည် သူတောင်စင် အလင်းရောင်ကို ထိန်းချုပ်ထားပြီး ဆယ်ရာခိုင်နှုန်းအောက်သာ ထုတ်လွှတ်ထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူက တခြားသော ဖြစ်ရပ်များ ဖြစ်လာနိုင်သည်ကို ဂရုစိုက်ရသေးသောကြောင့် ဖြစ်၏။
သူသာ ၁၀၀ ရာခိုင်နှုန်း ထုတ်လွှတ်လိုက်လျှင် နေ၏ မျက်နှာပြင်သည် ချက်ခြင်းဆိုသလို ပိုင်းဖြတ်ခံရပြီး အာကာသ ထဲကနေ တိုက်ရိုက် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။
ဆိုရလျှင် ၀မ်ယင်သည် ၀မ်လင်း၏ အရိပ်အစစ်အမှန်ဟုပင် ပြောနိုင်တော့သည်။
၀မ်ယင်၏ စွမ်းရည်များကို မြင်တွေ့လိုက်ရသည့် အခါတွင် ၀မ်လင်းသည် တကယ်ကို အံ့အားသင့်နေခဲ့သည်။
၀မ်ယင်သည် သူ၏ ကောင်းကင်တာအို စွမ်းအင်အားလုံး နီးပါးကို ကော်ပီ ကူးယူထားခဲ့ပုံ ရ၏။
သို့သော်လည်း ၀မ်ယင်၏ ယခုလေးတင် တိုက်ခိုက်မှုကနေ ၀မ်လင်းသည် အားနည်းချက် အချို့ကို မြင်နိုင်ခဲ့သည်။
သူယခင်က အသစ် ဖန်တီးခဲ့သည့် မန္တန်အားလုံး နီးပါးသည် ကောင်းကင်တာအိုကိုအခြေခံထားသော မန္တန်များ ဖြစ်ကြသည်။
၀မ်ယင်က သူ့ဆီကနေ အချိန်ကြာမြင့်စွာကတည်းကပင် ခွဲထွက်သွားခဲ့ပြီ ဖြစ်သောကြောင့် ၀မ်ယင် ခွဲထွက်ပြီးနောက် ရရှိခဲ့သည့် စွမ်းရည်အသစ်များကို ၀မ်ယင်သည် ၁၀၀ရာခိုင်နှုန်း အပြည့်အ၀ နားလည်နိုင်မည် မဟုတ်ပေ။
၀မ်ယင်က ၀မ်လင်း သတိမထားမိအောင် အရိပ် အပိုင်းအစလေးကို ချန်ထားခဲ့သော်လည်း ထိုအရိပ် အပိုင်းအစလေး၏ သင်ယူနိုင်စွမ်း ပမာဏသည် အဆုံးသတ်တွင် အကန့်အသတ်ရှိနေခဲ့သည်။
ထို့ကြောင့် ဤအခြေအနေကို အခြေခံ၍ ၀မ်လင်းသည် အနိုင်ရရှိရန် အခွင့်အရေး ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။
သူက နတ်တာအို၏ စွမ်းအားကို အသုံးပြုသ၍ ၀မ်ယင်ကို အသာစီးရရှိလိမ့်မည် ဖြစ်၏။
သို့သော် ထိုအချိန်တွင် ၀မ်ယင်၏ မျက်နှာပေါ်၌ ပဟေဠိဆန်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက သူ့လက်ကို ဆန့်တန်းလိုက်သောအခါ သူ၏ လက်ဖ၀ါးထဲတွင် အနက်ရောင် အရိပ်ရှည်တစ်ခု စုစည်းလာခဲ့သည်။
အဆုံးသတ်တွင် ထိုအရိပ်ရှည်သည် တဖြည်းဖြည်း ပုံသဏ္ဌာန် ပေါ်လာခဲ့ပြီး အနက်ရောင် ဓားတစ်လက် အဖြစ်သို့ လုံး၀ ပြောင်းလဲသွားခဲ့သည်။
ထိုဓားက အညိုရောင် မဟုတ်ဘဲ အနက်ရောင် ဖြစ်နေသော်လည်း ၀မ်လင်းသည် တစ်ချက်ကြည့်ရုံဖြင့် ကျင့်ခယ်၏ အရိပ် ဖြစ်ကြောင်း သိနိုင်ခဲ့သည်။
၀မ်ယင်က သူ့ဆီကနေ ကျင့်ခယ်၏ အရိပ်ကိုပါ ခိုးယူခဲ့ပုံရ၏။
သို့သော်လည်း ထိုအချိန်တွင် သူ့ရှေ့၌ မာန်တက်နေသည့် ၀မ်ယင်ကို စိုက်ကြည့်ရင်း ၀မ်လင်းသည် တိတ်တဆိတ် ၀မ်းသာနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၀မ်ယင်က ခေါက်ဆွဲခြောက် အရိပ်ကို မခိုးယူခဲ့သောကြောင့်ပင်။
အကယ်၍ ခေါက်ဆွဲခြောက်၏ အရိပ်ကိုပါ ဝမ်ယင်က ခိုးယူခဲ့လျှင် ခေါက်ဆွဲခြောက်သည် ယခင်ကလို ခေါက်ဆွဲခြောက် ဖြစ်တော့မည် မဟုတ်တော့ပေ။
"၀မ်လင်း မင်းဘာတွေ တွေးနေလဲဆိုတာ ငါကောင်းကောင်းသိတယ်.. မင်းက နတ်တာအိုကို အသုံးပြုပြီး ငါ့ကို ကိုင်တွယ်ဖို့တွေးနေတာ ငါသိတယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ဆန္ဒက ဘယ်တော့မှပြည့်လာမှာ မဟုတ်ဘူး.. ငါက နတ်တာအိုရဲ့စွမ်းအားကို အပြည့်အ၀ မထိန်းချုပ်နိုင်ဘူး ဆိုတာတော့ မှန်တယ်.. ဒါပေမဲ့ ငါက မင်းရဲ့အရိပ်ဆိုတာကိုတော့ မင်းအမြဲတမ်း မှတ်ထားရမယ်.. အရိပ်တွေဆိုတာက ကော်ပီကူးဖို့ တည်ရှိနေတာပဲ.. မင်းက နတ်တာအိုကို အသုံးပြုရဲရင် ငါက ချက်ခြင်းပဲ သင်ယူနိုင်လိမ့်မယ်.. အဲဒီအချိန်ကျရင် ငါက ပိုပြီးတော့တောင် အားကောင်းလာမှာပဲ"
ထိုစကားကို ပြောပြီးနောက် ၀မ်ယင်သည် သူ၏ အနက်ရောင်ကျင့်ခယ်ဖြင့် ၀မ်လင်းကို ချိန်ရွယ်လိုက်သည်။
"မင်းကို ငါ့ရဲ့အရိပ်ဖြစ်စေချင်တယ်လို့ ငါပြောခဲ့တယ်လေ"
ဤစကားက အပြောသက်သက် မဟုတ်ကြောင်း ၀မ်လင်းကောင်းစွာသိသည်။
ဆိုရလျှင် ၀မ်ယင်သည် ၀မ်လင်းကို အတည်ပေါက်ဖြင့် ပြောနေခဲ့ခြင်း ဖြစ်၏။
တကယ်တမ်းတွင် ယင်းမှာ ၀မ်ယင် အတွက်လည်း လောင်းကြေးတစ်ခု ဖြစ်သည်။
သူက စကြာ၀ဠာ သန့်စင်ခြင်း အစီအရင်ကို တည်ဆောက်ရန်အတွက် ဤမျှ ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ပြီး နေအဖွဲ့အစည်း တစ်ခုလုံးရှိ သက်ရှိအားလုံး၏ စွမ်းအားကို စုပ်ယူရန် ကြိုးစားခဲ့သည်။
သို့မှသာ သူသည် ၀မ်လင်းနှင့် တိုက်ခိုက်ဖို့ လုံလောက်သည့် စွမ်းအားကို စုပ်ယူနိုင်မည် မဟုတ်ပါလော။
ဟုတ်ပါသည်။ သူ၏ နောက်ဆုံးရည်မှန်းချက်မှာ ၀မ်လင်းကို မျိုချပြီး သူ၏အရိပ်ဖြစ်လာစေရန်ပင် ဖြစ်သည်။
ထိုအချိန်တွင် သူ၏ အစီအစဥ်ကို ပြီးမြောက်ရန် အရေး ကြီးဆုံး အဆင့်မှာ နေ၀ိညာဥ်ဆီကနေ လုံလောက်သည့် စွမ်းအားကို စုပ်ယူပြီးသည်အထိ စောင့်ဆိုင်းရန် ဖြစ်၏။
၀မ်လင်းက ၀မ်ယင်၏ အမူအရာကို စောင့်ကြည့်နေခဲ့သည်။
အဆုံးသတ်တွင် ၀မ်လင်းသည် ၀မ်ယင်က သူထင်ထားသည်ထက် ပိုပြီး စိတ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။
၀မ်ယင်က နေ၀ိညာဥ်ထံမှ စွမ်းရည်ကို စုပ်ယူပြီးသည်အထိ မစောင့်နိုင်တော့ပေ။
သူ၏ မူလအစီအစဥ်အရ စကြာ၀ဠာသန့်စင်ခြင်း အစီအရင် နှင့် ပေါင်းစပ်ပြီး မှော်စက်ကွင်း တစ်ခုကို ဖန်တီးနိုင်ခဲ့လျှင် ၀မ်လင်းကို မျိုချရာ၌ သူ၏ အောင်မြင်မှုသည် ၉၉.၉၉ ရာခိုင်နှုန်း အထိ ရောက်ရှိလာလိမ့်မည် ဖြစ်၏။
ယခုအခါတွင် သူ၏ အောင်မြင်မှုနှုန်းသည် ထိုမျှလောက်် မမြင့်မားသော်လည်း ၈၀ ရာခိုင်နှုန်းတော့ ရှိနေပါသေးသည်။
ထို့ကြောင့် ၀မ်ယင်သည် ၀မ်လင်းကို မျိုချရန်အတွက် ကနဦးစမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
၀မ်ယင်က ပေါ့ပါးစွာ ပြုံးလိုက်ပြီး သူ၏ အနက်ရောင်ဓါးကို ၀မ်လင်းဆီသို့ ခုတ်ချလိုက်သည်။
၀မ်ယင်က ဓားလှိုင်း အနည်းငယ်ကိုသာ ထုတ်လွှတ်ခဲ့၏။
သို့သော်လည်း တခဏ အတွင်းမှာပင် ဓားလှိုင်းက ဆူနာမီတစ်ခုကဲ့သို့ ချက်ခြင်းပင် ချဲ့ထွင်သွားခဲ့ပြီး ပေသိန်းပေါင်းများစွာ ကျယ်၀န်းသည့် ဓားလှိုင်းကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ရုန့်ရင်းလွန်းသည့် ဓားချီလှိုင်း အရှိန်အဟုန်ကြောင့် ၀မ်လင်း၏ ခန္ဓာကိုယ်ပင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
သူက ဤနေရာသို့ ထွက်မလာခင် ကျောင်း၀တ်စုံကို ဥာဏ်အလင်း ပေးခဲ့သည်မှာ ကံကောင်းသည်ဟုပင် ခံစားလိုက်ရသည်။
သို့မဟုတ်လျှင် ဓားလှိုင်း၏ စွမ်းအားကြောင့် သူက အ၀တ်ဗလာ ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလော။
"ငါ့ရဲ့ တိုက်ခိုက်မှုကို မင်းကာကွယ်နိုင်မယ်လို့ ထင်လား ၀မ်လင်း .. အစောပိုင်းက တိုက်ခိုက်မှုထဲမှာ ငါ့ရဲ့စွမ်းအား တစ််ဆယ်ရာခိုင်နှုန်းတောင် ငါမသုံးခဲ့ဘူး"
၀မ်ယင်က သူ၏ တိုက်ခိုက်မှုအပေါ်တွင် အထူးပင် ယုံကြည်မှု ရှိနေခဲ့သည်။
ထို့နောက်တွင် ၀မ်ယင်သည် ဓားချက်ပေါင်းများစွာကို ၀မ်လင်း ထံသို့ ဦးတည်ကာ ခုတ်ချလိုက်သည်။
အင်အားကြီးမားသော ဓားလှိုင်းလုံးများက အရပ်မျက်နှာ အနှံ့ကနေ ၀မ်လင်းဆီသို့ ပြေး၀င်လာခဲ့ပြီး ကြီးမားသော လေစီးကြောင်းကို ဖြစ်ပေါ်စေကာ ၀မ်လင်းကို အလည်တွင် ပိတ်မိစေခဲ့သည်။
ဤကဲ့သို့သော စွမ်းအားသည် တကယ်ကိုပင် အံ့သြစရာကောင်း၏။
သို့သော်လည်း အင်အားကြီးမားသော ဓားလှိုင်းများ၏ အလယ်ဗဟိုတွင် ရှိနေသော ၀မ်လင်းသည် သူ၏ ကြွက်သားနှင့် အရိုးများကို ဆန့်ထုတ်လိုက်သည်။
စင်စစ် ၀မ်ယင်၏ တိုက်ခိုက်မှုသည် အားနည်းလွန်းနေ၍ သူ့ကို ပိတ်မိစေရန်မှာ လုံး၀မဖြစ်နိုင်ပေ။
ထိုမြင်ကွင်းကို မြင်လျှင် ၀မ်ယင်သည် လျင်မြန်စွာဖြင့် ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုကို စတင်လိုက်သည်။
သူက ၀မ်လင်းကို မျိုချရန်အတွက် ၀မ်လင်းကို အရင်ဆုံး ပိတ်မိအောင် လုပ်ရပေမည်။
ယင်းမှာ ဧရာမမြွေဟောက် တစ်ကောင်က သူ၏ သားကောင်ကို မျိုချ သကဲ့သို့ ပုံစံမျိုးဖြစ်သည်။
၀မ်လင်းက သူ၏ လက်ထဲတွင် ရုန်းကန်ရပြီး လက်လျှော့သွားသည်ကို သူလိုချင်ခဲ့သည်။
"ရာနှုန်းပြည့်ဓားတာအို"
ဤတစ်ကြိမ်တွင် ၀မ်ယင်သည် သူ၏စွမ်းအားကို တစ်ဆယ် ရာခိုင်နှုန်းမျှဖြင့် မထိန်းချုပ်ထားတော့ပေ။
ပထမတွင် သူသည် ၀မ်လင်းကို မျိုချရန်အတွက် စွမ်းအား အနည်းငယ်ကို ချန်ထားချင်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင် သူသည် အစွမ်းကုန် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။
ရာနှုန်းပြည့်ဓားတာအိုမှ ဖန်တီးထားသော ဓားဖိအား အရှိန်အ၀ါသည် အလွန်ပင် ပျက်စီးစေနိုင်စွမ်းရှိသည်။
၎င်း၏ အတွင်း၌ ပိတ်မိနေသော သက်ရှိအားလုံးသည် အပိုင်းပိုင်း စုတ်ဖြဲခံရလိမ့်မည် ဖြစ်၏။
"ရာနှုန်းပြည့်ဖြစ်သွားပြီလား"
"ဟုတ်တယ် ဒီတခါတော့ ရာနှုန်းပြည့်ပဲ.. အံ့သြစရာကောင်းတယ်မဟုတ်လား"
၀မ်ယင်က ဓားတာအိုတွင် သူ၏စွမ်းအား ရာနှုန်းပြည့်ကို အသုံးပြုထားကြောင်း အတည်ပြုပြီးနောက်တွင် ၀မ်လင်း၏ မျက်နှာသည် စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။
သူက စိတ်ထဲကနေ မထိန်းချုပ်နိုင်တော့ဘဲ စကားတစ်ခွန်းကို ရေရွတ်လိုက်သည်။
"ဒါပဲလား"
အပိုင်း(၁၁၉၇) ပြီး၏