← Chapters

ဟင်းလင်းပြင်တံခါးနောက်ကွယ်

Vol. 80 Ch. 1198

ဟင်းလင်းပြင်တံခါးနောက်ကွယ်

Vol. 80 Ch. 1198

၀မ်ယင်သည် အတိတ်၏ ထူးခြားချက်များကို အသုံးချပြီး ၀မ်လင်း၏ စွမ်းရည်အားလုံးကို တုပနိုင်ခဲ့သော်လည်း ၀မ်လင်းနှင့်၀မ်ယင် တို့ကြားတွင် စိတ်ပိုင်းဆိုင်ရာ အခြေခံကွာခြားမှုများရှိသည်။

ထိုမှတဆင့် ၀မ်လင်းအများဆုံး ခံစားမိသည်မှာ ၀မ်ယင်၏ ယုံကြည်မှု ဖြစ်သည်။

၎င်းက မည်သည့်နေရာကနေ လာမှန်း မသိသည့် အားကောင်းသော ယုံကြည်မှုမျိုး ဖြစ်၏။

စင်စစ် ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ယုံကြည်ခြင်းသည် အခက်အခဲထဲသို့ ရောက်ရှိသွားစေတက်၏။

၀မ်ယင်က သူ၏ အရိပ်အနေဖြင့် သူ၏အစွမ်းအစကို တစ်ရာရာခိုင်နှုန်း ပြသနိုင်မည်ဟု ၀မ်လင်း မထင်သော်လည်း ကမ္ဘာပေါ်တွင် ရှိသည့် လူအများစုထက် ပို၍ အစွမ်းထက်မည်မှာ သေချာသည်။

သူ၏ ဓားဖိအားက ၀မ်လင်းကို တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားနိုင်ပြီဟု တွေးမိသောအခါတွင် ၀မ်ယင်သည် အရိပ်အဖြစ်သို့ ချက်ချင်း ပြောင်းလဲလိုက်ပြီး ၀မ်လင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ မျိုချဖို့ကြိုးစားလိုက်သည်။

အနက်ရောင် တွင်းနက်ကြီး ကဲ့သို့ ဧရာမအနက်ရောင် အရိပ်ကြီးသည် ကြောက်မက်ဖွယ် လက်သည်းများနှင့် သွားများ အဖြစ် ပြောင်းလဲကာ ၀မ်လင်းကို မျိုချရန် ကြိုးစားနေခဲ့သည်။

ထိုအချိန်အထိ ၀မ်ယင်သည် သူ၏ အခြေအနေအမှန်ကို မသိသေးပေ။

တိုက်ပွဲစကတည်းကပင် ၀မ်ယင်သည် ၀မ်လင်းနှင့် သူ၏ အကွာအဝေးကို အပြည့်အ၀ ထိန်းချုပ်ထားခဲ့သည်။

သူက ၀မ်လင်း အကြောင်းကို ကောင်းစွာသိ၏။

အကယ်၍ သူက ၀မ်လင်းနှင့် နီးကပ်သွားခဲ့လျှင် ၀မ်လင်းအတွက် အခွင့်အရေး ရသွားနိုင်သည် မဟုတ်ပါလား။

ထိုအချိန်တွင် ၀မ်လင်းကို မျိုချမည့် အနက်ရောင် အရိပ်ကြီးသည် ၀မ်လင်းကို အဝေးကနေ ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို ကြည့်ပြီး ၀မ်ယင်သည် စိတ်ထဲကနေ ပျော်ရွှင်သွားခဲ့သည်။

သူ၏ ကြီးမားသော ဓားဖိအားအောက်တွင် ၀မ်လင်းသည် မျက်စိပင် မဖွင့်နိုင်တော့မှန်း သူမြင်လိုက်ရ၏။

သို့သော် တကယ်တမ်းတွင် ၀မ်လင်း မျက်လုံးမှိတ်ထားရသည့် အဓိက အကြောင်းအရင်းမှာ စွမ်းအားများကို စုစည်းနေ၍ ဖြစ်သည်။

စကြာ၀ဠာက အလွန် ကျယ်ပြန့်သောကြောင့် ယခင် တိုက်ပွဲနှစ်ခုတွင် ၀မ်လင်းသည် သူ၏ မှော်စွမ်းအားများကို ပြန်လည်စုစည်းရန်အတွက် အနီးကပ် မတိုက်ခိုက်ဘဲ အဝေးကနေသာ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

အဓိကအကြောင်းအရင်းမှာ ၀မ်ယင်သည် အစောပိုင်းက တည်းကပင် သူ့ကို သတိထားနေသည်အား ၀မ်လင်းက ရိပ်မိသောကြောင့် ဖြစ်သည်။

တကယ်တမ်းတွင် သူသည် ယခင် တိုက်ပွဲကတည်းက ၀မ်ယင်ကို တိုက်ခိုက်ရန် အကောင်းမွန်ဆုံးသော နည်းလမ်းကို တွေးထားမိခဲ့ပြီ ဖြစ်၏။

သို့သော်လည်း သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကြောင့် ၀မ်ယင်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ရန် အတွက် အကွာအဝေးတစ်ခု ဆီသို့ မျှားခေါ်ရမည် ဖြစ်သည်။

ဧရာမအနက်ရောင်အရိပ်ကြီးက သူ့ကို မျိုချရန်အတွက် စက်၀ိုင်းပုံ အနက်ရောင် တွင်းနက်ကြီး အဖြစ် ပြောင်းလဲလာသည်ကိုမြင်လျှင် ၀မ်လင်းသည် သူ့အတွက် အကောင်းဆုံး အခွင့်အရေး ရောက်ရှိလာပြီမှန်း သိလိုက်သည်။

နောက်ထပ် တခဏတွင် ၀မ်လင်းသည် သူ၏ မျက်လုံးကို ဖွင့်လိုက်ရာ ရွှေရောင် ကြာပန်းသဏ္ဍာန် သင်္ကေတသုံးခုသည် သူ၏ ဘုရင်မျက်လုံးထဲကနေ လျှံထွက်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကြီးမားသော ဖိနှိပ်မှုစွမ်းအားကို ဖန်တီးလိုက်သည်။

တခဏအတွင်းမှာပင် စကြာ၀ဠာထဲရှိ အရာအားလုံးသည် ရပ်တန့်သွားပုံရပြီး ၀မ်လင်းကို မျိုချရန် ကြိုးစားနေသည့် ၀မ်ယင်ပင် ခန္ဓာကိုယ်ကို ကောင်းစွာ မလှုပ်ရှားနိုင်တော့ပေ။

ထိုအချိန်ကျမှပင် ၀မ်ယင်သည် သူ၏အမှားကို အဆုံးသတ်တွင် သိမြင်လိုက်သည်။

သူက ၀မ်လင်း၏ အရာအားလုံးကို တုပနိုင်သည်ဟု ထင်ခဲ့သော်လည်း ဘုရင်မျက်လုံး တစ်စုံကိုမူ မတုပနိုင်ခဲ့ပေ။

ဆိုရလျှင် ဘုရင်မျက်လုံးကို ၀မ်လင်း၏ ခန္ဓာကိုယ်ထဲကနေ ကိုယ်တိုင် ဖယ်ရှားနိုင်မှသာ တုပနိုင်လိမ့်မည် ဖြစ်၏။

သို့သော် ထိုကဲ့သို့ ပြုလုပ်ရန်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါအံ့နည်း။

"ဒါက ဘာကြောင့်လဲ"

၀မ်ယင်က အံ့အားသင့်ကာ ရေရွတ်လိုက်သည်။

ဤအခြေအနေက သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့၏။

ယုတ္တိဗေဒအရ ပြောရလျှင် ၀မ်လင်း၏ အရိပ်အနေဖြင့် သူကူးယူ၍ မရသည့် အရာတစ်ခုသည် ဤကမ္ဘာပေါ်တွင် ဖြစ်ပေါ်လာရန် အကြောင်းမရှိပေ။

၀မ်ယင်၏ အမူအရာကို ကြည့်လိုက်သည်နှင့် ရလဒ်က ထွက်ပေါ်သွားပြီမှန်း ၀မ်လင်း သိလိုက်သည်။

ဆိုရလျှင် သူ၏ ဘုရင်မျက်လုံးသည် ကူးယူချင်တိုင်း ကူးယူ၍မရပေ။

၀မ်လင်း ကိုယ်တိုင်ပင် ထိုအရာက အလွန် ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ဘုရင်မျက်လုံးသည် တာအိုထဲတွင် ရှိမနေသလို တာအိုကနေ ဆင်းသက်လာသည့် မည်သည့်အရာနှင့်မှ မသက်ဆိုင်သောကြောင့်ပင်။

ထိုမျက်လုံးက ၀မ်လင်း မွေးလာကတည်းကပင် ပါလာသောအရာတစ်ခု ဖြစ်သည်။

သို့သော် ဘယ်နေရာကလာမှန်း ၀မ်လင်း မသိခဲ့ပေ။

ထို့အပြင် ၎င်းသည် တာအိုထဲတွင် မရှိသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။

သူ၏ ဘုရင်မျက်လုံးတွင် စွမ်းရည် အများအပြား ရှိသည်။

ယင်းမှာ အားကောင်းသော ဖိနှိပ်အား၊ အမှားကို ဖယ်ရှားပြီး အမှန်တရားကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်၊ ပုံရိပ်ယောင်များကို ကျော်လွန်နိုင်သည့် စွမ်းရည်၊ နေရာလွတ်ကို ရပ်တန့်နိုင်သည့်စွမ်းရည် စသည်တို့ဖြစ်၏။

လိုအပ်သည့်အခါတွင်လည်း သူ၏ ဘုရင်မျက်လုံးသည် မျက်စိဖြင့် မြင်နိုင်သည့် အတိုင်းအတာအထိ အရာအားလုံးကို ပြာအဖြစ် ပြောင်းလဲနိုင်၏။

ရှင်းလင်းစွာဆိုရလျှင် ပြိုင်ဘက်နှင့် နီးကပ်လာလေလေ ဘုရင်မျက်လုံး၏ အစွမ်းကို ပို၍ ထုတ်ဖော်နိုင်လေလေ ဖြစ်သည်။

ဘုရင်မျက်လုံး သက်ရောက်နိုင်သည့် အကွာအဝေးသည် အကန့်အသတ် ရှိ၏။

သို့သော် ထိုသို့ အကန့်အသတ် ဖြစ်နေရသည်မှာ ၀မ်လင်းက ဘုရင်မျက်လုံး၏ အစွမ်းကို ဖိနှိပ်ထား၍ ဖြစ်သည်။

အထူးသဖြင့် လက်မောင်းမှ စည်းတံဆိပ် အဆောင်လက်ဖွဲ့ကြောင့် ၀မ်လင်းသည် ဘုရင်မျက်လုံး၏ စွမ်းအားကို ၅ရာခိုင်နှုန်းအောက်သာ အသုံးပြုနိုင်ခဲ့သည်။

"ပြီးသွားပြီ"

၀မ်လင်းက ၀မ်ယင်ကို စိုက်ကြည့်လိုက်သည်။

သူက ဘုရင်မျက်လုံး၏ အစွမ်းကို အသုံးပြုကာ သူ့ရှေ့မှကြီးမားသည့် ဧရာမအနက်ရောင် အရိပ်ကြီးကို ၀မ်ယင်၏ ပုံစံအဖြစ် ပြန်လည် စုစည်းလိုက်၏။

အမှန်အတိုင်း ၀န်ခံရလျှင် ၀မ်လင်းသည် ၀မ်ယင် သူ့ကို တိုက်ခိုက်မည်ကို အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။

အကယ်၍သာ စကြာ၀ဠာသန့်စင်ခြင်း အစီအရင်ကို အသက်သွင်းပြီးမှ သူ့ကို တိုက်ခိုက်ခဲ့လျှင် ၀မ်ယင်ထံ၌ အခွင့်အရေး ရှိနိုင်သည်ဟု သူခံစားခဲ့ရသည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် အကယ်၍ ဆိုသည်မှာ မရှိခဲ့ပေ။

ထိုအချိန်တွင် ၀မ်လင်းသည် ၀မ်ယင်ထံ၌ အကြောင်းပြချက် တစ်ခုခု ရှိနိုင်သည်ဟု ခံစားခဲ့ရသည်။

"ဒါက ဘယ်သူ့ရဲ့ အကြံဥာဏ်လဲ"

၀မ်လင်းက ၀မ်ယင်ကိုကြည့်ကာ မေးလိုက်သည်။

၀မ်ယင်က သူ့ကို မျိုချရန် အမှန်တကယ် စဥ်းစားနေခဲ့သော်လည်း သူ၏ အရိပ်အနေဖြင့် ၀မ်ယင်၏ စိတ်သည် ဤမျှအထိ ဆိုးရွားမည် မဟုတ်မှန်း ၀မ်လင်း ယုံကြည်မှုရှိသည်။

ထို့ကြောင့် လုံလောက်သည့် စွမ်းအားကို စုပ်ယူရန်အတွက် နေအဖွဲ့အစည်း တစ်ခုလုံး၏ အသက်များကို စတေးဖို့ တွေးတောနိုင်သည့်သူသည် ၀မ်ယင် မဟုတ်သည်မှာ သေချာ၏။

"ဘယ်သူ့ရဲ့အကြံဥာဏ်မှ မဟုတ်ဘူး"

၀မ်ယင်က ၀မ်လင်းကို ပြောလိုက်သည်။

သူ၏ဆံပင်ဖြူများတွင် ချွေးများဖြင့် ရွှဲရွှဲစိုနေခဲ့၏။

ချွေးစက်များသည် သူ၏ ခန္ဓာကိုယ်ကနေ စီးကျသွားပြီး ကြယ်ရောင်စုံများ ပြည့်နှက်နေသည့် ကောင်းကင်ထဲသို့ ရောက်ရှိသွားကာ အဆုံးသတ်တွင် ရေခဲမှုန်များ အဖြစ် လျင်မြန်စွာ စုစည်းပြီး ဖုန်မှုန့်များနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

၀မ်လင်းသည် ၀မ်ယင်၏ စိတ်ကို မဖတ်နိုင်သော်လည်း စိတ်ရှည်သောသူ တစ်ဦး ဖြစ်သည်။

"မင်းငါနဲ့ ပြန်လည် ပေါင်းစည်းတဲ့ အခါကျရင် ငါသိသွားမှာပါပဲ.. ဒါပေမဲ့ မင်းကိုယ်တိုင် ပြောတာကိုပဲ ငါကြားချင်တယ်"

၀မ်လင်းက ၀မ်ယင်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မင်း.."

ထိုခဏတွင် ၀မ်ယင်သည် တိတ်ဆိတ်သွားခဲ့၏။

၀မ်လင်း၏ အရိပ်တစ်ခုအနေဖြင့် ၀မ်ယင်သည် အမြဲလိုလို လျစ်လျူရှုခံရသည်ဟု ခံစားခဲ့ရသည်။

အဆုံးသတ်တွင် သူ၏ တည်ရှိမှုကို သက်သေပြန်ရန် အတွက် ၀မ်လင်းကို မျိုချရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်၏။

သူက အချိန်အတော်ကြာ စဥ်းစားပြီးမှ ၀မ်လင်းကို အရိပ် အမြွက် ပေးလိုက်သည်။

"မင်းသိချင်တဲ့အရာက ဟင်းလင်းပြင်တံခါးရဲ့ နောက်ကွယ်မှာရှိတယ်"

ဤကမ္ဘာတွင် ပြော၍ရသည့် အရာရှိသလို ပြော၍ မရသည့် အရာများလည်း ရှိသည်။

ဤသည်က ၀မ်ယင် သိထားသမျှ အရာအားလုံး ဖြစ်နိုင်မှန်း ၀မ်လင်း ကောင်းစွာသိ၏။

ထိုခဏတွင် ၀မ်ယင်သည် ခါးသီးစွာပြုံး၍ ပြောလိုက်၏။

"၀မ်လင်း ငါ့ကို ဖျက်ဆီးလိုက်ပါ.. မင်းရဲ့အရိပ် ဖြစ်ရတာ တကယ်ကို ပင်ပန်းလွန်းတယ်"

"မင်းတကယ်ကြီး ပြောနေတာလား"

၀မ်လင်းက ပြန်မေးလိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် ၀မ်လင်းသည် သူ၏လက်ကို ဆန့်ထုတ်ကာ ၀မ်ယင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

တခဏအတွင်းမှာပင် ၀မ်ယင်၏ ခန္ဓာကိုယ်သည် သဲများကဲ့သို့ ပြန့်ကျဲကာ ပျောက်ကွယ်သွားပြီး ၀မ်လင်းနှင့် ဖြည်းဖြည်းချင်း ပြန်လည် ပေါင်းစည်းသွားခဲ့သည်။

၀မ်ယင် အံ့အားသင့်နေသည်မှာ ၀မ်လင်းသည် သူ့ကို လုံး၀ မဖျက်ဆီးရုံသာမကပဲ သူ၏ ဥာဏ်ရည်နှင့် မှတ်ဥာဏ်အားလုံးကိုပါ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူက မယုံကြည်နိုင်ဖြစ်ကာ မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။

"၀မ်လင်း မင်း ငါထပ်ပြီး ထွက်ပြေးမှာကို မကြောက်ဘူးလား"

၀မ်လင်းက ခေါင်းကို ညင်သာစွာ ခါရမ်း၍ ပြောလိုက်သည်။

"ငါမကြောက်ပါဘူး မင်းထွက်ပြေးရင် ငါမင်းကို ပြန်ဖမ်းလိုက်မှာပေါ့"

၀မ်ယင်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်၀င်သွားသောအခါတွင် ၀မ်လင်းသည် ၀မ်ယင်ကို အဖြေပေးလိုက်သည်။

၀မ်ယင်၏ကိစ္စကို ဖြေရှင်းပြီးနောက်တွင် ၀မ်လင်းသည် နေဝိညာဥ်၏ အူတိုင်ထဲရှိ အင်္သချေ အစီအရင် တိုင်လုံးကို ဖယ်ရှားရန် ပြုလုပ်ခဲ့သည်။

၀မ်လင်းက သူ၏ စိတ်စွမ်းရည်ကို အသုံးပြုပြီး အင်္သချေအစီအရင် တိုင်လုံးကို ရွှေ့လိုက်သည့် အခါတွင် နေ၀ိညာဥ်၏ အသက်ရှုနှုန်းသည် ချက်ချင်း ဆိုသလို ချောမွေ့သွားသည်ဟု သူ ခံစားလိုက်ရသည်။

ထိုခဏတွင် နေ၀ိညာဥ်သည် ၀မ်လင်းကိုကြည့်ကာ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

"ဒါက နတ်ဘုရားတွေကြားက တိုက်ပွဲများလား"

ထိုအချိန်တွင် ၀မ်လင်းသည် ၀မ်ယင် ပေးခဲ့သည့် အရိပ်အမြွက်ကို တွေးတောနေမိသည်။

ဤကိစ္စအားလုံး၏ အရင်းအမြစ်သည် ယခင်က ဆရာလီရှောင်ကိုင် ၀င်ရောက်သွားခဲ့သည့် ဟင်းလင်ပြင်တံခါးနှင့် ဆက်စပ်နေသည်မှာ သေချာနေ၏။

"ဟင်းလင်းပြင်တံခါးရဲ့ နောက်ကွယ်မှာ ဘာရှိလဲဆိုတာ မင်းသိလား"

၀မ်လင်းက နေ၀ိညာဥ်ကို မေးမြန်းလိုက်သည်။

နေ၀ိညာဥ်သည် နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ တည်ရှိလာသောကြောင့် သူလိုချင်သည့်အဖြေကို ပြောပြနိုင်လိမ့်မည်ဟု ၀မ်လင်း ခံစားခဲ့ရသည်။

၀မ်လင်း၏ မေးခွန်းကို အဖြေပေးရန် နေ၀ိညာဥ်သည် နက်နက်ရှိုင်းရှိုင်းပင် စဥ်းစားနေခဲ့၏။

အချိန်အတော်ကြာပြီးနောက်တွင် နေ၀ိညာဥ်ထံမှ ပြန်ဖြေလိုက်သည့် အသံ ထွက်ပေါ်လာခဲ့သည်။

"ငါသိရသလောက်တော့ ဟင်းလင်းပြင်တံခါးရဲ့ နောက်ကွယ်မှာက ဗလာနတ္တိပါပဲ"

အပိုင်း(၁၁၉၈) ပြီး၏

All Chapters