ဟင်းလင်းပြင်ထဲကတည်ရှိမှု
Vol. 80 Ch. 1199
၀မ်လင်းသည် နေ၀ိညာဥ်၏ ခန္ဓာကိုယ်ထဲတွင် ထည့်သွင်းထားသည့် အသင်္ချေအစီအရင်တိုင်လုံးကို ဆွဲထုတ်လိုက်သည်။
အနက်ရောင်တိုင်သည် ၀မ်လင်း၏ လက်ထဲတွင် သွားကြားထိုးတံ အရွယ်အစားအထိ ချက်ခြင်း ဆိုသလို ကျုံ့ ၀င်သွားခဲ့သည်။
၀မ်လင်းက သူ၏ဘုရင်မျက်လုံး စွမ်းအားကို အသုံးပြု ၍ အသင်္ချေအစီအရင် တိုင်လုံးနှင့် ပတ်သက်သည့် သက်ဆိုင်ရာပစ္စည်းကို အထပ်ထပ်အခါခါ ရှာဖွေကြည့်လိုက်သော်လည်း စကြာ၀ဠာဆယ်ခုတွင် ရှာမတွေ့ခဲ့ပေ။
ထိုခဏတွင် ၀မ်လင်းသည် အသင်္ချေအစီအရင်တိုင်လုံးက သူ၏ ဘုရင်မျက်လုံး ကဲ့သို့ပင် တာအိုထဲတွင် ရှိမနေသည်ကို သိလိုက်ရ၍ အံ့အားသင့်သွားခဲ့သည်။
သူက ကျုံ့၀င်သွားသည့် အနက်ရောင်တိုင်လုံးကို လက် ချောင်းနှစ်ချောင်းဖြင့် ညှပ်ထားရင်း နေ၀ိညာဥ် ယခုလေးတင် ပြောခဲ့သည့်စကားကို စဥ်းစားခန်း ၀င်နေမိသည်။
နေ၀ိညာဥ်က သူ့ကို ဟင်းလင်းပြင်တံခါး၏ နောက်ကွယ်တွင် ဗလာနတ္ထိဟုသာ ပြောခဲ့သည်။
၎င်းဆိုလိုသည့် ဗလာနတ္ထိဆိုသည်မှာ အဘယ်နည်း။
ဤကမ္ဘာတွင် ဗလာနတ္တိ မရှိသည်တော့ မဟုတ်ပေ။
တစ်ခါတစ်ရံတွင် ၀မ်လင်းသည် သူကိုယ်တိုင်ကပင် ပြီးပြည့်စုံသည့် ဗလာနတ္ထိဟု ခံစားမိခဲ့သည်။
ဤပုံအတိုင်းဆိုလျှင် ဟင်းလင်းပြင်တံခါး၏ နောက်ကွယ်မှ လူသည် သူ့လိုပင် မရှုံးနိမ့်နိုင်သည့် အဆင့်တွင် ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ပါသလော။
သို့သော် ဤသည်မှာ ၀မ်လင်း၏အကဲဖြတ်ချက်သာ ဖြစ်သည်။
အဖြေမှန်ကိုသိချင်လျှင် ဟင်းလင်းပြင်တံခါးကိုဖွင့်၍ ရှာဖွေမှသာ ဖြစ်နိုင်ပေလိမ့်မည်။
"မင်းက အရမ်းအစွမ်းထက်ပါတယ်"
ထိုအချိန်တွင် နေ၀ိညာဥ်ထံမှ သဘောကောင်းသည့် သက်ကြီးရွယ်အို တစ်ဦး၏ အသံက တဖန် ထွက်ပေါ်လာပြန်သည်။
နှစ်ပေါင်းဘီလီယံနှင့်ချီပြီး တည်ရှိခဲ့သည့် စကြာ၀ဠာ ၀ိညာဥ်တစ်ဦး အနေဖြင့် နေ၀ိညာဥ်တွင် ကိုယ်ပိုင် အတွေးအမြင်နဲ့ အသိပညာများ ရှိသည်။
"ငါက နှစ်ပေါင်းဘီလီယံနဲ့ ချီပြီး အသက်ရှင်ခဲ့တယ်.. ကမ္ဘာပေါ်မှာရှိတဲ့ ကျင့်ကြံသူတွေ အားလုံးက ငါနဲ့နှိုင်းယှဥ်ရင် ပင် လယ်ထဲက ရေစက်လေးတစ်ခုမျှသာ ဖြစ်တယ်.. ဘာလို့လဲဆိုတော့ ဘယ်လူသားမှ နှစ်ပေါင်းဘီလီယံနဲ့ချီပြီး အသက်မရှင်နိုင်လို့ပဲ.. ဒါပေမဲ့ စကြာ၀ဠာတစ်ခုလုံးနဲ့ ယှဥ်ကြည့်လိုက်ရင်တော့ ငါက ပုရွက်ဆိတ်လို တည်ရှိမှုတစ်ခုပဲ ဖြစ်တယ်.. ငါသိသလောက်တော့ ဟင်းလင်းပြင်တံခါးထဲကို ၀င်ဖို့ကြိုးစားတဲ့ ဘယ်သူမဆို သေဆုံးရမှာပဲ.. အဲဒီနေရာက မင်းခြေချလို့ရတဲ့နေရာ မဟုတ်ဘူး"
မည်သည့်အခါမျှ ညီးညူ ပြောဆိုလေ့မရှိသည့် နေ၀ိညာဥ်က သူ့ကို ထိုမျှအထိ သတိပေးခဲ့၍ ၀မ်လင်းပင် အံ့အားသင့်သွားခဲ့သည်။
"ဒါက ဘယ်လို မှော်ရတနာမျိုးလဲ"
၀မ်လင်းက သူ့လက်ထဲမှ ပါးလွှာသည့် အနက်ရောင်အပ်ကလေးကို ကိုင်ထားရင်း ပေးလိုက်သည်။
သူက အချိန်အတော်ကြာ အကဲဖြတ်ခဲ့သော်လည်း မည်သို့သော မှော်ရတနာမှန်း မသိခဲ့ပေ။
"ဒါက ဟင်းလင်းပြင်တံခါးကနေ ဆင်းသက်လာတဲ့ အရာ၀တ္ထုတစ်ခုပဲ.. မင်းတောင် မမြင်နိုင်ဘူးဆိုမှတော့ ဟင်းလင်းပြင်တံခါးရဲ့ နောက်ကွယ်ကအရာက မင်းထိတွေ့လို့ရတဲ့ အရာ မဟုတ်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်နေပါပြီ"
နေ၀ိညာဥ်က ၀မ်လင်းကို ဟင်းလင်းပြင်တံခါး အထဲသို့ မ၀င်စေလိုသော စေတနာဖြင့် ပြောလိုက်သည်။
သို့သော်လည်း နေ၀ိညာဥ်သည် ဟင်းလင်းပြင်တံခါး၏ နောက်ကွယ်တွင် မည်သည့်အရာ ရှိနေမှန်း အတိအကျမသိခဲ့ပေ။
သို့ဖြစ်၍ ၀မ်လင်း ထိုအထဲသို့ ၀င်သွားလျှင် အမှန်တကယ် သေဆုံးသွားမည်လား ဆိုသည်ကို မသိခဲ့ချေ။
သို့သော်လည်း သမိုင်းကြောင်းများအရ နေ၀ိညာဥ်သည် ဟင်းလင်းပြင်တံခါး ထဲသို့ အတင်း၀င်ရောက်ရန် ကြိုးစားရင်း သေဆုံးသွားခဲ့သည့် သတ္တ၀ါ အများအပြားကို မြင်တွေ့ခဲ့ရဖူး၏။
၎င်းသည် သာမန် ဒဏ္ဍာရီတစ်ခု မဟုတ်ဘဲ ကမ္ဘာခြားဂိတ်တံခါး၊ ကောင်းကင်တာအိုတံခါး တို့နှင့် တန်းတူ အဆင့်အတန်းတွင် ရှိသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ယခုအချိန်ထိ ထိုတံခါးသုံးခု ထဲတွင် ၀မ်လင်း မမြင်ဖူးသေးသည်မှာ ဟင်းလင်းပြင်တံခါး တစ်ခုတည်းသာ ကျန်ရှိတော့၏။
ကမ္ဘာခြားဂိတ်တံခါး၏ နောက်ကွယ်တွင်မူ နတ်ဆိုးကမ္ဘာရှိသည်။
ယင်းမှာ အင်မော်တယ်ကျန်းရွမ် ဒီဇိုင်းထုတ်ထားသည့် လူလုပ်ဂိတ်တံခါးတစ်ခု ဖြစ်၏။
ကမ္ဘာခြားဂိတ်တံခါးသည် စမ်းသပ်မှုများ မတည်ငြိမ်သေးသောကြောင့် ကမ္ဘာပေါ်တွင် ခွင့်ပြုချက်မရှိဘဲ မကြာခဏ ထွက်ပေါ်လာတက်ပြီး ပြဿနာအချို့ကို ဖြစ်စေခဲ့သည်။
ကောင်းကင်တာအို တံခါးကမူ ကောင်းကင်တာအို ကော်မတီနှင့် တိုက်ရိုက် ချိတ်ဆက်ထားပြီး ထိုနေရာတွင် ကောင်းကင် ကော်မတီလူကြီး ၆ဦး ရှိသည်။
၀ှိုက်လစ်စာရင်း၀င်အနေဖြင့် ၀မ်လင်းသည် ထိုနေရာသို့ သွားတိုင်းတွင် အိမ်ပြန်ရောက်နေသကဲ့သို့ ခံစားခဲ့ရ၏။
ထို့ကြောင့် ၀မ်လင်းသည် ဟင်းလင်းပြင်တံခါး၏ နောက်ကွယ်တွင် နောက်ထပ် ကမ္ဘာတစ်ခုကို ချိတ်ဆက်ထားလောက်သည်ဟု ကောက်ချက်ချမိလိုက်သည်။
အကယ်၍ ထိုဟင်းလင်းပြင်တံခါးထဲတွင် အဆင့်မြင့်သတ္တ၀ါ တစ်မျိုးမျိုး ရှိနေခဲ့လျှင် ထိုသတ္တ၀ါ၏ မျက်လုံးထဲတွင် ၀မ်လင်း တို့သည် လုံး၀ အရေးမပါသည့် ဖြစ်တည်မှု သက်ရှိများ ဖြစ်နေလောက်သည်။
၎င်းတို့က အလွန် အစွမ်းထက်သောကြောင့် ကမ္ဘာဂြိုဟ်မှ သူတို့ကိုမထီမဲ့မြင် ပြုခြင်း ဖြစ်နိုင်ပါသလော။
သို့သော်လည်း ဤသည်မှာ ၀မ်လင်း၏ ခန့်မှန်းချက်သာ ဖြစ်၏။
သူက ဟင်းလင်းပြင်တံခါးကို စိတ်၀င်စားသော်လည်း ယခုအချိန်အထိ သူ၏ ပုံမှန်စာသင်သားဘ၀ နှင့် ခေါက်ဆွဲခြောက်ကြွပ်ကြော်များကို အနှောင့်အယှက် မခံနိုင်သေးပေ။
ထို့ကြောင့် ၀မ်လင်းသည် ဟင်းလင်းပြင်တံခါးကို အတင်းအကြပ် ဖွင့်လိုသည့် ဆန္ဒမရှိခဲ့ချေ။
သူဟင်းလင်းပြင်တံခါးကို မဖွင့်ခဲ့သည်မှာ သင့်လျော်သည့်အကြောင်းပြချက် မရှိဘဲ အတင်းအကြပ် ဆွဲဖွင့်ရသည်က အလွန် ကြမ်းတမ်းသည်ဟု ခံစားရ၍ ဖြစ်သည်။
သူက လက်ထဲမှ အသင်္ချေအစီအရင် တိုင်လုံးကို ပြန်ပေးဖို့ သင့်တော်သည့် အချိန်တွင် ရှာဖွေ၍ ပေးလိုက်သည်ကသာ ပိုကောင်းသည်ဟု ခံစားခဲ့ရသည်။
အဆုံးသတ်တွင် ဤသည်မှာ အခြားတစ်ယောက်၏ ပိုင်ဆိုင်မှုသာ ဖြစ်သည် မဟုတ်လော။
နို၀င်ဘာလ ၂၁ရက်နေ့၊ သောကြာနေ့တွင် အမျိုးသား ကျင့်ကြံခြင်း ကျောင်းများ၏ ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ် ပြိုင်ပွဲသည် သတ္တမနေ့သို့ ရောက်လာခဲ့ပြီး အဆုံးသတ်ဖို့ တစ်ရက်သာ ကျန်ရှိတော့သည်။
၀မ်လင်းသည် အမှတ် ၆၀ အထက်တန်းကျောင်း၏ စခန်းမှ တည်ဆောက်ထားသည့် ယာယီ အိမ်သာထဲတွင် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်နှင့် အထောက်အထားများကို ပြန်လည်၍ လဲလှယ်လိုက်သည်။
၀မ်လင်းက အချိန်ကို အတည်ပြုလိုက်ပြီးနောက်တွင် သူကစကြာ၀ဠာ အာကာသထဲ၌ ၀မ်ယင်နှင့် တိုက်ခိုက်ခဲ့သည်မှာ ကမ္ဘာပေါ်တွင် သုံးရက်ကြာခဲ့မှန်း သိလိုက်ရသည်။
ယင်းမှာ ၀မ်လင်း အသုံးပြုခဲ့သော အချိန်ကို ရပ်တန့်နိုင်သည့် ဘုရင်မျက်လုံးစွမ်းအား၏ နောက်ဆက်တွဲရလဒ် ဖြစ်နိုင်သည်။
ဒေသတစ်ခုထဲတွင် အချိန်ရပ်တန့်သွားသည့် အခါတွင် ပြင်ပကမ္ဘာနှင့်လည်း အချိန်ကွာခြားချက် ရှိလာလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ၀မ်လင်းသည် ထိုအကြောင်းကို သိပ်မတွေးခဲ့ပေ။
သူက အချိန်အတော်ကြာ မရပ်တန့်ခဲ့၍ပင် ၀မ်းသာနေခဲ့သည်။
သို့မဟုတ်လျှင် အထက်တန်းကျောင်းကနေ တိုက်ရိုက် ဘွဲ့ရသွားနိုင်ပြီး ၀တ္ထုစာအုပ်သည်လည်း တစ်ခါတည်း ပြီးဆုံးသွားလိမ့်မည် မဟုတ်ပါလော။
ယနေ့က ရက်ပေါင်း ၇ ရက်ပြည့်ပြီ ဖြစ်၍ အဆုံးသတ်တိုက်ပွဲ၏ နောက်ဆုံးသော အချိန်အခါကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။
၀မ်လင်း အိမ်သာထဲမှ ထွက်လာသောအခါတွင် တခြားကျောင်းမှ ကျောင်းသားများအားလုံး သူတို့စခန်းမှ ထွက်ခွာသွားပြီ ဆိုသည်ကို သိလိုက်ရသည်။
ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က ဤအချိန်ကာလ အတွင်း ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို မှတ်ဥာဏ်ထဲတွင် စုစည်းကာ ၀မ်လင်းထံ လွှဲပြောင်းပေးလိုက်သည်။
ငွေရောင်လေး၊ ၀မ်ကျန်းနှင့် ထွင်ထျန်းဟာတို့၏ မစ်ရှင်သည်လည်း အတော်လေး အလုပ်ဖြစ်ခဲ့သည်။
သူတို့က ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူတစ်ခုလုံးကို လုံး၀ ဖျက်ဆီးခဲ့ပြီး အဖိုးအိုဟွမ်ဖုန်း အစစ်ကို ကယ်တင်ခဲ့သည်။
ဟွမ်ဖုန်းအတုကိုမူ ဥက္ကဌချီ နှင့် ကျိုးရီတို့က ဖမ်းဆီးခဲ့၏။
ပြန်လည်ရှင်သန်လာခဲ့သည့် ကျင့်ကြံသူများ အားလုံးထဲတွင် လီရှောင်ကိုင်၏သား ဖြစ်သည့် လီဟွမ်းယန်နှင့် ကျန်းယင်ယွဲ့ တို့သာ အသက်ရှင်ခဲ့သည်။
ဆိုရလျှင် လီဟွမ်းယန်၏ အသက်ရှင်ကျန်မှုသည် ဟင်းလင်းပြင် တံခါးကို လေ့လာရန်အတွက် အလွန် အကျိုးများမည် ဖြစ်၏။
တစ်ချိန်တည်းတွင်လည်း ကျန်းယင်ယွဲ့သည် ဤတစ်ခေါက်ဖြစ်ရပ်အတွက် အကောင်းဆုံးသက်သေ ဖြစ်လာပေလိမ့်မည်။
ဥက္ကဌချီသည် နိုင်ငံခေါင်းဆောင်ကို အစီအရင်ခံရန် အတွက် ကျန်းယင်ယွဲ့ကို သက်သေအဖြစ် လိုအပ်၏။
ဟုတ်ပါသည်။ တကယ်တမ်းတွင် ကျန်းယင်ယွဲ့ အသက်ရှင်ရသည့် အကြောင်းအရင်းမှာ မေမေ၀မ်ကြောင့် ဖြစ်သည်။
သူတို့၏ နောက်ထပ်ပစ်မှတ်မှာ မေမေ၀မ်အဖြစ် ဟန်ဆောင်ပြီး လိုက်လံ လိမ်စားနေသည့် မှော်လက်များပိုင်ရှင် နတ်ဘုရား မယ်တော် အတုကို ဖော်ထုတ်ရန် ဖြစ်၏။
တစ်ဖက်တွင်လည်း ပြိုင်ပွဲ၏ သတ္တမမြောက်နေ့တွင် မဟာမိတ်ဖွဲ့ထားသော ကျောင်းများသည် မဟာမိတ်ဖွဲ့ချိန်တွင် ရရှိခဲ့သည့် အရင်းအမြစ်များကို ခွဲဝေပြီးနောက် အသီးသီး လမ်းခွဲခဲ့ကြသည်။
အသက်ရှင်ကျန်ရစ်ခဲ့သည့် ကျောင်းများသည် ၇ ရက်မြောက်နေ့တွင် တိုက်ခိုက်ခြင်းကို ရှောင်ရှားကြရန် အချင်းချင်း သဘောတူညီမှုများ ပြုလုပ်ခဲ့ကြသည်။
ကျောင်းတစ်ကျောင်းသည် ထိုစည်းမျဥ်းကို ချိုးဖောက်ပြီး တခြားကျောင်းတစ်ကျောင်းကို ခိုး၀င် တိုက်ခိုက်ခဲ့လျှင် ကျန်ရှိသော ကျောင်းများအားလုံး၏ အထင်သေးခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
ဆိုရလျှင် ပြိုင်ပွဲတွင် လှည့်စားမှုများ မရှိသည်တော့ မဟုတ်ပေ။
သို့သော်လည်း ချန်ပီယံဆုကို ရရှိရန်အတွက် ကတိသစ္စာကိုချိုးဖောက်ခဲ့လျှင် လူပေါင်းသောင်းချီ၏ အထင်သေးခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
ယခုအခါတွင် သတ္တမမြောက်နေ့ကို ရောက်ရှိလာပြီ ဖြစ်၏။
ထိုရက်သည် ကတိသစ္စာ ပြုထားသည့် နောက်ဆုံးရက်လည်း ဖြစ်သည်။
၀မ်လင်းက တောင်၏ အထက်တွင် ပြသထားသည့် ဂဏန်းကို တစ်ချက် ကြည့်လိုက်သည်။
ယခုအခါတွင် ကျောင်းအားလုံးပေါင်းလျှင်ပင် လူ ၈၀ အောက်သာ ကျန်ရှိတော့၏။
၀မ်လမ်းက အမှတ်၆၀ အထက်တန်းကျောင်းမှ ကျန်ရှိနေသည့်လူအရေအတွက်ကို ရေတွက်လိုက်သည်။
ထူးခြားသည်မှာ အမှတ် ၆၀ အထက်တန်းကျောင်းသည် ပြိုင်ပွဲ၀င် တစ်ယောက်မှ မဆုံးရှုံးသေးခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း တခြားသော ကျောင်းများသည်
၀မ်းနည်းစရာကောင်းသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
အကြောင်းရင်းမှာ ချန်ပီယံဆုကို ရရှိရန် ရေပန်းစားခဲ့သောကျောင်းများသည် ယခုအချိန်တွင် ကျောင်းသားအနည်းငယ်သာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်၏။
တောင်ပင်လယ် ကောင်းကင် အထက်တန်းကျောင်းတွင် ကျန်ရှိနေသော လူဦးရေသည် ၄ယောက်ခန့်သာ ဖြစ်ပြီး တိုင်တန်အထက်တန်းကျောင်းတွင် ကျန်ရှိနေသော လူဦးရေသည် သုံးယောက်သာ ဖြစ်၏။
၎င်းတို့နှင့် နှိုင်းယှဥ်လျှင် အမှတ်၆၀ အထက်တန်း ကျောင်းသည် ခွေးအိုကြီးတစ်ကောင် ကဲ့သို့ တည်ငြိမ်မှု ရှိနေခဲ့သည်။
အပိုင်း(၁၁၉၉) ပြီး၏