နတ်ရေစင် (၂)
Vol. 2 Ch. 91
ညနက်ပိုင်းရောက်တဲ့အချိန်အထိ နက်ဆန်က ဆီနိတ်တာ အသစ်ဖြစ်လာတဲ့ နာတာရှာကို ဂုဏ်ပြုဖို့အတွက် ညစာစားပွဲ ကျင်းပခဲ့ပါတယ်။ လူတဲ့လူက ရာချီရှိပေမဲ့ နက်ဆန်က ခုံတွေကို “U”ပုံသဏ္ဍာန် စီခိုင်းထားတယ်။ သူကိုယ်တိုင် ထိုင်တဲ့ခုံမှာတော့ နက်ဆန်က “U”ပုံသဏ္ဍာန်နဲ့ထိပ်ဆုံးခုံမှာ ဝင်ထိုင်ပြီး ကျွန်မကို သူ့ရဲ့ဘယ်ဘက်ဘေးမှာ ထိုင်ခိုင်းပြီး နာတာရှာကိုတော့ ဘယ်ဘက်မှာထိုင်ခိုင်းတယ်။ အိုလီရာနာ ကိုယ်တိုင်လည်း စားပွဲဝိုင်းမှာရှိနေပေမဲ့ ခပ်လှမ်းလှမ်း နေရာမှာပါ။ မာစတာသုံးယောက်ကလည်း ကျွန်မတို့နဲ့ ခုံမှာရှိနေတယ်။ နောက်ပြီး ကျွန်မမသိတဲ့ တခြားလူ နှစ်ယောက်။
စားပွဲဝိုင်းပေါ်မှာ စားစရာတွေအများကြီး ရောက်နေပြီ ဆိုပေမဲ့ အားလုံးက အဲဒါတွေကို မထိကြသေးဘူး။ ကျွန်မက မစောင့်နိုင်တော့တာနဲ့ စားပွဲဝိုင်းပေါ်က ဆီကြော်မုန့်ခွေလေး တစ်ခုကိုလှမ်းယူဖို့လုပ်ပေမဲ့ နာတာရှာက ကျွန်မလက်ကို ဖမ်းကိုင်ထားလိုက်ပြီး ခေါင်းခါပြတယ်။ ကျွန်မက ခေါင်းကို စောင်းပြီး ဘာကြောင့်လဲ မေးမလို့ကြံပေမဲ့ စားပွဲဝိုင်းက လူတွေအားလုံး ဝိုင်းကြည့်နေကြတဲ့အတွက် ရှက်မိသွားတယ်။ အိုလီရာနာကတော့ ကျွန်မကိုကြည့်ပြီး အူတက်နေပါတယ်။
“ဟိုလေ... ဘာဖြစ်သွားတာလဲ မေးလို့ရမလား...”
နက်ဆန်ကိုကျွန်မကြည့်ပြီး မေးလိုက်တော့ သူက ကျွန်မကို ခပ်တည်တည်နဲ့ပြန်ကြည့်လိုက်ပြီး တခြားသူတွေကို တောင်းပန်လိုက်တယ်။
“မစ်ဆယ်ဗီ၊ ကျုပ်တို့လောကကမဟုတ်လို့ အခုလိုမျိုး လောကဝတ်တွေကို မသိပါဘူး။ ဒီအတွက် စိတ်မရှိပါနဲ့။”
နောက်တော့ သူက ကျွန်မကို စပြီးတော့ရှင်းပြတယ်။ “ငါတို့ အခုလုပ်တဲ့ ညစာစားပွဲက ရောမထုံးတမ်းစဥ်လာအတိုင်း လုပ်ရတာ။ အစဥ်အလာတွေအရ ခုမှချပြီးသားဟင်း မအေးခင် မစားရဘူး။ ဟင်းအေးသွားမှ စစားလို့ရတာ။ အဲဒီလိုမှမဟုတ်ရင် လူတွေက မင်းကို အစားပုပ်တဲ့သူလို့ ထင်လိမ့်မယ်။”
အ...အစားပုပ်တယ်တဲ့...
ကျွန်မကို ဝိုင်းကြည့်နေတဲ့သူတွေရဲ့အကြည့်ကို ကျွန်မ နားလည်သွားပြီ။ ဒီ... ဒီလူတွေက... အို....
စားပွဲဝိုင်းမှာ အိုလီရာနာတစ်ယောက်ပဲ ပေါ်တင်ရယ်နေတာ ဆိုပေမဲ့ ကျန်တဲ့သူတွေကလည်း ကျွန်မကိုစိတ်ထဲမှာ ကြည့်ပြီး ရယ်နေတာသေချာတယ်။ နက်ဆန်ကတော့ အဲဒီကိစ္စကို ဂရုမစိုက်တော့ဖို့ လက်ခါပြလိုက်ပြီး...
“ကောင်းပြီ၊ အရေးကြီးတဲ့ ကိစ္စဆက်ရအောင်။ မာစတာ ဩတေဗီယန်၊ မက်ဆီမက်နဲ့ မိုက်ကယ်။ မင်းတို့သုံးယောက် ငါ့ကိုအသိအမှတ်ပြုပြီး ဒီနေရာကို လာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တခြားမာစတာတွေကတော့...”
နက်ဆန်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အရိပ်အယောင်တချို့ ဖြတ်သန်းသွားတယ်။ အမှောင်ကျောင်းတော်မှာ ရှိနေတဲ့ လက်ရှိမာစတာအရေအတွက်က သုံးယောက်မကဘူး။ ဒီနေရာမှာ ရှိနေတဲ့သုံးယောက်ကလည်း နက်ဆန်နဲ့ မတူညီ ကွဲပြားတဲ့အမြင် တချို့ ရှိနေတယ်ဆိုပေမဲ့ သူတို့တွေက အနည်းဆုံးတော့ နက်ဆန်ကို မင်းသားလို့ မှတ်ယူကြသေးတယ်။ မလာတဲ့သူတွေကတော့ သူ့ကို လစ်လျူရှုတယ်ဆိုတဲ့ သဘောသက်ရောက်တယ်လေ။
“အရှင့်သား၊ ကျွန်တော်မျိုး အရှင့်ကိုစော်ကားတာ မဟုတ်ပေမဲ့ အခုတလော အမှောင်ကျောင်းတော်ရဲ့ အခြေအနေက မကောင်းမွန်ပါဘူး။ အားလုံးက ဝါးအစည်းပြေသလိုဖြစ်နေပြီး အဖွဲ့ဝင်တွေက လုပ်ချင်တာတွေ လုပ်နေကြပါတယ်။ အမြန်ဆုံး ပြန်စုစည်းသင့်တယ်။”
မာစတာဩတေဗီယန်က ပြောလိုက်တယ်။ ပြောရရင် ဒီလူက ဒီမှာရှိနေတဲ့သူတွေထဲမှာ ထူးထူးခြားခြား အဖွဲ့ကို အတော်လေးဂရုစိုက်တဲ့ပုံပဲ။ နက်ဆန်က ခေါင်းညိတ်ရင်း..
“ဒီစားပွဲဝိုင်းမှာထိုင်ဖို့ ရွေးချယ်လိုက်တဲ့ လူကိုးယောက်က အဲဒီတာဝန်ကို ထမ်းဆောင်ဖို့အတွက် ကျုပ်ရွေးချယ်ထားတဲ့ လူတွေပါပဲ။ ကျုပ်နဲ့ကျုပ်ရဲ့အဖွဲ့သားတွေက အာဏာ အလွဲသုံးစားလုပ်နေတဲ့ ဆီနိတ်တာတွေကို ဖြေရှင်းမယ်။”
နက်ဆန်က သူကိုယ်တိုင်၊ ကျွန်မ၊ နာတာရှာ၊ အိုလီရာနာတို့ကို ရည်ညွန်းပြီး ပြောလိုက်တာ။ နောက်တော့ သူက ဩတေဗီယန်၊ မိုက်ကယ်နဲ့ မက်ဆီမက်တို့ကို ကြည့်လိုက်ပြီး
“မင်းတို့သုံးယောက်ကတော့...ငါပေးလိုက်တဲ့ ဒီအမိန့်ကို အဖွဲ့ဝင်တိုင်းသိစေဖို့ ကြေညာရမယ်။”
နက်ဆန်က သူ့လက်ကိုဖြန့်လိုက်တယ်။ လက်ထဲမှာ သိုးရေ စက္ကူစာလိပ်တစ်ခုရှိနေတယ်။ “ညမင်းသားတစ်ပါးရဲ့ အခွင့်အာဏာကုန်ကိုသုံးပြီး ဒီနှစ်ရဲ့ဆောင်းယဥ်စွန်းတန်း အချိန် ရောမမြို့မှာ အမှောင်ကျောင်းတော်ရဲ့ဆီနိတ်ကို ကျင်းပမယ်။ ဆီနိတ်တာတွေရော ဆဲလ်ဆာအဖွဲ့ဝင်တွေပါ အားလုံးလာရမယ်။ အဲဒီမှာ ဆီနိတ်တာအသစ်တွေကိုရော အဲလ်ဒါအသစ်ကိုပါ ဆုံးဖြတ်မယ်။”
ဒီစကားကြောင့် မာစတာသုံးယောက်က မျက်လုံးပြူးသွားပြီး “အရှင့်သား... အရှင်က အဲလ်ဒါနေရာကို စိန်ခေါ်တော့မှာလား။”
နက်ဆန်က ခေါင်းညိတ်လိုက်တယ်။ ဆောင်းရင်စွန်းတန်း အချိန်ဆိုတာက အမြဲတမ်း ဒီဇင်ဘာ ၂၁ ဒါမှမဟုတ် ၂၂ ရက်နေ့မှာဖြစ်တဲ့ နှစ်တစ်နှစ်ရဲ့အမှောင်မိုက်ဆုံးအချိန်ပဲ။
“အေး၊ ငါက အဲဒီအချိန်မတိုင်ခင် ရော့ဝဲလ်ကို ဖြေရှင်းမယ်။ ဟီရာကလိဆိုတဲ့ကောင် ငါ့ကိုမနာခံဘူးဆိုရင်လည်း ရှင်းပစ်မယ်။ ဆီနိတ်တာအဟောင်းတွေတစ်ယောက်မှ မရှိတော့ဘူးဆိုရင်တောင် ဆီးနိတ်သစ်ကို စလို့ရသေးတာပဲလေ။”
နက်ဆန်က သူ့အရိပ်နက်ကြီးကို ခန်းမထဲ ဖြန့်လိုက်ရင်း ပြောလိုက်တာ။ မာစတာတွေရော ဆဲလ်ဆာဘုတ်အဖွဲ့ပါ ကြောက်လန့်ကုန်တယ်။ လက်ရှိအမှောင်ကျောင်းတော်က သူ့ကိုလက်မခံရင် သူက လက်ခံလာအောင် အင်အားသုံးမယ်လို့ ပြောလိုက်တာ။ မာစတာသုံးယောက်က နဖူးကနေ စီးကျလာတဲ့ချွေးတွေကိုသုတ်ရင်း...
“ကောင်းပါပြီ၊ အရှင့်ရဲ့အမိန့်ကို ကျွန်တော်မျိုးတို့ ကူဖြန့်ပေးမယ်။”
အဲဒီနောက်တော့ နက်ဆန်က သူတို့တွေနဲ့ကျွန်မ နားမလည်တဲ့ လုပ်ငန်းစဥ်တွေအကြောင်းကို ဆက်ပြီး ဆွေးနွေးတယ်။ အစကနေ အဆုံးအထိ သူက နောက်ထပ် ကျန်နေသေးတဲ့ လူနှစ်ယောက်အကြောင်းကို ဘာမှမပြောခဲ့ဘူး။ နောက်ဆုံး ညစာစားပွဲ ပြီးသွားတဲ့ အချိန်အထိပဲ။
အားလုံးပြန်သွားတဲ့အထိ အဲဒီအနက်ရောင်ဝတ်ရုံကြီးတွေ ခြုံထားတဲ့ လူနှစ်ယောက်က ကျွန်မတို့နဲ့အတူ ကျန်နေရစ် ကြပါတယ်။
“ကောင်းပြီ၊ သူတော်စင်မ သီရာနဲ့ သူတော်စင်နီကိုလပ်။ တခြားသူတွေလည်း မရှိတော့ပါဘူး။ ခင်ဗျားတို့ ခေါင်းစောင်းတွေ ချွတ်လို့ရပါပြီ။”
ဒီတော့မှ ကျွန်မလည်း ထိတ်လန့်မိသွားတော့တာရယ်။ အဲဒီနှစ်ယောက်က သူတို့ခေါင်းစွပ်တွေကိုချွတ်လိုက်တော့ တကယ်ပဲ ရိုမြူလက်ချက်ကျောင်းက သူတော်စင်တွေ ဖြစ်နေတာ ကျွန်မတို့တွေ့လိုက်ရတယ်။ နီကိုလပ်ကတော့ ကျွန်မတို့ကို ကြည်ပုံမရဘဲ လက်ပိုက်ပြီးကြည့်နေတယ် ဆိုပေမဲ့ သီရာကတော့ ကျွန်မကိုပြုံးပြပြီး မျက်စိမှိတ်ပြ လိုက်ပါတယ်။
“ကျွန်မတို့တွေ ထပ်တွေ့ကြပြန်ပြီနော် ဆယ်ဗီ။”
အချိန်အတော်ကြာတဲ့အထိ နှစ်ဖက်လုံး တိတ်ဆိတ်သွားတယ်။
“ငါတို့ ခြံထဲလမ်းလျှောက်သွားကြမလား။” လေထုက သိပ်ပြီး တင်းကျပ်နေတာကြောင့် ကျွန်မက အကြံပေးတော့ သီရာက ခေါင်းညိတ်လိုက်ပြီး...
“အင်း၊ ရှင်တို့ခြံဝင်းကလည်း တကယ့်ကို နှစ်လိုဖွယ် ကောင်းမယ့်ပုံပါပဲ။” လို့ပြန်ဖြေတယ်။
နီကိုလပ်ကတော့ ခေါင်းခါရင်း... “အစ်မကြီး၊ ကျွန်တော်တို့က ရန်သူ့နယ်မြေမှာနော်။ သူတို့ ကျွန်တော်တို့ကို ဘာမှမလုပ်ဘူးဆိုတာ သေချာလို့လား။”
နက်ဆန်က အဲဒီကောင်စုတ်လေးကို ကြည့်လိုက်ပြီး “ငါတို့က မင်းမဟုတ်ဘူး။”လို့ ပြောလိုက်တဲ့အတွက် ကောင်လေးဒေါသထွက်သွားတယ်။ သီရာက ကောင်လေးကို ခေါင်းပုတ်ပေးလိုက်ပြီး...
“အရှင်နက်ဆန်သာ ငါတို့ကိုတိုက်ခိုက်ချင်စိတ် ရှိတယ်ဆိုရင် ငါတို့ဒီထဲကို ခိုးပြီးဝင်လာကတည်းက တိုက်ထုတ်ပြီးနေ လောက်ပြီပေါ့။ သူ့လူတွေထွက်သွားတာကို စောင့်စရာမှ မလိုတာ။”
...
ဒီလိုနဲ့ ကျွန်မ၊ နက်ဆန်နဲ့ သီရာ၊ နီကိုလပ်တို့က ခြံထဲကို အတူထွက်လာဖြစ်ကြတယ်။ နာတာရှာနဲ့ အိုလီရာနာက အိမ်ထဲမှာ ကျန်နေရစ်ပါတယ်။ တခြားကြောင့်မဟုတ်ဘဲ နီကိုလပ်က ကန့်ကွက်နေခဲ့လို့ပါ။
“ ခင်ဗျားတို့တွေ အစ်မသီရာကို ဝိုင်းတိုက်ရင် ဘယ်လိုလုပ်မလဲ။”
နောက်ဆုံးတော့ ကလေးစိတ်ချမ်းသာအောင် နက်ဆန်ရဲ့ ကိုယ်ရံတော်နှစ်ယောက်က ကျန်နေခဲ့ရပြီး တိုက်ခိုက်တာ မကျွမ်းကျင်တဲ့ ကျွန်မကပဲ လိုက်လာရတာ။ ကျွန်မကတော့ အဲဒီနီကိုလပ်ကို တအံ့တဩ ကြည့်နေမိတုန်းပဲ။
“ဒီကောင်လေးက သီရာကို တော်တော်ကာကွယ်ပေးချင် နေတာပဲ။ မဟုတ်မှလွဲရော... တားမြစ်အချစ်ဝတ္ထုတွေထဲမှာ ပါတတ်တဲ့ အစ်မကြီးကို တအားခင်တွယ်နေတဲ့ မောင်လေး ပုံစံမျိုးလား။”
ကျွန်မက သူ့ကိုအကြာကြီးစိုက်ကြည့်နေမိတဲ့အတွက် သူက ကျွန်မကို အနေရခက်နေတဲ့ပုံစံနဲ့ ပြန်ကြည့်လိုက်ပြီး ခုလိုပြောလာတယ်။
“ဟေး၊ မိစ္ဆာနောက်လိုက်မ။ ဘာကိစ္စ လာ စိုက်ကြည့်နေတာလဲ။ ကျုပ်လှံက ယောက်ျား မိန်းမ မရွေးဘူးနော်။”
သူက သူ့လှံကြီးကို ချာလည်လှည့်ပြီးလှံရေးကစားပြတယ်။ ကျွန်မကတော့ အဲဒီလူကောင်သေးသလောက် ဒေါသကြီး လွယ်တဲ့ကောင်လေးကိုကြည့် ရယ်မိတော့တာပဲ။
“ဒီတော့ တစ်ချိန်လုံး ဆီနိတ်တာမာရီယာက တရားခံ ဖြစ်နေခဲ့တာပေါ့။” သီရာက နက်ဆန်ပြောပြတဲ့ မြို့ထဲက လူသတ်သမားကိစ္စကို နားထောင်ပြီးတဲ့နောက် ပြောလိုက် ပါတယ်။ နေပါဦး၊ နက်ဆန်ပြောတော့ တစ်ဖက်လှည့်နဲ့ ကျွန်မတို့ကို ခိုင်းစေတာမျိုးဖြစ်နေတယ်ဆို။ ဒါပေမဲ့ သီရာ့ပုံစံကြည့်ရတာ လိမ်ပြောနေတဲ့ပုံစံမျိုး မဟုတ်ပါလား။
သူက တကယ်ပဲ ဆီနိတ်တာမာရီယာက လူသတ်သမားမှန်း မသိတဲ့ပုံစံမျိုး။
“ အမှောင်ကျောင်းတော်မှာ အယ်ဒါမရှိတော့တဲ့နောက် အားလုံးက ဗရုတ်တွေဖြစ်ကုန်ပြီ။ ဆီနိတ်တာတိုင်းက သူတို့တားမြစ်မှော်ပညာတွေနဲ့ မကောင်းတာတွေ လုပ်နေပြီလို့ ငါထင်တယ်။ တတ်နိုင်သလောက်တော့ တားရမှာပဲ။”
နက်ဆန်က နောက်ကိုနောက်ပစ်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကို မော့ကြည့်လိုက်တယ်။ သီရာကလည်း အဲဒီလမင်းကြီးကို မော့ကြည့်ရင်း ပြောလိုက်တယ်။
“ကျွန်မကတော့ အရှင်နက်ဆန်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုပဲ ရှင်က ဒီမြို့ကိုဒုက္ခပေးနေတဲ့ အရာတစ်ခုကို ဖြေရှင်းလိုက်ပြီးပြီလေ။”
သီရာက နက်ဆန်ကိုလေးစားတဲ့အကြည့်တွေနဲ့ ကြည့်နေပေမဲ့ နီကိုလပ်ကတော့ သီရာနက်ဆန်ကို လေးစားပုံပြလေလေ ပိုပြီးဒေါသအိုးလေးပီသ လာလေလေပါပဲ။
“အစ်မကြီး၊ အဲဒီကောင်ရဲ့စကားထောင်ချောက်ထဲ ကျဆင်းသွားလို့မဖြစ်ဘူးလေ။ သေချာပေါက် စကားချိုချိုလေးတွေနဲ့ လိမ်နေတာပဲဖြစ်မှာ။”
ဒါပေမဲ့ သီရာက ကောင်လေးကို လစ်လျူရှုထားတယ်။ သီရာက လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး “ရှင်က အမှောင် ကျောင်းတော်ကဆိုပေမဲ့ ရှင့်ဝိညာဥ်က သန့်ရှင်းစင်ကြယ်မှန်း မြင်နေရတယ်။ ရှင်သာ မကောင်းတဲ့အရာတွေကို နှိမ်နင်းချင်တယ်ဆိုရင် ကျွန်မ ကူညီပေးနိုင်တာမှန်သမျှ ကူညီပေးမှာပါ။”
နီကိုလပ်ကတော့ သန့်စင်လွန်းတဲ့ သီရာရဲ့ပုံစံကိုကြည့်ပြီး လေးဖက်ထောက်ငိုတော့မယ့်ရုပ် ဖြစ်နေပြီ။ “အစ်မကြီး၊ အဲဒီကောင်ရုပ်ချောတိုင်း ကျရှုံးမသွားနဲ့လေ။” ဆိုပြီး အော်ဟစ်လို့။
“မင်းဒီကိုလာတာ ငါ့ကိုလာပြီး ဒီစကားတွေ ပြောရုံပဲတော့ မဟုတ်ဘူးမဟုတ်လား။” နက်ဆန်က မေးလိုက်တော့ သီရာက ခေါင်းညိတ်ပြပါတယ်။
“ရဟန်းမင်းကြီးက အမှောင်ကျောင်းတော်ရဲ့ကွန်စတန်တီ နိုဘယ်တာဝန်ခံ သေဆုံးသွားတဲ့သတင်းနဲ့ အသစ်ခန့်အပ်တဲ့ သတင်းကြောင့် ဒီနေရာကိုလွှတ်လိုက်တာပါ။ နယ်မြေထဲမှာ ရှိနေတဲ့ တခြားကျောင်းတော်တွေရဲ့ဆီနိတ်တာတွေကို စောင့်ကြည့်ရတာက ဘုရားကျောင်းရဲ့တာဝန်ပဲလေ။ ပြီးတော့ ရှင်တို့ရဲ့ဆဲလ်ဆာအစည်းအဝေးကြောင့် လူစုလူဝေးအကြီးကြီး ဖြစ်သွားသေးတယ်မဟုတ်လား။”
ဒါကတော့ ဘာမှနားမလည်တဲ့ ကျွန်မတောင်မှ ပုပ်ရဟန်းမင်းရဲ့စိုးရိမ်မှုကို နားလည်ပါတယ်။ ပြိုင်ဘက် အဖွဲ့အစည်းတစ်ခုရဲ့အင်အားများစွာက ဌာနချုပ်ပိုင်နက်ထဲ ဝင်ရောက်လှုပ်ရှားနေတယ်။ မလိုတမာစိတ်နဲ့လှုပ်ရှားတာ ဖြစ်နေတယ်ဆိုရင် ပြဿနာဖြစ်နိုင်တယ်မဟုတ်လား။
“သူ့ကိုပြောလိုက်၊ အမှောင်ကျောင်းတော်က ကိုယ့်အလုပ်ကိုယ် လုပ်နေတာပါလို့။ မင်းတို့ကို ရန်စဖို့ ရည်ရွယ်ချက်မရှိဘူးလို့ပေါ့။”
“ကောင်းပါပြီ။ ကျွန်မသူတို့ကို ပြောလိုက်ပါ့မယ်။ ဒါနဲ့...”
သီရာက ရှေ့ကိုခြေတစ်လှမ်းတိုးပြီး နက်ဆန်နားကို ကပ်လိုက်တယ်။ သူက နက်ဆန်ရဲ့ကိုယ်နံကို သေချာ နှာခေါင်းနဲ့အနံခံကြည့်နေတယ်။
“ဒီ... ဒီဟာမက ခွေးမများလား...” ဒီတစ်ခါတော့ ကျွန်မက သီရာကို နက်ဆန်အနားကနေ ဆွဲထုတ်ပစ်ချင်စိတ် ဖြစ်လာတယ်။ ဒါပေမဲ့ ကျွန်မဘာမှ မလုပ်နိုင်ခင်မှာပဲ သီရာက နောက်ကိုပြန်ဆုတ်လိုက်ပြီး...
“ရှင့်ကြည့်ရတာ ကျိန်စာမိနေသလိုပဲ။ ကျွန်မကူညီနိုင်တာ တစ်ခုခုများရှိမလား။”
ဒီတော့ သူက နက်ဆန်ရဲ့ကျိန်စာကို အနံခံရုံနဲ့တင် ရှာတွေ့သွားတာလား။ နက်ဆန်က ခေါင်းခါလိုက်တယ်။ “မလိုဘူး....”
အဲဒီနောက်တော့ ကျွန်မတို့နှစ်ဖွဲ့ကြားမှာ ဘာမှဆက်ပြီး ဆွေးနွေးစရာမရှိတော့တဲ့ပုံစံနဲ့ ဘုရားကျောင်း သူတော်စင် နှစ်ယောက်က ခြံဝင်းထဲကနေ ထွက်သွားဖို့အတွက် ရွေးချယ် ခဲ့ကြပါတယ်။ ကျွန်မကတော့ နက်ဆန်နဲ့အတူ ကျန်နေရစ် တာပေါ့။
“ သူလိမ်ပြောနေတယ်လို့ ရှင်ထင်လား။”
ကျွန်မက မေးလိုက်တယ်။ နက်ဆန်ကတော့ ချက်ချင်း ပြန်မဖြေသေးဘဲ နေရာမှာထိုင်ချလိုက်တယ်။ သူ့ကို ကြည့်ရတာ ကြီးမားတဲ့ဖိအားမျိုးကို ခံစားနေရတဲ့ပုံပဲ။
“မဟုတ်ဘူး... သူအမှန်ပြောနေတာ။” သူက ခဏလောက် တိတ်ဆိတ်သွားပြီးတဲ့နောက်မှ...
“အဲဒီကောင်မလေးရဲ့နတ်ဘုရားခန္ဓာက ရှားပါးတဲ့ ဘဲလ်ဒါနတ်ဘုရားခန္ဓာပဲ။ သူလိမ်ချင်ရင်တောင် လိမ်လို့မရဘူး။ လိမ်မိတာနဲ့ နတ်ဘုရားခန္ဓာပြိုကွဲပြီး သေလိမ့်မယ်။ သူငါ့အနားကို ကပ်လာတုန်းက အဲဒီနတ်ဘုရားခန္ဓာကိုယ်ကို ငါခံစားလိုက်မိတာ။”
ဒီစကားကြောင့် ကျွန်မထိတ်လန့်သွားတယ်။ သီရာက ဘာကြောင့်သိပ်ကို အပြစ်ကင်းစင်တဲ့ပုံစံမျိုး ဖြစ်နေရတာလဲ ကျွန်မတွေးနေမိတာ။ သူ့မှာက အဲဒီလိုအရာမျိုးကို ရထားတာလား။
ပြီးတော့ နက်ဆန်ကိုကြည့်ရတာ သိပ်တုန်လှုပ်နေသလိုပဲ။ ကောင်မလေးရဲ့နတ်ဘုရားခန္ဓာက သူ့ရဲ့သဘာဝရန်သူ ဖြစ်နေလို့များလား။
“ သူမင်းကို လူသတ်သမားအကြောင်းပြောတုန်းက ငါတို့ကို တစ်ဖက်လှည့်နဲ့ပြန်တိုက်အောင် လုပ်ခဲ့တယ်ထင်ခဲ့မိတာ။ ဒါပေမဲ့ ကြည့်ရတာ သူက မာရီယာက လူသတ်သမားမှန်း တကယ်မသိတဲ့ပုံပဲ။ သူငါ့ကို ကူညီမယ်ပြောတာလည်း လိမ်ပြောတာ မဖြစ်နိုင်ဘူး။”
ဒါကြောင့် ကျွန်မနဲ့ သူ့ဘေးနားမှာ ဆောင့်ကြောင့်ထိုင်ချရင်း မေးလိုက်တယ်။ “ဒါဖြင့်ရင် ရှင်ဘာလို့ သူ့ကို ရေစင်လိုတယ်လို့ မပြောခဲ့တာလဲ။” သီရာက သူတော်စင် မဟုတ်လား။ ရေစင်က သိပ်ရှားတဲ့အရာတစ်ခုဖြစ်နေတယ် ဆိုရင်တောင်မှ သူရနိုင်တဲ့အရာမျိုး ဖြစ်လောက်တယ် မဟုတ်လား။
“အဲဒါက... ရေစင်က... သူဆိုရင်တောင်မှ ရဖို့ခက်မယ့် အရာမျိုးလို့ ငါထင်လာမိလို့ပဲ။”
“ဘာကြောင့်လဲ...” ကျွန်မ နားမလည်နိုင်ခဲ့ဘူး။
“အဲဒီရေစင်က သူတော်စင်တွေတောင် ထိလို့မရအောင် ကမ္ဘာပေါ်မှာ တစ်ခုတည်းပဲ ရှိတာမျိုးမလို့များလား။”
ကျွန်မကမေးတော့ နက်ဆန်က ခေါင်းခါပြတယ်။ “အဲဲဒီလို မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ရေစင်က အလုံးအရင်းနဲ့ ထုတ်လုပ်လို့ ဖြစ်နိုင်တဲ့အရာတစ်ခုပဲ။ ထူးဆန်းတာက အဲဒီရေစင်ကို ဘုရားကျောင်းက သူတော်စင်တွေအပါအဝင် ဘယ်အဖွဲ့ဝင်ကမှ မမြင်ဖူးတာပဲ။”
“ဟမ်...” ဒီလောက်အဆင့်မြင့်တဲ့ လူတွေတောင်မှ ဒါကို မမြင်ဖူးဘူး။ အစကတည်းက မရှိဘဲ ဝါဒဖြန့်ထားတဲ့ အရာတစ်ခုမလို့များလား။
ကျွန်မတွေးလိုက်မိပေမဲ့ နက်ဆန်က ကျွန်မအတွေးကို ဖောက်မြင်နိုင်ဟန်နဲ့ ခေါင်းကိုခါပြတယ်။ “အဲဒီလိုမဟုတ်ဘူး၊ ရေစင်က တကယ်ရှိတာကို ငါတို့ အတည်ပြုလို့ရတယ်။ ရဟန်းမင်းကြီးက ကုမရတဲ့ ရောဂါတွေ ဖြစ်နေတဲ့ကလေးတွေကို နှစ်စဥ်ဘုရားကျောင်း ခေါ်လာပြီး ရေစင်နဲ့ကုသပေးနေကျပဲ။ ကုသပြီးတာနဲ့ အားလုံးရဲ့ရောဂါတွေက အရှင်းပျောက်သွားကြတယ်။ နောက်တော့ အားလုံးက ဘုရားကျောင်းနောက်လိုက်တွေ ဖြစ်လာတော့တာပဲ။”
တကယ်ရှိတယ်၊ ဘယ်သူမှ မမြင်ဖူးဘူး။ ဘယ်လိုကြီးလဲ။ နက်ဆန်က ကျွန်မကိုဆက်ပြောတယ်။ “ငါဟိုးတစ်နေ့က ဒီနယ်မြေရဲ့အစီအရင်ခံစာတွေကို ဖတ်ကြည့်နေတာ အလကားမဟုတ်ဘူး။ ရေစင်အကြောင်း ဒီကဆီနိတ်တာ အစဥ်အဆက် ဘာသိထားလဲ သိချင်လို့ပဲ။”
ကျွန်မလည်း လက်တင်စာနဲ့ရေးထားတဲ့ဖိုင်တွေကို နက်ဆန်ဖတ်နေတဲ့ကိစ္စ ပြန်သတိရသွားတယ်။ ဒီတော့ သူက အဲဒီအချက်အလက်တွေကို ရှာနေတာပေါ့။
“ထူးဆန်းတာက၊ အဲဒီကုသမှုဖြစ်စဥ်အတွင်း ပုပ်ရဟန်းမင်းက သူတော်စင်တွေအပါအဝင် ဘယ်သူ့ကိုမှ ခန်းမထဲအဝင်မခံဘူး။ ရေစင်ရှိတဲ့နေရာနားကိုလည်း သူ့ကိုယ်ပိုင်အစောင့်တပ်ကလွဲလို့ ဘယ်သူ့ကိုမှ အနားကပ်မခံဘူး။”
တအားလျှို့ဝှက်လွန်းတာပဲ။ ဒါကြောင့်လည်း နက်ဆန်က သူရေစင်လိုတဲ့ကိစ္စကို သီရာကိုမပြောပြခဲ့တာလား။ နက်ဆန်က ပြုံးလိုက်ပြီး...
“အဲဒါက အစီအရင်ခံစာတွေအရ သိရတဲ့အချက်ကုန်ပဲ။ ဒါပေမဲ့ ငါတို့သိနိုင်တဲ့ အချက်ကုန်တော့ မဟုတ်ဘူး။”
သူဘာကို ဆိုလိုတာလဲ။ ကျွန်မတွေးမရ ဖြစ်နေချိန်မှာပဲ နက်ဆန်က ထထိုင်လိုက်တယ်။ နောက်တော့ သူက ကျွန်မကို ကြည့်လိုက်ပြီး...
“ခေါင်းခြောက်ခံပြီး စဥ်းစားမနေနဲ့တော့။ ပြန်အိပ်တော့။” နက်ဆန်က အခုလိုပြောလာပြီး ထပ်ရှင်းပြဖို့အတွက် အစီအစဥ်ရှိတဲ့ပုံမပေါ်တော့ ကျွန်မမဲ့လိုက်မိပါတယ်။ ပြီးတော့ သန်းခေါင်ကျော်နေပြီမလို့ တကယ်အိပ်ချင်နေပြီ ဖြစ်တာကြောင့် စပ်စုမနေတော့ဘဲ အခန်းဆီပြန်လာခဲ့တယ်။
https://mmxianxia.com/wp-content/uploads/2025/04/IMG_20250426_233109_463.webp