← Chapters

ထျန်းယွမ် အင်ပါယာ

Vol. 11 Ch. 141

ထျန်းယွမ် အင်ပါယာ

Vol. 11 Ch. 141

သူမ တိုက်ခိုက်လုဆဲဆဲမှာပင် ..

ဝုန်း ..

ထိုအမျိုးသမီးဘေးမှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က လက်ဆန့်ကာ သူမလက်ထဲမှ တစ်ဝက်တပျက် ထုတ်ပြီးနေပြီဖြစ်သည့် ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်၏။

အမျိုးသမီးက အံ့အားသင့်သွားပြီး မေးလိုက်သည်။

" ဗိုလ်ချုပ် ချန် ၊ ဘာလို့ ကျွန်မကို တားလိုက်ရတာလဲ "

ဗိုလ်ချုပ်ချန်က သူမကို လှည့်ကြည့်ကာ ပြန်ပြော၏။

" လုယွီ ..မင်းရဲ့စိတ်ကို အမုန်းတရားတွေနဲ့ အမှောင်မဖုံးသွားစေနဲ့လေ။ ဒီ သုံးယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကိုလဲ သေချာကြည့်လိုက်ပါဦး "

လုယွီမှာ ခေတ္တမျှ အံ့အားသင့်နေပြီး နောက်မှသာ လောထျန်းတို့ လူအုပ်အား သေချာကြည့်လိုက်သည်။ ထို့နောက် သူမက မျက်မှောင်ကြုံ့၍ ဆိုသည်။

" ကောင်းကင်ထိန်းချုပ်အဆင့် ၊ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် ၊ စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့် တွေပါလား "

ဗိုလ်ချုပ်ချန်က ခေါင်းညိတ်ကာ ပြော၏။

" ဒီအဆင့်မျိုးနဲ့  လူတွေက ခုလို ပမာဏလောက်ရှိတဲ့ ကိစ္စမျိုးကို လုပ်နိုင်ပါ့မလားကွ "

လုယွီမှာ မည်သိူ့မှ ပြန်မပြောနိုင်တော့ဘဲ ဓားအိမ်ကို ကိုင်ထားသည့် သူမလက်ကိုသာ ပြန်ရုတ်လိုက်သည်။

ထိုစဥ် ဗိုလ်ချုပ်ချန်က လောထျန်းတို့ လူအုပ်အား ဦးညွှတ်၍ ဆို၏။

" အစောက နားလည်မှု လွဲသွားတဲ့အတွက် တောင်းပန်ပါတယ်ကွာ။ မင်းတို့တွေက ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ "

" တည်နေရာရွှေ့ပြောင်းခြင်း အစီအမံနဲ့ လာခဲ့တာ "

လောထျန်းက ပြန်ဖြေသည်။

" တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ .. အင်း မထူးဆန်းပါဘူးလေ ။ ဒါနဲ့ မင်းတို့က ဘယ်ကနေ လာပြီး ဘယ်ကို သွားကြမလို့လဲ ။ ဘာဖြစ်လို့ ဒီနေရာကို တည်နေရာရွှေ့ပြောင်းလာကြတာလဲ "

ဗိုလ်ချုပ်ချန်က မေးခွန်းထုတ်လိုက်သည်။

လောထျန်းမှာ စကားများစွာ ပြောမနေတော့ဘဲ သူ့လက်ထဲမှ အဆောင်ကဒ်ပြားတစ်ခုကိုသာ ပစ်ပေးလိုက်သည်။

ဗိုလ်ချုပ်ချန်က ၎င်းကိုယူကာ စစ်ဆေးကြည့်လိုက်ပြီး တအံ့တသြ မေး၏။

" ဆုမီတောင် .. မင်းတို့က ဆုမီတောင်ကို ဝင်ခွင့်ရထားတာပဲ။ မင်းတို့ရဲ့ အကြီးအကဲတွေရောဘယ်မှာလဲ "

လောထျန်းက အပြုံးဖြင့် ပြန်ဖြေသည်။

" ဘယ်သူမှ မပါဘူးဗျ ။ ကျုပ်တို့သုံးယောက်ပဲ လာခဲ့တာ "

ဗိုလ်ချုပ်ချန် မျက်မှောင်ကြုံ့သွား၏။ ထို့နောက် သူက အဆောင်ကဒ်ပြားကို ပြန်ပစ်ပေးကာ ဆိုသည်။

" ငါ မင်းတို့ကို အကြံတစ်ခုတော့ ပေးလိုက်မယ်ကွ။ နောက်ကျရင် ဒီကဒ်ပြားကို အပြင်လူ ဘယ်သူ့ကိုမှ မပြနဲ့ "

ထိုစကားကြောင့် လောထျန်း အံ့အားသင့်သွားပြီး မေးလိုက်သည်။

" ဘာဖြစ်လို့လဲဗျ "

ဗိုလ်ချုပ်ချန်က ပြန်ဖြေ၏။

" ဒိပစ္စည်းက အင်မတန် အဖိုးတန်တဲ့ အရာတစ်ခုပဲ။ ထျန်းယွမ်အင်ပါယာမှာ ဆုမီတောင်ကို ဝင်ခွင့် အဆောင်ကဒ်ပြားကို မလိုချင်တဲ့သူ ဘယ်သူမှ မရှိဘူးကွ။ တချို့ဆိုရင် ဒီဟာလေးအတွက် လူသတ်ဖို့တောင် ဝန်မလေးကြဘူး။ မင်းတို့နဲ့အတူတူ အစွမ်းထက်တဲ့ အကြီးအကဲတွေ ပါလာရင် ကိစ္စမရှိပေမယ့် အခုက မင်းတို့သုံးယောက်တည်းဆိုတော့ အားလုံးရဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ် "

ထိုစကားကို ကြားမှသာ ဆုမီတောင်သို့ ဝင်ခွင့်နှင့် ပတ်သက်ပြီး လောထျန်း အနည်းငယ် နားလည်သွားရသည်။

တစ်ချိန်တည်းမှာပင် သူ့ရှေ့မှ ဗိုလ်ချုပ်ချန်ကိုလည်း သဘောကျသွား၏။

" ဒါဆို အခု ခင်ဗျားကကျ ဘာဖြစ်လို့ ဒါကို ကျုပ်တို့ဆီက မလုတာလဲ "

ဗိုလ်ချုပ်ချန်က ပြန်ဖြေသည်။

" ငါက ဒါကို စိတ်မဝင်စားတော့ ကိစ္စမရှိဘူး "

လောထျန်း ခေါင်းအသာအယာ ညိတ်လိုက်သည်။

ထိုသို့သော လူကောင်းမျိုးနှင့် တွေ့ရန်မှာ အလွန်ရှားလှပေသည်။

" ဒါနဲ့ .. ဒီမှာ ဘာတွေ ဖြစ်သွားတာလဲဗျ "

လောထျန်း မေးလိုက်သည်။

ဗိုလ်ချုပ်ချန်က သက်ပြင်းချကာ ပြန်ဖြေ၏။

" ငါတို့လဲ မသိဘူးကွ "

" ဟင် .. "

လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။

ထိုစဥ် ဗိုလ်ချုပ်ချန်က စကားဆက်သည်။

" မင်းတို့က ဒီကမဟုတ်တော့ သိကြမှာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ငါတို့ ထျန်းယွမ်အင်ပါယာက မငြိမ်မသက် ဖြစ်နေခဲ့တာကွ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မြို့တွေက ညတွင်းချင်း အဖျက်ဆီးခံလိုက်ရပြီးတော့ မြို့ထဲက လူတွေလဲ ထူထူးဆန်းဆန်း သေသွားခဲ့ကြရတယ် "

" အစကတော့ နယ်စပ်ဘက်က လူဦးရေ နည်းနည်းလေးပဲ ရှိတဲ့ မြို့ငယ်လေးတွေကနေ စဖြစ်တာပေါ့ကွာ ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာတော့ ဒီ ထူးဆန်းတဲ့ကိစ္စက ထျန်းယွမ်အင်ပါယာရဲ့ အသက်သွေးကြော မြို့ကြီးတွေထိပါ ရောက်လာပြီ "

" ဧကရာဇ်ကြီးက ပြောတာတော့ ဒီကိစ္စက မိစ္ဆာဝိဥာဥ်တစ်ကောင်ကြောင့် ဖြစ်တာတဲ့။ငါတို့ ထျန်းယွမ် တပ်ဖွဲ့ အားလုံးနီးပါးကလဲ အမှန်တရားကို ဖော်ထုတ်ပြီး ဘာတွေ ဘယ်လိုဖြစ်လဲဆိုတာ စုံစမ်းဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကတော့ အဲ့ဒီ မိစ္ဆာဝိဥာဥ်ကိုပါ တွေ့ခဲ့ရတယ်ကွ "

စကားဆုံးသောအခါ ဗိုလ်ချုပ်ချန်က အောင့်သက်သက် ပြုံးလိုက်၏။

" မိစ္ဆာဝိဥာဥ် တဲ့ .. "

လောရှောင်ရှောင်းမှာ အလွန်ကြောက်ရွံ့တုန်လှုပ်သွားပြီး လောထျန်း၏ အင်္ကျီစကို လက်တစ်ဖက်ဖြင့် အတင်းဆွဲထားလိုက်သည်။

ထိုအချိန်မှာပင် ဗိုလ်ချုပ်ချန်က ရုတ်တရက် ပြော၏။

" ထားလိုက်ပါကွာ ၊ မင်းတို့ကို ဒါတွေ ပြောပြနေလို့လဲ ဘာမှ မထူးပါဘူး။ အခု ကွေ့ယွမ်မြို့က ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ဆုမီတောင်ကို သွားချင်ရင် နောက် စုရပ်ဆီကိုသာ သွားတော့ကွာ "

သူက ပြောပြောဆိုဆိုပင် သူ့အင်္ကျီလက်အိုးထဲမှ မြေပုံတစ်ခုကို ထုတ်၍ လောထျန်းအား ပေးကာ ​စကားဆက်သည်။

" ဒီကနေ တောင်ဘက် မိုင်သုံးထောင်အကွာမှာ ဟဲ့ဒုံမြို့ ရှိတယ်ကွ ။ အဲ့ဒါ နောက်စုရပ်တစ်ခုပဲ။ အဲ့ကို ရောက်တာနဲ့ တစ်ယောက်ယောက်က မင်းတို့ကို ကြိုနေပါလိမ့်မယ် "

လောထျန်းက မြေပုံကို ယူကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် သူ့လူ နှစ်ယောက်နှင့်အတူ ထွက်ခွာခဲ့ကြ၏။

" အကိုထျန်း ၊ ဒီမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ "

လောရှောင်ရှောင်းက စိုးရိမ်နေသည့် မျက်နှာလေးဖြင့် မေးလိုက်သည်။

" ငါလဲ မသိဘူးကွ ၊ တစ်ယာက်ယောက်က ဒီမြို့ကို ယဇ်ပူဇော်ဖို့အတွက် အသုံးချလိုက်တာ ဖြစ်ရင်ဖြစ်မှာ "

လောထျန်းက ပြန်ဖြေသည်။

" ယဇ်ပူဇော်ဖို့ .. ဘယ်လိုလူကများ ဒီလောက် ရက်စက်ယုတ်မာရတာလဲ မသိဘူး "

လောရုံက အံ့သြတကြီး ပြောလိုက်၏။

လောထျန်း သက်ပြင်းချလိုက်သည်။

" ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မဆိုထားနဲ့ ၊ တောအုပ်လေး တစ်ခုထဲမှာတောင် ငှက်ပေါင်းစုံ ရှိကြတာ မင်းတို့လဲ သိတာပဲ။ ဆိုတော့ ဒီကမ္ဘာကြီးမှာလဲ အဲ့လို မိစ္ဆာနတ်ဆိုးတွေ မရှိရင် ထူးဆန်းအံ့သြစရာကြီး ဖြစ်သွားမှာပေါ့ကွာ "

လောရုံ အံကြိတ်လိုက်၏။

" ဒီကောင်တွေက  .. "

လောထျန်းက သူ့ဘက်လှည့်ကြည့်ကာ မေးလိုက်သည်။

" မင်း ဘာဖြစ်နေတာလဲ "

လောရုံက သက်ပြင်းချလိာက်သည်။

" ဘာမှ မဟုတ်ပါဘူးဗျာ။ ကျုပ် စိတ်ပူသွားလို့ပါ။ ဒီ မိစ္ဆာဝိဥာဥ်တွေက ကျုပ်တို့ ပျောင်ပိုင်မြို့ကို ရှာတွေ့သွားကြရင် ဘယ်လိုလုပ်မလဲဗျ "

လောထျန်းက ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်ကာ ပြန်ဖြေ၏။

" ဒါဆိုရင်တော့ အဲ့ကောင် သေပြီပေါ့ကွာ "

လောရုံမှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီး နောက်မှသာ စတင်ရယ်မောလိုက်သည်။

" ဒါနဲ့ .. အကိုထျန်း၊ စောနက ဗိုလ်ချုပ်ချန်ကို ကြည့်ရတာ လူကောင်းတစ်ယောက် ထင်တယ်နော်။ သူ အဲ့မှာ ဘာမှ မဖြစ်လောက်ဘူး မဟုတ်လား "

ထိုစဥ် လောရှောင်ရှောင်းက စိုးရိမ်မကင်းဟန်ဖြင့် ​မေးလာသည်။

လောထျန်းက ခေါင်းယမ်း၍ ပြန်ဖြေ၏။

" မဖြစ်ဘူးကွ ၊ ငါ စောနက အဲ့ကို ရောက်ရောက်ခြင်း စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး စစ်ဆေးကြည့်ခဲ့သေးတယ်။ အဲ့ချိန်မှာတောင် တစ်မြို့လုံးကို သတ်သွားတဲ့သူတွေက မရှိကြတော့ဘူး၊ ထွက်သွားကြပြီကွ။ ဆိုတော့ သူတို့အတွက် အန္တရာယ်တော့ မရှိတော့ဘူး။ ဒါပေမယ့် ငါ တခြားဘာကိုမှ ရှာမတွေ့ခဲ့ဘူးကွ "

ထိုစကားကို ကြားသောအခါ လောရှောင်ရှောင်းက တစ်စုံတစ်ခုကို တွေးမိသွား၏။

လောထျန်းက အားလုံးကို ဆော်သြလိုက်သည်။

" ကဲ .. ဟဲ့ဒုံ မြို့ကို မြန်မြန်သွားကြတာပေါ့။ ကျင်းဖန်ရေ .. ဟင် .. "

ထိုအချိန်မှသာ လောထျန်းတစ်ယောက် အခြေအနေကို သတိရသွားကာ အနည်းငယ်ပင် ရှက်သွား၏။

ဤတစ်ကြိမ်တွင် ဘုရင်ကျင်းဖန်က သူတို့နှင့်အတူ ပါမလာဘဲ အိမ်တွင်သာ ကျန်နေခဲ့သည် မဟုတ်ပါလား ...

ယခု သူ့တွင် စီးတော်ယာဥ် မရှိသလို သူကိုယ်တိုင်ကလည်း မပျံသန်းနိုင်သေးရာ မိုင်ထောင်ချီဝေးသည့် ခရီးကို မည်သို့ သွားရပါတော့မည်နည်း။

" အကိုထျန်း ၊ ဘာဖြစ်လို့လဲဗျ "

ထိုစဥ် လောရုံက မေးလိုက်သည်။

လောထျန်းက လောရုံဘက် လှည့်လာကာ ပြန်မေး၏။

" လောရုံ .. မင်းက ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်ပြီးပြီနော် ၊ ဟုတ်တယ်မလား "

လောရုံ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်လေ အကိုထျန်း "

လောထျန်း၏ မျက်နှာထက်တွင် အနည်းငယ် ပြုံးရိပ်သန်းသွား၏။

..............

ထို့နောက်တွင်မူ လောရုံသည် လေထဲတွင် ဝမ်းလျားမှောက်လျက် ပျံသန်းနေပြီး သူ့ကျောပေါ်၌ လောထျန်းနှင့် လောရှောင်ရှောင်းတို့က တင်ပျင်ခွေ၍ ထိုင်လိုက်လာကြသည်ကို မြင်ရမည်ဖြစ်သည်။

" အကိုထျန်း ၊ ခုလိုကြီး လုပ်မှ ရမှာလားဗျာ "

လောရုံက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

ယခုကဲ့သို့ လောထျန်းကို ကျောပေါ်တင်ကာ ဤနေရာသို့ လာရလိမ့်မည်ဟု သူ အိမ်မက်ပင် မမက်ဖူးပါချေ။

ယခုတွင်မူ .. သူက စီးတော်ယာဥ် ဖြစ်နေလေပြီ။

" မဟုတ်ရင် ဘယ်လိုလုပ်မလဲကွ။ ငါတို့ သုံးယောက်ထဲမှာ မင်းတစ်ယောက်ပဲ ပျံနိုင်တာလေ "

လောထျန်းက ပြန်ပြောလိုက်သည်။

လောရုံက အထွန့်တက်၏။

" ဒါပေမယ့်ဗျာ .. ဒီပုံစံကြီးနဲ့ ပျံရတာက တော်တော်ကြောင်တောင်တောင်နိုင်တာ "

လောထျန်းက ပြုံး၍ ပြောလိုက်သည်။

" မရှက်ပါနဲ့ကွာ .. စူပါမန်း က ဒီလိုပဲ ပျံတာကွ "

" ဟင်.."

ထိုစကားကြောင့် လောရုံ နားမလည်နိုင် ဖြစ်သွားသည်။ စူပါမန်း က မည်သူပါနည်း။

.........

ဤသို့ဖြင့် တစ်နေ့နှင့် တစ်ညဆိုသော အချိန်က ခပ်မြန်မြန်ပင် ကုန်ဆုံးသွားခဲ့၏။

ထိုစဥ် လေထဲတွင် ရှိနေသည့် လောထျန်း၏ မျက်နှာမှာ ဖြူဖျော့နေသည်။

" မင်းတို့နှစ်ယောက်ဆီမှာ စားစရာ တစ်ခုခုများ မပါဘူးလားကွာ "

လောထျန်းက မေးလိုက်သည်။

" မပါဘူး အကိုထျန်းရဲ့ "

လောရှောင်ရှောင်းက အသံတိမ်လေးဖြင့် ပြန်ဖြေ၏။ သူမ၏ ဗိုက်မှ ဗိုက်ဆာကြောင်း အချက်ပြသည့် တဂွီဂွီ အသံများလည်း ထွက်လာသည်။

" ကျုပ်လဲ ဘာမှ မယူလာမိဘူးဗျ "

လောရုံကလည်း ပြော၏။

လောထျန်းက နဖူးပါ်လက်တင်ပြီး သူ့လက်ထဲမှ မြေပုံကို ကြည့်ကာ ညည်းတွားလိုက်သည်။

" ငါ တော်တော်ကံဆိုးတာပဲကွာ ။ ဒီ ထျန်းယွမ်အင်ပါယာက ဘယ်လို အမှိုက်နိုင်ငံလဲ ။ ဒီအနီးတဝိုက် မိုင်ထောင်ချီအကွာအဝေး အတွင်းမှာ သဲကန္တာရတွေပဲ ရှိတယ်။သားရဲအသိုက်လေးဘာလေးရှိရင်တောင် အနည်းဆုံးတော့ သားရဲတွေကို သတ်ပြီး ဗိုက်ဆာတဲ့ ပြဿနာကို ဖြေရှင်းလို့ ရသေးတယ်ကွာ "

သို့သော် ...လောထျန်းသည် သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်ပြီးသွားသည့်တိုင် ငှက် တစ်ကောင်တလေပင် မတွေ့ရပါချေ။

" လောရုံ .. မင်း နည်းနည်းပိုမြန်မြန်လေး ပျံလို့ မရဘူးလား "

လောထျန်းက တိုက်တွန်းကြည့်လိုက်သည်။

" အခုက ကျွန်တော်ပျံနိုင်တဲ့ အမြန်နှုန်းရဲ့ ဂိတ်ဆုံးကို ရောက်နေပြီ အကိုထျန်းရဲ့ "

လောရုံက အောင့်သက်သက်မျက်နှာဖြင့် ပြန်ဖြေ၏။

သူ ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်ပြီးချိန်မှစ၍  ယခုကဲ့သို့ ခရီးရှည် ပျံသန်းရသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်ပါသည်။

သူတို့အားလုံး ထိုသို့ စိတ်ပျက်လက်ပျက် ဖြစ်နေကြစဥ်မှာပင် လောထျန်းက တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့် နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။

" အကိုထျန်း ..ဘာဖြစ်လို့လဲ "

လောရုံက မေးလိုက်သည်။

" ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်နေတယ်ကွ "

လောထျန်းက ပြန်ဖြေသည်။

" ဟင် .. "

လောရုံ အံ့သြမှင်သက်သွား၏။

ထို့နောက်တွင်မူ .. သူတို့အနောက်ဘက် ကောင်းကင်ယံ၌ အမည်းရောင် အစက်လေးနှစ်စက် ပေါ်လာသည်။

ထိုအမည်းစက်က သူတို့အနီး တဖြည်းဖြည်း ချဥ်းကပ်လာသည်နှင့်အမျှ ပိုပို၍ ကြီးလာပြီး မကြာခင်မှာပင် သေချာစွာ မြင်လိုက်ရတော့၏။

" သူတို့က ဘာလို့ ဒီကို ရောက်နေကြတာလဲ "

လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။

All Chapters